မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်၏သွန်သင်ချက်များကို ယနေ့ မည်သူတို့ ကျင့်သုံးနေကြသနည်း

ခရစ်တော်၏သွန်သင်ချက်များကို ယနေ့ မည်သူတို့ ကျင့်သုံးနေကြသနည်း

ခရစ်တော်​၏​သွန်သင်ချက်​များ​ကို ယနေ့ မည်သူ​တို့ ကျင့်သုံး​နေကြ​သနည်း

ယေရှု​ခရစ်​သည် အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား​တစ်ဦး​ဖြစ်သည်ဟု လူအများ​ရှုမြင်​ကြသည်။ အချို့​ဆိုလျှင် ကိုယ်တော်​အား တစ်ဦးတည်း​သော​အကြီးမြတ်ဆုံး​ပုဂ္ဂိုလ်​ဟု ယူမှတ်​ကြသည်။ ကိုယ်တော်​၏​သွန်သင်ချက်​များသည် လူများစွာ​၏​အသက်တာကို အလွန်​သြဇာလွှမ်း​ခဲ့​ရာ “ချစ်ခင်​ကြင်နာ​ပြီး ကောင်းမှု​ပြု​တတ်သော သာမည​လူတန်းစား​များ​အပြင် ထင်ပေါ်​ကျော်ကြား​သည့် သူတစ်ပါး​အကျိုးဆောင်​မှုများ​အပေါ်​တွင်​လည်း” ဩဇာ​လွှမ်း​ခဲ့​သည်​ဟု အင်္ဂလိပ်စာ​ရေး​ဆရာ မယ်​လ်ဗင် ဗ​ရက်​ဂ် ရေးသားခဲ့​သည်။

ခရစ်ယာန်​ဘာသာ​ကော မည်သို့​နည်း

ခရစ်ယာန်​ဘာသာ​ကို​ကော မည်သို့​ရှုမြင်ကြ​သနည်း။ ယင်းကို “လူတို့၏​ဝိညာဉ်​ရေး​တိုးတက်မှု​များ​တွင် အရေးပါဆုံး​အရာတစ်ခု” အဖြစ်​ဖော်ပြ​ကြ​၏။ စကော့တလန်​ရှိ ဂ​လက်​စ်​ဂေါ ကယ်​လီ​ဒိုး​နီး​ယား​တက္ကသိုလ်​ရှိ ဒေးဗစ်​ကဲ​လ်စို​က ရှုမြင်ချက်​တစ်ခု​ကို ဤသို့​ရေးသား​ဖော်ပြ​သည်– “ခရစ်ယာန်​ဘာသာ​၏ အနှစ်​နှစ်ထောင်​သမိုင်းကြောင်း​သည် အနုပညာ၊ ဗိသုကာ​အတတ်၊ အတွေးအခေါ်​ပညာ၊ တေးဂီတ​နှင့် လူမှုရေး​နယ်ပယ်​တို့​တွင် နှိုင်းယှဉ်​မရ​သော အောင်မြင်​ပြီးမြောက်မှု​များနှင့် ပြည့်နှက်​နေသည်​ကို တွေ့ရှိ​ရ၏။”

သို့သော် လူအများ​က ထိုသို့ မ​ရှု မြင်ကြ​ပေ။ ယေရှု​ခရစ်​၏​သွန်သင်ချက်​နှင့် ကိုယ်တော်​သည် ဘုရားသခင့်​သားတော်​ဖြစ်​ကြောင်း ယုံကြည်ခြင်း​အပေါ်​အခြေပြု​သော ခရစ်ယာန်​ဘာသာ​ကို သူတို့ ကန့် ကွက်​နေခြင်း​တော့​မဟုတ်ပါ။ ယင်းအစား သူတို့သည် အမည်ခံ​ခရစ်ယာန်​ဘာသာရေး အဖွဲ့အစည်း​များ​၏ အမူအကျင့်ကို ရွံရှာ​နေခြင်း​ဖြစ်သည်။

ဥပမာ၊ ယင်း​နှင့်​ပတ်သက်​၍ ဆယ့်ကိုး​ရာစု​မှ ဂျာမန်​အတွေးအခေါ်​ပညာရှင် ဖ​ရီး​ဒ​ရ​စ်ခ် နီ​ချီ​က ခရစ်ယာန်​ဘာသာသည် “လူသား​တစ်ရပ်လုံး​၏ မ​ဖျောက်ဖျက်​နိုင်သော အမည်း​ကွက်​ကြီး​တစ်ခု​ဖြစ်သည်။ ဘေးသင့်​စေသော​အရာတစ်ခု၊ ဧရာမ​ဖောက်ပြန်​ယိုယွင်းမှု​ကြီး​တစ်ခု​လည်း​ဖြစ်သည်၊ . . . ယင်း​၏​အကြံ​အောင်မြင်​ရေး​အတွက် အငြိုး​ကြီးသော၊ အလွန်​စဉ်းလဲ​ကောက်ကျစ်​သော၊ ပုန်းလျှိုးကွယ်လျှိုး​နှင့် အလွန်​သေးသိမ်​ညံ့ဖျင်း​သော​နည်းလမ်း​မှန်သမျှကို အသုံးမပြု​ဘဲ​မနေ​ပေ” ဟု​ရေးသားခဲ့​သည်။ သူ၏​ရှုမြင်ချက်​သည် အစွန်းရောက်​သည်​မှန်​သော်လည်း အမြော်အမြင်​ရှိ အကဲခတ်​သူတို့က ထိုသို့​ပင်​ကောက်ချက်​ချ​ခဲ့​ကြပြီ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ရာစုနှစ်များ​တစ်လျှောက် အမည်ခံ​ခရစ်ယာန်​များသည် ယေရှု၏​အရည်အသွေးများ​ကို မတင်ပြ​ကြ​ဘဲ “အကျင့်​ယိုယွင်းမှု၊ ကြောက်မက်​ဖွယ် ရာဇဝတ်မှု​များနှင့် ဘာသာ​တရားကို မ​ခန့်​လေးစား​ပြု​မှု​တို့​ဖြင့်” နာမည်​ထွက်​နေ၍ ဖြစ်သည်။

ခရစ်ယာန်​ဘာသာ​တွင် ခရစ်တော်​ရှိသလော

ထို့​ကြောင့် “ခရစ်ယာန်​ဘာသာ​မှာ ခရစ်တော်​ရှိနေတုန်းပဲ​လား” ဟု​မေးသင့်​မေး​ထိုက်​ပါ​သည်။ “ရှိတာပေါ့၊ ယေရှု​က ‘ကမ္ဘာ​ကုန်​တဲ့​အထိ’ သူ့​နောက်လိုက်​တွေ​နဲ့​အတူ ရှိနေမယ်​လို့ ကတိပေး​ခဲ့​တာ​ပဲ” ဟု​အချို့​က ချက်ချင်း​ဖြေဆို​ပေမည်။ (မဿဲ ၂၈:၂၀) ထိုသို့ ယေရှု အမှန်​မိန့်ဆိုခဲ့သည်။ သို့သော် မည်သည့်​အမူအကျင့်​ပင်​ရှိပါစေ၊ ခရစ်ယာန်​ဟု​အမည်ခံ​သူ​တိုင်း​နှင့်အတူ ကိုယ်တော်​ရှိနေ​မည်​ဟု ဆိုလို​ပါသလော။

ယေရှု​ခေတ်​မှ ဘာသာရေး​ခေါင်းဆောင်​အချို့​က ဘုရားသခင်​သည် မိမိတို့​ဘက်တွင် လုံးလုံး​ရှိသည်​ဟု ယူမှတ်ခဲ့​ကြ​ကြောင်း သတိရပါ။ ဘုရားသခင်​သည် ဣသရေလ​လူမျိုး​ကို အထူး​ရွေးချယ်​ခဲ့​သောကြောင့် သူတို့​အဘယ်အရာ​ပင်​ပြုလုပ်​ပါစေ သူတို့ကို ကိုယ်တော် ဘယ်​သောအခါ​မျှ စွန့်ပစ်​မည်​မဟုတ်​ဟု ဘာသာရေး​ခေါင်းဆောင်​အချို့ ယူဆကြ​သည်။ (မိက္ခာ ၃:၁၁) သို့သော် သူတို့သည် ဘုရားသခင်​၏​ပညတ်​နှင့်​စံနှုန်း​များ​ကို ကမ်းကုန်​အောင် ဆန့်ကျင်​ခဲ့​လေ​သည်။ ထို့​ကြောင့် ယေရှု​ခရစ်​က သူတို့ကို ဤသို့​ရှင်းရှင်း​မိန့်ဆိုခဲ့သည်– “သင်တို့​နေသော​အိမ်သည် လူဆိတ်ညံ​လျက်​ကျန်ရှိ​၏။” (မဿဲ ၂၃:၃၈) သူတို့၏​ဘာသာရေး​စနစ်​တစ်ရပ်လုံး​ကို ဘုရားသခင်​မနှစ်သက်​တော့​ဘဲ ငြင်းပယ်​လိုက်​ရာ အေဒီ ၇၀ တွင် ၎င်းတို့၏​ယေရုရှလင်​မြို့တော်​နှင့် ဗိမာန်တော်ကို ရောမ​စစ်တပ်​အား ဖျက်ဆီး​စေ​ခဲ့​သည်။

ယနေ့ ခရစ်ယာန်​ဘာသာ​လည်း ထပ်တူ​အဖြစ်မျိုး ကြုံ​နိုင်​သလော။ ယေရှုသည် “ကမ္ဘာ​ကုန်သည်​အထိ” မိမိ​နောက်လိုက်​များနှင့်​အတူ​ရှိ​မည်​ဟူသော ကတိတော်​နှင့်​ဒွန်တွဲ​နေသည့် လိုအပ်ချက်​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

[စာမျက်နှာ ပါ ရုပ်ပုံများ]

ယေရှု​ခရစ်​၏​သွန်သင်ချက်​များသည် ကမ္ဘာ​တစ်ဝန်း​ရှိ လူ​သန်းပေါင်း​များစွာကို အလွန်​သြဇာညောင်း​ခဲ့