ခရစ်ယာန်စစ်များကား မည်သူတို့နည်း
ခရစ်ယာန်စစ်များကား မည်သူတို့နည်း
“ယေရှုခရစ်နှင့်ပတ်သက်သောအသိပညာအတိုင်း သွန်သင်ကျင့်သုံးမှသာ ခရစ်ယာန်ဘာသာမည်၏။” (ခရစ်ယာန်တစ်ဦးဖြစ်ခြင်းစာအုပ်) အဆိုပါစကားများဖြင့် ဆွစ်ဇလန်ဓမ္မပညာရှင် ဟန်စ်ခွန်ဂ်သည် သိသာထင်ရှားသော ဤအမှန်တရားကို ဖော်ပြနေသည်– ယေရှု၏သွန်သင်ချက်များကို လက်တွေ့ကျင့်သုံးသည့် စိတ်ရင်းမှန်သူများတွင်သာ စစ်မှန်သောခရစ်ယာန်ဘာသာ ရှိသည်။
သို့ဆိုလျှင် တစ်ဦးချင်းစီဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ ခရစ်တော်၏နောက်လိုက်ပါဟုဆိုသော်လည်း အမှန်အားဖြင့် ယေရှု၏သွန်သင်ချက်အတိုင်း မကျင့်သုံးလျှင်ကော။ ခရစ်ယာန်ဖြစ်သည်ဟု လူများစွာ ဆိုကြလိမ့်မည်ဟူ၍ ယေရှုကိုယ်တိုင် မိန့်ဆိုခဲ့သည်။ “အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကိုပြပါပြီ မဟုတ်လော” ဟုဆိုကာ ကိုယ်တော်အတွက် သူတို့ပြုသောအမှုအမျိုးမျိုးကို သက်သေအဖြစ် ဖော်ပြကြပေလိမ့်မည်။ ထိုအခါ ယေရှု မည်သို့တုံ့ပြန်မည်နည်း။ ‘သင်တို့ကို ငါအလျှင်းမသိ။ မကောင်းမှုကိုပြုသောသူတို့ ငါ့ထံမှဖယ်ကြ’ ဟူသည့် ကိုယ်တော်၏ထူးခြားသည့်စကားများက သူတို့ကို ကိုယ်တော်မည်သို့ယူမှတ်ကြောင်း ဖော်ပြသည်။—မဿဲ ၇:၂၂၊ ၂၃။
ယေရှုနောက်လိုက်သည်ဟုဆိုကြသော ‘မကောင်းမှုကိုပြုသောသူတို့’ အတွက် အလွန်ပြင်းထန်သည့် သတိပေးချက်တစ်ရပ်ပင်။ မကောင်းမှုကိုပြုသောသူတို့ဟု ငြင်းပယ်လိုက်မည့်အစား ခရစ်ယာန်စစ်များအဖြစ် ယေရှုအသိအမှတ်ပြုနိုင်ရန် ကိုယ်တော်သတ်မှတ်သည့် အခြေခံလိုအပ်ချက်နှစ်ခုကို သုံးသပ်ကြည့်ပါ။
‘သင်တို့အချင်းချင်းချစ်ကြလျှင်’
ယေရှုသတ်မှတ်သည့် ပထမလိုအပ်ချက်မှာ ဤသို့ဖြစ်၏– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။”—ယောဟန် ၁၃:၃၄၊ ၃၅။
ယေရှုက မိမိနောက်လိုက်များအား အချင်းချင်းနှင့် အခြားသူများကို အမှန်တကယ်ချစ်မြတ်နိုးစေလို၏။ ကမ္ဘာပေါ် ယေရှု သက်တော်ထင်ရှားခဲ့ချိန်မှစ၍ ရာစုနှစ်များတစ်လျှောက် ခရစ်ယာန်တချို့သည် ကိုယ်တော်ပြုစေလိုသည့်အတိုင်း ပြုမူခဲ့ကြသည်။ သို့သော် ခရစ်တော်ကိုကိုယ်စားပြုသည်ဟုဆိုသော ဘာသာရေးအဖွဲ့အစည်းအများစုကော မည်သို့နည်း။ သူတို့၏သမိုင်းကြောင်းတွင် ချစ်ခြင်းမေတ္တာထင်ရှားပါသလော။ ဝေးလေစွ။ ယင်းအစား သူတို့သည် အပြစ်မဲ့သူများကို သေဆုံးစေသည့် မရေမတွက်နိုင်သောစစ်ပွဲများနှင့် ပဋိပက္ခများတွင် ရှေ့တန်းမှဦးဆောင်ပါဝင်ခဲ့ကြသည်။—ဗျာ. ၁၈:၂၄။
မျက်မှောက်ခေတ်အထိ ထိုအတိုင်းပင်ဖြစ်နေသည်။ ခရစ်ယာန်အမည်ခံနိုင်ငံများသည် ၂၀ ရာစုတွင် အသေအပျောက်များလှသည့် ကမ္ဘာစစ်ကြီးနှစ်ခုကို ဦးစီး၍တိုက်ခိုက်ခဲ့ကြသည်။ မကြာသေးမီကလည်း ခရစ်ယာန်အမည်ခံအသင်းသားများသည် ၁၉၉၄ ခုနှစ်တွင် ရဝမ်ဒါနိုင်ငံ၌ ရက်စက်ကြမ်းကြုတ်သော ယုတ်မာမှုများနှင့် မျိုးဖြုတ်သတ်ဖြတ်မှုတွင် ရှေ့တန်းမှပါဝင်ခဲ့ကြသည်။ “ဤသွေးထွက်သံယိုနည်းဖြင့် အချင်းချင်းတိုက်ခိုက်သူများသည် ဘာသာတူသူများဖြစ်ကြပြီး အများစုမှာ ခရစ်ယာန်များဖြစ်ကြ၏” ဟုအင်္ဂလီကန်ဂိုဏ်းချုပ်ဟောင်း ဒက်စမန်တူးတူးက ရေးသားခဲ့သည်။
‘ငါ့တရား၌တည်နေလျှင်’
စစ်မှန်သောခရစ်ယာန်ဘာသာ၏ ဒုတိယအခြေခံလိုအပ်ချက်ကို ယေရှုဤသို့ဖော်ပြခဲ့၏– ‘သင်တို့သည် ငါ၏တရား၌တည်လျှင် ငါတပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။’—ယောဟန် ၈:၃၁၊ ၃၂။
ယေရှု၏နောက်လိုက်များသည် ကိုယ်တော့်သွန်သင်ချက်များကို လိုက်နာခြင်းဖြင့် ကိုယ်တော်၏တရား၌တည်နေသူများ ဖြစ်ကြရမည်။ ယင်းအစား ခရစ်တော်၏နောက်လိုက်ဟုဆိုကြသော ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တို့သည် “ဂရိအယူအဆများကို တိုး၍လက်ခံလာနေကြသည်” ဟုဓမ္မပညာရှင် ခွန်ဂ်က ဖော်ပြ၏။ သူတို့သည် ယေရှု၏သွင်သင်ချက်များအစား ဝိညာဉ်မသေနိုင်၊ ငရဲကလေး၊ မာရိဝတ်ပြုရေးနှင့် ဓမ္မဆရာအတန်းအစားကဲ့သို့သော အယူမှားဘာသာနှင့်အတွေးအခေါ်ပညာရှင်များထံမှ အယူအဆများကို သွန်သင်ကြသည်။—၁ ကောရိန္သု ၁:၁၉-၂၁; ၃:၁၈-၂၀။
ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များသည် နားလည်ရန်ခက်ခဲသော သုံးပါးပေါင်းတစ်ဆူအယူဝါဒကို သွန်သင်ခြင်းဖြင့် ယေရှုကိုယ်တော်တိုင် တစ်ခါမျှလက်မခံခဲ့သည့်ရာထူးသို့ ကိုယ်တော်အား တင်မြှောက်ခဲ့ကြသည်။ သို့ပြုခြင်းဖြင့် ယေရှု အမြဲအာရုံစူးစိုက်စေသည့် ခမည်းတော်ယေဟောဝါအား ဝတ်ပြုခြင်းမှ လူတို့ကို သွေဖည်သွားစေခဲ့ကြသည်။ (မဿဲ ၅:၁၆; ၆:၉; ယောဟန် ၁၄:၂၈; ၂၀:၁၇) “ယေရှုသည် ဘုရားသခင်အကြောင်းပြောသည့်အခါ ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင် ယာဝေးကို ဆိုလိုနေခြင်းဖြစ်၏။ . . . ထိုအရှင်သခင်သည် ကိုယ်တော့်အတွက် တစ်ပါးတည်းသောဘုရားသခင်ဖြစ်တော်မူ၏” ဟုဟန်စ်ခွန်ဂ်ကဆိုသည်။ ယေရှု၏ဘုရားသခင်၊ ခမည်းတော်ဟုဆိုလိုက်သည်နှင့် ယာဝေး သို့မဟုတ် မြန်မာအသံထွက် ယေဟောဝါဟူ၍နာမတော်ရှိသော ဘုရားသခင်အား ဆိုလိုကြောင်း ယနေ့ အသိအမှတ်ပြုသူ မည်မျှရှိသနည်း။
နိုင်ငံရေးတွင် ကြားနေရမည်ဟူသော ယေရှု၏ပညတ်ချက်ကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ လုံးဝမလိုက်နာခဲ့ကြချေ။ ယေရှုခေတ်က ဂါလိလဲပြည်သည် “မျိုးချစ်စိတ်ပြင်းထန်သောပြည်ဖြစ်ခဲ့သည်” ဟုစာရေးဆရာ ထရေဗာမဲရိုးက ရေးသားခဲ့၏။ ဂျူးမျိုးချစ်သမားများစွာသည် နိုင်ငံရေးနှင့်ဘာသာရေးတွင် လွတ်လပ်ရေးရရန် လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြသည်။ ယေရှုက ထိုသို့သောတိုက်ခိုက်မှုများတွင်ပါဝင်ရန် တပည့်များကို မိန့်မှာခဲ့ပါသလော။ မမိန့်မှာခဲ့ပေ။ ယင်းအစား ‘သင်တို့သည် လောကနှင့်မဆက်ဆံ’ ဟုကိုယ်တော်မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၅:၁၉; ၁၇:၁၄) သို့သော်ချာ့ခ်ျခေါင်းဆောင်များသည် ကြားနေမည့်အစား စစ်ရေးနှင့်နိုင်ငံရေးတွင်ဝင်စွက်သော “ခရစ်ယာန်ဘာသာဆိုင်ရာ” အဖွဲ့များကို ပျိုးထောင်ပေးခဲ့ကြသည်။ နိုင်ငံရေးတွင် တက်ကြွစွာပါဝင်သော ခရစ်ယာန်ဘာသာသည် စစ်ရေးကို အမြဲလိုလိုထောက်ခံအားပေးသည်။ နိုင်ငံရေးသမားနှင့် ဘာသာရေးသမားတို့က အကျိုးအမြတ်များဖလှယ်ရန် ချာ့ခ်ျသည် ရွှေလမ်းငွေလမ်းဖောက်ကာ အစိုးရစစ်တပ်ကို ကောင်းချီးပေးနေ၏” ဟုအိုင်းရစ်ရှ်စာရေးဆရာ ဟယူးဗတ် ဘတ်တလာ ရေးသားခဲ့သည်။
အယူမှားဆရာများ ယေရှုအား ငြင်းပယ်ကြ
စစ်မှန်သောခရစ်ယာန်ဘာသာမှ ခွဲထွက်သွားသူများရှိမည်ဖြစ်ကြောင်း တမန်တော်ပေါလု သတိပေးခဲ့သည်။ သူသေဆုံးပြီးနောက် “ကြမ်းတမ်းသောတောခွေးတို့သည်” အမည်ခံခရစ်ယာန်များထဲမှ ပေါ်ထွက်လာပြီး ‘တပည့်များကို သွေးဆောင်ခြင်းငှာ မှားသောစကားကိုပြော’ ကြမည်ဟု သူဆိုခဲ့သည်။ (တမန်တော် ၂၀:၂၉၊ ၃၀) သူတို့သည် “ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း အကျင့်အားဖြင့် ဘုရားသခင်ကိုငြင်းပယ်ကြ၏။” (တိတု ၁:၁၆) အလားတူ၊ တမန်တော်ပေတရုကလည်း အယူမှားဆရာများသည် ‘ဖျက်ဆီးတတ်သော အယူများကို ပရိယာယ်အားဖြင့်သွင်း၍ မိမိတို့ကိုဝယ်တော်မူသောအရှင်ကို ငြင်းပယ်’ ကြလိမ့်မည်ဟု သတိပေးခဲ့သည်။ ၎င်းတို့၏အကျင့်ဆိုးများကြောင့် လူများစွာသည် ‘အမှန်တရားလမ်း’ ကို “ကဲ့ရဲ့” ပြစ်တင်ကြလိမ့်မည်ဟု သူဆိုခဲ့၏။ (၂ ပေတရု ၂:၁၊ ၂၊ သမ္မာ) ခရစ်တော်အား ဤသို့ငြင်းပယ်ခြင်းဖြင့် “ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်လိုက်ကြပြီး အယူဖောက်ပြန်ခြင်းနှင့် ပျက်စီးစေသောသွန်သင်ချက်များကို ကြဲဖြန့်ရာရောက်သည်” ဟုဂရိကျမ်းပညာရှင် ဒဗလျူအီးဗိုင်းက ဆိုသည်။
ယေရှု၏တပည့်ဟုအမည်ခံသူများသည် ‘ကိုယ်တော်၏တရား၌ တည်မနေ၊’ ကိုယ်တော်ပြဋ္ဌာန်းခဲ့သော အခြားလိုအပ်ချက်များကို မလိုက်နာဘဲနေပါက ကိုယ်တော် မည်သို့အရေးယူမည်နည်း။ “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်” ဟုကိုယ်တော်သတိပေးခဲ့သည်။ (မဿဲ ၁၀:၃၃) သစ္စာစောင့်သိရန် စိတ်ထက်သန်နေသည့်ကြား အမှားပြုမိသူကို ယေရှု အမှန်ငြင်းပယ်တော်မမူချေ။ ဥပမာ၊ တမန်တော်ပေတရုသည် ယေရှုအား သုံးကြိမ်တိုင်ငြင်းပယ်ခဲ့သော်လည်း ပေတရုနောင်တရသောအခါ ကိုယ်တော်ခွင့်လွှတ်တော်မူသည်။ (မဿဲ ၂၆:၆၉-၇၅) သို့သော် သိုးရေခြုံသောဝံပုလွေများ တစ်နည်းအားဖြင့် ယေရှု၏နောက်လိုက်ဖြစ်ဟန်ဆောင်ပြီး ကိုယ်တော်၏သွန်သင်ချက်များကို ဇွတ်ငြင်းပယ်နေသူ တစ်ဦးစီဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ကိုယ်တော်ငြင်းပယ်တော်မူသည်။ အဆိုပါအယူမှားဆရာများအကြောင်း ယေရှု ဤသို့မိန့်ဆိုခဲ့၏– “ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။”—မဿဲ ၇:၁၅-၂၀။
တမန်တော်များသေဆုံးသော် အယူဖောက်ပြန်မှုဖြစ်ပေါ်လာ
ခရစ်ယာန်အတုအယောင်တို့သည် ခရစ်တော်အား အဘယ်အချိန်တွင် စတင်ငြင်းပယ်ခဲ့ကြသနည်း။ ယေရှုသေဆုံးပြီး မကြာမီပင်ဖြစ်၏။ ယေရှုအမှုတော်ဆောင်ချိန်အတွင်း စိုက်ပျိုးခဲ့သည့် “ကောင်းသောမျိုးစေ့” ဖြစ်သော ခရစ်ယာန်အစစ်များအလယ်တွင် “တောမျိုးစေ့” ဖြစ်သော ခရစ်ယာန်အတုအယောင်များကို စာတန်ကြဲလိမ့်မည်ဟု ယေရှုကိုယ်တော်တိုင် သတိပေးခဲ့သည်။ (မဿဲ ၁၃:၂၄၊ ၂၅၊ ၃၇-၃၉) တမန်တော်ပေါလုက သူ၏ခေတ်တွင် လှည့်ဖြားတတ်သောဆရာတို့သည် ရှိနှင့်နေပြီဟု သတိပေးခဲ့သည်။ ယေရှုခရစ်၏သွန်သင်ချက်များမှ သူတို့သွေဖည်ရသည့်အကြောင်းရင်းမှာ “သမ္မာတရား၌မွေ့လျော်သောစိတ်” မရှိသောကြောင့်ဖြစ်၏ဟူ၍ ကိုယ်တော်မိန့်ဆိုသည်။—၂ သက်သာလောနိတ် ၂:၁၀။
ယေရှုခရစ်၏တမန်တော်များသည် အသက်ရှင်နေသရွေ့ ယင်းအယူဖောက်ပြန်မှုကို တားဆီးခဲ့ကြသည်။ သို့သော် တမန်တော်များသေဆုံးပြီးနောက် ဘာသာရေးဆရာများသည် ယေရှုနှင့် တမန်တော်များသွန်သင်ခဲ့သော အမှန်တရားမှ လူများစွာသွေဖည်သွားစေရန် “မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အမျိုးမျိုး . . . မတရားသောလှည့်ဖြားခြင်းအမျိုးမျိုး” ကိုအသုံးပြုခဲ့ကြသည်။ (၂ သက်သာလောနိတ် ၂:၃၊ ၆-၁၂) အတန်ကြာလေသော် မူလခရစ်ယာန်အသင်းတော်သည် “ယေရှုနှင့် ပေါလုကိုပင် အံ့အားသင့်စေမည့်” ဘာသာရေးအဖွဲ့အစည်းတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်ဟု အင်္ဂလိပ်အတွေးအခေါ်ပညာရှင် ဘာထရန်ဒ် ရပ်ဆဲလ်က ရေးသားခဲ့၏။
စစ်မှန်သောခရစ်ယာန်ဘာသာ ပြန်လည်ထူထောင်
အဖြစ်မှန်မှာ ရှင်းနေပါသည်။ တမန်တော်များသေဆုံးချိန်မှစ၍ ခရစ်ယာန်ဘာသာအမည်ဖြင့် လုပ်ဆောင်ခဲ့ရာ အများစုတွင် ခရစ်တော်၏သွန်သင်ချက်များကို မတွေ့ရှိရတော့ပေ။ သို့သော် “ကမ္ဘာကုန်သည်တိုင်အောင်” တပည့်များနှင့်အတူ အစဉ်မပြတ်ရှိမည်ဟူသော ယေရှု၏ကတိမတည်ဟု မပြောနိုင်ပေ။ (မဿဲ ၂၈:၂၀) ထိုသို့ ကိုယ်တော်ကတိပေးချိန်ကတည်းကပင် “ယေရှုခရစ်တော်နှင့်ပတ်သက်သောအသိပညာအတိုင်း သွန်သင်ကျင့်သုံးသော” သစ္စာရှိပုဂ္ဂိုလ်များရှိနေကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ ထိုသူတို့သည် ခရစ်ယာန်စစ်များ၏ အမှတ်လက္ခဏာဖြစ်သော ချစ်ခြင်းမေတ္တာကို တင်ပြရန်၊ ကိုယ်တော်သွန်သင်ခဲ့သောအမှန်တရားတွင် တည်နေရန် ကြိုးစားနေသရွေ့ ကိုယ်တော်ထောက်ကူပေးမည်ဟူသည့်ကတိအတိုင်း ပြုမူခဲ့သည်။
ထိုထက်ကား ဤအစီအစဉ်စနစ်ဆုံးခန်းတွင် ယေရှုသည် မိမိအလိုတော်ပြီးမြောက်စေရန် အသုံးပြုနေကြောင်းသိသာထင်ရှားသော ခရစ်ယာန်အသင်းတော်တွင် သစ္စာရှိတပည့်များကို စုသိမ်းမည်ဟု ကတိပြုခဲ့သည်။ (မဿဲ ၂၄:၁၄၊ ၄၅-၄၇) ကိုယ်တော်သည် ထိုအသင်းတော်ကို ယခုပင် အသုံးပြုနေကာ “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်” လာသည့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများပါဝင်သော ‘လူအုပ်ကြီး’ ကိုအတူတကွစုရုံးစေပြီး “သိုးခြံတစ်ခု” တွင် “သိုးထိန်းတစ်ပါးတည်း” ၏ဦးဆောင်မှုအောက် စည်းလုံးနေစေသည်။—ဗျာ. ၇:၉၊ ၁၄-၁၇; ယောဟန် ၁၀:၁၆; ဧဖက် ၄:၁၁-၁၆။
ထို့ကြောင့် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်အတွင်း ခရစ်တော်၏နာမကို ရှုတ်ချပြီး ခရစ်ယာန်ဘာသာကို နာမည်ပျက်စေသည့် အဖွဲ့အစည်းများမှ ထွက်ပါ။ သို့မဟုတ်ပါက တမန်တော်ယောဟန်ကို ယေရှုခရစ်မိန့်ဆိုခဲ့သည်အတိုင်း မကြာမီတွင် ၎င်းတို့အပေါ် ဘုရားသခင်တရားစီရင်သောအခါ “သူ၏ဘေးဒဏ်များကိုခံ” ရနိုင်ပေသည်။ (ဗျာ. ၁:၁; ၁၈:၄၊ ၅) “နောက်ဆုံးသောကာလ” တွင် စစ်မှန်သောခရစ်ယာန်ဘာသာဝင်များသည် ဘုရားသခင့်သွန်သင်ချက်များကို နားထောင်ပြီး ပြန်လည်ထူထောင်ထားသည့် စင်ကြယ်သောဝတ်ပြုရေး၏ “လမ်းခရီးတော်များသို့ လိုက်လျှောက်” ကြမည်ဟု ပရောဖက်မိက္ခာဖော်ပြသူတို့တွင်ပါဝင်ရန် သင်စိတ်ဆုံးဖြတ်ထားပါလေ။ (မိက္ခာ ၄:၁-၄၊ သမ္မာ) မည်သူတို့သည် စစ်မှန်သောဝတ်ပြုသူများဖြစ်ကြောင်း သင်ခွဲခြားသိမြင်နိုင်ရန် ဤမဂ္ဂဇင်းထုတ်ဝေသူများက ဝမ်းသာအားရ ကူညီပေးလိုပါသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံများ]
စစ်မှန်သောခရစ်ယာန်များသည် စစ်ပွဲတွင် အဘယ်ကြောင့် မပါဝင်ကြသနည်း
[Credit Lines]
Soldiers, left: U.S. National Archives photo; flamethrower, right: U.S. Army Photo
[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]
စစ်မှန်သောခရစ်ယာန်များအတွက် ယေရှုသတ်မှတ်ထားသော အခြေခံလိုအပ်ချက်များမှာ ‘သင်တို့ အချင်းချင်းချစ်ကြလော့’ နှင့် ‘ငါ၏တရား၌တည်နေလော့’ ဖြစ်