စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
မိန်းမတို့သည် “အသင်းတော်၌ တိတ်ဆိတ်စွာနေကြစေ” ဟုတမန်တော်ပေါလုဖော်ပြရာတွင် အဘယ်အရာကို ဆိုလိုသနည်း။
“သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်းတို့၌ဖြစ်သကဲ့သို့ . . . မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာနေကြစေ။ သူတို့သည် ဟောပြောရသောအခွင့်မရှိကြ” ဟုကောရိန္သုမြို့ရှိ ခရစ်ယာန်အသင်းတော်ထံ ပေါလုရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၄:၃၃၊ ၃၄) ရှေ့နောက်စကားကိုသုံးသပ်ခြင်းက ပေါလုအကြံပေးချက်၏ ဆိုလိုရင်းအမှန်ကို နားလည်စေနိုင်မည်။
၁ ကောရိန္သုအခန်းကြီး ၁၄ တွင် ပေါလုသည် ခရစ်ယာန်အသင်းတော် အစည်းအဝေးများအကြောင်း ဆွေးနွေးနေခြင်းဖြစ်၏။ ထိုအစည်းအဝေးများတွင် အဘယ်အရာကို ဆွေးနွေးတင်ပြသင့်ပြီး မည်သို့ကျင်းပသင့်ကြောင်း ဖော်ပြနေခြင်းဖြစ်၏။ (၁ ကောရိန္သု ၁၄:၁-၆၊ ၂၆-၃၄) ထို့ပြင် ‘အသင်းတော်ကိုတည်ဆောက်ရန်’ ဟူသည့် ခရစ်ယာန်အစည်းအဝေးများကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်ကို သူအလေးအနက်ဖော်ပြခဲ့သည်။—၁ ကောရိန္သု ၁၄:၄၊ ၅၊ ၁၂၊ ၂၆။
၁ ကောရိန္သု အခန်းကြီး ၁၄ တွင် ပေါလုသည် “တိတ်ဆိတ်စွာနေ” ရမည်ဟူ၍ သုံးကြိမ်ညွှန်ကြားခဲ့သည်။ အသင်းတော်ရှိ လူစုတစ်စုစီကို ထိုသို့ညွှန်ကြားရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်ကြ” ရန်ဖြစ်၏။—၁ ကောရိန္သု ၁၄:၄၀။
ဦးဆုံးအနေနှင့် ပေါလု ဤသို့ဆိုခဲ့၏– “အခြားသောဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင် နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော် သုံးယောက်ဖြစ်စေ၊ တစ်ယောက်နောက်တစ်ယောက်ပြော၍ တစ်ယောက်သောသူသည် အနက်ကိုဖော်ပြစေ။ စကားပြန်မရှိလျှင် ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအားလည်းကောင်း၊ ဘုရားသခင်အားလည်းကောင်းပြောစေ။” (၁ ကောရိန္သု ၁၄:၂၇၊ ၂၈) ထိုသူသည် အသင်းတော်တွင် လုံးဝမဟောပြောရဟူ၍မဟုတ်ဘဲ သူတိတ်ဆိတ်စွာနေသင့်သည့်အချိန်များ ရှိကြောင်း ဆိုလိုနေသည်။ အမှန်မှာ မည်သူမျှနားမလည်သော ဘာသာစကားဖြင့် ဟောပြောပါက အချင်းချင်းတည်ဆောက်မှုဖြစ်စေရန်ဟူသော အစည်းအဝေးများကျင်းပရခြင်း၏ ရည်ရွယ်ချက် အထမြောက်မည်မဟုတ်ချေ။
ဒုတိယအနေနှင့် ပေါလုဤသို့ဖော်ပြခဲ့၏– “ပရောဖက်နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေဟောပြော၍ အခြားသောသူတို့သည် စစ်ကြောဆင်ခြင်ကြစေ။ ထိုင်လျက်နေသောသူအား တစ်စုံတစ်ခုကိုဖွင့်ပြတော်မူလျှင် အရင်ဟောပြောသောသူသည် တိတ်ဆိတ်စွာနေစေ။” ယင်းက အရင်ဟောပြောသောပရောဖက်သည် အစည်းအဝေးများတွင် မဟောပြောရဟု မဆိုလိုဘဲ တစ်ခါတစ်ရံ တိတ်ဆိတ်စွာနေရမည့်အချိန်ရှိသည်။ ထိုအခါ အံ့ဖွယ်နည်းဖြင့် အနာဂတ်အဖြစ်အပျက်တစ်ခုကို သိရှိလိုက်ရသူသည် အသင်းတော်ရှေ့ တင်ပြပြောဆိုနိုင်မည်ဖြစ်ရာ အစည်းအဝေးတွင် ‘ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ရန်’ ဟူသောရည်ရွယ်ချက် အထမြောက်သွားပေလိမ့်မည်။—၁ ကောရိန္သု ၁၄:၂၆၊ ၂၉-၃၁။
တတိယအကြိမ်တွင် ခရစ်ယာန်အမျိုးသမီးများကို ပေါလုဤသို့ဆို၏– “မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာနေကြစေ။ သူတို့သည် ဟောပြောရသောအခွင့်မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။” (၁ ကောရိန္သု ၁၄:၃၄) ပေါလုသည် ညီအစ်မများအား အဘယ်ကြောင့် ထိုသို့မိန့်မှာခဲ့ရသနည်း။ အသင်းတော်တွင် စည်းစနစ်ကျနမှုရှိစေရန်ဖြစ်၏။ သူက “မိန်းမတို့သည် တစ်စုံတစ်ခုကိုသင်လိုလျှင် အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်းတော်၌ဟောပြောလျှင် ရှက်ဖွယ်သောအကြောင်းဖြစ်၏” ဟုဆိုခဲ့သည်။—၁ ကောရိန္သု ၁၄:၃၅။
ညီအစ်မအချို့သည် အသင်းတော်တွင် ဟောပြောရာများကို စောဒကတက်နေကြဟန်တူသည်။ ပေါလု၏ဆုံးမစကားက ညီအစ်မများအား ကလန်ကဆန်လုပ်လိုစိတ်ကို ရှောင်ရှားစေပြီး ယေဟောဝါ၏ဦးစီးမှုအစီအစဉ်အတွင်း အထူးသဖြင့် မိမိတို့ခင်ပွန်းအား လက်အောက်ခံခြင်းအစီအစဉ်ကို နှိမ့်ချစွာလက်ခံရန် ကူညီပေးသည်။ (၁ ကောရိန္သု ၁၁:၃) ထို့အပြင် ညီအစ်မများသည် တိတ်ဆိတ်စွာနေခြင်းဖြင့် အသင်းတော်ကို သွန်သင်သူများဖြစ်ရန် မကြိုးစားကြကြောင်း ဖော်ပြသည်။ တိမောသေထံစာရေးစဉ် ပေါလုက “မိန်းမသည် ဆုံးမ [သွန်သင်] ခြင်း၊ ယောက်ျားကိုအစိုးတရပြုစေခြင်းအခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာနေအပ်၏” ဟူ၍ဆိုခြင်းဖြင့် အသင်းတော်ကို သွန်သင်သူတစ်ဦးအဖြစ် အမျိုးသမီးတစ်ဦး ဆောင်ရွက်ခြင်းသည် မသင့်တော်ကြောင်း ဖော်ပြခဲ့၏။—၁ တိမောသေ ၂:၁၂။
ယင်းကြောင့် ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် အသင်းတော်အစည်းအဝေးတွင် လုံးဝစကားမပြောရဟု ဆိုလိုသလော။ မဆိုလိုပါ။ ပေါလုခေတ်က ခရစ်ယာန်အမျိုးသမီးများသည် ဝိညာဉ်တော်သွန်းလောင်းခံရခြင်းအားဖြင့် ဆုတောင်းခွင့်၊ ပရောဖက်ပြုခွင့်ရရှိခဲ့သည့် အချိန်အခါများရှိသည်။ ထိုအခါမျိုးတွင် သူတို့သည် ခေါင်းဖုံးထားခြင်းဖြင့် မိမိတို့အနေအထားကို အသိအမှတ်ပြုကြသည်။ * (၁ ကောရိန္သု ၁၁:၅) ထို့ပြင် ပေါလုခေတ်နှင့်ယနေ့ခေတ်ရှိ ညီအစ်မများသည် ညီအစ်ကိုများနှင့်အတူ မိမိတို့၏မျှော်လင့်ချက်အကြောင်း လူအများရှေ့ကြေညာရန် တိုက်တွန်းခံရကြသည်။ (ဟေဗြဲ ၁၀:၂၃-၂၅) ညီအစ်မများသည် အမှုဆောင်လုပ်ငန်းတွင် ထိုသို့ကြေညာကြသည့်အပြင် အသင်းတော်အစည်းအဝေးများတွင်လည်း ကောင်းစွာပြင်ဆင်ထားသည့်မှတ်ချက်များပေးခြင်း၊ သရုပ်ပြများ သို့မဟုတ် ကျောင်းသားတာဝန်များကို လက်ခံခြင်းဖြင့် မိမိတို့၏မျှော်လင့်ချက်အကြောင်း ဖော်ပြကာ အခြားသူများကို အားပေးတည်ဆောက်ကြသည်။
ထို့ကြောင့် ခရစ်ယာန်အမျိုးသမီးများသည် အမျိုးသားတစ်ဦး၏နေရာယူပြီး အသင်းတော်ကို သွန်သင်ပေးရန် မကြိုးစားခြင်းဖြင့် “တိတ်ဆိတ်စွာနေ” ကြသည်။ သူတို့သည် သွန်သင်ပို့ချသူများ၏အခွင့်အာဏာကို စောဒကတက်ရာရောက်နိုင်သည့် ဆင်ခြေဆင်လက်ပေး အငြင်းအခုံလုပ်ခြင်းမပြုကြပါ။ ခရစ်ယာန်ညီအစ်မများသည် အသင်းတော်တွင် ကိုယ့်နေရာကိုယ်နေကြခြင်းဖြင့် စည်းလုံးငြိမ်သက်မှု တိုးပွားလာစေမည်ဖြစ်သည်။ ဤသို့ဖြင့် အသင်းတော်အစည်းအဝေးများတွင် ‘ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ရန်’ များစွာထောက်ကူပေးကြသည်။—၁ ကောရိန္သု ၁၄:၂၆၊ ၃၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 10 မျက်မှောက်ခေတ်တွင် ရင့်ကျက်သောညီအစ်မများသည် နှစ်ခြင်းခံပြီးသား အမျိုးသားတစ်ဦးအစား တာဝန်ယူပေးရသည့်အခါ ထိုနမူနာကိုလိုက်၍ ခေါင်းဖုံးထားကြသည်။—ကင်းမျှော်စင် ဇူလိုင် ၁၅၊ ၂၀၀၂၊ စာမျက်နှာ ၂၆။