လန်းဆန်းစေသော အကျိုးပြုအပန်းဖြေမှု
လန်းဆန်းစေသော အကျိုးပြုအပန်းဖြေမှု
“သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကို ပြုသော်လည်းကောင်း၊ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။”—၁ ကောရိန္သု ၁၀:၃၁။
၁၊ ၂။ ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ဆောင်မှုများကို “ဘုရားသခင်၏ဆုကျေးဇူး” တစ်ခုအဖြစ် အဘယ်ကြောင့်ယူမှတ်နိုင်သနည်း။ သို့တိုင် သမ္မာကျမ်းစာက မည်သို့ပွင့်ပွင့်လင်းလင်း သတိပေးထားသနည်း။
ပျော်စရာကောင်းသည့် လုပ်ဆောင်မှုများတွင် ပါဝင်လိုကြခြင်းမှာ သဘာဝပင်။ ကျွန်ုပ်တို့၏ ပျော်ရွှင်သည့်ဘုရားသခင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ပျော်မွေ့ စေလိုတော်မူပြီး ပျော်မွေ့ နိုင်သည့် နည်းလမ်းအသွယ်သွယ်ကိုလည်း အလျှံပယ် စီမံပေးထားတော်မူ၏။ (၁ တိမောသေ ၁:၁၁; ၆:၁၇) ပညာရှိရှောလမုန်ဘုရင်က ဤသို့ရေးသားခဲ့သည်– “ရွှင်လန်း ခြင်း . . . ထက် . . . သာ၍ကောင်းသော အမှုအရာမရှိကြောင်းကို ငါသိမြင်၏။ လူတိုင်းစားသောက်ခြင်း၊ မိမိပင်ပန်းစွာလုပ်ကိုင်သမျှသောအမှု၌ ပျော်မွေ့ခြင်းများသည် မုချအားဖြင့် ဘုရားသခင်၏ဆုကျေးဇူးတော်ဖြစ်၏။”—ဒေ. ၃:၁၂၊ ၁၃၊ သမ္မာ။
၂ အထူးသဖြင့် မိသားစု သို့မဟုတ် မိတ်ဆွေများနှင့်အတူ ပျော်ရွှင်စွာပြုလုပ်ခဲ့သော ပြီးမြောက်အောင်မြင်မှုကို ပြန်လည်သုံးသပ်ရာမှ ဖြစ်ပေါ်လာသည့် ဝမ်းမြောက်မှုသည် အမှန်ပင် လန်းဆန်းမှုဖြစ်သည်။ ယင်းကို “ဘုရားသခင်၏ဆုကျေးဇူး” တစ်ခုအဖြစ် သင့်လျော်စွာ ယူမှတ်နိုင်၏။ သို့သော် ဖန်ဆင်းရှင်သည် ဆုကျေးဇူးများ အလျှံပယ်စီမံပေးထားသောကြောင့် ကျွန်ုပ်တို့ စည်းလွတ်ဝါးလွတ် ပျော်ရွှင်ခွင့်ရှိသည်ဟု မဆိုလိုပါ။ သမ္မာကျမ်းစာက သောက်ကြူးခြင်း၊ စားကြူးခြင်းနှင့် အကျင့်ယိုယွင်းခြင်းတို့ကို ပြစ်တင်ရှုတ်ချထားပြီး ထိုသို့သောအကျင့်များကို ပြုကျင့်သူတို့သည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ” ဟု သတိပေးထား၏။—၁ ကောရိန္သု ၆:၉၊ ၁၀; သု. ၂၃:၂၀၊ ၂၁; ၁ ပေတရု ၄:၁-၄။
၃။ ဝိညာဉ်ရေးတွင် နိုးနိုးကြားကြားရှိနေရန်နှင့် ယေဟောဝါ၏နေ့ကြီးကို စိတ်စွဲမှတ်ထားရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။
၃ တစ်ခါနှင့်မျှမတူအောင် ခဲယဉ်းသော ဤနောက်ဆုံးကာလ၌ ခရစ်ယာန်များသည် ပျက်စီးယိုယွင်းသောလောက၏ အကျင့်စရိုက်များကို မခံယူဘဲ ပညာသတိရှိရှိ နေထိုင်ရန် အထူးကြိုးစားကြဖို့လိုသည်။ (ယောဟန် ၁၇:၁၅၊ ၁၆) ကြိုဟောထားသည့်အတိုင်း မျက်မှောက်ခေတ် လူမျိုးဆက်သည် ‘ကြီးစွာသောဆင်းရဲခြင်း’ မကြာမီကျရောက်တော့မည်ဟူသော သက်သေအထောက်အထားကို ဂရုမစိုက်၊ “သတိမဲ့” နေကြသည်အထိ “ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ” များဖြစ်လာကြသည်။ (၂ တိမောသေ ၃:၄၊ ၅; မဿဲ ၂၄:၂၁၊ ၃၇-၃၉) မိမိနောက်လိုက်များကို ယေရှု ဤသို့သတိပေးခဲ့သည်– ‘သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။’ (လုကာ ၂၁:၃၄၊ ၃၅) ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးကျွန်များအနေနှင့် ယေရှု၏ သတိပေးချက်ကို အလေးဂရုပြုဖို့ သန္နိဋ္ဌာန်ချထားကြ၏။ ကျွန်ုပ်တို့ပတ်ပတ်လည်ရှိ ဘာသာတရားမဲ့လောကမှ လူတို့နှင့်မတူဘဲ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင် နိုးနိုးကြားကြားရှိနေရန်နှင့် ယေဟောဝါ၏နေ့ကြီးကို စိတ်ထဲစွဲမှတ်ထားရန် ကြိုးစားနေကြသည်။—ဇေဖနိ ၃:၈; လုကာ ၂၁:၃၆။
၄။ (က) လက်ခံနိုင်ဖွယ် အပန်းဖြေမှုကို အဘယ်ကြောင့် ရှာတွေ့ဖို့ မလွယ်သနည်း။ (ခ) ဧဖက် ၅:၁၅၊ ၁၆ ပါ အဘယ်ဆုံးမစကားကို ကျွန်ုပ်တို့ ကျင့်သုံးလိုကြသနည်း။
၄ ဤလောက၏ အကျင့်ပျက်ပြားမှုများနှင့် ကင်းကင်းရှင်းရှင်းနေရန်မှာ မလွယ်ကူချေ။ အကြောင်းမှာ စာတန်သည် ယင်းအကျင့်စရိုက်များကို အလွန်နှစ်လို့ ဖွယ်ဖြစ်အောင်၊ တုပရလွယ်အောင် ပြုလုပ်ထား၍ဖြစ်သည်။ အထူးသဖြင့် အပန်းဖြေမှုတွင် အခက်အခဲတွေ့ရှိရသည်။ ဤလောကကမ်းလှမ်းသမျှသည် “ကိုယ်ကာယတပ်မက်ခြင်း” အတွက် အလွန်ဆွဲဆောင်မှုဖြစ်သည်။ (၁ ပေတရု ၂:၁၁) အန္တရာယ်ရှိသောဖျော်ဖြေမှုသည် နေရာအနှံ့တွင် ရှိနိုင်သည့်အပြင် စာအုပ်စာပေ၊ တီဗွီ၊ အင်တာနက်နှင့် ဗီဒီယိုတို့မှတစ်ဆင့်လည်း အိမ်အတွင်းသို့ မသိမသာရောက်လာနိုင်၏။ ထို့ကြောင့် ခရစ်ယာန်များကို သမ္မာကျမ်းစာက ပညာရှိစွာ ဤသို့ဆုံးမထားသည်– “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။” (ဧဖက် ၅:၁၅၊ ၁၆) ကျွန်ုပ်တို့သည် ဤဆုံးမစကားကို အသေအချာလိုက်နာမှသာလျှင် အန္တရာယ်ရှိဖျော်ဖြေမှု၏ သွေးဆောင်မှုမခံရဘဲ ယင်းကြောင့် အချိန်ကုန်မည်မဟုတ်ချေ။ ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး ပျက်စီးကာ ဖျက်ဆီးခြင်းဘေးတွင် ပါသွားလိမ့်မည်မဟုတ်ချေ။—ယာကုပ် ၁:၁၄၊ ၁၅။
၅။ ကျွန်ုပ်တို့သည် အကြီးမားဆုံးသော လန်းဆန်းမှုကို အဘယ်အရာမှ ရရှိကြသနည်း။
၅ ခရစ်ယာန်များသည် အလွန်အလုပ်များသဖြင့် တစ်ခါတစ်ရံ အပန်းဖြေဖို့လိုအပ်ကြသည်။ အမှန်ဆိုရလျှင် ဒေ. ၃:၄ က “ရယ်ရသောအချိန်” နှင့် “ကခုန်ရသောအချိန်” ရှိသည်ဟုဆို၏။ ထို့ ကြောင့် သမ္မာကျမ်းစာက အပန်းဖြေမှုကို အချိန်ဖြုန်းခြင်းဟု မသတ်မှတ်ချေ။ သို့သော် အပန်းဖြေမှုသည် ကျွန်ုပ်တို့ကို လန်းဆန်းစေသင့်ကာ ဝိညာဉ်ရေးကို အန္တရာယ်မသင့်စေဘဲ ဝိညာဉ်ရေးလုပ်ငန်းဆောင်တာများကိုလည်း မဟန့်တားစေသင့်ချေ။ ရင့်ကျက်သောခရစ်ယာန်များသည် ပေးကမ်းခြင်းမှ ပျော် ရွှင်မှုပိုရကြောင်း အတွေ့အကြုံမှတစ်ဆင့် သိရှိကြသည်။ သူတို့သည် ယေဟောဝါ၏အလိုတော်ဆောင်ခြင်းကို ပထမနေရာတွင်ထားပြီး ယေရှု၏ထမ်းလွယ်သော ထမ်းပိုးကိုထမ်းခြင်းဖြင့် သူတို့၏ ‘စိတ်နှလုံးကို’ အမှန်တကယ် လန်းဆန်းစေကြသည်။—မဿဲ ၁၁:၂၉၊ ၃၀; တမန်တော် ၂၀:၃၅။
လက်သင့်ခံနိုင်သော အပန်းဖြေမှုကို ရွေးချယ်ခြင်း
၆၊ ၇။ မည်သည့်ဖျော်ဖြေရေးကို လက်ခံသင့်မသင့် အဘယ်အရာက သင့်အား ဆုံးဖြတ်စေနိုင်သနည်း။
၆ တစ်စုံတစ်ရာသော အပန်းဖြေမှုသည် ခရစ်ယာန်တစ်ဦးအတွက် လက်သင့်ခံနိုင်ဖွယ်ဖြစ်ကြောင်း မည်သို့အသေအချာသိနိုင်သနည်း။ မိဘတို့သည် မိမိတို့၏သားသမီးများကို လမ်းညွှန်ပေးနိုင်ကြပြီး အကြီးအကဲများကလည်း လိုအပ်သလို အကူအညီပေးနိုင်ကြပါသည်။ အမှန်မှာ စာအုပ်တစ်အုပ်၊ ဇာတ်ကားတစ်ကား၊ ကစားနည်းတစ်မျိုး၊ အကတစ်မျိုး၊ တေးသီချင်းတစ်ပုဒ်သည် နှစ်သက်လက်ခံဖွယ်ဟုတ်မဟုတ် သူတစ်ပါးပြောပြစရာ မလိုချေ။ ရင့်ကျက်သူတို့သည် “ကိုယ့်အာရုံများကို အသုံးပြုတတ်သဖြင့် အလေ့အကျင့်ရှိ၍ ကောင်းမကောင်းကို ပိုင်းခြားသိနိုင်” ကြသည်ဟု ပေါလုကဆို၏။ (ဟေဗြဲ ၅:၁၄၊ သမ္မာ; ၁ ကောရိန္သု ၁၄:၂၀) သမ္မာကျမ်းစာသည် လမ်းညွှန်မူများကို ဖော်ပြသည်။ ကျမ်းစာဖြင့်လေ့ကျင့်ထားသော သင်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ဂရုပြုမည်ဆိုလျှင် ယင်းက အကူအညီပေးပါလိမ့်မည်။—၁ တိမောသေ ၁:၁၉။
၇ ယေရှုက “အသီးအားဖြင့် အပင်၏သဘောထင်ရှား” ကြောင်း မိန့်တော်မူခဲ့သည်။ (မဿဲ ၁၂:၃၃) အပန်းဖြေပုံသည် ပုပ်ပျက်သည့်အသီး ဖြစ်သော အကြမ်းဖက်မှု၊ အကျင့်ယိုယွင်းမှု သို့မဟုတ် နတ်ဝိဇ္ဇာအတတ်လိုက်စားမှုတို့ကို ဖြစ်ပွားစေမည် ဆိုလျှင် ယင်းကို ငြင်းပယ်သင့်၏။ အပန်းဖြေမှုသည် အသက်အန္တရာယ်ရှိမည်၊ ကျန်းမာရေးကို ထိခိုက်မည်၊ စီးပွားရေးထိခိုက်မည်၊ စိတ်ဓာတ်ကျစေမည်၊ သူတစ်ပါးကို ထိမိလဲစေမည်ဆိုလျှင်လည်း လက်ခံနိုင်ဖွယ်မရှိချေ။ မိမိညီအစ်ကို၏ ကိုယ်ကိုကိုယ်သိသောစိတ်ကို ထိခိုက်စေမည်ဆိုလျှင် အပြစ်ရှိကြောင်း တမန်တော်ပေါလုက သတိပေးသည်။ ပေါလုဤသို့ရေးသားခဲ့၏– “သင်တို့သည် ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၌ ကိုယ်ကိုကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ရောက်၏။ သို့ ဖြစ်၍၊ ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်းစရာအကြောင်းမရှိစေခြင်းငှာ၊ အမဲသားကို အစဉ်မပြတ်ရှောင်ရမည်။”—၁ ကောရိန္သု ၈:၁၂၊ ၁၃။
၈။ အီလက်ထရွန်နစ်ဂိမ်းကစားခြင်းနှင့် ဗီဒီယိုခွေများကြည့်ခြင်းတွင် အဘယ်အန္တရာယ်များရှိသနည်း။
၈ စတိုးဆိုင်များတွင် အီလက်ထရွန်နစ်ဂိမ်းနှင့် ဗီဒီယိုခွေများ အပြည့်ရှိသည်။ ဗီဒီယိုခွေတချို့သည် အန္တရာယ်ကင်းသည့်ပျော်စရာ၊ အပျင်းပြေစရာ ဖြစ်စေသော်လည်း အများစုမှာ ကျမ်းစာရှုတ်ချထားသည့် အရာများကို တိုး၍တိုး၍တင်ဆက်နေသည်။ ဗီဒီယိုဂိမ်းတွင်ပါဝင်သူများသည် ကိုယ်လက်အင်္ဂါဖြတ်တောက်၊ သတ်ဖြတ် သို့မဟုတ် ဆိုးဆိုးရွားရွား ညစ်ညမ်းလျှင် ယင်းသည် အန္တရာယ်ကင်းသော အပျော်သက်သက်မဟုတ်တော့ကြောင်း သေချာသည်။ ယေဟောဝါသည် “ကြမ်းကြုတ်ခြင်းနှစ်သက်သောသူ” တို့ကို မုန်းတော်မူ၏။ (ဆာလံ ၁၁:၅၊ သမ္မာ; သု. ၃:၃၁; ကောလောသဲ ၃:၅၊ ၆) ထိုဂိမ်းကိုကစားခြင်းကြောင့် သင်သည် လောဘကြီးလာမည်၊ ရန်လိုလာမည်၊ စိတ်ပင်ပန်းလာမည်၊ အဖိုးတန်အချိန်ကို ဖြုန်းတီးနေမည်ဆိုပါက ဝိညာဉ်ရေးအန္တရာယ် သင့်နေပြီဖြစ်ကြောင်း ဂရုပြုကာ လျင်မြန်စွာ ပြုပြင်ပြောင်းလဲလိုက်ပါ။—မဿဲ ၁၈:၈၊ ၉။
အကျိုးပြုနည်းများဖြင့် အပန်းဖြေနိုင်ပုံ
၉၊ ၁၀။ ပိုင်းခြားသိမြင်သူများသည် မည်သို့အပန်းဖြေနိုင်ကြသနည်း။
၉ တစ်ခါတစ်ရံ ခရစ်ယာန်များ ဤသို့မေးကြသည်– “လက်ခံနိုင်ဖွယ်အပန်းဖြေမှုဆိုတာ ဘာလဲ။ ဒီလောကကမ်းလှမ်းတဲ့အရာတွေက ကျမ်းစာစံနှုန်းတွေနဲ့မကိုက်ညီတဲ့ အရာတွေချည်းပဲ။” အကျိုးပြုအပန်းဖြေမှု အမှန်တကယ်ရှိသည်။ သို့သော် ယင်းကိုရဖို့ အထူးသဖြင့် မိဘများက ကြိုတင်စီစဉ်ပြီး ကြိုးစားအားထုတ်ရမည်။ လူအများသည် အကျိုးပြုသော အပန်းဖြေမှုကို မိသားစုအသိုင်းအဝိုင်းနှင့် အသင်းတော်အတွင်းတွင် တွေ့ရှိကြသည်။ အေးအေးဆေးဆေး စားသောက်ရင်း တစ်နေ့တာကြုံတွေ့ခဲ့ရာများကို ပြန်ပြောခြင်း သို့မဟုတ် ကျမ်းစာအကြောင်းအရာတစ်ခုခုကို ဆွေးနွေးခြင်းသည် နှစ်သက်ဖွယ်ဖြစ်ပြီး တည်ဆောက်မှုလည်းဖြစ်စေသည်။ ပျော်ပွဲစားထွက်ခြင်း၊ သင့်လျော်သောကစားနည်းများ ကစားခြင်းနှင့် စိတ်ဝင်စားဖွယ်နေရာများသို့ ခရီးထွက်ခြင်းတို့ကို စီစဉ်နိုင်ပေသည်။ ယင်းသို့သော အကျိုးပြုအပန်းဖြေမှုသည် ပျော်ရွှင်စေသည်သာမက အကျိုးလည်းရှိစေနိုင်၏။
၁၀ သားသမီးသုံးဦးကို ကျွေးမွေးပြုစုခဲ့ရသည့် အကြီးအကဲတစ်ဦးနှင့် သူ၏ဇနီးသည်တို့က ဤသို့ပြောပြသည်– “ကျွန်တော်တို့ ဘယ်ကို အားလပ်ရက်အပန်းဖြေ ခရီးထွက်ကြမယ်ဆိုတာ ကလေးတွေကို ငယ်ငယ်လေးကတည်းက ပါဝင်ရွေးချယ်စေခဲ့တယ်။ တစ်ခါတလေ ကလေးတစ်ယောက်စီရဲ့ သူငယ်ချင်းကောင်းကို ခေါ်ဖိတ်ခွင့်ပြုတဲ့အခါ အားလပ်ရက်အပန်းဖြေမှုက ပိုပြီးပျော်စရာကောင်းသွားတယ်။ ကလေးတွေရဲ့ဘဝမှာဖြစ်ခဲ့တဲ့ အရေးပါတဲ့ဖြစ်ရပ်တချို့ကို အမှတ်ရနေကြသေးတယ်။ အခါအားလျော်စွာ ကျွန်တော်တို့အိမ်ကို အသင်းတော်က မိသားစုတွေ၊ မိတ်ဆွေတွေကို ခေါ်ဖိတ်တယ်။ ခြံဝင်းထဲမှာ ချက်ပြုတ်စားသောက်ပြီး ကစားခဲ့ကြတယ်။ တောင်တန်းတွေဘက်ကို ကားမောင်းထွက်ပြီး လမ်းလျှောက်တဲ့အခါတွေမှာ ယေဟောဝါရဲ့ဖန်ဆင်းခြင်းအကြောင်း လေ့လာခဲ့ကြတယ်။”
၁၁၊ ၁၂။ (က) ရံဖန်ရံခါ အပန်းဖြေစဉ်တွင် အခြားသူတို့ကို ပါဝင်စေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ (ခ) မည်သို့သောစုဆုံမှုများက လူများစွာအတွက် အမှတ်တရဖြစ်ခဲ့ပြီနည်း။
၁၁ ရံဖန်ရံခါ အပန်းဖြေရန် စီစဉ်ရာတွင် တစ်ဦးစီအနေနှင့်ဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ အားပေးမှုလိုအပ်နေသော မုဆိုးမ၊ တစ်ကိုယ်ရေသမား၊ ကြင်ဖော်မဲ့မိသားစုစသည့် အခြားသူတို့ကို ပါဝင်စေခြင်းဖြင့် တိုးချဲ့နိုင်မည်လော။ (လုကာ ၁၄:၁၂-၁၄) လူသစ်တချို့ကို ဖိတ်ခေါ်နိုင်သော်လည်း မကောင်းသောပေါင်းသင်းမှုမဖြစ်စေဖို့ သတိပြုရမည်။ (၂ တိမောသေ ၂:၂၀၊ ၂၁) အိမ်ပြင်ထွက်ဖို့ အခက်အခဲရှိသော အိုမင်းမစွမ်းဖြစ်နေသူများနှင့် အတူတကွစားသုံးကြဖို့ သူတို့အိမ်သို့ စားစရာများယူသွားရန် စီစဉ်နိုင်ပေသည်။—ဟေဗြဲ ၁၃:၁၊ ၂။
၁၂ အတူတကွစားသောက်ကြစဉ် မည်သို့ခရစ်ယာန်ဖြစ်လာပုံ၊ ဘုရားသခင်အပေါ် ဆက်လက်တည်ကြည်နိုင်ခဲ့ပုံတို့ကို ပြောဆိုကြခြင်းသည် လူအများအတွက် အမှတ်တရဖြစ်ခဲ့သည်။ ကလေးများအပါအဝင် ရှိနေသူအားလုံးတို့ကို ကျမ်းစာအကြောင်းအရာတစ်ခုခု ဆွေးနွေးရာတွင် ပါဝင်စေနိုင်သည်။ ထိုသို့ပြောဆိုဆွေးနွေးရာတွင် မည်သူမျှ မဝံ့မရဲဖြစ်စရာမလို၊ မသိနားမလည်ဟု ယူမှတ်စရာမလိုဘဲ အချင်းချင်းအားပေးတည်ဆောက်နိုင်ကြသည်။
၁၃။ ယေရှုနှင့်ပေါလုတို့သည် ဧည့်ဝတ်ပျူငှာခြင်းနှင့် ခံယူခြင်း၌ အဘယ်ပုံသက်သေ ပြတော်မူခဲ့သနည်း။
၁၃ ယေရှုသည် ဧည့်ဝတ်ပျူငှာမှုပြခြင်းနှင့် ခံယူခြင်း၌ ပုံသက်သေကောင်းပြတော်မူခဲ့၏။ ကိုယ်တော်သည် ယင်းသို့သောအခါသမယများတွင် ဝိညာဉ်ရေးရာတို့ကို အမြဲပြောဆိုတော်မူခဲ့သည်။ (လုကာ ၅:၂၇-၃၉; ၁၀:၄၂; ၁၉:၁-၁၀; ၂၄:၂၈-၃၂) ကိုယ်တော်၏ပုံသက်သေကို အစောပိုင်းတပည့်များ တုပခဲ့ကြ၏။ (တမန်တော် ၂:၄၆၊ ၄၇) တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစ်စုံတစ်ခုကို အပ်ပေးခြင်းငှာ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏။ ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့် အချင်းချင်းအားရသက်သာခြင်းသို့ ရောက်ကြမည်အကြောင်းကို ဆိုလိုသတည်း။” (ရောမ ၁:၁၁၊ ၁၂) ထိုနည်းတူ ကျွန်ုပ်တို့ပေါင်းသင်းချိန်သည် အပြန်အလှန်အားပေးကြသည့်အချိန်များ ဖြစ်သင့်သည်။—ရောမ ၁၂:၁၃; ၁၅:၁၊ ၂။
သတိပေးနှိုးဆော်ချက်များ
၁၄။ လူများသော မိတ်ဆုံပွဲများကို အဘယ်ကြောင့် အားမပေးသနည်း။
၁၄ မိတ်ဆုံပွဲများသို့ လူများများ မဖိတ်ခေါ်သင့်ပေ။ ဤသို့သောပွဲများကို ကြီးကြပ်ကွပ်ကဲရန် ခဲယဉ်းသည်။ မိသားစုအချို့သည် ဝိညာဉ်ရေးလုပ်ဆောင်မှုများ မရှိချိန်တွင် အတူတကွ ပျော်ပွဲစားထွက်လိုကြပေမည်။ သို့မဟုတ် အပျော်တမ်း ပူးပေါင်းကစားလိုကြပေမည်။ မိတ်ဆုံပွဲတစ်ခုတွင် အကြီးအကဲ၊ ဓမ္မအမှုထမ်းနှင့် အခြားရင့်ကျက်သူတို့ရှိနေမည်ဆိုလျှင် သူတို့သည် ကောင်းသောသြဇာလွှမ်းမှုဖြစ်ကြသည့်အတွက် ထိုအခါသမယသည် ပို၍လန်းဆန်းစရာဖြစ်နိုင်ပါသည်။
၁၅။ ဧည့်ခံသူသည် အဘယ်ကြောင့် လျောက်ပတ်စွာ ကြီးကြပ်ကွပ်ကဲသင့်သနည်း။
၁၅ မိတ်ဆုံပွဲများစီစဉ်သူတို့သည် ကောင်းစွာ ကြီးကြပ်ကွပ်ကဲရန်လိုသည်ကို လျစ်လျူမရှုသင့်ချေ။ သင်သည် ဧည့်ဝတ်ပြုလိုသော်လည်း သင်၏ပေါ့ဆမှုကြောင့်၊ သင့်အိမ်တွင် ဖြစ်ပျက်ခဲ့သောအမှုတစ်ခုကြောင့် ဧည့်သည်တစ်ဦး ထိမိလဲသွားကြောင်း သိလိုက်ရလျှင် စိတ်မကောင်းဖြစ်မည် မဟုတ်ပေလော။ တရားဟောရာ ၂၂:၈ တွင် ဖော်ပြထားသည့်မူကို သုံးသပ်ကြည့်ပါ။ ဣသရေလတစ်ဦးသည် အိမ်သစ်တစ်လုံးဆောက်သောအခါ အိမ်အမိုးပတ်ပတ်လည်တွင် အရန်အတားတစ်ခုဆောက်ရ၏။ ထိုတွင်ဧည့်သည်များကို ဧည့်ခံလေ့ရှိသည်။ အဘယ်ကြောင့်နည်း။ “လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကိုသတ်သောအပြစ် မရောက်မည်အကြောင်း” ဖြစ်သည်။ ထိုနည်းတူ မိတ်ဆုံစားပွဲတစ်ခုတွင် သင့်ဧည့်သည်များ၏ ကာယရေးနှင့်ဝိညာဉ်ရေး အဆင်ပြေမှုအတွက် ပြုလုပ်ပေးသင့်ပေသည်။
၁၆။ မိတ်ဆုံစားပွဲတွင် အရက်ယမကာတည်ခင်းမည်ဆိုပါက အဘယ်သတိရှိသင့်သနည်း။
၁၆ မိတ်ဆုံစားပွဲတွင် အရက်ယမကာနှင့် ဧည့်ခံမည်ဆိုပါက အထူးသတိထားသင့်သည်။ ဧည့်ခံသည့် ခရစ်ယာန်များစွာသည် မိမိတို့ဧည့်သည်များ အဘယ်အရက်ယမကာကို မည်မျှသောက်သုံးကြောင်း ကိုယ်တိုင်ကြီးကြပ်နိုင်မှသာ အရက်ယမကာနှင့် ဧည့်ခံရန် ဆုံးဖြတ်ကြ၏။ အချို့သူတို့ကို ထိမိ၍လဲစေမည့်၊ အလွန်အကျွံသောက်သုံးစေမည့် အဘယ်အခြေအနေမျိုးကိုမျှ မဖြစ်ပေါ်စေသင့်ချေ။ (ဧဖက် ၅:၁၈၊ ၁၉) အကြောင်းအမျိုးမျိုးကြောင့် ဧည့်သည်တချို့သည် အရက်ယမကာရှောင်ဖို့ ဆုံးဖြတ်ကြပေမည်။ နေရာဒေသများစွာတွင် အရက်သောက်ခွင့်ရှိသည့်အသက်ကို ဥပဒေပြဋ္ဌာန်းထားရာ ယင်းတို့သည် အလွန်တင်းကျပ်ပုံပေါ်သည့်တိုင် ကဲသာ၏ဥပဒေများကို ခရစ်ယာန်များ နာခံရမည်ဖြစ်သည်။—ရောမ ၁၃:၅။
၁၇။ (က) မိတ်ဆုံစားပွဲတွင် တေးဂီတထည့်မည်ဆိုပါက ဧည့်ခံသူသည် ကောင်းစွာရွေးချယ်တတ်ဖို့ အဘယ်ကြောင့် အရေးကြီးရသနည်း။ (ခ) ကကြမည်ဆိုပါက ဣန္ဒြေရှိကြောင်း မည်သို့ပြသင့်သနည်း။
၁၇ မိတ်ဆုံပွဲတွင်ပါသည့် တေးသီချင်း၊ အက၊ ဖျော်ဖြေမှုသည် ခရစ်ယာန်မူများနှင့် ကိုက်ညီကြောင်း ဧည့်ခံသူက ဂရုစိုက်သင့်သည်။ တေးဂီတအမျိုးမျိုး ရှိသည့်အပြင် အကြိုက်ချင်းလည်း မတူကြချေ။ သို့သော် မျက်မှောက်ခေတ် တေးဂီတအများစုသည် ပုန်ကန်လိုသည့်စိတ်၊ အကျင့်ယိုယွင်းမှုနှင့် အကြမ်းဖက်မှုတို့ကို အားပေးအားမြှောက်ပြုသဖြင့် ရွေးချယ်တတ်ဖို့လိုပေသည်။ လက်သင့်ခံနိုင်ဖွယ်တေးဂီတသည် သာယာငြိမ့်ညောင်းသည့်ဂီတ ဖြစ်ဖို့မလိုသကဲ့သို့ လိင်စိတ်ကိုနှိုးဆွသည့် သို့မဟုတ် ဆူညံကျယ်လောင်သည့် တေးဂီတလည်း မဖြစ်သင့်ချေ။ သင့်တော်သည့်အသံပမာဏကို အပြည့်အဝ နားမလည်သေးသူတစ်ဦးဦးအား တေးဂီတအမျိုးအစား ရွေးချယ်စေခြင်း မပြုမိရန်လည်း သတိပြုပါလေ။ တင်တလှုပ်လှုပ်၊ ရင်တခါခါနှင့် ဣန္ဒြေမရှိသည့် အပြုအမူများပါသောအကသည် ခရစ်ယာန်တစ်ဦးအတွက် သင့်တော်မည်မဟုတ်ချေ။—၁ တိမောသေ ၂: ၈-၁၀။
၁၈။ မိဘတို့သည် သားသမီးများ၏ပေါင်းသင်းမှုကို ကြီးကြပ်ပေးခြင်းဖြင့် မည်သို့ကာကွယ်ပေးနိုင်သနည်း။
၁၈ ခရစ်ယာန်မိဘတို့သည် မိမိတို့သားသမီးများ တက်ရောက်မည့် မိတ်ဆုံပွဲများတွင် အဘယ်အစီအစဉ်ရှိကြောင်း စုံစမ်းထားသင့်ပေသည်။ ထို့ပြင် မိတ်ဆုံပွဲများသို့ သားသမီးတို့နှင့်အတူသွားခြင်းသည် ပညာရှိရာရောက်၏။ ဝမ်းနည်းစရာမှာ မိဘတချို့သည် မိမိတို့သားသမီးများအား အထိန်းအကွပ်မရှိသော ပါတီပွဲများကို တက်ရောက်ခွင့်ပြုခဲ့ကြရာ ထိုတွင် လူအတော်များများသည် အကျင့်ယိုယွင်းခဲ့ကြ သို့မဟုတ် မတော်မလျော်ပြုမူခဲ့ကြသည်။ (ဧဖက် ၆:၁-၄) လူငယ်များသည် ကိုယ့်ကိုယ်ကိုတာဝန်ယူနိုင်သော အသက်အရွယ်ရောက်ပြီဟု ယူ မှတ်သည့်တိုင် “လူပျိုတို့၏တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်” ရန် သူတို့ကိုကူညီပေးဖို့ လိုအပ်နေသေးသည်။—၂ တိမောသေ ၂:၂၂။
၁၉။ အဘယ်အမှန်တရားက ကျွန်ုပ်တို့အား “ရှေးဦးစွာရှာ” သင့်ရာအပေါ် အာရုံစိုက်စေနိုင်သနည်း။
၁၉ အကျိုးပြုပြီး လန်းဆန်းမှုပေးသည့် အပန်းဖြေမှုနှင့် ဖျော်ဖြေမှု ရံဖန်ရံခါရှိခြင်းသည် ဘဝကို ပို၍စိုပြည်စေနိုင်သည်။ ကျွန်ုပ်တို့ ဤသို့ပျော်ရွှင်သည်ကို ယေဟောဝါ မတားဆီးသော်လည်း ထိုသို့သောလုပ်ဆောင်မှုများသည် ကောင်းကင်ဘဏ္ဍာဆည်းပူးရန် အထောက်အကူမပြုကြောင်း ကျွန်ုပ်တို့သိထားကြသည်။ (မဿဲ ၆:၁၉-၂၁) ဘဝတွင် အရေးပါသည့်အရာမှာ ‘လူမျိုးအများ စိတ်အားထက်သန်စွာ ရှာဖွေနေ’ ကြသည့် အစားအစာ၊ အဝတ်အထည်မဟုတ်ဘဲ ‘ဘုရားသခင့်နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာ’ ခြင်းသာဖြစ်ကြောင်း တပည့်များနားလည်လာရန် ယေရှုကူညီပေးတော်မူခဲ့သည်။—မဿဲ ၆:၃၁-၃၄။
၂၀။ ယေဟောဝါ၏ တည်ကြည်သောကျေးကျွန်တို့သည် မဟာထောက်ပံ့ရှင်ထံမှ အဘယ်ကောင်းသောအရာများရရှိရန် မျှော်လင့်နိုင်ကြသနည်း။
၂၀ ကျွန်ုပ်တို့သည် “စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း၊ ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြု” နိုင်ကြပါသည်။ တော်သင့်ရုံ ပျော်မွေ့နိုင်ရန် ကောင်းသောအရာများကို ပြင်ဆင်ထားတော်မူသော မဟာထောက်ပံ့ရှင်အား ကျွန်ုပ်တို့ကျေးဇူးတင်ကြ၏။ (၁ ကောရိန္သု ၁၀:၃၁) ရှေ့နားလေးတွင်ရှိသော ပရဒိသုမြေကြီးပေါ်တွင် ကိုယ်တော်၏ဖြောင့်မှန်သော တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်သူအားလုံးနှင့်အတူ ယေဟောဝါ၏ရက်ရောမှုကို အပြည့်အဝ မွေ့လျော်ခံစားရမည့် အခါသမယများ အမြဲရှိနေပါလိမ့်မည်။—ဆာလံ ၁၄၅:၁၆; ဟေရှာယ ၂၅:၆; ၂ ကောရိန္သု ၇:၁။
သင်မှတ်မိသလော
• ယနေ့ အကျိုးပြုအပန်းဖြေမှုကို ခရစ်ယာန်များ ရှာတွေ့ ရန် အဘယ်ကြောင့်ခက်ခဲရသနည်း။
• ခရစ်ယာန်မိသားစုများကို အားရကျေနပ်စေခဲ့သည့် အပန်းဖြေနည်းတချို့ကား အဘယ်နည်း။
• အပန်းဖြေသည့်အခါ အဘယ်သတိပေးနှိုးဆော်ချက် များကို စိတ် စွဲ မှတ်ထားသင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကောင်းသောအသီးများ သီးပွင့်စေသည့် အပန်းဖြေ မှု ကို ရွေးချယ်ပါ
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
အဘယ်အပန်းဖြေနည်းများကို ခရစ်ယာန်များ ငြင်းပယ်ကြသနည်း