“သတိရှိကြလော့”
“သတိရှိကြလော့”
“ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။”—သု. ၁၄:၁၅။
၁၊ ၂။ (က) သောဒုံမြို့တွင် လောတ၏အဖြစ်အပျက်က ကျွန်ုပ်တို့အား အဘယ်အရာသွန်သင်ပေးသနည်း။ (ခ) ‘ကောင်းသောသတိရှိကြလော့’ ဟူသောအသုံးအနှုန်းသည် အဘယ်အရာကို ဆိုလိုသနည်း။
အာဗြဟံသည် လောတအား မြေနေရာ အရင်ရွေးချယ်စေသည့်အခါ လောတသည် ‘ထာဝရဘုရားသခင်၏ ဥယျာဉ်တော်ကဲ့သို့’ သော ရေပေါများသည့်ဒေသကို မျက်စိကျသွားသည်။ မိသားစုအတွက် အကောင်းဆုံးနေရာ ဖြစ်ဟန်တူသဖြင့် လောတသည် “ယော်ဒန်ချိုင့်တစ်လျှောက်လုံးကို ရွေးချယ်၍” သောဒုံမြို့နားမှာ တဲကိုဆောက်လေ၏။ အပြင်ပန်းသဏ္ဌာန်အားဖြင့် သာသော်လည်း အနီးတစ်ဝိုက်ရှိ ‘သောဒုံမြို့သားတို့သည် ဆိုးသောသူ ထာဝရဘုရားသခင်ရှေ့၌ အလွန်အပြစ်များသောသူဖြစ်ကြ’ လေသည်။ (ကမ္ဘာဦး ၁၃:၇-၁၃) နောက်ပိုင်းဖြစ်ရပ်များက ဖော်ပြခဲ့သည့်အတိုင်း လောတနှင့် သူ၏မိသားစုသည် အကြီးအကျယ် ဆုံးရှုံးနစ်နာခဲ့ရသည်။ နောက်ဆုံး သူနှင့် သူ၏သမီးများသည် ဂူတစ်လုံးတွင်နေထိုင်ရသည့်ဘဝ ရောက်ခဲ့လေသည်။ (ကမ္ဘာဦး ၁၉:၁၇၊ ၂၃-၂၆၊ ၃၀) အစပိုင်း၌ သူ့အတွက် အလွန်ကောင်းဟန်တူသည့်အရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်၏။
၂ လောတ၏တွေ့ ကြုံမှုသည် ယနေ့ဘုရားသခင့်ကျေးကျွန်များအတွက် သင်ခန်းစာဖြစ်သည်။ ဆုံးဖြတ်ချက်များ ချရသည့်အခါ ဖြစ်နိုင်ဖွယ်အန္တရာယ်များနှင့် မြင်မြင်ချင်းစွဲမှတ်သွားရာတို့၏ လှည့်စားမှုကို မခံရရန် သတိပြုရမည်။ ထို့ကြောင့် ကျမ်းစာက ကျွန်ုပ်တို့အား ‘ကောင်းသောသတိရှိကြလော့’ ဟု တိုက်တွန်းခြင်းမှာ သင့်လျော်ပေသည်။ (၁ ပေတရု ၁:၁၃) ကျမ်းပညာရှင် အာရ်. စီ. အိပ်ခ်ျ. လန်စကီ၏အဆိုအရ ကောင်းသောသတိရှိခြင်းဟူသည့် ဂရိအသုံးအနှုန်းသည် “ကိစ္စရပ်များကို တည်ငြိမ်အေးဆေးစွာ ချင့်ချိန်တတ်ရာ မှန်မှန်ကန်ကန် အကဲဖြတ်ပြီး ဆုံးဖြတ်ချက်အမှန်ကိုချနိုင်ခြင်း” ဟူ၍ဖြစ်၏။ ကောင်းသောသတိရှိဖို့လိုသည့် အခြေအနေတချို့ကို သုံးသပ်ကြည့်ကြပါစို့။
စီးပွားရေးအခွင့်အလမ်းကို ချင့်ချိန်ခြင်း
၃။ ကျွန်ုပ်တို့သည် စီးပွားရေးအခွင့်အလမ်းတစ်ခု ကမ်းလှမ်းခံရသည့်အခါ အဘယ်ကြောင့်သတိရှိဖို့လိုသနည်း။
၃ ယေဟောဝါအား ကိုးကွယ်သူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည့် နာမည်ကောင်းရှိသူတစ်ဦးက စီးပွားရေးလုပ်ငန်းတစ်ခုကို သင့်အား ကမ်းလှမ်းသည်ဆိုကြပါစို့။ သူသည် အောင်မြင်နိုင်သည့်အကြောင်း စိတ်အားထက်သန်စွာပြောပြီး အဆိုပါအခွင့်အရေးကို လက်မလွှတ်ဖို့ သင့်ကို အားပေးတိုက်တွန်းပေမည်။ ထိုအခါ သင်သည် သင်နှင့် သင့်မိသားစု၏ဘဝ သာ၍ကောင်းစားလာသည်ကို စတင်မြင်ယောင်လာပေမည်။ ယင်းက ဝိညာဉ်ရေးအတွက် အချိန်ပိုပေးနိုင်မည်ဟုပင် သင်ဆင်ခြင်မိပေမည်။ သို့ရာတွင် နယပုံပြင် ၁၄:၁၅ က ဤသို့သတိပေး၏– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” စီးပွားရေးလုပ်ငန်းအသစ်တစ်ခု စတင်လုပ်ကိုင်ရာတွင် ဖြစ်နိုင်ဖွယ်ရှိသည့် ဆုံးရှုံးမှုကို လျော့တွက်တတ်ကြ၏။ အန္တရာယ်များကို လျစ်လျူရှုလေ့ရှိပြီး စီးပွားရေးလုပ်ငန်းခွင်၏ မသေချာမရေရာမှုများကို အပြည့်အဝ မသုံးသပ်မိဘဲနေမည်။ (ယာကုပ် ၄:၁၃၊ ၁၄) ယင်းသို့သောအခြေအနေမျိုးတွင် သတိကောင်းစွာရှိဖို့ အလွန်လိုအပ်ပေသည်။
၄။ စီးပွားရေးကမ်းလှမ်းချက်တစ်ခုကို ဆန်းစစ်ရာတွင် ‘ကျွန်ုပ်တို့သွားရာလမ်းကို’ မည်သို့ ‘စေ့စေ့ကြည့်ရှု’ နိုင်ကြသနည်း။
၄ ပညာသတိရှိသူတစ်ဦးသည် ဆုံးဖြတ်ချက်မချမီ စီးပွားရေးလုပ်ငန်းတစ်ခုကို အသေအချာ ဆန်းစစ်ကြည့်မည်။ (သု. ၂၁:၅) ယင်းသို့ဆန်းစစ်ကြည့်ခြင်းက မမြင်လိုက်သော အန္တရာယ်များကို သိမြင်လာစေမည်။ အောက်ပါဖြစ်နိုင်ဖွယ် အခြေအနေကို သုံးသပ်ကြည့်ပါ။ လူတစ်ဦးသည် သူ၏စီးပွားရေးလုပ်ငန်းအတွက် သင့်ထံမှငွေချေးလိုသည်။ ယင်းအတွက် အမြတ်အစွန်းများများရမည်ဟု သင့်အား ပြောဆိုပေလိမ့်မည်။ အဆိုပါကမ်းလှမ်းချက်မှာ မက်မောစရာကောင်းသော်လည်း အဘယ်အန္တရာယ်များ ရှိသနည်း။ စီးပွားရေးအခြေအနေ မည်သို့ပင်ရှိပါစေ ငွေပြန်ဆပ်မည်ဟု သူသဘောတူထားသလော။ သို့မဟုတ် စီးပွားရေးအောင်မြင်မှ ငွေပြန်ဆပ်မည့်သဘောမျိုးလော။ တစ်နည်းအားဖြင့် စီးပွားပျက်သွားပါက သင့်ငွေ ဆုံးရှုံးရဖို့အကြောင်းရှိသလော။ ဤသို့ သင်မေးမြန်းသင့်၏– “အဲ့ဒီစီးပွားရေးအတွက် လူတွေဆီက ဘာကြောင့် ငွေချေးရတာလဲ။ ဘဏ်တွေက အဲ့ဒီစီးပွားရေးကို စွန့်စားရတဲ့လုပ်ငန်းလို့ ရှုမြင်သလား။” အန္တရာယ်များကို အချိန်ယူ သုံးသပ်ကြည့်ခြင်းက ထိုကမ်းလှမ်းချက်ကို လက်တွေ့ကျကျ ဝေဖန်ဆန်းစစ်စေပါမည်။—သု. ၁၃:၁၆; ၂၂:၃။
၅။ (က) ယေရမိသည် လယ်ကွက်တစ်ကွက်ဝယ်သောအခါ အဘယ်ပညာရှိလမ်းစဉ်ကို လိုက်လျှောက်ခဲ့သနည်း။ (ခ) စီးပွားရေးသဘောတူညီချက်အားလုံးကို တရားဝင်စာချုပ်ချုပ်ခြင်းက အဘယ်ကြောင့်အကျိုးရှိသနည်း။
၅ ပရောဖက်ယေရမိသည် ယေဟောဝါအားကိုးကွယ်သော သူ့ဝမ်းကွဲ၏လယ်ကွက်ကို ဝယ်ယူသည့်အခါ ထိုအရောင်းအဝယ်ကိစ္စကို သက်သေများရှေ့တွင် စာချုပ်ချုပ်ခဲ့၏။ (ယေရမိ ၃၂:၉-၁၂) ယနေ့ ပညာရှိသူတစ်ဦးသည် ဆွေမျိုးသားချင်းများ၊ မိမိနှင့်ယုံကြည်မှုတူသူချင်းများနှင့် စီးပွားရေးလုပ်မည်ဆိုပါက သဘောတူညီချက်အားလုံးကို တရားဝင်စာချုပ် * ချုပ်ဆိုသင့်သည်။ တိကျရှင်းလင်းပြီး ကောင်းစွာပြုစုထားသည့် သဘောတူညီချက်ရှိထားခြင်းက နားလည်မှုမလွဲစေသည့်အပြင် စည်းလုံးမှုလည်း ပြိုကွဲမည်မဟုတ်ပေ။ အခြားတစ်ဖက်တွင်မူ ယေဟောဝါ၏ကျေးကျွန်တို့စပ်ကြား စီးပွားရေးပြဿနာများ ပေါ်ပေါက်လာခြင်းသည် စာချုပ်မချုပ်ထား၍ဖြစ်သည်။ ယင်းကြောင့် စိတ်သောက၊ စိတ်နာကြည်းမှုဖြစ်ခြင်းနှင့် ဝိညာဉ်ရေးပျောက်ဆုံးရခြင်းတို့သည် ဝမ်းနည်းစရာပင်။
၆။ ကျွန်ုပ်တို့သည် လိုဘကြီးမှုကို အဘယ်ကြောင့် သတိပြုရှောင်ရှားဖို့လိုသနည်း။
၆ ကျွန်ုပ်တို့သည် လိုဘကြီးမှုကိုလည်း သတိပြုရှောင်ရှားရမည်။ (လုကာ ၁၂:၁၅) အမြတ်အစွန်းများများရမည်ဟူသော ကတိသည် စိတ်မချရသော စီးပွားရေးစွန့်စားမှု အန္တရာယ်များကို မမြင်သည်အထိ ဖြစ်သွားစေနိုင်သည်။ ယေဟောဝါ၏လုပ်ငန်းတော်တွင် အခွင့်ထူးရထားသူတချို့ပင် ဤထောင်ချောက်တွင် ကျော့မိခဲ့ကြပြီ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သတိပေး၏– “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်၍ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။” (ဟေဗြဲ ၁၃:၅) ခရစ်ယာန်တစ်ဦးသည် စီးပွားရေးအခွင့်အလမ်းတစ်ခုအကြောင်း စဉ်းစားသည့်အခါ ‘ထိုတွင်ပါဝင်ပတ်သက်ဖို့ တကယ်လိုအပ်လို့လား’ ဟူ၍ သုံးသပ်ကြည့်သင့်သည်။ ယေဟောဝါအားဝတ်ပြုမှုကို အဓိကထား၍ ရိုးရိုးရှင်းရှင်း အသက်ရှင်နေထိုင်ခြင်းက “မကောင်းသောအမှုအပေါင်းတို့” မှ ကျွန်ုပ်တို့ကို ကာကွယ်ပေးပါလိမ့်မည်။—၁ တိမောသေ ၆:၆-၁၀။
တစ်ကိုယ်ရေခရစ်ယာန်များ ရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များ
၇။ (က) တစ်ကိုယ်ရေခရစ်ယာန်များစွာသည် အဘယ်စိန်ခေါ်ချက်များကို ရင်ဆိုင်ခဲ့ကြရသနည်း။ (ခ) အိမ်ထောင်ဖက်ရွေးချယ်မှုသည် ဘုရားသခင်အပေါ် တည်ကြည်မှုနှင့် မည်သို့ပတ်သက်နေသနည်း။
၇ ယေဟောဝါ၏ကျေးကျွန်များစွာသည် အိမ်ထောင်ပြုလိုသော်လည်း သင့်တော်သည့်အိမ်ထောင်ဖက် ရှာမတွေ့ကြသေးချေ။ နိုင်ငံတချို့တွင် အိမ်ထောင်ပြုဖို့ လူမှုရေးသဘောအရ အတင်းဖိအားပေးတတ်သည်။ ယုံကြည်ခြင်းတူသူများထဲတွင် အိမ်ထောင်ဖက်လောင်း ရှာတွေ့ရန်မှာလည်း အခွင့်အလမ်းအလွန်နည်းနေသည်။ (သု. ၁၃:၁၂) သို့သော် “သခင်ဘုရား၌သာ” လက်ထပ်ပါဟူသော ကျမ်းစာမိန့်မှာချက်ကို လိုက်နာခြင်းသည် ယေဟောဝါအပေါ် တည်ကြည်သည့်ကိစ္စဖြစ်ကြောင်း ခရစ်ယာန်များသိရှိကြသည်။ (၁ ကောရိန္သု ၇:၃၉) တစ်ကိုယ်ရေခရစ်ယာန်များ ရင်ဆိုင်ရသည့် သွေးဆောင်မှုများနှင့် ဖိအားပေးမှုတို့ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ရန် သတိကောင်းစွာရှိရမည်ဖြစ်၏။
၈။ ရှုလမိတ်မိန်းမပျိုသည် အဘယ်ဖိအားပေးမှုကို ကြုံခဲ့ရသနည်း။ အလားတူအဖြစ်မျိုးကို ယနေ့ ခရစ်ယာန်အမျိုးသမီးများ မည်သို့တွေ့ကြုံနိုင်သနည်း။
၈ ရှောလမုန်သီချင်းတွင် ရှုလမိတ်တောသူမလေးတစ်ဦးကို ရှင်ဘုရင်စွဲလမ်းသွားရာ ထိုလုံမလေးတွင် မေတ္တာမျှနှင့်သူ ရှိနေသော်လည်း ဘုရင်သည် မိမိအား ချစ်ကြိုက်လာစေရန် ဥစ္စာဓန၊ ဂုဏ်သတင်း၊ နှစ်လို့ဖွယ်အရည်အသွေးတို့ဖြင့် ပိုးပန်းလေသည်။ (ရှောလမုန်သီချင်း ၁:၉-၁၁; ၃:၇-၁၀; ၆:၈-၁၀၊ ၁၃) သင်သည် ခရစ်ယာန်အမျိုးသမီးတစ်ဦး ဖြစ်မည်ဆိုလျှင် သင်မချစ်နိုင်သူတစ်ဦးက သင့်ကို စိတ်ဝင်စားသည့်အဖြစ်မျိုး ကြုံနေရပေမည်။ သင့်အလုပ်ခွင်မှ အထက်အရာရှိတစ်ဦးက သင့်ကို လေးစားတန်ဖိုးထားကြောင်းပြောဆိုပြီး ကြင်ကြင်နာနာ ပြုမူဆက်ဆံလာပေမည်။ သင်နှင့်အတူရှိနေရန် အခွင့်အရေးများ ရှာနေပေမည်။ ထိုသို့သောသူ၏ ဂရုစိုက်မှုသည် အချစ်စိတ်ဖြင့်၊ အကျင့်ပျက်သည့်သဘောမျိုးဖြင့် အမြဲမဟုတ်သော်လည်း သတိထားပါလေ။ ရှုလမိတ်မိန်းမပျိုကဲ့သို့ “မြို့ရိုး” ဖြစ်နေပါ။ (ရှောလမုန်သီချင်း ၈:၄၊ ၁၀) ချစ်ကြိုက်လေးစားသည့် အမူအရာများကို လုံးလုံးငြင်းပယ်ပါ။ အလုပ်စဝင်သည်နှင့် မိမိသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း အလုပ်ဖော်များကို အသိပေးပြီး အခွင့်အရေးရတိုင်း သူတို့ကိုသက်သေခံပါ။ ထိုသို့ပြုခြင်းက သင့်အတွက် အကာအကွယ်ဖြစ်ပါလိမ့်မည်။
၉။ အင်တာနက်မှတစ်ဆင့် သူစိမ်းတစ်ဦးနှင့် ရင်းနှီးလာခြင်း၏ အန္တရာယ်တချို့ကား အဘယ်နည်း။ (လေးထောင့်ကွက်ကိုလည်းရှု။)
၉ တစ်ကိုယ်ရေသမားများ အိမ်ထောင်ဖက်လောင်းရှာတွေ့နိုင်ရန် ရည်ရွယ်ဖန်တီးထားသော အင်တာနက် ဝက်ဘ်ဆိုက်များ ခေတ်စားနေသည်။ တချို့က ယင်းတို့ကို အဘယ်နည်းဖြင့်မျှ မတွေ့ဆုံနိုင်မည့်သူတို့အား သိကျွမ်းစေသည့်နည်းလမ်းအဖြစ် ရှုမြင်ကြသည်။ သို့ရာတွင် သူစိမ်းတစ်ယောက်နှင့် မျက်စိစုံမှိတ် ရင်းနှီးလာခြင်းမှာ တကယ့်အန္တရာယ်ပင်။ အင်တာနက်ပေါ်တွင် အမှားအမှန်ကို ပိုင်းခြားသိမြင်ရန်ခက်သည်။ (ဆာလံ ၂၆:၄) ယေဟောဝါ၏ကျေးကျွန်ပါဟု ပြောဆိုသူတိုင်းသည် အမှန်တကယ်တွင် ထိုသို့မဟုတ်ကြချေ။ ထို့ပြင် အွန်လိုင်းမှတစ်ဆင့် ချိန်းတွေ့ ခြင်းဖြင့် အလျင်အမြန် ချစ်ကြိုးသွယ်လာနိုင်ပြီး ယင်းက လူတစ်ဦး၏ ချင့်ချိန်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါသည်။ (သု. ၂၈:၂၆) အင်တာနက်မှတစ်ဆင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သူစိမ်းတစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်ခြင်းသည် ပညာမဲ့ရာကျသည်။—၁ ကောရိန္သု ၁၅:၃၃။
၁၀။ ယုံကြည်ခြင်းတူသူများသည် တစ်ကိုယ်ရေခရစ်ယာန်များကို မည်သို့အားပေးနိုင်သနည်း။
၁၀ ယေဟောဝါသည် မိမိကျေးကျွန်များကို “အလွန်သနားစုံမက်တော်မူ” ၏။ (ယာကုပ် ၅:၁၁) အခြေအနေကြောင့် တစ်ကိုယ်ရေဖြစ်နေရသူတို့၏ အခက်အခဲများသည် တစ်ခါတစ်ရံ စိတ်ပျက်အားလျော့စရာဖြစ်ကြောင်း ကိုယ်တော်သိရှိတော်မူ၏။ သူတို့၏တည်ကြည်မှုကို ကိုယ်တော်တန်ဖိုးထားတော်မူ၏။ ဤသူတို့ကို အခြားသူများ မည်သို့အားပေးနိုင်ကြသနည်း။ သူတို့၏နာခံမှုနှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို မကြာမကြာ ချီးမွမ်းပေးသင့်သည်။ (တရားသူကြီး ၁၁:၃၉၊ ၄၀) ထို့ပြင် တည်ဆောက်မှုဖြစ်စေသော ပေါင်းသင်းမှုအစီအစဉ်များတွင် သူတို့ကို ပါဝင်စေနိုင်သည်။ မကြာသေးမီက သင်ထိုသို့ပြုလုပ်ခဲ့ပြီလော။ ထို့ပြင် သူတို့ကို ဝိညာဉ်ရေးဟန်ချက်ညီစေဖို့၊ ယေဟောဝါအမှုတော်ဆောင်ခြင်းတွင် ရွှင်လန်းမှုရရှိစေဖို့ ကိုယ်တော်ထံဆုတောင်းပေးနိုင်ပါသည်။ အဆိုပါတည်ကြည်သူများကို စိတ်ရင်းမှန်နှင့် ကျွန်ုပ်တို့စိတ်ဝင်စားခြင်းဖြင့် ယေဟောဝါနည်းတူ သူတို့ကို တန်ဖိုးထားကြောင်း ဖော်ပြနိုင်ကြပါစေ။—ဆာလံ ၃၇:၂၈။
ကျန်းမာရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း
၁၁။ စိုးရိမ်စရာရောဂါများနှင့်ပတ်သက်၍ အဘယ်စိန်ခေါ်ချက်များရှိသနည်း။
၁၁ ကျွန်ုပ်တို့ကိုယ်တိုင် သို့မဟုတ် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတစ်ဦး ရောဂါဝေဒနာခံစားရသည့်အခါ အမှန်ပင်စိတ်မကောင်းစရာဖြစ်သည်။ (ဟေရှာယ ၃၈:၁-၃) ကုသနည်းကို ကျွန်ုပ်တို့ရှာဖွေကြရာတွင် ကျမ်းစာမူအတိုင်းလိုက်ဖို့ အရေးကြီးသည်။ ဥပမာ၊ ခရစ်ယာန်များသည် သွေးကိုကြဉ်ရှောင်ပါဟူသော ကျမ်းစာအမိန့်ကိုနာခံပြီး နတ်ဝိဇ္ဇာအတတ်နှင့်ပတ်သက်သော ကုသနည်းရှိရှိသမျှကို ရှောင်ကြဉ်ကြသည်။ (တမန်တော် ၁၅:၂၈၊ ၂၉; ဂလာတိ ၅:၁၉-၂၁) သို့သော် ဆေးပညာဗဟုသုတနည်းသူတို့အတွက် ကုသနည်းများကို အကဲဖြတ်ဖို့ စိတ်ရှုပ်စရာ၊ စိတ်ဖိစီးစရာများ ဖြစ်ပေါ်လာနိုင်ပါသည်။ အဘယ်အရာက ကျွန်ုပ်တို့အား သတိကောင်းစွာရှိစေနိုင်သနည်း။
၁၂။ ခရစ်ယာန်တစ်ဦးသည် ကုသနည်းများကို သုံးသပ်ဆင်ခြင်သည့်အခါ မည်သို့ချင့်ချိန်နိုင်သနည်း။
၁၂ “ပညာသတိရှိသောသူမူကား” သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေများတွင် ရှာဖွေလေ့လာခြင်းအားဖြင့် “မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” (သု. ၁၄:၁၅) ဆရာဝန်နှင့်ဆေးရုံများ နည်းသည့်နေရာတို့တွင် တိုင်းရင်းဆေးတစ်မျိုးတည်းဖြင့်သာ ရောဂါကုသကြရပေမည်။ တိုင်းရင်းဆေးဖြင့် ရောဂါကုသဖို့ စဉ်းစားနေမည်ဆိုလျှင် အောက်ပါတို့ကိုသိရှိဖို့ လိုအပ်ပေမည်။ တိုင်းရင်းဆေးဆရာသည် နတ်ဝိဇ္ဇာအတတ်လိုက်စားပါသလော။ နတ်ဘုရားများ (သို့မဟုတ် ဘိုးဘေးဝိညာဉ်များ) ကို စော်ကားမိသောကြောင့်၊ စုန်းကဝေအတတ်ကိုအသုံးပြုသည့် ရန်သူများကြောင့် ဖျားနာခြင်းနှင့် သေခြင်းဖြစ်ရသည်ဟုဆိုကာ ရောဂါကုသပေးသလော။ ဆေးဝါးဖော်စပ်ရာတွင် သို့မဟုတ် အသုံးပြုရာတွင် ပူဇော်ပသမှုများ၊ မန်းမှုတ်ခြင်း သို့မဟုတ် နတ်ဝိဇ္ဇာအတတ်နှင့်ဆိုင်သည့် အခြားထုံးတမ်းများ ပါဝင်သလော။ (တရားဟောရာ ၁၈:၁၀-၁၂) ထိုသို့သောရှာဖွေလေ့လာမှုက “ခပ်သိမ်းသောအရာကိုစုံစမ်း၍၊ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့” ဟူသည့် မှုတ်သွင်းခံဆုံးမစကားကို လိုက်နာစေမည်။ * (၁ သက်သာလောနိတ် ၅:၂၁) ထို့ပြင် ကျွန်ုပ်တို့၏ချင့်ချိန်နိုင်စွမ်းကို ထိန်းထားစေမည်။
၁၃၊ ၁၄။ (က) ကျန်းမာရေးကို ဂရုစိုက်ရာတွင် မျှတသောသဘောရှိကြောင်း မည်သို့တင်ပြနိုင်သနည်း။ (ခ) အခြားသူများနှင့် ကျန်းမာရေးအကြောင်း၊ ဆေးဝါးများအကြောင်း ပြောဆိုဆွေးနွေးကြသည့်အခါ မျှတသောသဘော အဘယ်ကြောင့်ရှိဖို့လိုသနည်း။
၁၃ ကျန်းမာရေးကို ဂရုစိုက်ခြင်းအပါအဝင် ဘဝကဏ္ဍအသီးသီးတွင် မျှတသည့်သဘောရှိဖို့ လိုပေသည်။ (ဖိလိပ္ပိ ၄:၅) ကျန်းမာရေးကို တော်သင့်စွာဂရုစိုက်ခြင်းက အဖိုးထိုက်သည့် အသက်ဆုကို တန်ဖိုးထားကြောင်း တင်ပြရာရောက်သည်။ ကျန်းမာရေးချို့တဲ့လာလျှင် ဂရုစိုက်ဖို့လိုသည်။ သို့သော် “လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့” ဘုရားသခင့်အချိန်မရောက်လာမချင်း ဒေါင်ဒေါင်မြည်ကျန်းမာလိမ့်မည်မဟုတ်ချေ။ (ဗျာ. ၂၂:၁၊ ၂) ပို၍အရေးကြီးသည့် ဝိညာဉ်ရေးလိုအပ်ရာများကို ဘေးချိတ်ထားသည့်အထိ ကျန်းမာရေးအပေါ်တွင်သာ အာရုံစိုက်ခြင်းကို ကျွန်ုပ်တို့သတိပြု ရှောင်ရှားရမည်။—မဿဲ ၅:၃; ဖိလိပ္ပိ ၁:၉၊ ၁၀။
၁၄ ထို့ပြင် အခြားသူများနှင့် ကျန်းမာရေးအကြောင်း၊ ဆေးဝါးအကြောင်း ဆွေးနွေးပြောဆိုသည့်အခါ ချင့်ချိန်မှုနှင့် မျှတမှု ရှိဖို့လိုပေသည်။ ဝိညာဉ်ရေးတည်ဆောက်မှုအတွက် ခရစ်ယာန်အစည်းအဝေးများနှင့် စည်းဝေးပွဲများတွင် စုဝေးကြသည့်အခါ ကျွန်ုပ်တို့၏စကားဝိုင်းများတွင် ယင်းအကြောင်းချည်းကိုသာ ပြောဆိုခြင်းမျိုး မဖြစ်သင့်ချေ။ ၎င်းပြင် ဆေးဝါးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များချရာတွင် ကျမ်းစာမူများ၊ ကိုယ်ကိုကိုယ်သိသောစိတ်၊ ယေဟောဝါနှင့်ဆက်ဆံရေးတို့ကို ထည့်တွက်ရမည်။ ထို့ကြောင့် ယုံကြည်ခြင်းတူသူတစ်ဦးအပေါ် ဩဇာလွှမ်းပြီး ကျွန်ုပ်တို့၏ရှုမြင်ချက်များကို အတင်းအကျပ်လိုက်နာစေခြင်း သို့မဟုတ် သူ၏ကိုယ်ကိုကိုယ်သိသောစိတ် ညွှန်ကြားမှုများကို လျစ်လျူရှုရန် ဖိအားပေးခြင်းသည် မေတ္တာမဲ့ရာကျပေမည်။ ခရစ်ယာန်တစ်ဦးစီသည် အသင်းတော်ရှိ ရင့်ကျက်သူများ၏ အကူအညီကို တောင်းခံနိုင်သော်လည်း ဆုံးဖြတ်ချက်ချရာတွင် ‘မိမိဝန်ကို’ မိမိထမ်းရမည်။ ‘ကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်။’—ဂလာတိ ၆:၅; ရောမ ၁၄:၁၂၊ ၂၂၊ ၂၃။
စိတ်ဖိစီးခံရသည့်အခါ
၁၅။ ဖိစီးမှုများက ကျွန်ုပ်တို့ကို မည်သို့ထိခိုက်စေနိုင်သနည်း။
၁၅ ယေဟောဝါအပေါ် တည်ကြည်သည့်ကျေးကျွန်များပင် ဖိစီးမှုများခံရသည့်အခါ ပညာမဲ့စွာ ပြုမူပြောဆိုနိုင်သည်။ (ဒေ. ၇:၇) အပြင်းအထန်စမ်းသပ်ခံရသောအခါ ယောဘသည် တစ်ဖက်စွန်းရောက်ခဲ့သဖြင့် သူ၏အတွေးအခေါ်ကို ပြုပြင်တည့်မတ်ခဲ့ရ၏။ (ယောဘ ၃၅:၂၊ ၃; ၄၀:၆-၈) “မောရှေသည် မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” သူဖြစ်ခဲ့သော်လည်း တစ်ကြိမ်တွင် အမျက်ဒေါသထွက်ပြီး စိတ်လိုက်မာန်ပါ ပြောဆိုခဲ့သည်။ (တောလည်ရာ ၁၂:၃; ၂၀:၇-၁၂; ဆာလံ ၁၀၆:၃၂၊ ၃၃) ဒါဝိဒ်သည် ဘုရင်ရှောလုကိုမသတ်မိရန် ချီးမွမ်းဖွယ် စိတ်ချုပ်တည်းမှုရှိခဲ့သော်လည်း သူနှင့် သူ၏စစ်သည်များကို နာဗလ စော်စော်ကားကား ဆဲရေးတိုင်းထွာပြောဆိုခဲ့သည့်အခါ အမျက်ခြောင်းခြောင်းထပြီး ကောင်းစွာချင့်ချိန်နိုင်စွမ်းမရှိတော့ချေ။ အဘိဂဲလ ကြားဝင်ဖျန်ဖြေလိုက်သည့်အချိန်ကျမှ အသိတရားပြန်ဝင်လာပြီး ဘေးသင့်စေမည့်အမှားမှ သီသီကလေး လွတ်မြောက်သွားခဲ့လေသည်။—၁ ဓမ္မရာဇဝင် ၂၄:၂-၇; ၂၅:၉-၁၃၊ ၃၂၊ ၃၃။
၁၆။ စိတ်လိုက်မာန်ပါ မပြုမူမိရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။
၁၆ ကျွန်ုပ်တို့လည်း ဖိစီးမှုများသောကြောင့် ကောင်းစွာမချင့်ချိန်ဘဲ ပြုမူမိနိုင်သည်။ အခြားသူတို့၏ သဘောထားများကို ဒါဝိဒ်ကဲ့သို့ ဂရုစိုက် စဉ်းစားခြင်းဖြင့် စိတ်လိုက်မာန်ပါ အမှားမပြုမိရန် အကူအညီရနိုင်သည်။ (သု. ၁၉:၂) ထို့ပြင် သမ္မာကျမ်းစာက ‘ကြောက်ရွံ့တုန်လှုပ်၍ အပြစ်ကိုရှောင်ကြလော့။ အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးစဉ်းစား၍ တိတ်ဆိတ်ခြင်းရှိကြလော့’ ဟုသတိပေး၏။ (ဆာလံ ၄:၄) အမှန်မှာ စိတ်တည်တည်ငြိမ်ငြိမ်ရှိမှ ဆုံးဖြတ်ချက်ချမည်၊ အရေးယူဆောင်ရွက်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ (သု. ၁၄:၁၇၊ ၂၉) ကျွန်ုပ်တို့သည် ယေဟောဝါထံ စိတ်အားထက်သန်စွာ ဆုတောင်းချဉ်းကပ်ကြမည်ဆိုလျှင် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် [ကျွန်ုပ်တို့၏] စိတ်နှလုံးတို့ကို စောင်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) ဘုရားသခင်ပေးတော်မူသည့် ဤငြိမ်သက်ခြင်းက ကျွန်ုပ်တို့ကို အေးဆေးတည်ငြိမ်မှုနှင့် သတိရှိစေပါလိမ့်မည်။
၁၇။ ကျွန်ုပ်တို့သည် သတိရှိနေရန် ယေဟောဝါအား အဘယ်ကြောင့် ယုံကြည်ကိုးစားကြရမည်နည်း။
၁၇ အန္တရာယ်များကို အတတ်နိုင်ဆုံး ကြိုးစားရှောင်ရှားပြီး ပညာရှိရှိ ပြုမူဆောင်ရွက်သော်လည်း ကျွန်ုပ်တို့အားလုံး အမှားပြုတတ်ကြသည်။ (ယာကုပ် ၃:၂) ကျွန်ုပ်တို့သည် သတိလစ်၍ တစ်စုံတစ်ခုသောအမှား ပြုမိတော့မည်ကို လုံးလုံး သတိမထားမိဘဲ ဖြစ်နေနိုင်သည်။ (ဆာလံ ၁၉:၁၂၊ ၁၃) ထိုထက်ကား လူသားများအနေနှင့် ကျွန်ုပ်တို့သည် ယေဟောဝါအကူအညီမပါဘဲ မိမိတို့သွားရမည့်လမ်းကို စီရင်နိုင်စွမ်းမရှိသကဲ့သို့ ထိုသို့ပြုပိုင်ခွင့်လည်းမရှိကြချေ။ (ယေရမိ ၁၀:၂၃) ကျွန်ုပ်တို့ကို ကိုယ်တော် ဤသို့အားပေးထားသည့်အတွက် အလွန်ကျေးဇူးတင်စရာပင်– “သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကို ငါကြည့်ရှု၍ အကြံပေးမည်။” (ဆာလံ ၃၂:၈) မှန်ပါသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အကူအညီဖြင့် ကောင်းသောသတိရှိနိုင်ကြပေသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 စီးပွားရေး သဘောတူညီချက်စာချုပ်နှင့်ပတ်သက်၍ ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသည့် ၁၉၉၇၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၁ နှင့် ၁၉၈၇၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၀ နှင့် နိုးလော့! ဖေဖော်ဝါရီ ၈၊ ၁၉၈၃၊ စာမျက်နှာ ၁၃-၁၅ [လိပ်] ကိုရှု။
^ အပိုဒ်၊ 12 ဤနည်းသည် ရောဂါကုသရာတွင် အငြင်းပွားစရာဖြစ်စေသော ကုသနည်းများကို သုံးသပ်နေသူတို့အတွက် အကျိုးရှိပါလိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
ကျွန်ုပ်တို့သည်
• စီးပွားရေးအခွင့်အလမ်း ကမ်းလှမ်းခံရသည့်အခါ
• အိမ်ထောင်ဖက်ရှာသည့်အခါ
• ကျန်းမာရေးချို့တဲ့မှုများ ရင်ဆိုင်ရသည့်အခါ
• စိတ်ဖိစီးနေသည့်အခါ မည်သို့ကောင်းသောသတိရှိနိုင်ကြမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]
၎င်းကို သင်ယုံကြည်စိတ်ချနိုင်သလော
ဝက်ဘ်ဆိုက်များပေါ်တွင် တစ်ကိုယ်ရေသမားများအတွက် အောက်ပါငြင်းဆိုချက်များ ပေါ်လာသည်–
“အတတ်နိုင်ဆုံး ကြိုးစားသော်လည်း လူတစ်ယောက်သည် မည်သူမည်ဝါ အမှန်ဖြစ်ကြောင်း အာမ,မခံနိုင်ပေ။”
“ဤအွန်လိုင်းဝန်ဆောင်မှုပါ သတင်းအချက်အလက်များ တိကျမှန်ကန်၊ ပြည့်စုံပြီး အသုံးဝင်သည်ဟု ကျွန်ုပ်တို့ အာမ,မခံပါ။”
“ဤဝန်ဆောင်မှုမှတစ်ဆင့် ဖော်ပြသော ထင်မြင်ချက်၊ အကြံပေးချက်၊ အဆိုပြုချက်၊ ကမ်းလှမ်းချက်များ သို့မဟုတ် တခြားသတင်းအချက်အလက်များသည် သတင်းပို့သူအသီးသီး၏စကားဖြစ်ပြီး . . . ယင်းတို့ကို သေချာပေါက် ယုံကြည်စိတ်ချ၍မရပါ။”
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
“ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏”
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံများ]
ရှုလမိတ်မိန်းမပျိုကို ခရစ်ယာန်အမျိုးသမီးများ မည်သို့တုပနိုင်ကြသနည်း
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
“ခပ်သိမ်းသောအရာကိုစုံစမ်း၍၊ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့”