ယောဘကျမ်းမှ ပေါ်လွင်ချက်များ
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ယောဘကျမ်းမှ ပေါ်လွင်ချက်များ
ယခု အာရေဗျကျွန်းဆွယ်ဟုခေါ်သော ဥဇပြည်တွင် ဘိုးဘေးယောဘ နေထိုင်သည်။ ထိုအချိန်တွင် ဣသရေလလူမျိုးများသည် အီဂျစ်ပြည်တွင် နေထိုင်လျက်ရှိသည်။ ယောဘသည် ဣသရေလလူမျိုးတစ်ဦးမဟုတ်သော်လည်း ယေဟောဝါဘုရားသခင်ကို ကိုးကွယ်သူတစ်ဦးဖြစ်သည်။ သူနှင့်ပတ်သက်၍ သမ္မာကျမ်းစာက “မြေကြီးပေါ်မှာ သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်သည်” ဟုဆိုသည်။ (ယောဘ ၁:၈) ယင်းသည် ယေဟောဝါ၏ ထင်ရှားသော ကျေးကျွန်နှစ်ဦးဖြစ်သည့် ယာကုပ်သား ယောသပ်နှင့် ပရောဖက်မောရှေတို့စပ်ကြားအချိန်ပိုင်းတွင် ဖြစ်ရမည်။
ယောဘကျမ်းကို ရေးသားခဲ့ဖွယ်ရှိသည့် မောရှေသည် ဥဇပြည်အနီး မိဒျန်ပြည်တွင် အနှစ် ၄၀ နေထိုင်စဉ်ကာလက ယောဘအကြောင်း သိရှိခဲ့ခြင်းဖြစ်နိုင်သည်။ တောကန္တာရတွင် နှစ်ပေါင်း ၄၀ လှည့်လည်ပြီးခါနီး ဥဇပြည်အနီးသို့ ဣသရေလလူမျိုးများရောက်ချိန်တွင် ယောဘ၏နောက်ဆုံးနှစ်များအကြောင်း မောရှေ ကြားသိခဲ့ပေမည်။ * ယောဘ၏အဖြစ်အပျက်ကို အလွန်လှပစွာရေးဖွဲ့ထားရာ ဤမှတ်တမ်းကို အလွန်လက်ရာမြောက်သော အရေးအသားအဖြစ် သတ်မှတ်ကြသည်။ သို့သော် ထိုထက်မကပါ၊ ယင်းသည် ‘လူကောင်းများ အဘယ်ကြောင့် ဆင်းရဲခံရသနည်း။ ဆိုးသွမ်းမှုများကို ယေဟောဝါ အဘယ်ကြောင့် ခွင့်ပြုထားတော်မူသနည်း။ မစုံလင်သောလူသားများသည် ဘုရားသခင်အပေါ် သမာဓိစောင့်ထိန်းနိုင်ပါမည်လော’ စသောမေးခွန်းများကို ဖြေဆိုပေးသည်။ ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် ယောဘကျမ်းပါအကြောင်းအရာသည် ယနေ့ထိတိုင် အသက်ရှင်ပြီး တန်ခိုးနှင့်ပြုပြင်ဆဲဖြစ်လေသည်။—ဟေဗြဲ ၄:၁၂။
“ငါဖွားသောနေ့ရက် ပျက်စီးပါစေ” (ယောဘ ၁:၁–၃:၂၆)
တစ်နေ့တွင် စာတန်သည် ဘုရားသခင်ရှေ့မှောက် ယောဘ၏သမာဓိကို စိန်ခေါ်ခဲ့သည်။ ယေဟောဝါသည် စိန်ခေါ်ချက်ကိုလက်ခံပြီး ယောဘအပေါ် ဘေးဆိုးတစ်ခုပြီးတစ်ခု ကျရောက်စေရန် စာတန်ကို ခွင့်ပြုခဲ့သည်။ သို့သော် ယောဘသည် ‘ဘုရားသခင်ကိုမစွန့်ပယ်’ ခဲ့ပေ။—ယောဘ ၂:၉။
ယောဘ၏အဖော်သုံးဦးရောက်လာပြီး “သူ့ကိုနှစ်သိမ့်” ပေးကြသည်။ (ယောဘ ၂:၁၁) “ငါဖွားသောနေ့ရက်ပျက်စီးပါစေ” ဟု ယောဘစမပြောမချင်း သူတို့သည် စကားတစ်ခွန်းမျှမပြောဘဲ သူနှင့်အတူထိုင်နေကြသည်။ (ယောဘ ၃:၃) သူသည် “အလင်းကိုမမြင်ရသောသူငယ်ကဲ့သို့” သို့မဟုတ် လျှောမွေးသောကလေးတစ်ဦးကဲ့သို့ ဖြစ်လိုခဲ့သည်။—ယောဘ ၃:၁၁၊ ၁၆။
ကျမ်းစာမေးခွန်းများ အဖြေ–
၁:၄—ယောဘ၏သားသမီးများ မွေးနေ့ပွဲကျင်းပခဲ့သလော။ မကျင်းပခဲ့ပါ။ ဤအခန်းငယ်တွင် ဖော်ပြထားသော “နေ့” ၏ မူရင်းစကားလုံးကို အချို့က “မွေးနေ့” ဟု အဓိပ္ပာယ်ကောက်မှားကြသည်။ သို့သော် “နေ့” နှင့် “မွေးနေ့” ၏မူရင်းဟေဗြဲစကားလုံးများမှာ ကွဲပြားပြီး တစ်ခုစီတွင် အဓိပ္ပာယ်တစ်မျိုးစီရှိသည်။ (ကမ္ဘာဦး ၄၀:၂၀) ယောဘ ၁:၄ တွင် “နေ့” ဟူသောစကားလုံးကိုသုံးထားပြီး နေထွက်ချိန်မှ နေဝင်ချိန်ကြားကာလကို ဖော်ပြသည်။ ယောဘ၏သားခုနစ်ယောက်တို့သည် မိသားစု,စုရုံးပွဲကို တစ်နှစ်တစ်ကြိမ် ခုနစ်ရက်ကျင်းပခဲ့ပုံရသည်။ ပွဲကျင်းပနေစဉ် သားတစ်ဦးစီသည် မိမိအလှည့်ကျသည့် နေ့တွင် “အသီးအသီး” မိမိတို့အိမ်တွင် ဧည့်ခံကြသည်။
၁:၆; ၂:၁—ယေဟောဝါ၏ ရှေ့တော်မှောက်သို့ မည်သူများ ဝင်ခွင့်ရသနည်း။ ယေဟောဝါရှေ့ရပ်နေသူများတွင် ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်၊ သစ္စာရှိကောင်းကင်တမန်များ၊ စာတန်အပါအဝင် မနာခံသောကောင်းကင် ‘သားများ’ ပါဝင်သည်။ (ယောဟန် ၁:၁၊ ၁၈) ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပြီးနောက်ပိုင်းမှ စာတန်နှင့်သူ၏နတ်ဆိုးများကို ကောင်းကင်မှနှင်ချခဲ့သည်။ (ဗျာ. ၁၂:၁-၁၂) ယေဟောဝါသည် သူတို့ကို မိမိရှေ့မှောက် ဝင်ရောက်ခွင့်ပြုခြင်းဖြင့် စာတန်၏စိန်ခေါ်ချက်နှင့် ယင်းကြောင့်ပေါ်ပေါက်လာသော ပြဿနာကို ဝိညာဉ်သတ္တဝါများအား ကြားသိစေသည်။
၁:၇; ၂:၂—ယေဟောဝါသည် စာတန်ကို တိုက်ရိုက်စကားပြောခဲ့သလော။ ဝိညာဉ်သတ္တဝါများနှင့် ယေဟောဝါ မည်သို့ပြောဆိုဆက်သွယ်ကြောင်း သမ္မာကျမ်းစာတွင် အသေးစိတ်မဖော်ပြထားချေ။ သို့သော် ပရောဖက် မိက္ခာသည် ကောင်းကင်တမန်တစ်ပါးနှင့် ယေဟောဝါ တိုက်ရိုက်ပြောဆိုဆက်သွယ်ခဲ့သည့် အဆင်းအာရုံတစ်ခုကို မြင်တွေ့ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၂၂:၁၄၊ ၁၉-၂၃) ထို့ကြောင့် ယေဟောဝါသည် ကြားခံပုဂ္ဂိုလ်မသုံးဘဲ စာတန်နှင့်တိုက်ရိုက်ပြောဆိုခဲ့ကြောင်း ထင်ရှားသည်။
၁:၂၁—ယောဘသည် မည်သည့်နည်းဖြင့် “အမိဝမ်းထဲသို့ပြန်သွား” နိုင်သနည်း။ ယေဟောဝါဘုရားသခင်သည် “မြေမှုန့်ဖြင့်လူကိုဖန်ဆင်း” ခဲ့သောကြောင့် မြေကြီးကိုရည်ညွှန်းရန် “အမိ” ဟူသောအသုံးအနှုန်းကို ပုံဆောင်သဘောဖြင့်သုံးထားသည်။—ကမ္ဘာဦး ၂:၇။
၂:၉—ဘုရားသခင်ကို စွန့်ပယ်၍သေလော့ဟု ယောဘကို သူ၏မိန်းမပြောသောအခါ သူ၏စိတ်ထဲတွင် အဘယ်အရာရှိနေနိုင်သနည်း။ ယောဘခံစားရသော ဆုံးရှုံးမှုများကို သူ၏မိန်းမလည်း ခံစားခဲ့ရသည်။ တစ်ချိန်က ဖျတ်လတ်ကျန်းမာခဲ့သော သူ၏ခင်ပွန်း စက်ဆုပ်ဖွယ်ရောဂါခံစားနေရသည်ကို တွေ့မြင်ရခြင်းက သူ့ကို ဝမ်းနည်းကြေကွဲစေပေမည်။ သူချစ်မြတ်နိုးရသော သားသမီးများကိုလည်း ဆုံးရှုံးခဲ့ရသည်။ ထိုအရာအားလုံးကြောင့် အလွန်စိတ်ကယောက်ကယက်ဖြစ်နေနိုင်ရာ အမှန်တကယ် အရေးကြီးရာဖြစ်သည့် ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးအကြောင်း မစဉ်းစားနိုင်တော့ပေ။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၁:၈-၁၁; ၂:၃-၅။ ယောဘအဖြစ်အပျက်ကဖော်ပြသည့်အတိုင်း သမာဓိစောင့်ထိန်းနိုင်ရန် တော်မှန်သောအမူအကျင့်နှင့် အပြောအဆိုတို့အပြင် ယေဟောဝါကို ဝတ်ပြုနေခြင်းနှင့်ပတ်သက်၍ မှန်ကန်သောစေ့ဆော်မှုရှိဖို့ လိုအပ်သည်။
၁:၂၁၊ ၂၂။ အခွင့်သာသည်ဖြစ်စေ၊ အခွင့်မသာသည်ဖြစ်စေ ယေဟောဝါအား သစ္စာတည်ကြည်ခြင်းဖြင့် စာတန်သည် မုသာကောင်ဖြစ်ကြောင်း ကျွန်ုပ်တို့ သက်သေထူနိုင်သည်။—သု. ၂၇:၁၁။
၂:၉၊ ၁၀။ မိသားစုဝင်များက ကျွန်ုပ်တို့၏ ဝိညာဉ်ရေးလိုက်စားမှုများကို အထင်အမြင်သေးသောအခါတွင်ဖြစ်စေ၊ ယုံကြည်ခြင်းကို စွန့်လွှတ်ရန် သို့မဟုတ် အလျှော့ပေးလိုက်လျောရန် တွန်းအားပေးသောအခါတွင်ဖြစ်စေ ယောဘနည်းတူ ယုံကြည်ခြင်းတွင် ခိုင်မြဲနေသင့်သည်။
၂:၁၃။ ယောဘ၏အဖော်များတွင် ဝိညာဉ်ရေးအမြင်မရှိသောကြောင့် ဘုရားသခင်နှင့် ကိုယ်တော့်ကတိတော်များဖြင့် ယောဘကို မနှစ်သိမ့်ပေးနိုင်ခဲ့ကြချေ။
“ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိကိုမစွန့်လွှတ်” (ယောဘ ၄:၁–၃၁:၄၀)
ယောဘ၏အဖော်သုံးဦးပြောဆိုသည့် အဓိကအချက်မှာ ယောဘသည် အလွန်ဆိုးယုတ်သောအမှုပြုခဲ့၍ သူ့ကို ဘုရားသခင် ဤမျှပြင်းပြင်းထန်ထန် ဒဏ်ခတ်ရခြင်းဖြစ်သည်။ ဦးဆုံး ဧလိဖတ် စပြောသည်။ ထို့နောက် ဗိလဒဒ်က ပို၍ခနဲ့တဲ့တဲ့နိုင်သောစကားများ ပြောခဲ့သည်။ ဇောဖာမှာ ပို၍ပင်စကားနာထိုးခဲ့သည်။
ယောဘသည် မိမိထံလာလည်သူများ၏ မှားယွင်းသောစွဲချက်များကို လက်မခံခဲ့ပါ။ မိမိဆင်းရဲခံရရန် ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုကြောင်း နားမလည်နိုင်သဖြင့် မိမိဖြောင့်မတ်ကြောင်းပြရန်သာ အလွန်အမင်းအာရုံစိုက်ခဲ့သည်။ သို့တိုင် ယောဘသည် ဘုရားသခင်ကို ချစ်ပြီး “ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိကိုမစွန့်လွှတ်” ဟုကြွေးကြော်ခဲ့သည်။—ယောဘ ၂၇:၅၊ ကဘ။
ကျမ်းစာမေးခွန်းများ အဖြေ–
၇:၁; ၁၄:၁၄—“ပင်ပန်းစွာအမှုထမ်းရ [“မလွဲမရှောင်သာသောအမှု၊” ကဘ]” ဟူသည်မှာ အဘယ်အရာကိုဆိုလိုသနည်း။ ယောဘသည် အလွန်စိတ်ထောင်းကိုယ်ကြေဖြစ်နေရာ မိမိအသက်ရှင်နေရခြင်းကို ခက်ခဲကြမ်းတမ်းပြီး ရှောင်လွဲ၍မရသော ပင်ပန်းစွာအမှုထမ်းရခြင်းအဖြစ် ယူမှတ်ခဲ့သည်။ (ယောဘ ၁၀:၁၇၊ ကဘ၊ အောက်ခြေမှတ်ချက်) လူတစ်ဦးသည် သေဆုံးချိန်မှ ရှင်ပြန်ထမြောက်ချိန်အထိ ရှီးအိုးလ်တွင် မဖြစ်မနေ,နေရမည် ဖြစ်သောကြောင့် ယင်းကို မလွဲမရှောင်သာသောအမှုနှင့် ယောဘ နှိုင်းယှဉ်ခဲ့သည်။
၇:၉၊ ၁၀; ၁၀:၂၁၊ ၂၂; ၁၆:၂၂—ဤဖော်ပြချက်များက ယောဘသည် ရှင်ပြန်ထမြောက်ခြင်းကို မယုံကြောင်း ပြသလော။ ယင်းတို့သည် ယောဘ၏ လက်တစ်ကမ်းအနာဂတ်နှင့်ပတ်သက်သော ဖော်ပြချက်များဖြစ်သည်။ သို့ဆိုလျှင် သူအဘယ်အရာကို ဆိုလိုသနည်း။ ဖြစ်နိုင်ခြေတစ်ခုမှာ သူသေသွားလျှင် သူ့ပတ်ဝန်းကျင်ရှိသူများ သူ့ကို တွေ့ရတော့မည်မဟုတ်။ သူတို့၏အမြင်အရ သူသည် မိမိအိမ်သို့မပြန်ရတော့။ ဘုရားသခင် သတ်မှတ်ထားချိန် မရောက်မချင်း အခြားအသိအမှတ်ပြုမှုလည်း မရတော့ပေ။ မည်သူတစ်ဦးတစ်ယောက်မျှ မိမိဘာသာ ရှီးအိုးလ်မှ ပြန်ထလာ၍မရကြောင်းကို ဆိုလိုခြင်းလည်းဖြစ်နိုင်သည်။ ယောဘ ၁၄:၁၃-၁၅ အရ ယောဘသည် အနာဂတ်ရှင်ပြန်ထမြောက်ခြင်းကို မျှော်လင့်ကြောင်း ထင်ရှားပါသည်။
၁၀:၁၀—ယေဟောဝါသည် ယောဘကို မည်သို့ “နို့ကဲ့သို့သွန်းလောင်း၍ ဒိန်ခဲကဲ့သို့ခဲစေတော်မူ” ခဲ့သနည်း။ ယင်းက ယောဘသည် အမိဝမ်းအတွင်းတွင် မည်သို့ဖြစ်တည်လာကြောင်းကို ကဗျာဆန်ဆန် ဖော်ပြထားခြင်းဖြစ်သည်။
၁၉:၂၀၊ ကဘ—“ငါ့သွား၏အရေပြားသာပါလျက် ငါပြေးလွတ်ရ၏” ဟုယောဘဖော်ပြရာတွင် သူဘာကိုဆိုလိုသနည်း။ အရေပြားရှိပုံမရသည့်အရာတစ်ခု၏ အရေပြားပါလျက် လွတ်မြောက်သည်ဟုပြောခြင်းဖြင့် အဘယ်အရာတစ်ခုမျှမပါဘဲ ကိုယ်ချည်းလွတ်မြောက်ခဲ့သည်ဟု ပြောနေခြင်းဖြစ်နိုင်သည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၄:၇၊ ၈; ၈:၅၊ ၆; ၁၁:၁၃-၁၅။ ဆင်းရဲခံနေရသူတစ်ဦးသည် စိုက်သည်အတိုင်းရိတ်နေရခြင်းဖြစ်ပြီး ဘုရားသခင့်မျက်နှာသာတော် မရရှိဟု ကျွန်ုပ်တို့ အလျင်စလို ကောက်ချက်မချရပါ။
၄:၁၈၊ ၁၉; ၂၂:၂၊ ၃။ ကျွန်ုပ်တို့၏ အကြံပြုချက်သည် ကိုယ်ပိုင်အယူအဆပေါ်မဟုတ်ဘဲ ကျမ်းစာအပေါ် အခြေပြုသင့်သည်။—၂ တိမောသေ ၃:၁၆။
၁၀:၁။ စိတ်နာကြည်းမှုက ယောဘ၏မျက်စိကိုကွယ်စေရာ မိမိဆင်းရဲခံရခြင်း၏ အခြားဖြစ်နိုင်ခြေအကြောင်းရင်းများကို မမြင်နိုင်တော့ပေ။ ကျွန်ုပ်တို့လည်း ဆင်းရဲခံရသည့်အခါ အထူးသဖြင့် ကျွန်ုပ်တို့ပါဝင်ပတ်သက်သည့် အရေးကိစ္စကို ရှင်းလင်းစွာနားလည်ထားသောကြောင့် စိတ်မနာကြည်းရပါ။
၁၄:၇၊ ၁၃-၁၅; ၁၉:၂၅; ၃၃:၂၄။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က ကျွန်ုပ်တို့အပေါ် စာတန်ကျရောက်စေသော မည်သည့်စမ်းသပ်မှုကိုမဆို ခံရပ်စေနိုင်သည်။
၁၆:၅; ၁၉:၁၊၂။ ကျွန်ုပ်တို့၏ အပြောအဆိုက အခြားသူများအတွက် အားပေးတည်ဆောက်မှုဖြစ်စေသင့်ပြီး စိတ်အနှောင့်အယှက်မဖြစ်စေသင့်ပါ။—သု. ၁၈:၂၁။
၂၂:၅-၇။ ခိုင်လုံသော သက်သေအထောက်အထားမရှိသည့်စွဲချက်ပေါ် အခြေပြုသော သွန်သင်ချက်သည် တန်ဖိုးမရှိ၊ ပျက်စီးစေတတ်သည်။
၂၇:၂; ၃၀:၂၀၊ ၂၁။ သမာဓိစောင့်ထိန်းနိုင်ရန် စုံလင်သူဖြစ်စရာမလိုပါ။ ယောဘသည် ဘုရားသခင်ကို မှားယွင်းစွာ ပြစ်တင်ဝေဖန်ခဲ့သည်။
၂၇:၅။ လူတစ်ဦး၏သမာဓိစောင့်ထိန်းမှုသည် ထိုသူ၏ ဘုရားသခင်ကိုချစ်သည့် မေတ္တာပေါ်မူတည်သည်ဖြစ်ရာ ယောဘ၏သမာဓိကို ချိုးဖျက်နိုင်သူမှာ ယောဘကိုယ်တိုင်သာဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့လည်း ယေဟောဝါကို ချစ်သည့်မေတ္တာ ခိုင်မာလာစေရန် ပြုစုပျိုးထောင်သင့်သည်။
၂၈:၁-၂၈။ မြေကြီးဘဏ္ဍာများရှိသည့်နေရာကို လူသားများသိသည်။ ယင်းတို့ကိုရှာဖွေစဉ် သူတို့၏ဉာဏ်စွမ်းဉာဏ်စက အဝေးသို့မြင်နိုင်စွမ်းရှိသော အဘယ်ငှက်ရဲမျှ မမြင်နိုင်သော မြေအောက်လမ်းများကို မြင်တွေ့စေသည်။ သို့သော် ယေဟောဝါကို ကြောက်ရွံ့ခြင်းဖြင့်သာ ဘုရားသခင်ရေးရာဉာဏ်ပညာကို ရရှိနိုင်သည်။
၂၉:၁၂-၁၅။ ကျွန်ုပ်တို့သည် လိုအပ်နေသူများကို စိတ်ရောကိုယ်ပါ ချစ်ခင်ကြင်နာမှုပြသင့်သည်။
၃၁:၁၊ ၉-၂၈။ ယောဘသည် ပရောပရည်လုပ်ခြင်း၊ သူ့သားအိမ်ရာပြစ်မှားခြင်း၊ အခြားသူတို့ကို မတရားစွာ၊ အကြင်နာမဲ့စွာ ဆက်ဆံခြင်း၊ ရုပ်ဝါဒလိုက်စားခြင်းနှင့် ရုပ်ပုံကိုးကွယ်ခြင်းတို့ကို ရှောင်ခြင်းဖြင့် ကျွန်ုပ်တို့အတွက် ပုံသက်သေချမှတ်ခဲ့သည်။
“မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏” (ယောဘ ၃၂:၁–၄၂:၁၇)
ဘေးမှရပ်ကြည့်နေသူ လူငယ်ဧလိဟုသည် သူတို့၏စကားစစ်ထိုးမှုကို စိတ်ရှည်စွာ နားထောင်နေသည်။ ယခု သူစပြောလေသည်။ ယောဘနှင့် စကားနာထိုးသူသုံးဦးကို သူတည့်မတ်ပေးသည်။
ဧလိဟုပြောပြီးသည်နှင့် ယေဟောဝါသည် လေမုန်တိုင်းထဲက ပြန်ပြောတော်မူ၏။ ယောဘဆင်းရဲခံရခြင်းကို ကိုယ်တော် ဖြေရှင်းချက်မပေးခဲ့ချေ။ သို့သော် အတိုင်းအဆမဲ့တန်ခိုးရှင်သည် ယောဘကို မေးခွန်းတစ်သီကြီးမေးခြင်းဖြင့် မိမိ၏စိုးရွံ့ဖွယ်တန်ခိုးတော်နှင့် ဉာဏ်ပညာတို့ကို သိမြင်စေခဲ့သည်။ ယောဘသည် မိမိနားမလည်ဘဲပြောခဲ့ကြောင်း ဝန်ခံပြီး “အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။” (ယောဘ ၄၂:၆) ယောဘ စမ်းသပ်မှုခံရပြီးသောအခါ သူ၏သမာဓိအတွက် ဆုချခံခဲ့ရသည်။
ကျမ်းစာမေးခွန်းများ အဖြေ–
၃၂:၁-၃—အဘယ်အချိန်တွင် ဧလိဟု ရောက်လာသနည်း။ သူတို့ပြောခဲ့သမျှအားလုံးကို ဧလိဟုကြားသောကြောင့် ယောဘ၏အဖော်သုံးဦးတို့ ခုနစ်ရက်တိတ်ဆိတ်စွာနေခြင်းကို အဆုံးသတ်စေသော ယောဘစကားစမပြောမီတွင် ကြားနိုင်လောက်သောနေရာ၌ သူထိုင်နေခြင်းဖြစ်ရမည်။
၃၄:၇—ယောဘသည် အဘယ်နည်းဖြင့် “ရေကိုသောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကိုမျိုတတ်” သူဖြစ်သနည်း။ ယောဘ၏အဖော်သုံးဦးသည် အမှန်အားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ပြီးပြောနေကြသော်လည်း သူတို့၏ သရော်သောစကားများသည် မိမိကိုတိုက်ရိုက်ပြောနေသည့်အလား ယောဘ ယူမှတ်ခဲ့သည်။ (ယောဘ ၄၂:၇) ထို့ကြောင့် လူတစ်ဦးသည် ရေကိုနှစ်ခြိုက်စွာသောက်သည်နည်းတူ ယောဘသည် ကဲ့ရဲ့ခြင်းကို သောက်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၃၂:၈၊ ၉။ ဉာဏ်ပညာသည် အသက်အရွယ်ကြီးရင့်မှုတစ်ခုတည်းနှင့်သာ မဆိုင်ပါ။ ဘုရားသခင့်နှုတ်မြွက်တော်ကို နားလည်ခြင်းနှင့် ကိုယ်တော့်ဝိညာဉ်တော် လမ်းညွှန်မှုတို့ လိုအပ်သည်။
၃၄:၃၆။ တစ်နည်းနည်းနှင့် “အဆုံးတိုင်အောင်စုံစမ်း” ခံရခြင်းဖြင့် ကျွန်ုပ်တို့၏သမာဓိကို သက်သေပြနိုင်သည်။
၃၅:၂။ ဧလိဟုသည် စကားမပြောမီ သေချာဂရုစိုက်နားထောင်ပြီး အဓိကပြဿနာကို အတိအကျထောက်ပြသည်။ (ယောဘ ၁၀:၇; ၁၆:၇; ၃၄:၅) ခရစ်ယာန်ကြီးကြပ်မှူးများလည်း သွန်သင်ချက်မပေးမီ ဂရုစိုက်နားထောင်ပြီး အချက်အလက်များကို ရယူကာ ပတ်သက်နေသောကိစ္စရပ်များကို အသေအချာနားလည်အောင်ပြုလုပ်ရမည်။—သု. ၁၈:၁၃။
၃၇:၁၄; ၃၈:၁–၃၉:၃၀။ ယေဟောဝါ၏ တန်ခိုးတော်နှင့်ဉာဏ်ပညာ ဖော်ပြချက်များဖြစ်သော ကိုယ်တော်၏အံ့ဖွယ်လက်ရာများကို တွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့ကို နှိမ့်ချစေပြီး ကိုယ်တော်၏ ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းရေးသည် ကျွန်ုပ်တို့၏ မည်သည့်ကိုယ်ရေးကိုယ်တာကိစ္စများထက်မဆို ပိုအရေးကြီးကြောင်း မြင်နိုင်ရန်ထောက်ကူပေးသည်။—မဿဲ ၆:၉၊ ၁၀။
၄၀:၁-၄။ အတိုင်းအဆမဲ့တန်ခိုးရှင်ကို ပြစ်တင်လိုစိတ်ပေါ်လာသောအခါ ကျွန်ုပ်တို့သည် “ကိုယ်နှုတ်ကို ကိုယ်လက်နှင့်ပိတ်” သင့်သည်။
၄၀:၁၅–၄၁:၃၄။ ဗေဟမုတ် (ရေမြင်း) နှင့်လဝိသန် (မိချောင်း) သည် အလွန်ခွန်အားကြီးလှပေသည်! ဘုရားသခင့်လုပ်ငန်းတော်တွင် ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော၊ ဤခွန်အားကြီးတိရစ္ဆာန်များကို ဖန်ဆင်းတော်မူသောအရှင်ထံမှ အစွမ်းခွန်အားလိုအပ်သည်။—ဖိလိပ္ပိ ၄:၁၃။
၄၂:၁-၆။ ယောဘသည် ဘုရားသခင့်စကားတော်ကို ကြားရခြင်းနှင့် ကိုယ်တော့်တန်ခိုးတော် သိသာထင်ရှားစွာပြသမှုကို သတိပေးခံရခြင်းက “ဘုရားသခင်ကိုမြင်” ရန် သို့မဟုတ် ကိုယ်တော်နှင့်ပတ်သက်သော အမှန်တရားကို မြင်နိုင်ရန် သူ့ကိုထောက်ကူပေးခဲ့သည်။ (ယောဘ ၁၉:၂၆) ယင်းက သူ၏တွေးခေါ်ပုံကို ပြောင်းလဲစေခဲ့သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာဖြင့် တည့်မတ်ပေးခံရပါက မိမိအမှားကို လိုလိုလားလား အသိအမှတ်ပြုပြီး ပြုပြင်သင့်သည်။
‘ယောဘ၏ ခံနိုင်ရည်’ ကိုပြုစုပျိုးထောင်လော့
လူသားများ၏ ဆင်းရဲခြင်းဝေဒနာအတွက် ဘုရားသခင်တွင် တာဝန်မရှိကြောင်း ယောဘကျမ်းက ရှင်းလင်းစွာဖော်ပြသည်။ စာတန်တွင်သာ တာဝန်ရှိသည်။ မြေကြီးပေါ်တွင် ဆိုးသွမ်းမှုကို ဘုရားသခင် ခွင့်ပြုထားခြင်းက ယေဟောဝါ၏ ပိုင်သအုပ်စိုးမှုနှင့် ကျွန်ုပ်တို့၏သမာဓိစောင့်ထိန်းမှုကိစ္စတွင် မည်သည့်ဘက်၌ ကျွန်ုပ်တို့ရပ်တည်ကြောင်း ကိုယ်တိုင်ဖြေဆိုခွင့်ရရှိစေသည်။
ယောဘနည်းတူ ယေဟောဝါကို ချစ်မြတ်နိုးသူအားလုံး စမ်းသပ်ခံရပါလိမ့်မည်။ ယောဘမှတ်တမ်းက ယင်းကို ကျွန်ုပ်တို့ခံရပ်နိုင်ကြောင်း ယုံကြည်စိတ်ချစေသည်။ ကျွန်ုပ်တို့၏ ပြဿနာများသည် ထာဝစဉ်တည်ရှိသွားမည်မဟုတ်ကြောင်း အမှတ်ရစေသည်။ ‘ယောဘမည်သို့ခံနိုင်ရည်ရှိသည်ကို သင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အား ထာဝရဘုရားသခင် အဘယ်သို့ ကြည့်ရှုတော်မူကြောင်းကိုလည်း သင်တို့သိကြ၏’ ဟု ယာကုပ် ၅:၁၁ (သတင်းကောင်း) ကဆိုသည်။ ယောဘ၏သမာဓိစောင့်ထိန်းမှုကြောင့် သူ့ကို ယေဟောဝါ ဆုချတော်မူခဲ့သည်။ (ယောဘ ၄၂:၁၀-၁၇) ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရန်ဖြစ်သည့် အလွန်ထူးမြတ်လှသော မျှော်လင့်ချက် ကျွန်ုပ်တို့ရှေ့တွင်ရှိသည်။ ထို့ကြောင့် ယောဘနည်းတူ ကျွန်ုပ်တို့၏သမာဓိကို ဆက်စောင့်ထိန်းသွားရန် သန္နိဋ္ဌာန်ချကြပါစို့။—ဟေဗြဲ ၁၁:၆။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 ယောဘကျမ်းသည် ဘီစီ ၁၆၅၇ ခုနှစ်မှ ၁၄၇၃ ခုနှစ်ကြား နှစ်ပေါင်း ၁၄၀ ကျော်ကာလကို ငုံမိသည်။
[စာမျက်နှာ ပါ ရုပ်ပုံ]
‘ယောဘ၏ခံနိုင်ရည်’ မှကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။