‘သွား၍ တပည့်ဖြစ်စေလျက် နှစ်ခြင်းပေးကြလော့’
‘သွား၍ တပည့်ဖြစ်စေလျက် နှစ်ခြင်းပေးကြလော့’
‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . နှစ်ခြင်းပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ သွန်သင်ပေးကြလော့။’—မဿဲ ၂၈:၁၉၊ ၂၀။
၁။ ဣသရေလလူမျိုးသည် သိနာတောင်ခြေရင်းတွင် အဘယ်ဆုံးဖြတ်ချက်ချခဲ့ကြသနည်း။
လွန်ခဲ့သော အနှစ် ၃,၅၀၀ ခန့်က လူမျိုးတစ်မျိုးသည် ဘုရားသခင်အား သစ္စာကတိပြုခဲ့ကြသည်။ သိနာတောင်ခြေရင်းတွင် စုဝေးရောက်ရှိနေကြသော ဣသရေလလူတို့သည် ‘ထာဝရဘုရားသခင် မိန့်တော်မူသမျှကို အကျွန်ုပ်တို့သည်ပြုပါမည်’ ဟုအတိအလင်း ပြောဆိုခဲ့ကြသည်။ ထိုအချိန်မှစ၍ ဣသရေလလူမျိုးသည် ဘုရားသခင်ထံ အပ်နှံထားသော “အထူးပိုင်ဆိုင်ရာလူမျိုး” ဖြစ်လာလေသည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၈၊ သမ္မာ; ၂၄:၃) သူတို့သည် ကိုယ်တော်၏ကာကွယ်မှုကိုရရှိရန်နှင့် “နို့နှင့်ပျားရည်စီးသောပြည်” တွင် လူမျိုးအစဉ်အဆက် နေထိုင်ရန် စောင့်မျှော်ခဲ့ကြသည်။—ဝတ်ပြုရာ ၂၀:၂၄။
၂။ ယနေ့ လူတို့သည် ဘုရားသခင်နှင့် အဘယ်ဆက်ဆံရေးမျိုး ရရှိနိုင်ကြသနည်း။
၂ သို့သော် ဆာလံဆရာအာသပ် ဝန်ခံခဲ့သည့်အတိုင်း ဣသရေလလူတို့သည် “ဘုရားသခင်၏သစ္စာတော်ကိုမစောင့်၊ တရားတော်လမ်း၌သွားခြင်းငှာ အလိုမရှိကြ” ချေ။ (ဆာလံ ၇၈:၁၀) သူတို့သည် ဘိုးဘေးများ ယေဟောဝါအားပေးခဲ့သော သစ္စာကတိကို မစောင့်ထိန်းခဲ့ကြချေ။ နောက်ဆုံး၌ ဘုရားသခင်နှင့် အဆိုပါအထူးဆက်ဆံရေးကို ထိုလူမျိုး ဆုံးရှုံးခဲ့ရသည်။ (ဒေ. ၅:၄; မဿဲ ၂၃:၃၇၊ ၃၈) ထို့ကြောင့် “ဘုရားသခင်သည် မိမိနာမအဖို့ တစ်ပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကို နုတ်ယူခြင်းငှာ၊ . . . တစ်ပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည်။” (တမန်တော် ၁၅:၁၄) ဤနောက်ဆုံးကာလတွင် ကိုယ်တော်သည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်း [“လူအုပ်ကြီး၊” ကဘ]” ကိုစုသိမ်းလျက်ရှိသည်။ သူတို့သည် ရွှင်လန်းဝမ်းမြောက်စွာ ဤသို့ဝန်ခံကြသည်– “ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်တော်ကြောင့် ငါတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြပြီ။”—ဗျာ. ၇:၉၊ ၁၀၊ သမ္မာ။
၃။ ဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရရှိရန် အဘယ်ခြေလှမ်းများကို လှမ်းရမည်နည်း။
၃ ဘုရားသခင်နှင့် အဆိုပါတန်ဖိုးဖြတ်မရသော ဆက်ဆံရေးရရှိသူများတွင် ပါဝင်နိုင်ရန် လူတစ်ဦးသည် ယေဟောဝါထံ အပ်နှံပြီး လူသိရှင်ကြား ရေတွင်နှစ်ခြင်းခံရမည်။ သို့ပြုခြင်းသည် တပည့်များကို ယေရှု တိုက်ရိုက်မိန့်မှာခဲ့သော ဤပညတ်ကို နာခံခြင်းဖြစ်သည်– ‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ နှစ်ခြင်းပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ သွန်သင်ပေးကြလော့။’ (မဿဲ ၂၈:၁၉၊ ၂၀) ဣသရေလလူတို့သည် “ပဋိညာဉ်စာ” ကို မောရှေဖတ်ပြသည့်အခါ နားထောင်ခဲ့ကြ၏။ (ထွက်မြောက်ရာ ၂၄:၃၊ ၇၊ ၈) ထို့ကြောင့် ယေဟောဝါတောင်းဆိုတော်မူရာများကို လုပ်ဆောင်ရန် သူတို့တွင်တာဝန်ရှိကြောင်း သဘောပေါက်ခဲ့ကြသည်။ ထိုနည်းတူ ယနေ့လည်း လူတစ်ဦးနှစ်ခြင်းမခံမီ သမ္မာကျမ်းစာတွင် တွေ့ရှိရသော ဘုရားသခင့်အလိုတော်နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာ မရှိမဖြစ်လိုအပ်သည်။
၄။ နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီရန် အဘယ်အရာပြုလုပ်ရမည်နည်း။ (အထက်ပါလေးထောင့်ကွက်ကို ပါဝင်စေပါ။)
၄ ယေရှုသည် တပည့်များ နှစ်ခြင်းမခံမီ သူတို့၏ယုံကြည်ခြင်းအတွက် ခိုင်ခံ့သောအုတ်မြစ်ရှိစေလိုသည်။ ကိုယ်တော်သည် မိမိနောက်လိုက်များကို သွား၍တပည့်ဖြစ်စေပါဟူ၍သာမဟုတ်ဘဲ “ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ” သွန်သင်ပေးပါဟူ၍လည်း မိန့်မှာခဲ့၏။ (မဿဲ ၇:၂၄၊ ၂၅; ဧဖက် ၃:၁၇-၁၉) သို့ဖြစ်၍ နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီသူများသည် အသိပညာအလုံအလောက်မရှိဘဲ အလျင်စလို ဆုံးဖြတ်ချက်မချမိရန် သမ္မာကျမ်းစာကို လပေါင်းများစွာ သို့မဟုတ် တစ်နှစ်နှစ်နှစ်အထိပင် လေ့လာတတ်ကြသည်။ နှစ်ခြင်းခံချိန်၌ နှစ်ခြင်းခံမည့်သူများသည် အဓိကမေးခွန်းနှစ်ခုကို ဟုတ်ကဲ့ဟု အဖြေပေးရသည်။ ‘ကျွန်ုပ်တို့၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေသင့်’ သည်ဟု ယေရှုအလေးပေးခဲ့သောကြောင့် ယင်းက ကျွန်ုပ်တို့အားလုံး နှစ်ခြင်းမေးခွန်းနှစ်ခု၏ဆိုလိုရင်းကို အသေအချာသုံးသပ်ရန် ထောက်ကူပေးလိမ့်မည်။—မဿဲ ၅:၃၇။
နောင်တယူခြင်းနှင့် အပ်နှံခြင်း
၅။ ပထမနှစ်ခြင်းမေးခွန်းသည် အဘယ်အခြေခံအချက်နှစ်ချက်ကို အလေးပေးထားသနည်း။
၅ နှစ်ခြင်းခံမည့်သူကိုမေးသော ပထမနှစ်ခြင်းမေးခွန်းမှာ ဘဝလမ်းစဉ်ဟောင်းကို နောင်တယူပြောင်းလဲကာ ယေဟောဝါ၏အလိုတော် ထမ်းဆောင်ရန် မိမိအသက်တာကို ကိုယ်တော်ထံ အပ်နှံခဲ့ပြီးပြီလော ဟူ၍ဖြစ်သည်။ နှစ်ခြင်းမခံမီ လုပ်ဆောင်ရမည့် အရေးကြီးအချက်နှစ်ချက်ဖြစ်သည့် နောင်တယူပြောင်းလဲခြင်းနှင့် အပ်နှံခြင်းကို ဤမေးခွန်းက အလေးပေးထားသည်။
၆၊ ၇။ (က) နှစ်ခြင်းခံမည့်သူအားလုံးသည် အဘယ်ကြောင့် မဖြစ်မနေနောင်တယူဖို့လိုသနည်း။ (ခ) နောင်ယူပြီးနောက် အဘယ်ပြောင်းလဲမှုများ ပြုလုပ်ရမည်နည်း။
၆ လူတစ်ဦးသည် နှစ်ခြင်းမခံမီ အဘယ်ကြောင့် နောင်တယူပြောင်းလဲရမည်နည်း။ တမန်တော်ပေါလုက “ငါတို့ရှိသမျှသည် အထက်က ကိုယ်ကာယ၏အလိုသို့ . . . လိုက်” ခဲ့ကြသည်ဟုဆို၏။ (ဧဖက် ၂:၃) ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာကို မဆည်းပူးမီက လောက၏စံနှုန်းများနှင့်အညီ နေထိုင်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်သည် ဤအစီအစဉ်စနစ်၏ဘုရားသခင် စာတန်၏ချုပ်ကိုင်မှုအောက်တွင် ရှိ ခဲ့သည်။ (၂ ကောရိန္သု ၄:၄) သို့သော် ဘုရားသခင်၏အလိုတော်ကို သိရှိပြီးနောက် ‘နောက်တစ်ဖန် လူတို့၏တပ်မက်ခြင်းတရားကိုမကျင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း’ နေထိုင်ရန် ဆုံးဖြတ်လိုက်၏။—၁ ပေတရု ၄:၂။
၇ ဤဘဝလမ်းစဉ်သစ်သည် ကောင်းချီးများစွာရရှိစေသည်။ ထို့ထက်ကား ယေဟောဝါနှင့် တန်ဖိုးရှိဆက်ဆံရေးရရှိစေနိုင်သည်။ အဆိုပါဆက်ဆံရေးကို ဒါဝိဒ်က ဘုရားသခင်၏ “တဲတော်” နှင့် “သန့်ရှင်းသောတောင်တော်” သို့လာရန် ဖိတ်ခေါ်ခံရသည့် မဟာအခွင့်ထူးနှင့် နှိုင်းယှဉ်ခဲ့သည်။ (ဆာလံ ၁၅:၁) ယေဟောဝါသည် လူတိုင်းကို မဖိတ်ခေါ်ဘဲ “ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြော” သူများကိုသာ ဖိတ်ခေါ်ခြင်းသည် ကျိုးကြောင်းညီညွတ်၏။ (ဆာလံ ၁၅:၂) အမှန်တရားမသိရှိမီက ကျွန်ုပ်တို့၏အခြေအနေများကြောင့် ထိုတောင်းဆိုချက်များကို ပြည့်မီရန် ကျွန်ုပ်တို့၏အကျင့်အကြံနှင့် ကိုယ်ရည်ကိုယ်သွေးတို့တွင် အချို့သောပြောင်းလဲမှုများ ပြုရပေမည်။ (၁ ကောရိန္သု ၆:၉-၁၁; ကောလောသဲ ၃:၅-၁၀) ဤသို့ပြောင်းလဲရန် စေ့ဆော်ပေးရာကား နောင်တဖြစ်သည်။ ယင်းသည် ဘဝလမ်းစဉ်ဟောင်းအတွက် ယူကျုံးမရဖြစ်ပြီး ယေဟောဝါ၏စိတ်တော်နှင့်တွေ့လိုသော ခိုင်မာသည့်ဆုံးဖြတ်ချက်ဖြစ်၏။ ယင်းက ကိုယ်ကျိုးရှာသည့် လောကလမ်းစဉ်ကို စွန့်လွှတ်ပြီး ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသည့် လမ်းစဉ်ကို လိုက်စားခြင်းအထိ လုံးလုံးလျားလျား ပြောင်းလဲသွားစေသည်။—တမန်တော် ၃:၁၉။
၈။ အပ်နှံခြင်းကို မည်သို့ပြုကြသနည်း။ ယင်းသည် နှစ်ခြင်းခံခြင်းနှင့် မည်သို့ဆက်နွှယ်မှုရှိသနည်း။
၈ နှစ်ခြင်းခံမည့်သူများကိုမေးသော ပထမနှစ်ခြင်းမေးခွန်း၏ ဒုတိယအပိုင်းမှာ ယေဟောဝါ၏အလိုတော်ဆောင်ရန် ကိုယ်တော်ထံ အပ်နှံခဲ့ပြီးပြီလောဟူ၍ဖြစ်သည်။ နှစ်ခြင်းမခံမီ အပ်နှံခြင်းကို မဖြစ်မနေပြုလုပ်ရမည်။ ယေဟောဝါထံ မိမိတို့၏ဘဝကို ခရစ်တော်မှတစ်ဆင့် ပေးဆက်လိုကြောင်း ဆုတောင်း၍ အပ်နှံကြ၏။ (ရောမ ၁၄:၇၊ ၈; ၂ ကောရိန္သု ၅:၁၅) သို့နှင့် ယေဟောဝါသည် ကျွန်ုပ်တို့၏ အရှင်သခင်ဖြစ်လာပြီး ယေရှုနည်းတူ ကျွန်ုပ်တို့လည်း ဘုရားသခင်၏အလိုတော်ဆောင်ခြင်းကို အားရနှစ်သက်လာကြသည်။ (ဆာလံ ၄၀:၈; ဧဖက် ၆:၆) ယေဟောဝါအား တစ်ကြိမ်တည်းသာ ဤသို့အလေးအနက်ကတိပြုသည်။ သို့သော် ကျွန်ုပ်တို့၏အပ်နှံမှုသည် ဘုရားသခင်နှင့် နှစ်ကိုယ်ကြားဖြစ်သောကြောင့် နှစ်ခြင်းခံသည့်နေ့တွင် လူသိရှင်ကြားကြေညာခြင်းက ကျွန်ုပ်တို့သည် ကောင်းကင်ခမည်းတော်ထံ အလေးအနက် အပ်နှံပြီးပြီဖြစ်ကြောင်း လူတိုင်းကို သိရှိစေသည်။—ရောမ ၁၀:၁၁။
၉၊ ၁၀။ (က) ဘုရားသခင့်အလိုတော်ဆောင်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ (ခ) နာဇီအရာရှိများပင် ကျွန်ုပ်တို့၏အပ်နှံမှုကို မည်သို့အသိအမှတ်ပြုခဲ့ကြသနည်း။
၉ ဘုရားသခင်၏အလိုတော်ဆောင်ရန် ယေရှု၏ပုံနမူနာကို လိုက်လျှောက်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ယေရှုက “ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့ [“အဆက်မပြတ်၊” ကဘ] လိုက်ရမည်” ဟုတပည့်များကို မိန့်မှာခဲ့သည်။ (မဿဲ ၁၆:၂၄) ဤတွင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် အချက်သုံးချက်ကို ကိုယ်တော်ဖော်ပြခဲ့သည်။ ပထမအချက်မှာ မိမိကိုယ်ကို “ငြင်းပယ်” ရမည်။ တစ်နည်းပြောရလျှင် ကျွန်ုပ်တို့၏ ကိုယ်ကျိုးရှာသည့်မစုံလင်သော စိတ်ဆန္ဒများကို ငြင်းဆန်ပြီး ဘုရားသခင်၏ဆုံးမစကားနှင့် ညွှန်ကြားချက်တို့ကို လိုက်နာရမည်ဖြစ်သည်။ ဒုတိယအချက်မှာ “ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်း” ရမည်။ ယေရှုခေတ်တွင် လက်ဝါးကပ်တိုင်သည် အရှက်ကွဲခြင်းနှင့် ဆင်းရဲဝေဒနာကို ပုံဆောင်၏။ ခရစ်ယာန်များဖြစ်သော ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောခြင်းကြောင့် ဆင်းရဲခက်ခဲမှုခံရသည်။ (၂ တိမောသေ ၁:၈) ဤလောက,က ကျွန်ုပ်တို့ကို ကဲ့ရဲ့လှောင်ပြောင်၊ ပြစ်တင်ရှုတ်ချမည်ဖြစ်သော်လည်း ခရစ်တော်ကဲ့သို့ ကျွန်ုပ်တို့သည် “ရှက်ကြောက်သောအရာကိုမမှတ်ဘဲ” ဘုရားသခင်၏စိတ်တော်နှင့်တွေ့နေသည်ဟူသော အသိကြောင့် ပျော်ရွှင်ကြသည်။ (ဟေဗြဲ ၁၂:၂) နောက်ဆုံးအချက်မှာ ယေရှုနောက်သို့ “အဆက်မပြတ်” လိုက်ရမည်။—ဆာလံ ၇၃:၂၆; ၁၁၉:၄၄; ၁၄၅:၂။
၁၀ စိတ်ဝင်စားစရာကား ဘုရားသခင်အား အကြွင်းမဲ့ဝတ်ပြုပါမည်ဟူသော ယေဟောဝါသက်သေများ၏ အပ်နှံမှုကို အတိုက်အခံပြုသူအချို့ပင် အသိအမှတ်ပြုကြသည်။ ဥပမာ၊ နာဇီဂျာမနီ ဘူချင်ဝေါချွေးတပ်စခန်းရှိ မိမိတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်ရန် ငြင်းပယ်ခဲ့ကြသော သက်သေခံများသည် အောက်ပါဖော်ပြချက်တွင် လက်မှတ်ရေးထိုးခဲ့ရသည်– “ကျွန်ုပ်သည် သစ္စာခံကျမ်းစာကျောင်းသားတစ်ဦး ဖြစ်နေဆဲရှိပြီး ယေဟောဝါအား သစ္စာပြုထားသော ကတိကို ဘယ်တော့မျှ ချိုးဖောက်လိမ့်မည်မဟုတ်ပါ။” ယင်းက အပ်နှံထားသော ဘုရားသခင့်သစ္စာရှိကျေးကျွန်အားလုံး၏ စိတ်သဘောထားကို ဖော်ပြလိုက်ခြင်းပင်။—တမန်တော် ၅:၃၂။
ယေဟောဝါသက်သေတစ်ဦးအဖြစ် သတ်မှတ်ဖော်ပြ
၁၁။ နှစ်ခြင်းခံပြီးသူသည် အဘယ်အခွင့်ထူး ရရှိသနည်း။
၁၁ နှစ်ခြင်းခံမည့်သူကိုမေးသော ဒုတိယမေးခွန်းမှာ မိမိ၏နှစ်ခြင်းသည် မိမိကို ယေဟောဝါသက်သေတစ်ဦးအဖြစ် သတ်မှတ်ဖော်ပြကြောင်း သဘောပေါက်ပါသလောဟူ၍ဖြစ်သည်။ သူသည် နှစ်ခြင်းခံပြီးနောက် ယေဟောဝါ၏နာမတော်ခံယူထားသော ခန့်အပ်ခံဓမ္မအမှုဆောင်တစ်ဦးဖြစ်လာလေသည်။ ယင်းသည် မဟာအခွင့်ထူးတစ်ခုဖြစ်သကဲ့သို့ ကြီးလေးသောတာဝန်လည်းဖြစ်၏။ ထို့ပြင် နှစ်ခြင်းခံပြီးသူသည် ယေဟောဝါအပေါ် သစ္စာရှိနေသရွေ့ ထာဝရကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ရှိ၏။—မဿဲ ၂၄:၁၃။
၁၂။ ယေဟောဝါ၏နာမတော်ခံယူခြင်းနှင့်အတူ အဘယ်တာဝန် လိုက်ပါလာသနည်း။
၁၂ အတိုင်းအဆမဲ့ဘုရားသခင် ယေဟောဝါ၏နာမတော်ကို ခံယူရခြင်းသည် အမှန်ပင် အထူးဂုဏ်ယူဖွယ်ရာဖြစ်သည်။ ပရောဖက်မိက္ခာက ဤသို့ဆိုခဲ့သည်– ‘လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သောဘုရားသခင်၏နာမကိုခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား ကိုယ်ဆိုင်သောဘုရားသခင် ယေဟောဝါ၏နာမတော်ကို ကာလအစဉ်အမြဲ ခိုလှုံလျက်ကျင့်နေကြမည်။’ (မိက္ခာ ၄:၅) သို့သော် ဤဂုဏ်ယူမှုနောက်ဝယ် တာဝန် လိုက်ပါလာ၏။ ကျွန်ုပ်တို့ခံယူထားသောအမည်ကို ဂုဏ်တက်စေသည့်နည်းဖြင့် အသက်ရှင်နေထိုင်ရန် ကြိုးစားရမည်။ ရောမမြို့ရှိ ခရစ်ယာန်များကို ပေါလုသတိပေးခဲ့သကဲ့သို့ ခရစ်ယာန်တစ်ဦးသည် ဟောသည့်အတိုင်း မနေထိုင်လျှင် ဘုရားသခင်၏နာမတော် “ကဲ့ရဲ့” စရာဖြစ်စေပြီး ဂုဏ်အသရေပျက်စေနိုင်သည်။—ရောမ ၂:၂၁-၂၄။
၁၃။ အပ်နှံထားသော ယေဟောဝါ၏ကျေးကျွန်များသည် မိမိတို့ဘုရားသခင်အကြောင်း သက်သေခံရန် အဘယ်ကြောင့်တာဝန်ရှိကြသနည်း။
၁၃ ယေဟောဝါသက်သေတစ်ဦးဖြစ်လာသောအခါ မိမိ၏ဘုရားသခင်အကြောင်း သက်သေခံခြင်း တာဝန်ကိုလည်း လက်ခံရ၏။ ယေဟောဝါသည် မိမိ၏ထာဝရဘုရားသခင်ဖြစ်မှု ထင်ရှားရန် အပ်နှံထားသော ဣသရေလလူမျိုးကို ကိုယ်တော်၏သက်သေများဖြစ်ဖို့ ဖိတ်ခေါ်တော်မူခဲ့သည်။ (ဟေရှာယ ၄၃:၁၀-၁၂၊ ၂၁) သို့သော် ထိုလူမျိုးသည် အဆိုပါတာဝန်ကို မထမ်းဆောင်ခဲ့သောကြောင့် နောက်ဆုံးတွင် ယေဟောဝါ၏မျက်နှာသာတော် ဆုံးရှုံးသွားလေသည်။ ယနေ့ စစ်မှန်သောခရစ်ယာန်များသည် ယေဟောဝါအကြောင်း သက်သေခံရသည့် အခွင့်ထူးအတွက် ဂုဏ်ယူဝင့်ကြွားကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ချစ်မြတ်နိုးပြီး ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်စေလိုသောကြောင့် ထိုသို့သက်သေခံကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် ကိုယ်တော်၏ရည်ရွယ်ချက်တို့နှင့်ဆိုင်သည့် အမှန်တရားကိုသိရှိသည့်အခါ မည်သို့ရေငုံနှုတ်ပိတ်နေနိုင်မည်နည်း။ “မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏” ဟုပြောခဲ့သော တမန်တော်ပေါလုကဲ့သို့ ကျွန်ုပ်တို့လည်း ခံစားရသည်။—၁ ကောရိန္သု ၉:၁၆။
၁၄၊ ၁၅။ (က) ယေဟောဝါ၏အဖွဲ့အစည်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးတိုးတက်မှုတွင် အဘယ်အခန်းကဏ္ဍမှ ပါဝင်သနည်း။ (ခ) ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအရ ကူညီပေးရန် အဘယ်ပြင်ဆင်ပေးမှုများရှိသနည်း။
၁၄ နှစ်ခြင်းခံမည့်သူသည် ယေဟောဝါ၏ဝိညာဉ်တော်လမ်းညွှန်ပေးသည့် အဖွဲ့အစည်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် တာဝန်ရှိကြောင်းကိုလည်း ဒုတိယမေးခွန်းက သတိပေးသည်။ ဘုရားသခင်အား ဝတ်ပြုရာတွင် ကျွန်ုပ်တို့ဘာသာ ဝတ်ပြု၍မရချေ။ “ညီအစ်ကိုအသင်းအပင်းတစ်ခုလုံး” ၏ကူညီမှု၊ ထောက်မမှုနှင့် အားပေးမှုတို့ကို ကျွန်ုပ်တို့လိုအပ်သည်။ (၁ ပေတရု ၂:၁၇၊ ကဘ; ၁ ကောရိန္သု ၁၂:၁၂၊ ၁၃) ဘုရားသခင်၏အဖွဲ့အစည်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးတိုးတက်မှုတွင် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်သည်။ ယင်းသည် တိကျမှန်ကန်သောအသိပညာ တိုးများရန်၊ ပြဿနာများနှင့်ရင်ဆိုင်ရသည့်အခါ ပညာရှိစွာလုပ်ဆောင်ရန်နှင့် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေး ပျိုးထောင်ရန် ထောက်ကူပေးသည့် ကျမ်းစာ,စာပေများစွာကို ထုတ်ဝေပေး၏။ ကလေးကို ကောင်းစွာကျွေးမွေးစောင့်ရှောက်သည့် မိခင်ကဲ့သို့ ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေး တိုးတက်ရန် အချိန်တန်ဝိညာဉ်အစာ အလျှံပယ်ကျွေးမွေးလျက်ရှိသည်။—မဿဲ ၂၄:၄၅-၄၇; ၁ သက်သာလောနိတ် ၂:၇၊ ၈။
၁၅ အပတ်စဉ်အစည်းအဝေးများတွင် ယေဟောဝါ၏လူတို့သည် သစ္စာရှိယေဟောဝါသက်သေများဖြစ်ရန် လိုအပ်သည့်လေ့ကျင့်မှုနှင့် အားပေးမှုကို ရရှိကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် လူထုရှေ့ဟောပြောတတ်ရန် သွန်သင်ပေးပြီး လုပ်ငန်းတော်အစည်းအဝေးတွင် ကျွန်ုပ်တို့၏သတင်းတရားကို ထိရောက်စွာ တင်ဆက်တတ်ရန် လေ့ကျင့်ပေး၏။ အစည်းအဝေးများမှဖြစ်စေ၊ ကိုယ်ပိုင်ကျမ်းစာ,စာပေလေ့လာမှုများမှဖြစ်စေ ယေဟောဝါ၏ဝိညာဉ်တော်သည် ကိုယ်တော်၏အဖွဲ့အစည်းကို လမ်းညွှန်ပေးနေကြောင်း မြင်တွေ့နိုင်သည်။ ဤသို့အချိန်မှန်မှန် ပြင်ဆင်ပေးမှုများဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အန္တရာယ်များကို သိရှိစေသည်၊ ထိရောက်သောဓမ္မအမှုဆောင်များဖြစ်ရန် လေ့ကျင့်ပေးသည်၊ ဝိညာဉ်ရေးတွင် နိုးကြားနေရန် ကူညီပေးသည်။—ဆာလံ ၁၉:၇၊ ၈၊ ၁၁; ၁ သက်သာလောနိတ် ၅:၆၊ ၁၁; ၁ တိမောသေ ၄:၁၃။
ဆုံးဖြတ်ချက်နောက်ကွယ်မှ လှုံ့ဆော်မှု
၁၆။ ကျွန်ုပ်တို့ကိုယ်ကို ယေဟောဝါထံ အပ်နှံရန် အဘယ်အရာက လှုံ့ဆော်ပေးသနည်း။
၁၆ သို့ဖြစ်၍ နှစ်ခြင်းမေးခွန်းနှစ်ခုသည် နှစ်ခြင်းခံမည့်သူများကို နှစ်ခြင်းအဓိပ္ပာယ်နှင့် ယင်းကြောင့် ရရှိလာသည့် တာဝန်များကို အမှတ်ရစေသည်။ ထို့ကြောင့် နှစ်ခြင်းခံရန် အဘယ်အရာက လှုံ့ဆော်ပေးသင့်သနည်း။ ကျွန်ုပ်တို့သည် နှစ်ခြင်းခံပြီးသော တပည့်များဖြစ်လာရခြင်းမှာ တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်တို့ကို ယေဟောဝါ “သွေးဆောင်” တော်မူသောကြောင့်ဖြစ်သည်။ (ယောဟန် ၆:၄၄) “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ” သောကြောင့် သတ္တဝါအပေါင်းကို အတင်းအဓမ္မမဟုတ်ဘဲ မေတ္တာဖြင့် အုပ်ချုပ်တော်မူ၏။ (၁ ယောဟန် ၄:၈) ယေဟောဝါ၏အရည်အသွေးတော်များနှင့် ကျွန်ုပ်တို့ကို ဆက်ဆံပုံတို့ကြောင့် ကိုယ်တော်ထံ ကျွန်ုပ်တို့ သွေးဆောင်ခံရ၏။ ယေဟောဝါသည် ကျွန်ုပ်တို့အတွက် တစ်ပါးတည်းသောသားတော်ကို ပေးသနားခဲ့ပြီး အကောင်းဆုံးအနာဂတ်ကို ကမ်းလှမ်းထားတော်မူသည်။ (ယောဟန် ၃:၁၆) ထို့ကြောင့် ကျွန်ုပ်တို့လည်း မိမိတို့၏အသက်တာကို ကိုယ်တော်ထံ အပ်နှံရန် လှုံ့ဆော်ခံရ၏။—သု. ၃:၉; ၂ ကောရိန္သု ၅:၁၄၊ ၁၅။
၁၇။ အဘယ်အရာများထံ ကျွန်ုပ်တို့ အပ်နှံထားခြင်းမဟုတ်သနည်း။
၁၇ ကျွန်ုပ်တို့သည် အကြောင်းရင်းတစ်ခုခု သို့မဟုတ် လုပ်ငန်းတစ်ခုခုထံမဟုတ်ဘဲ ယေဟောဝါထံ အပ်နှံခြင်းဖြစ်သည်။ မိမိလူတို့အတွက် ဘုရားသခင်ပေးအပ်ထားသော တာဝန်များသည် ပြောင်းလဲမည်ဖြစ်သော်လည်း ကိုယ်တော်ထံ သူတို့အပ်နှံခြင်းမှာမူ ပြောင်းလဲခြင်းမရှိချေ။ ဥပမာ၊ အာဗြဟံကို ပေးအပ်သောတာဝန်နှင့် ယေရမိကို ပေးအပ်သောတာဝန်သည် လုံးဝကွဲပြားခြားနား၏။ (ကမ္ဘာဦး ၁၃:၁၇၊ ၁၈; ယေရမိ ၁:၆၊ ၇) သို့တိုင် သူတို့နှစ်ဦးစလုံးသည် ယေဟောဝါကို ချစ်မြတ်နိုးပြီး ကိုယ်တော်၏အလိုတော်ကို သစ္စာရှိစွာထမ်းဆောင်လိုသောကြောင့် ဘုရားသခင်ပေးအပ်သော အထူးတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြသည်။ ဤဆုံးခန်းကာလတွင် နှစ်ခြင်းခံပြီးသော ခရစ်တော်၏နောက်လိုက်များသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောပြီး တပည့်ဖြစ်စေပါဟူသော ခရစ်တော်၏မိန့်မှာချက်ကို ကြိုးစားလုပ်ဆောင်လျက်ရှိကြသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ထိုတာဝန်ကို စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို ချစ်မြတ်နိုးကြောင်း၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ အမှန်တကယ် အပ်နှံထားကြောင်း ဖော်ပြနိုင်သည့် အကောင်းဆုံးနည်းတစ်ခုဖြစ်သည်။—၁ ယောဟန် ၅:၃။
၁၈၊ ၁၉။ (က) နှစ်ခြင်းခံခြင်းအားဖြင့် လူထုရှေ့ မည်သို့ကြေညာကြသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို ဆွေးနွေးကြမည်နည်း။
၁၈ နှစ်ခြင်းသည် ကောင်းချီးများစွာရရှိရန် လမ်းဖွင့်ပေးသည်မှန်သော်လည်း ယင်းကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ချေ။ (လုကာ ၁၄:၂၆-၃၃) ယင်းက အခြားတာဝန်အားလုံးထက် ပိုမိုဦးစားပေးရမည့်သန္နိဋ္ဌာန်ကို ဖော်ပြ၏။ (လုကာ ၉:၆၂) ကျွန်ုပ်တို့ နှစ်ခြင်းခံသည့်အခါ လူထုရှေ့ ဤသို့အမှန်ပင်ကြေညာရာကျသည်– ‘ထိုဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ သေသည်ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတ္တံ့သတည်း။’—ဆာလံ ၄၈:၁၄။
၁၉ ရေနှစ်ခြင်းနှင့်ပတ်သက်၍ ပေါ်ပေါက်လာသည့် ထပ်ဆင့်မေးခွန်းများကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။ လူတစ်ဦးနှစ်ခြင်းမခံရန် ခိုင်လုံသည့်အကြောင်းရင်းများ ရှိနိုင်မည်လော။ အသက်အရွယ်သည် အကြောင်းရင်းတစ်ခုဖြစ်သင့်သလော။ ကျွန်ုပ်တို့အားလုံးသည် နှစ်ခြင်းခံသည့်အခါသမယကို မည်သို့ဂုဏ်ယူဖွယ်ဖြစ်စေနိုင်သနည်း။
သင်ရှင်းပြနိုင်သလော
• ခရစ်ယာန်တစ်ဦးစီသည် နှစ်ခြင်းမခံမီ အဘယ်ကြောင့် နောင်တယူပြောင်းလဲဖို့လိုသနည်း။
• ဘုရားသခင်ထံ အပ်နှံခြင်းတွင် အဘယ်အရာပါဝင်သနည်း။
• ယေဟောဝါ၏နာမတော် ခံယူရသည့်အတွက် ဂုဏ်ယူမှုနှင့်အတူ အဘယ်တာဝန်များ လိုက်ပါလာသနည်း။
• နှစ်ခြင်းခံရန် ဆုံးဖြတ်ချက်ချဖို့ အဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
နှစ်ခြင်းမေးခွန်းနှစ်ခု
ယေရှုခရစ်၏ပူဇော်သကာကို အခြေပြုလျက် သင်၏အပြစ်များကို နောင်တရကာ ယေဟောဝါအလိုတော်ဆောင်ဖို့ သင့်ကိုယ်ကို ကိုယ်တော်ထံ အပ်နှံခဲ့ပြီလော
သင်၏အပ်နှံခြင်းနှင့် နှစ်ခြင်းသည် ဘုရားသခင့်ဝိညာဉ်တော်ညွှန်ကြားခံ အဖွဲ့အစည်းဝင် ယေဟောဝါသက်သေတစ်ဦးအဖြစ် သင့်အား သတ်မှတ်ဖော်ပြကြောင်း သင်နားလည်သဘောပေါက်ပါသလော
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အပ်နှံခြင်းသည် ယေဟောဝါထံ ဆုတောင်း၍ သစ္စာကတိပြုခြင်းဖြစ်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် ဘုရားသခင်ထံ ကျွန်ုပ်တို့၏အပ်နှံမှုကို ဖော်ပြ