မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မကြောက်နှင့် သင်နှင့်အတူ ယေဟောဝါရှိတော်မူ၏!

မကြောက်နှင့် သင်နှင့်အတူ ယေဟောဝါရှိတော်မူ၏!

မကြောက်​နှင့် သင်​နှင့်အတူ ယေဟောဝါ​ရှိ​တော်​မူ​၏!

လွန်ခဲ့သော အနှစ် ၅၀ ကျော်​က ပထမ​နျူး​က​လီး​ယား​ဗုံး ပေါက်ကွဲ​ပြီး​နောက်​မကြာမီ နို​ဗယ်လ်​ဆု​ရှင် သိပ္ပံ​ပညာရှင် ဟ​ယ်​ရ​ယ်လ် စီ. ယူ​ရေး​က အနာဂတ်​နှင့်​ပတ်သက်​၍ ဤသို့​ပြော​ခဲ့​သည်– “ကျွန်ုပ်​တို့​ဟာ ကြောက်​ကြောက်​နဲ့​စား၊ ကြောက်​ကြောက်​နဲ့​အိပ်၊ ကြောက်​ကြောက်​နဲ့​အသက်ရှင်ပြီး ကြောက်​ကြောက်​နဲ့​ပဲ သေရ​ကြ​ပါ​လိမ့်မယ်။” ယနေ့ ကျွန်ုပ်​တို့၏​ကမ္ဘာ​မြေ​သည် ကြောက်ရွံ့​ဖွယ်​ရာ​များနှင့် တင်း​ကျမ်း​ပြည့်နှက်​နေသည်​မှာ အံ့ဩစရာ​မဟုတ်ပါ! နေ့စဉ်​ဆို​သလို သတင်းစာ​များ​က အကြမ်းဖက်မှု၊ ကြောက်မက်​ဖွယ်​ရာဇဝတ်မှု​များနှင့် ထူးဆန်း​သည့်​ရောဂါ​များ​အကြောင်း ဖော်ပြ​ကြသည်။

ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ထိုသို့​သော အခြေအနေ​များ​က မည်သည့်​အဓိပ္ပာယ်​ရှိကြောင်း သိ​ကြ​၏။ ယင်း​တို့​က “ခဲယဉ်း​သော​ကာလ” အဖြစ် သမ္မာကျမ်းစာ​ကြိုဟော​ထားသော ဤ​စနစ်ဆိုး​၏ “နောက်ဆုံးသော​နေ့ရက်​များ” တွင် ကျွန်ုပ်​တို့ အသက်ရှင်နေ​ကြောင်း​ဖော်ပြ​သည်။ (၂ တိမောသေ ၃:၁သမ္မာ) ထို့​ကြောင့် ယေဟောဝါ​ဘုရားသခင်​သည် ဖြောင့်မတ်​သူများ နေထိုင်​မည့်​မြေကြီး​သစ်​ကို မကြာမီ ဆောင်ကြဉ်း​ပေး​တော့​မည်​ဟူသော ကျွန်ုပ်​တို့၏​ယုံကြည်မှုကို အားသစ်လောင်း​စေပါ​သည်။ (၂ ပေတရု ၃:၁၃) သို့ သော် ဤ​အချိန်အတွင်း ကျွန်ုပ်​တို့သည် ကြောက်ရွံ့​မှု​နှင့် လွတ်ကင်း​ကြ​သလော။

ကြောက်ရွံ့​မှု​ကို ဘုရားသခင့်​ကျေးကျွန်​များ​ရှုမြင်ပုံ

ယာကုပ်၊ ဒါဝိဒ်၊ ဧလိယ​တို့သည် အန္တရာယ်​နှင့်​ကြုံရချိန်​များ​၌ အတိုင်းအတာ​တစ်ခု​အထိ ကြောက်ရွံ့​ခဲ့​ကြသော ယေဟောဝါ​၏​ကျေးကျွန်​များ​တွင် အပါအဝင်​ဖြစ်​ကြသည်။ (ကမ္ဘာဦး ၃၂:၆၊ ၇; ၁ ဓမ္မ​ရာဇဝင် ၂၁:၁၁၊ ၁၂; ၃ ဓမ္မ​ရာဇဝင် ၁၉:၂၊ ၃) သူတို့သည် ယုံကြည်ခြင်း​မကင်း​မဲ့​ခဲ့​ကြ​ပါ။ ယင်းအစား သူတို့သည် ယေဟောဝါ​ကို စွဲမြဲ​စွာ​ယုံကြည်​အားထား​ကြောင်း တင်ပြ​ခဲ့​ကြသည်။ သို့သော် ယာကုပ်၊ ဒါဝိဒ်၊ ဧလိယ​တို့သည် လူသားများ​ဖြစ်သော​ကြောင့် ကြောက်ရွံ့​စိတ်၏​လွှမ်းမိုးမှု ခံ​ခဲ့​ရ​ကြသည်။ “ဧလိယ​သည် ငါ​တို့​နည်းတူ သာမန်​လူသား​ဖြစ်​ပေ​သည်” ဟု​တပည့်​ဖြစ်သူ​ယာကုပ်  ရေးသားခဲ့​၏။—ယာကုပ် ၅:၁၇ခေတ်သုံး။

ကျွန်ုပ်​တို့​လည်း ယခု​ရင်ဆိုင်​နေရ​သည့် သို့​မဟုတ် အနာဂတ်​တွင်​ကြုံ​ရနိုင်​သည့် အခက်အခဲ​တစ်ခု​ကို စဉ်းစား​သည့်​အခါ စိုးရိမ်​ကြောက်ရွံ့​မိ​ပေမည်။ ထို​ကြောက်ရွံ့​မှု​မျိုးကို နားလည်​နိုင်​ပါ​သည်။ ထို့​ပြင် စာတန်​သည် “ဘုရားသခင်​၏ ပညတ်တော်​တို့ကို​ကျင့်​၍ ယေရှု၏​သက်သေခံ​တော်​မူ​ချက်​ကို စွဲလမ်း​သော​သူ” တို့ကို “စစ်တိုက်” ရန် သန္နိ ဋ္ဌာန်​ချထား​ကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ (ဗျာ. ၁၂:၁၇) ဤ​စကား​များသည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် အထူး​သက်ဆိုင်​သော်လည်း ပေါလု ဤသို့​ရေးသားခဲ့​၏– ‘ယေရှု​ခရစ်​၏​တရားတော်​နှင့်​အညီ ဘုရားသခင်​ဝတ်၌​မွေ့လျော်​၍​နေခြင်း​ငှာ အလိုရှိ​သော​သူ အပေါင်းတို့သည် ညှဉ်းဆဲခြင်း​ကို ခံရ​ကြလိမ့်မည်။’ (၂ တိမောသေ ၃:၁၂) သို့​တိုင် ပြဿနာ​များ​ရင်ဆိုင်​ရချိန်တွင် ကြောက်ရွံ့​မှု​ကြောင့် ကြက်​သေ​သေ​သည့်​အထိ ဖြစ်သွား​ဖို့​မလိုပါ။ အဘယ်ကြောင့်​နည်း။

‘ကယ်တင်​တော်​မူ ခြင်း​အမှု​များ​ကို​ပြု​တတ်သော​ဘုရားသခင်’

ဆာလံဆရာ​ဒါဝိဒ် ဤသို့​ရေးသားခဲ့​၏– ‘ဘုရားသခင်​သည် ငါ​တို့​အဖို့ ကယ်တင်​တော်​မူ​ခြင်း​အမှု​များ​ကို ပြု​တတ်သော​ဘုရားသခင်​ဖြစ်​တော်​မူ​၏။’ (ဆာလံ ၆၈:၂၀သမ္မာ) ယေဟောဝါ​သည် မိမိ​လူမျိုးတော်ကို အန္တရာယ်​အခြေအနေ​များ​မှ ကယ်လွှတ်​ခြင်း သို့​မဟုတ် ခံနိုင်ရည်​ရှိ​ရန် ခွန်အား​ပေးခြင်း​ဖြင့် မိမိ၏​ကယ်တင်​နိုင်စွမ်း​ကို အကြိမ်ကြိမ်​ပြသ​တော်​မူ​ခဲ့​သည်။ (ဆာလံ ၃၄:၁၇; ဒံယေလ ၆:၂၂; ၁ ကောရိန္သု ၁၀:၁၃) သမ္မာကျမ်းစာ​ကို လေ့လာခြင်း​မှ ထိုသို့​သော “ကယ်တင်​တော်​မူ​ခြင်း​အမှု” မည်မျှ​ကို သင်​မှတ်မိ​သနည်း။

ကင်းမျှော်စင်​စာပေ​များ​အညွှန်း  * ကို​အသုံးပြုပြီး နောဧ​ခေတ် ကမ္ဘာချီ​ရေလွှမ်းမိုးခြင်း၊ သောဒုံ​နှင့် ဂေါမောရ​မြို့မှ လောတ​နှင့်​သူ့​သမီး​နှစ်ယောက် ကယ်တင်​ခံရ​ခြင်း၊ အီဂျစ်​ပြည်​မှ ဣသရေလ​လူမျိုး ထွက်​လာ​ခြင်း​နှင့် ပင်လယ်နီ​ကို ဖြတ်လျှောက်​သွား​ရခြင်း၊ ဂျူး​များ​ကို ဖျက်ဆီး​ရန် ဟာမန်​၏​မ​သ​မာ​သော​အကြံ ပျက်ပြား​ခြင်း စ​သော​ဖြစ်ရပ်မှန်များ​ကို သုတေသန​ပြုလုပ်​ပါ။ ဤ​စိတ်​လှုပ်ရှား​ဖွယ်​မှတ်တမ်းများ​ကို ဖတ်ရှု​ပြီး​တွေးတော​ဆင်ခြင်ခြင်း​က ယေဟောဝါ​သည် ကယ်တင်​တော်​မူ​ခြင်း​အမှု​များ​ကို ပြု​တတ်သော​ဘုရားသခင်​ဖြစ်သည်​ဟူသော သင်၏​ယုံကြည်မှုကို တိုး၍​ခိုင်ခံ့​စေပါ​လိမ့်​မည်။ ယင်းက ယုံကြည်ခြင်း​စမ်းသပ်မှု​များ​ကို မကြောက်​မ​ရွံ့ ရင်ဆိုင်​ရန် ကူညီ​ပေး​ပါ​လိမ့်​မည်။

မျက်မှောက်ခေတ် ပုံ​နမူနာ​များ

ခံနိုင်ရည်​တင်ပြ​ခဲ့​သော မျက်မှောက်ခေတ်​ပုံ​နမူနာ​များ သင့်​ဒေသ​တွင်​ရှိသလော။ သစ္စာရှိ​လမ်းစဉ်​ကြောင့် ထောင်ချ​ခံရ​သူ​တစ်ဦးဦး ဖြစ်​နိုင်​သည်။ ကျန်းမာ​ရေး​မကောင်း​သည့်​ကြား​မှ ယေဟောဝါ​အမှုဆောင်​နေ​သူ သက်ကြီး​ခရစ်ယာန်​တစ်ဦး​ကို သင်​သိ​ပေမည်။ ကျောင်းနေ​ဖက်​များ​၏ အကြီးအကျယ်​ဖိအားပေး​မှု​ကြား​မှ လောက​နှင့်​ဆက်၍​သီးခြားနေ​သူ လူငယ်များ​ကို စဉ်းစား​ကြည့်​ပါ။ ထို့ ပြင် သားသမီး​များ​ကို ကြည့်ရှု​ပြုစု​နေရ​သော ကြင်ဖော်​မဲ့​မိဘများ သို့​မဟုတ် အထီးကျန်​ခံစားချက်​များ​ကြား​မှ ယေဟောဝါ​အမှုဆောင်​နေ​သူ တစ်ကိုယ်ရေ​ပုဂ္ဂိုလ်​များလည်း​ရှိသည်။ ထို​သူတို့​ထံ​မှ သင်​အဘယ်အရာ သင်ယူ​နိုင်​သနည်း။ သူတို့၏ သစ္စာရှိ​လမ်းစဉ်​ကို စေ့စေ့​ဆင်ခြင်​ကြည့်​ခြင်း​က မည်သည့်​စမ်းသပ်မှု​မဆို သင်​တွေ့ ကြုံ​ရ​ပါစေ မကြောက်​မ​ရွံ့ ခံရပ်​နိုင်​ရန် ကူညီ​ပေး​နိုင်​ပါ​သည်။

ဆန့်ကျင်မှု​များနှင့် ညှဉ်းပန်း​နှိပ်စက်မှု​များ ကြုံရ​ချိန်​တွင်​သာမက ယေဟောဝါ​၏ မေတ္တာကို ကျွန်ုပ်​တို့ သံသယဝင်​စ​ပြု​ချိန်​တွင်​လည်း ကြောက်ရွံ့​စိုးရိမ်​ဖို့ မလို​ပေ။ ခရစ်တော်​၏​ရွေးနုတ်ဖိုး​သည် ကျွန်ုပ်​တို့ တစ်ဦးစီ​နှင့်​သက်ဆိုင်​သည်​ဟူ​သည့် ယုံကြည်​စိတ်ချမှု​ကို ပျိုးထောင်​ပေး​ဖို့​လို​သည်။ (ဂလာတိ ၂:၂၀) သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့သည် တော်မှန်​သော ကြောက်ရွံ့​မှု သို့​မဟုတ် စိုးရွံ့​မှု​ဖြင့် ယေဟောဝါ​ထံ ချဉ်းကပ်​နိုင်​ကြသည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​မေတ္တာတော်​နှင့် မထိုက်တန်​ဟု​ခံစားရ​ပါ​က နောက်တော်လိုက်​များ​အား ယေရှု​ပြော​ခဲ့​သည့် ဤ​စကား​များ​ကို ပြန်ပြောင်း​သုံးသပ်ကြည့်​နိုင်​သည်– “စာငှက်​နှစ်ကောင်ကို အဿရိ​တစ်ပြား​ဖိုး​နှင့် ဝယ်ရသည်​မဟုတ်လော။ သင်တို့​အဘ​အခွင့်​မ​ရှိလျှင် ထို​စာငှက်​တစ်ကောင်​မျှ မြေ​သို့​မကျ​ရ။ သင်တို့​ဆံပင်​သည်လည်း အကုန်အစင်​ရေတွက်လျက်​ရှိ၏။ ထို့​ကြောင့် မကြောက်​ကြ​နှင့်။ သင်တို့သည် စာငှက်​အများ​တို့​ထက် သာ၍​မြတ်​ကြ​၏။”—မဿဲ ၁၀:၂၉-၃၁

ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်း​များ​တွင် အခက်အခဲ​များ​ကို မကြောက်​မ​ရွံ့​ရင်ဆိုင်ခဲ့​ကြသော မျက်မှောက်ခေတ် ယေဟောဝါသက်သေ​များ​၏ တွေ့ကြုံမှု​များ​ကို ဖော်ပြ​လေ့​ရှိသည်။ ယင်းက သူတို့သည် ဆိုးဝါး​သော​အခြေအနေ​တွင် စိုးရိမ်​ကြောက်ရွံ့​မှုမရှိ​ဟု မဆိုလို​ပါ။ သို့သော် ထို​ခံစားချက်​များ​ကြောင့် ယေဟောဝါ​အား​ဝတ်ပြုခြင်း​မှ ရပ်တန့်​သွားစေရန် ခွင့်​မပြု​ခဲ့​ကြ​ချေ။ သူတို့၏​မှတ်တမ်းများ​က သင်လည်း ကြောက်ရွံ့​စိတ်​မရှိ ခံရပ်​နိုင်​ရန် ကူညီ​ပေး​နိုင်​ပါ​သည်။ သာဓက​နှစ်ခု​ကို သုံးသပ်ကြည့်​ကြ​စို့။

ထိခိုက်​ဒဏ်ရာ​ရခြင်း​ကြောင့် သူ့​ဘဝ​ပြောင်းလဲ​ခဲ့

၂၀၀၃၊ ဧပြီ ၂၂ ရက်ထုတ် နိုးလော့! [လိပ်] တွင် “ထိခိုက်​ဒဏ်ရာ​ရခြင်း​ကြောင့် ကျွန်တော့်​ဘဝ​ပြောင်းလဲ​ခဲ့” ဟူသော ဆောင်းပါး​ပါရှိ​ခဲ့​သည်။ ယင်း​တွင် ကင်​ညာ​နိုင်ငံ​မှ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ စ​တန်​လေ အို​မ်​ဘဲ​ဗာ​သည် အရှိန်​ပြင်းပြင်း​မောင်း​လာ​သည့်​ကား​နှင့် တိုက်မိ​ရာ​မှ သူ​ကြုံတွေ့​ခဲ့​ရသည့် အခက်အခဲ​များ​ကို ဖော်ပြ​ထား​သည်။ သူ့​ကျန်းမာ​ရေး​ဆုတ်ယုတ်​လာ​သဖြင့် အလုပ်​နှင့်​ခံစားခွင့်​အားလုံး လက်လွတ်​ဆုံးရှုံး​ခဲ့​ရ၏။ ညီအစ်ကို​အို​မ်​ဘဲ​ဗာ ဤသို့​ဝန်ခံခဲ့​၏– “ကျန်းမာ​ရေး ဆိုးရွား​လာတာ​နဲ့​အမျှ ကျွန်တော်​ဟာ အပျက်သဘော​မြင်လာ​တယ်၊ တစ်ကိုယ်ကောင်း​ဆန်​လာပြီး စိတ်​တို​လွယ်​လာတယ်။ တစ်ခါ​တ​လေ ဒေါသ​ထွက်​ပြီး ရန်လို​တတ်တယ်။” ဤ​ခရစ်ယာန်​အမျိုးသား​သည် အဖြစ်ဆိုး​နှင့်​ကြုံ​ရ​ငြား ကြောက်ရွံ့​စိတ်​မရှိခဲ့​ပါ။ စိတ်ပျက်​မှု​က သူ့ကို​လွှမ်းမိုး​သွားပြီး လုံးလုံး​လက်လျှော့​သွားစေရန် ခွင့်​မပြု​ခဲ့​ပါ။ ယင်းအစား ယေဟောဝါ​ကို သူ​ယုံကြည်​ကိုးစား​ခဲ့​သည်။ ညီအစ်ကို​အို​မ်​ဘဲ​ဗာ ဤသို့​ပြောပြ​၏– “ကျွန်တော် အဖြစ်ဆိုး​နဲ့​ကြုံရချိန် တစ်လျှောက်​လုံး​မှာ ကိုယ်တော် ကူညီ​ထောက်ပံ့​ပေး​ခဲ့​တာ များ​လွန်းလို့ တစ်ခါ​တ​လေ ကိုယ့်​ကိုယ်ကို​တောင်​ရှက်မိ​တယ်။ ဒီလို​အခြေအနေ​မျိုးမှာ နှစ်သိမ့်မှု​ဖြစ်စေ​မယ်​လို့ ကျွန်တော်​သိထားတဲ့ ကျမ်းချက်​တွေ​ကို​ဖတ်​ပြီး တွေးတော​ဆင်ခြင်​ဖို့ ကျွန်တော် ဆုံးဖြတ်​ခဲ့​တယ်။”

ညီအစ်ကို​အို​မ်​ဘဲ​ဗာ​၏ ပွင့်လင်း​သော​စကား​များ​က လူများစွာ​အား စမ်းသပ်မှု​များ​ကို ကြောက်ရွံ့​မှုမရှိ ခံရပ်​နိုင်​စေ​ခဲ့ပြီ။ ခရစ်ယာန်​ညီအစ်မ​တစ်ဦး ဤသို့​ရေးခဲ့​၏– “ဒီ​ဆောင်းပါး​ကို ကျွန်မ​ဖတ်​တဲ့​အခါ မျက်ရည်ကျ​မိတယ်။ ယေဟောဝါ​ဟာ ကိုယ်တော်​ရဲ့ နွေးထွေး​ပြီး မေတ္တာပါ​စောင့်ရှောက်မှု၊ နှစ်သိမ့်မှု​ကို ဒီ​ဆောင်းပါး​ကနေ​တစ်ဆင့် ဖော်​ပြပေး​တယ်လို့ ကျွန်မ​ခံစား​ခဲ့​ရတယ်။” သက်သေခံ​နောက်​တစ်ဦး ဤသို့​ရေးခဲ့​၏– “ဒီလိုမျိုး​ဆောင်းပါး​တွေ​က ထပ်တူ​အခြေအနေ​ကြုံတွေ့​သူတွေနဲ့ ကြိတ်မှိတ်​ဝေဒနာ​ခံစား​နေရ​သူတွေ​အတွက် တကယ့်​အားပေးမှု​ဖြစ်စေ​တယ်။”

စိတ်ပိုင်း​ဆိုင်ရာ​ဖိစီးမှုကို ကိုင်တွယ်​ဖြေရှင်းခြင်း

လှုံ့ဆော်မှု​ဖြစ်စေ​သော  နောက်​တွေ့ ကြုံ​မှု​တစ်ခု​မှာ ဟဲရ်​ဘက် ဂျဲန်​နစ်​ဇ် ပြန်​ပြောပြ​သော “နက်ဖြန်နေ့ ၌ အဘယ်​သို့​ဖြစ်​မည်​ကို သင်တို့​မသိကြ” ဆောင်းပါး​ဖြစ်သည်။ * ညီအစ်ကို​ဂျဲန်​နစ်​ဇ်​သည် စိတ်ကြွ​စိတ်ကျ​ရောဂါ​ကို တိုက်လှန်​နေရ​သည်။ ဤ​ရောဂါ​ဖြစ်သည့် အစောပိုင်း​အချိန်​များ​ကို ပြန်တွေး​ပြီး သူ​ဤသို့​ပြောပြ​၏– “ခရစ်ယာန်​စည်းဝေး​တွေ တက်ရောက်​ဖို့​လေး​တောင် တကယ့်ကို​ရုန်းကန်​ခဲ့​ရတယ်။ ဒါပေမဲ့ ဝိညာဉ်​ရေးရာ​ပေါင်းသင်းမှု​ရဲ့​တန်ဖိုး​ကို ကျွန်တော်​အကြွင်းမဲ့ယုံ​ကြည်​တယ်။ လူအားလုံး​နေရာ​ယူပြီး​နောက်​မှ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ထဲ​ကို​ဝင်ပြီး အစီအစဉ်​အဆုံး သူတို့​လှုပ်လှုပ်ရွရွ​မဖြစ်ခင်​မှာ ထွက်ခွာ​လေ့​ရှိတယ်။”

ဟောပြောခြင်း​တွင် ပါဝင်​ရန်​လည်း ခက်ခဲ​ခဲ့​၏။ ညီအစ်ကို​ဂျဲန်​နစ်​ဇ် ဤသို့​ပြန်​ပြောပြ​၏– “တစ်ခါ​တ​လေ​မှာ အိမ်​တစ်အိမ်​ကို​ရောက်​ပြီး​တာ​တောင် တံခါး​ခေါင်းလောင်း​နှိပ်​နိုင်​လောက်​အောင် ကျွန်တော့်​မှာ​အင်အား​မရှိတော့ဘူး။ ဒါပေမဲ့ လက်မလျှော့​ပါ​ဘူး။ ဘာကြောင့်လဲ​ဆိုတော့ ကျွန်တော်​တို့​ရဲ့​အမှုဆောင်ခြင်းဟာ ကျွန်တော်​တို့​ကိုယ်တိုင်​အတွက်ရော လိုလိုလားလား​လက်ခံသူ ဘယ်သူ​မဆို​အတွက်​ပါ ကယ်တင်ခြင်း​ဖြစ်တယ်​ဆိုတာ​ကို ကျွန်တော်​သိထားတယ်။ (၁ တိမောသေ ၄:၁၆) ခဏအကြာ​မှာ ကျွန်တော့်​ရဲ့​စိတ်​လှုပ်ရှားမှု​ကို ထိန်းချုပ်​နိုင်​ပြီး နောက်​တံခါး​တစ်ခု​ကို​သွား၊ တစ်ခါ​ထပ်​ကြိုးစား​ပြန်​တယ်။ အမှုဆောင်ခြင်းမှာ ဆက်လက်​ပါဝင်ခြင်း​ကြောင့် အတော်အတန်​ဝိညာဉ်​ရေးရာ​ကျန်းမာ​မှု​ကို ဆက်​ထိန်းသိမ်း​ထားပြီး အဲဒါ​က ကျော်လွှား​နိုင်စွမ်း​တိုးပွား​စေ​ခဲ့​တယ်။”

ညီအစ်ကို​ဂျဲန်​နစ်​ဇ်​၏ ပွင့်လင်း​သော​ဖော်ပြချက်​က စာရှုသူ​များစွာ​အား သူတို့၏ စိတ်​ဆင်းရဲမှု​များ​ကို ထပ်တူ မကြောက်​မ​ရွံ့ ရင်ဆိုင်​ရန် ကူညီ​ပေး​ခဲ့ပြီ။ ဥပမာ၊ ခရစ်ယာန်​ညီအစ်မ​တစ်ဦး ဤသို့​ရေးခဲ့​၏– “ကင်းမျှော်စင် နဲ့ နိုးလော့! ကို​ဖတ်​ခဲ့​တဲ့ ၂၈ နှစ်​အတွင်းမှာ ဒီ​ဆောင်းပါး​က ကျွန်မ​ကို လှုံ့ဆော်မှု​အဖြစ်​ဆုံး​ပဲ။ အချိန်ပြည့်​လုပ်ငန်း​ကနေ ကျွန်မ​နား​လိုက်ရတယ်။ ကျွန်မ​မှာ ယုံကြည်ခြင်း​သာ ဒီထက် ပို​ရှိမယ်ဆိုရင် ဆက်လုပ်​နိုင်​မယ်​ဆို​တဲ့​စိတ်​ကြောင့် အပြစ်​ရှိတယ်လို့ ခံစား​ခဲ့​ရတယ်။ ညီအစ်ကို​ဂျဲန်​နစ်​ဇ်​က သူ့​ရောဂါ​ကုသ​ဖို့ တာဝန်​တစ်ခု​ကို စွန့်လွှတ်​ခဲ့​တဲ့​အကြောင်း ဖတ်​ရတော့ ကျွန်မ​အခြေအနေ​ကို ဟန်ချက်ညီ ညီ ရှု မြင်နိုင်​ဖို့ ကူညီ​ပေး​ခဲ့​တယ်။ အဲဒါ​က ကျွန်မ​ဆုတောင်းချက်​ရဲ့ အဖြေ​ပဲ!

အလားတူ၊ ခရစ်ယာန်​ညီအစ်ကို​တစ်ဦး ဤသို့​ရေးသားခဲ့​၏– “အသင်းတော်​အကြီးအကဲ​အဖြစ် ၁၀ နှစ်​ကြာ ထမ်းဆောင်​ပြီး​တဲ့​နောက် စိတ်ပိုင်း​ဆိုင်ရာ​ရောဂါ​တစ်မျိုး​ကြောင့် ဒီ​အခွင့်ထူး​ကို စွန့်လွှတ်​ခဲ့​ရတယ်။ အသုံးမကျ​ဘူးဆို​တဲ့ ခံစားချက်​ကြောင့် ယေဟောဝါ​လူမျိုးတော်ရဲ့ ထူးခြားတဲ့ အောင်မြင်မှု​တွေ​အကြောင်း ပြန်​ပြော​လေ့​ရှိတဲ့ ဘဝ​အတ္ထုပ္ပတ္တိ ဆောင်းပါး​တွေ​ကို​ဖတ်​ရမှာ ကျွန်တော်​အရမ်း​စိတ်ပျက်​တယ်။ ဒါပေမဲ့ ညီအစ်ကို​ဂျဲန်​နစ်​ဇ်​ရဲ့ မဆုတ်မနစ်​ဇွဲရှိ​မှု​က ကျွန်တော့်​ကို စိတ်ဓာတ်​တက်ကြွ​စေ​ခဲ့​တယ်။ အဲဒီ​ဆောင်းပါး​ကို​ဖတ်​တာ အကြိမ်ပေါင်း မရေမတွက်​နိုင်အောင်​ပါ​ပဲ။”

ယုံကြည်​စိတ်ချမှု​ဖြင့် ရှေ့သို့​ချီ

ညီအစ်ကို​အို​မ်​ဘဲ​ဗာ​နှင့်  ဂျဲန်​နစ်​ဇ်​တို့​ကဲ့သို့​ပင် ယေဟောဝါသက်သေ​များစွာ​သည် စိတ်ပျက်ဖွယ်​အတားအဆီး​များ​ကြား​မှ မကြောက်​မ​ရွံ့​ဘဲ ယေဟောဝါ​ဘုရားသခင်​ကို ဆက်၍​ဝတ်ပြု​နေကြ​သည်။ သင်လည်း ထို​ကဲ့သို့​သော​သူတို့​အဝင်​ဖြစ်ပါ​က ချီးမွမ်း​ခံထိုက်​ပါ​သည်။ ဤ​အချက်​ကို စိတ်ချ​ပါ– ‘သင်တို့သည် သန့်ရှင်းသူ​တို့ကို အထက်​က​လုပ်ကျွေး​သည်​သာမက၊ ယခု​ပင်​လုပ်ကျွေး​ခြင်း​အမှုကို​လည်းကောင်း၊ ထိုသို့​ပြုသော​အားဖြင့် နာမတော်​ကို​ထောက်၍ ပြ​သော​မေတ္တာကိုလည်း​ကောင်း ဘုရားသခင်​သည် မေ့လျော့​သည်​တိုင်အောင် မတရားသော​အမှုကို ပြု​တော်​မူ​သည်မဟုတ်။’—ဟေဗြဲ ၆:၁၀

ယေဟောဝါ​သည် ကိုယ်တော်​၏ ရှေး​သစ္စာရှိ​လူမျိုးတော်​အား ၎င်းတို့၏​ရန်သူများ​ကို အောင်မြင်​နိုင်​ရန် ကူညီ​ခဲ့​သကဲ့သို့ သင်ရင်​ဆိုင်​ရသည့် အတားအဆီး​များ​ကို အောင်မြင်​နိုင်​ရန် ကိုယ်တော်​ကူညီ​ပေး​နိုင်​ပါ​သည်။ ထို့​ကြောင့် ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ယေဟောဝါ​မိန့်တော်မူ​ခဲ့​သော ဤ​စကား​များ​ကို နှလုံး​သွင်း​ပါ​လေ– “မစိုးရိမ်​နှင့်။ ငါသည် သင့်​ဘက်မှာ​ရှိ၏။ မကြောက်​နှင့်။ သင်၏​ဘုရားသခင်​ငါသည် သင့်ကို​ခိုင်ခံ့​စေမည်။ သင့်ကို​စောင့်မ​မည်။ ငါ့​သစ္စာ​လက်ယာလက်​ဖြင့် ထောက်ပင့်​မည်။”—ဟေရှာယ ၄၁:၁၀

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ညီအစ်ကို​စ​တန်​လေ အို​မ်​ဘဲ​ဗာ (အပေါ်) နှင့် ဟဲရ်​ဘက် ဂျဲန်​နစ်​ဇ် (ယာ) ကဲ့သို့​ပင် များစွာသော​သူတို့သည် ကြောက်ရွံ့​ခြင်း​မရှိဘဲ ယေဟောဝါ​အား ဝတ်ပြု​နေကြ

[Picture Credit Line on page 14]

USAF photo