မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာမူများကို ကျင့်သုံးခြင်းဖြင့် ကျေနပ်ရောင့်ရဲမှု ခံစားပါ

သမ္မာကျမ်းစာမူများကို ကျင့်သုံးခြင်းဖြင့် ကျေနပ်ရောင့်ရဲမှု ခံစားပါ

သမ္မာကျမ်းစာ​မူများ​ကို ကျင့်သုံး​ခြင်း​ဖြင့် ကျေနပ်​ရောင့်ရဲမှု ခံစား​ပါ

စိတ်​ကျေနပ်မှု​ကို ဖော်ပြ​သည့်​အနေ​ဖြင့် လည်ချောင်း​သံ​နှင့်​အသက်ရှူ​ကာ ခွေခွေလေး​အိပ်​နေသည့် ကြောင်​တစ်ကောင်​ကို အသင် မြင်ဖူး​ပေမည်။ ထို​ကြောင်​လေး​ကဲ့သို့ ကျေနပ်​ရောင့်ရဲမှု ခံစား​နိုင်​မည်​ဆိုလျှင် ကောင်း​လိုက်​မည်​ဖြစ်​ခြင်း။ သို့ရာတွင် လူများစွာ​အတွက် ကျေနပ်​ရောင့်ရဲမှု​ခံစား​ရဖို့ မလွယ်ကူ​သည့်​အပြင် ခံစားရ​လျှင်​လည်း တဒင်္ဂ​မျှ​ပင်။ ယင်း​သို့ အဘယ်ကြောင့်​ဖြစ်​ရသနည်း။

အကြောင်း​မှာ ကျွန်ုပ်​တို့၏​မစုံလင်မှု​ကြောင့်​ဖြစ်​ပြီး အခြား​သူတို့၏​အားနည်းချက်များ​ကို သည်းခံနေ​ရ​၍​လည်း​ဖြစ်သည်။ ထို့​ပြင် သမ္မာကျမ်းစာ​က နောက်ဆုံး​ကာလ​ဟု​ခေါ်​သည့် “ခဲယဉ်း​သော​ကာလ” တွင် ကျွန်ုပ်​တို့ အသက်ရှင်နေ​ရ​၍​လည်း​ဖြစ်၏။ (၂ တိမောသေ ၃:၁-၅) ကလေး​ဘဝက ပျော်ရွှင်​ကျေနပ်စရာ​လေး​များ​ကို စွဲလမ်း​တမ်းတ​အမှတ်ရနေ​နိုင်​သော်လည်း ယခု​အချိန်တွင် ကျွန်ုပ်​တို့​အများစု​သည် “ခဲယဉ်း​သော​ကာလ” ၏​အကျိုးဆက်များ​ကို ခါးစည်း​ခံ​နေကြ​ရသည်။ ယနေ့ခေတ်​တွင် ကျေနပ်​ရောင့်ရဲမှု ခံစား​နိုင်​ပါ​မည်​လော။

သမ္မာကျမ်းစာ​က ဤ​ကာလ​ကို ကိုင်တွယ်​ဖြေရှင်း၍ မ​ရသော​ကာလ​ဟု​မဆို​ဘဲ ကိုင်တွယ်​ဖြေရှင်းရန် ခဲယဉ်း​သော​ကာလ​ဟု​ဆို​ထား​ကြောင်း သတိပြုပါ။ သမ္မာကျမ်းစာ​မူများ အသုံးပြု၍ ယင်းကို ရင်ဆိုင်​နိုင်​သည်။ ကျွန်ုပ်​တို့၏​ပြဿနာ​မှန်သမျှကို ဖြေ ရှင်း​နိုင်​မည်​မဟုတ်သော်လည်း ကျေနပ်​ရောင့်ရဲမှု အတော်အတန် ခံစားရ​ယူ​နိုင်​သည်။ ထို​ကျမ်းစာမူ​သုံးခုကို ဆန်းစစ်​ကြည့်​ကြ​စို့။

အရှိအတိုင်း ရှုမြင်​တတ်​ပါ

ကျေနပ်​ရောင့်ရဲမှု​ခံစားရ​ရန် မိမိ​ကိုယ်တိုင်​နှင့် အခြား​သူတို့၏ ကန့်သတ်ချက်​များ​ကို အရှိအတိုင်း​ရှုမြင်​တတ်​ရမည်​ဖြစ်၏။ ပေါလု​သည် ရောမ​သို့​စာရေး​ရာ​တွင် ‘လူအပေါင်း​တို့သည် ဘုရားသခင်​၏​ဘုန်းတော်​ကို မမီ​ဘဲ ပြစ်မှား​ကြသည်’ ဟု​ဆို​ခဲ့​သည်။ (ရောမ ၃:၂၃သ​မ) ယေဟောဝါ​၏​ဘုန်းတော်​ကို ကျွန်ုပ်​တို့ အပြည့်အဝ​နားလည်​နိုင်​မည် မဟုတ်​ချေ။ ဥပမာတစ်ခု​ကို ကမ္ဘာဦး ၁:၃၁ တွင် ဖော်ပြ​ထား​သည်– “ဘုရားသခင်​သည် မိမိ​ဖန်ဆင်း​သမျှ​သော​အရာ​တို့ကို ကြည့်ရှု​လျှင် အလွန်​ကောင်း​သည်ကို မြင်တော်မူ​၏။” ယေဟောဝါ​သည် မိမိ​လုပ်ဆောင်ခဲ့​ရာ​ကို ပြန်ပြောင်း​ကြည့်​သည့်​အခါတိုင်း “အလွန်​ကောင်း​သည်” ဟု​အမြဲ​ပြောဆို​နိုင်၏။ အဘယ်​လူသား​မျှ ထိုသို့​ပြောဆို​နိုင်​မည်​မဟုတ်​ချေ။ ထို့​ကြောင့် ကျွန်ုပ်​တို့​တတ်နိုင်​သည့်​အတိုင်းအတာကို အသိအမှတ်​ပြုခြင်း​က ကျေနပ်​ရောင့်ရဲမှု​ခံစား​ရစေ​မည့် ပထမ​ခြေလှမ်း​ဖြစ်၏။ သို့သော် ထို​ထက်မက​ရှိသေး​သည်။ ကိစ္စရပ်​များ​ကို ယေဟောဝါ​မည်သို့​ရှုမြင်​ကြောင်း သဘောပေါက်​ကာ ယင်းကို​လက်ခံရ​မည်။

“အပြစ်” ဟု​ပြန်ဆို​ခံရ​သော ဂရိ​စကားလုံး​သည် “ပစ်မှတ်​လွဲချော်​ခြင်း” ဟု​အဓိပ္ပာယ်​ရှိသော ရင်းမြစ်​စကား​မှ ဆင်းသက်လာ​သည်။ ဥပမာ၊ ဆု​ရလိုသည့်​လေး​သ​မား​တစ်ဦး​ကို မြင်ယောင်​ကြည့်​ပါ။ သူသည် မြား​သုံး​စင်း​ပစ်​ခွင့်​ရှိ၏။ ဦးဆုံး​မြား​တစ်စင်း​ကို​ပစ်လိုက်​ရာ ပစ်မှတ်​နှင့် တစ်​ကိုက်​လွဲချော်​သွား​သည်။ သို့ နှင့် ပစ်မှတ်​ကို​သေသေချာချာ​ချိန်ရွယ်​ကာ ဒုတိယ​မြား​ကို​ထပ်​ပစ်လိုက်​သည့်​အခါ တစ်​ပေ​လွဲချော်​ပြန်​သည်။ ထို့နောက် အာရုံ​အပြည့်​စူးစိုက်​၍ နောက်ဆုံး​မြား​ကို​ပစ်လွှတ်​ရာ ပစ်မှတ်​နှင့် တစ်လက်​မ​သာ လွဲချော်​တော့​သည်။ ပစ်မှတ်​ကို ထိ​လု​နီးပါး​ဖြစ်သော်လည်း လွဲချော်​နေတုန်း​ပင်။

ကျွန်ုပ်​တို့အားလုံး​လည်း စိတ်ပျက်လက်ပျက်​ဖြစ်သွား​သော ထို​လေး​သ​မား​နှင့်​တူ​သည်။ တစ်ခါတစ်ရံ ကျွန်ုပ်​တို့သည် ပစ်မှတ်​နှင့် အတော်​လွဲချော်​သွား​ပုံ​ရသည်။ တ​ခါ​တစ်ရံ​တွင်​မူ ပစ်မှတ်​နှင့် ပို​နီးစပ်​လာ​သော်လည်း လွဲချော်​နေတုန်း​ပင်။ ကျွန်ုပ်​တို့ အလွန်​ကြိုးစား​လုပ်ဆောင်ပါ​လျက် စိတ်တိုင်းကျ​မဖြစ်​လာ​သည့်​အတွက်  မချင့်မရဲ​ဖြစ်​မိ​သည်။ ယခု လေး​သ​မား​အကြောင်း ပြန်​ဆက်​ကြ​စို့။

သူ​အမှန်​ပိုင်ဆိုင်​လို​သော​ဆု​ကို မရရှိ​သည့်​အတွက် စိတ်ဓာတ်ကျ​ကာ လှည့်ထွက်​သွား​၏။ ထို​အ​ခိုက် တာဝန်ခံ​လူကြီး​က သူ့ကို​ပြန်​ခေါ်​လိုက်ပြီး ဆု​ကို​ကမ်းပေး​ကာ “ခင်ဗျား​ကို သဘောကျ​လို့ ဒီ​ဆု​ပေး​ချင်​တယ်​ဗျာ။ ခင်ဗျား​ဘယ်လောက်​ကြိုးစား​တယ်​ဆိုတာ ကျုပ်​သိတယ်” ဟု​ပြော​၏။ လေး​သ​မား​ခမျာ ပီတိဖြာ​လိုက်​မည်​ဖြစ်​ခြင်း။

ပီတိဖြာ​သည် ဟုတ်​စ! ဘုရားသခင်​ထံ​မှ စုံလင်သော​ထာဝရ​အသက် “ဆုကျေးဇူး” ကို​ရရှိ​သူ​တိုင်း ထိုသို့​ခံစားရ​ပေမည်။ (ရောမ ၆:၂၃) ထို့နောက် ၎င်းတို့သည် လုပ်ဆောင်လေသမျှ အပြစ်ဆိုဖွယ်​မရှိ​ဖြစ်​ပြီး နောက်ထပ် ဘယ်တော့​မျှ ပစ်မှတ်​လွဲချော်​ကြ​တော့​မည်​မဟုတ်ပေ။ သူတို့သည် အမှန် ကျေနပ်​ရောင့်ရဲမှု​ခံစားရ​လိမ့်​မည်။ ဤ​အချိန်​အတောအတွင်း ယင်း​အချက်​ကို စိတ်စွဲ​မှတ်ထားပါ​က မိမိ​ကိုယ်တိုင် စိတ်​ချမ်းသာ​ပြီး အခြားသူများ​ကြောင့်​လည်း စိတ်​အနှောင့်အယှက်​ဖြစ်​မည်​မဟုတ်ပေ။

အချိန်ပေး​ရမည်ကို အသိအမှတ်ပြု​ပါ

ဘယ်အရာ​မဆို အချိန်ပေး​ဖို့​လို​သည်​မှာ အမှန်ပင်။ သို့သော် သင်​စောင့်မျှော်​နေသော​အရာတစ်ခု​သည် ထင်​သည်ထက် ပို​နှောင့်နှေး​နေ​ပုံ​ရသောအခါ သို့​မဟုတ် စိတ်မချ​မ်းမြေ့​ဖွယ်​အခြေအနေ​တစ်ခု​သည် ထင်​သည်ထက် ပို​ရှည်ကြာ​နေ​ပုံ​ရသောအခါ အလွန်​ပင် မကျေမနပ်​ဖြစ်​ရ​ကြောင်း သတိပြုမိ​သလော။ သို့သော် အချို့​သူတို့သည် အဆိုပါ​အခြေအနေ​များ​တွင်​ပင် ကျေနပ်​ရောင့်ရဲ​နေနိုင်​ကြသည်။ ယေရှု၏​နမူနာကို သုံးသပ်ကြ​စို့။

ယေရှုသည် မြေကြီးပေါ် မကြွလာမီ ကောင်းကင်​၌​ရှိ​စဉ် နာခံမှု​တင်ပြ​ရာ​တွင် စံနမူနာရှင်​ဖြစ်​ခဲ့​၏။ သို့သော် ကိုယ်တော်​သည် မြေကြီးပေါ်​တွင် ‘နာခံမှု​ကို သင်ယူ’ ခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ ‘ဆင်းရဲခြင်း​ဝေဒနာ​ကို​ခံ​သော​အားဖြင့်’ ဖြစ်၏။ ယခင်​က ကိုယ်တော်​သည် ဆင်းရဲ​ဝေဒနာ​ကို တွေ့မြင်​ခဲ့​ဖူး​သော်လည်း ကိုယ်တွေ့​မကြုံဖူး​သေး​ချေ။ မြေကြီးပေါ်​ကြွလာ​သည့်​အခါ၊ အထူးသဖြင့် ယော်ဒန်​မြစ်​တွင် နှစ်ခြင်း​ခံ​ချိန်​မှ​သည် ဂေါလဂေါသ​အရပ်၌ သေဆုံး​ချိန်​တိုင် ဆင်းရဲ​ခက်ခဲ​သည့်​အခြေအနေ​များစွာကို ကြုံတွေ့​ခဲ့​ရသည်။ ဤ​ကိစ္စ​တွင် ယေရှုသည် အဘယ်​နည်းဖြင့် “စုံလင်” ခဲ့​ကြောင်း အသေးစိတ်​မသိ​ရ​သော်လည်း ယင်း​သို့​ဖြစ်​ရန် အချိန်​ယူဖို့​လို​သည်ကို ကျွန်ုပ်​တို့​သိထားကြသည်။—ဟေဗြဲ ၅:၈၊ ၉

ယေရှုသည်  “မိမိ​ရှေ့၌​ထားသော  ဝမ်းမြောက်ခြင်း​အကြောင်း” ကို တွေးတော​ဆင်ခြင်​သောကြောင့် အောင်မြင်ခြင်း​ဖြစ်၏။  (ဟေဗြဲ ၁၂:၂) သို့သော် တစ်ခါတစ်ရံ ကိုယ်တော်​သည် “ကြီးစွာ​သော​ကြွေးကြော်​ခြင်း၊ မျက်ရည်ကျ​ခြင်း​နှင့် ဆုတောင်း” ခဲ့​သည်။ (ဟေဗြဲ ၅:၇သမ္မာ) ကျွန်ုပ်​တို့​လည်း တစ်ခါတစ်ရံ ထို​နည်းတူ ဆုတောင်း​ပေမည်။ ယင်းကို ယေဟောဝါ မည်သို့​ရှုမြင်​သနည်း။  ယေရှု၏​ဆုတောင်းချက်​ကို  ယေဟောဝါ နားညောင်း​ခဲ့​ကြောင်း ထို​အခန်းငယ်​က ဖော်ပြ​သည်။ ကျွန်ုပ်​တို့၏​ဆုတောင်းသံ​ကိုလည်း ကိုယ်တော် နားညောင်း​ပေမည်။ အဘယ်ကြောင့်​နည်း။

အကြောင်း​မှာ ယေဟောဝါ​သည် ကျွန်ုပ်​တို့ တတ်နိုင်​သည့်​အတိုင်းအတာကို သိရှိပြီး အကူအညီ​ပေး​နေသော​ကြောင့်​ဖြစ်၏။ လူတိုင်း​၌ ကိုယ်​တတ်နိုင်​သည့် အတိုင်းအတာ​ရှိကြ​၏။ အာဖရိက​ရှိ ဘီနင်​နိုင်ငံသား​တို့​တွင် “ရေ​များ​လွန်း​လျှင် ဖား​များ​ပင် ရေနစ်​သွား​နိုင်​သည်” ဟူသော ဆိုရိုး​စကား​ရှိ၏။ မည်သည့်​အခါ​တွင် ကျွန်ုပ်​တို့၏​အတိုင်းအတာ​ကုန်ဆုံး​မည်​ကို ကျွန်ုပ်​တို့​သိ​သည်ထက် ယေဟောဝါ ပို​သိတော်မူ​သည်။ ကိုယ်တော်​သည် “ကူညီ​ရန်လို​အပ်​ချိန်​၌ ကရုဏာတော်​နှင့် ကျေးဇူးတော်​ကို” မေတ္တာပါပါ ထောက်မ​တော်​မူ​သည်။ (ဟေဗြဲ ၄:၁၆ခသ) ကိုယ်တော်​သည် ယေရှု​အား ယင်း​သို့​ထောက်မ​ခဲ့​ပြီး အခြားသူများ​စွာ​ကိုလည်း အလားတူ​ပြု​တော်​မူ​သည်။ ယင်းကို မော်​နီ​ကာ မည်သို့​တွေ့ ကြုံ​ခံစား​ခဲ့​ရ​ကြောင်း သုံးသပ်ကြည့်​ပါ။

မော်​နီ​ကာ​သည် အပူအပင်​ကင်း​သူ၊ မြူး​ကြွ​သွက်လက်​၍ ပျော်ပျော်​နေတတ်​သူ​ဖြစ်၏။ သူသည် ၁၉၆၈ ခုနှစ်၊ အသက် ၂၀ ကျော်​စ​အရွယ်​၌ ကိုယ်​အင်္ဂါ​အစိတ်အပိုင်း​များ​သေသွား​နိုင်သော နာတာရှည်​နဗ်ကြော​ဖွဲ့​ရောဂါ​ရှိနေကြောင်း သိလိုက်ရ​ချိန်​တွင် အလွန်​ထိတ်လန့်​သွား​သည်။ ယင်းကြောင့် သူ့​ဘဝ ကပြောင်းကပြန်​ဖြစ်​ခဲ့​ပြီး အချိန်ပြည့်​အမှုဆောင်ခြင်း​တွင် အကြီးအကျယ် အပြောင်းအလဲ​လုပ်​ရလေ​သည်။ ထို​ရောဂါ​သည် တော်​တော်​နှင့်​မ​ပျောက်ကင်း​နိုင်​သည့်​ရောဂါ​ဖြစ်​ကြောင်း မော်​နီ​ကာ သိထား​သည်။ ဆယ့်ခြောက်​နှစ်​ကြာသော် သူ​ဤသို့​ဆို​၏– “အခုထိ ကျွန်မ​ရဲ့​ရောဂါ မ​ပျောက်​နိုင်​သေး​ဘူး၊ အရာခပ်သိမ်း​ကို ဘုရားသခင် အသစ်​ဖန်ဆင်း​မယ့် စနစ်သစ်​မရောက်မချင်း ပျောက်​နိုင်​မယ်​မထင်​ဘူး။” ယင်းသည် မလွယ်ကူ​ကြောင်း သူ​ဤသို့​ဝန်ခံခဲ့​သည်– “ကျွန်မ အရင်ကလို​ပဲ အမြဲ​ပျော်ပျော်​နေတတ်တယ်​လို့ သူငယ်ချင်းတွေက ပြော​ကြတယ်၊ . . . ဒါပေမဲ့ တစ်ခါ​တ​လေ ကျွန်မ ချုံးပွဲချ​ငိုရ​တဲ့​အထိ​ဖြစ်တယ်​ဆိုတာ​ကို မိတ်​ရင်း​ဆွေ​ရင်း​တွေ​က​ပဲ သိတယ်။”

“စိတ်ရှည်​တတ်​ဖို့နဲ့ တိုးတက်​တဲ့​လက္ခဏာ နည်းနည်းလေး​ပြ​ရင်တောင် ပျော်ရွှင်​တတ်​ဖို့ ကြိုးစား​ရတယ်။ လူတွေ​အနေ​နဲ့ ရောဂါ​ကို ကိုယ့်​ဘာသာ​ကိုယ် တိုက်ဖျက်​နိုင်စွမ်း​မရှိမှန်း ကျွန်မ​သိလာ​လေ​လေ ယေဟောဝါ​နဲ့ ပို​ပြီး​ရင်းနှီး​လာ​လေ​လေ​ပဲ။ ယေဟောဝါ​တစ်ပါး​တည်း​သာ အပြီးသတ် ကုစား​ပေး​နိုင်​မယ်” ဟု​သူ​ဆို​သည်။ မော်​နီ​ကာ​သည် ယေဟောဝါ​၏​အကူအညီ​ကြောင့် ကျေနပ်​ရောင့်ရဲမှု​ရှိ​မြဲ​ဖြစ်​ပြီး အနှစ် ၄၀ ကျော် အချိန်ပြည့်​အမှုဆောင်ခဲ့သည်​ကို ယခု ပြန်တွေး​တော​နိုင်​သည်။

မော်​နီ​ကာ​ကဲ့သို့ တွေ့ကြုံ​ခံစား​ရခြင်း​သည် လွယ်ကူ​မည်​မဟုတ်ပါ။ သို့ရာတွင် တစ်စုံတစ်ရာ​သည် သင်​ထင်​သည်ထက် ပို​ကြန့်ကြာ​နိုင်​သည်ကို အသိအမှတ်ပြု​ထား​မည်​ဆိုလျှင် ကျေနပ်​ရောင့်ရဲမှု ပိုမို​ခံစားရ​မည်​ဖြစ်၏။ မော်​နီ​ကာ​ကဲ့သို့​ပင် သင်လည်း ယေဟောဝါ​သည် “လိုအပ်ချိန်​၌” ကူညီ​ပေး​မည်​ဖြစ်​ကြောင်း စိတ်ချ​နိုင်​သည်။

မ​နှိုင်းယှဉ်​နှင့်လက်တွေ့ကျ​သော​ပန်းတိုင်​များ ချမှတ်​ပါ

သင်သည် သင်​ဖြစ်၏။ သင်​နှင့်​တထေရာတည်း​တူ​သူ မရှိပေ။ အာဖရိက​မှ ဂွန်း​လူမျိုး၏​စကားပုံ​တစ်ခု​က ယင်း​အဖြစ်မှန်​ကို ဤသို့​ရိုးရိုးလေး​ဖော်ပြ​သည်– “လက်ချောင်း​အားလုံး အတို​အရှည် မတူကြ​ပေ။” လက်ချောင်း​တစ်ခု​ကို အခြား​လက်ချောင်း​နှင့် နှိုင်းယှဉ်​ခြင်း​သည် မိုက်မဲ​ရာ​ရောက်​သည်။ ယေဟောဝါ​က သင့်​အား အခြားသူ​နှင့်​နှိုင်းယှဉ်​သည်ကို သင်,မလိုလား​သကဲ့သို့ ကိုယ်တော်​လည်း ဘယ်တော့​မျှ ထိုသို့​ပြု​မည်​မဟုတ်ပေ။ သို့သော် လူ​တို့​တွင် နှိုင်းယှဉ်​သည့်​သဘော ရှိ​တတ်ကြ​ပြီး ယင်းက ကျေနပ်​ရောင့်ရဲမှု​ကို ဆုံးရှုံး​စေနိုင်​သည်။ မဿဲ ၂၀:၁-၁၆ ကို​ဖတ်​သည့်​အခါ ယင်း​အချက်​ကို ယေရှု​မည်သို့ ထိရောက်​စွာ သရုပ်ဖော်​ခဲ့​ကြောင်း သတိပြုပါ။

မိမိ​စပျစ်​ဥယျာဉ်​တွင် လုပ်သား​လိုအပ်​နေသော “စပျစ်​ဥယျာဉ်ရှင်” တစ်ဦး​အကြောင်း ယေရှု​မိန့်ဆို​၏။ ထို​အရှင်​သည် အလုပ်အကိုင်​မရှိသော အမျိုးသား​အချို့​ကို နံနက် ၆:၀၀ နာရီ​ဖြစ်​ကောင်း​ဖြစ်​မည့် “နံနက်​စောစော” တွင် ရှာဖွေ​ကာ အလုပ်လုပ်​ရန် ငှား​ရမ်း​လိုက်​သည်။ သူတို့သည် ထုံးစံ​ရှိသည့်အတိုင်း ၁၂ နာရီ​ကြာ​သည့် တစ်နေ့တာ​အလုပ်ချိန်​အတွက် လုပ်ခ​ကို ဒေနာရိ​တစ်ပြား​နှင့် သဘောတူ​ထား​ကြ​၏။ အလုပ်​လည်း​ရ၊ သတ်မှတ်​ထား​သည့်​လုပ်ခ​လည်း​ရသော​ကြောင့် သူတို့​ဝမ်းသာ​ကြ​မည်​မှာ သေချာ​၏။ ထို့နောက် ဥယျာဉ်ရှင်​သည် နံနက် ၉ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီ​နှင့် ညနေ ၅ နာရီ​အချိန်​တို့​တွင် အလုပ်​လက်မဲ့​များ​ကို အလုပ်​ပေး​ခဲ့​၏။ ဤ​အုပ်စု​တွင် မည်သူမျှ တစ်နေ့လုံး​အပြည့် အလုပ်​မ​လုပ်ကြ​ရ​ပါ။ ဥယျာဉ်ရှင်​က လုပ်ခ​ကို “တော်လျော်​စွာ​ပေး​မည်” ဟု​ကတိပေး​ရာ ထို​လုပ်သားများ သဘောတူ​ကြသည်။

အလုပ်​သိမ်း​ချိန်​တွင် အိမ်ရှင်​က မိမိ​စာရေး​ကို​ခေါ်​ကာ လုပ်ခ​ရှင်း​စေ​သည်။ လုပ်သားများ​ကို​ခေါ်​ပြီး နောက်ဆုံး​မှ အလုပ်ဝင်​သူများကို လုပ်ခ​အရင်​ရှင်း​ပေး​ရန် ပြော​၏။ အံ့ဩစရာ​မှာ တစ်​နာရီ​သာ အလုပ်လုပ်​ရသော ဤ​သူများ​သည် တစ်နေ့​လုပ်ခ​အပြည့်​ရ​ကြသည်။ သို့​နှင့် ထို​တွင် အကြီးအကျယ်​စကား​များ​ခဲ့​ကြသည်​ကို မြင်ယောင်​ကြည့်​နိုင်​သည်။ ၁၂ နာရီ​အပြည့် လုပ်ဆောင်​သူများ​က မိမိတို့​လုပ်ခ အချိုး​ကျ​ပို​များ​လိမ့်​မည်​ဟု ယူဆ​ခဲ့​ကြ​၏။ သို့သော် ထို​ငွေ​ပမာဏ​ကို​သာ ရရှိကြ​လေ​သည်။

သူတို့ မည်သို့​တုံ့ပြန်​ကြ​သနည်း။ “ထိုသို့​ခံ​ပြီး​လျှင် အိမ်ရှင်ကို​ကဲ့ရဲ့​ပြစ်​တင်၍ ‘နောက်​ဝင်​သော​သူတို့သည် တစ်​နာရီ​ခန့်မျှ​သာ လုပ်ဆောင်​သော်လည်း တစ်နေ့လုံး အမှု​ဝန်ကို​ထမ်းရွက်​၍ နေ​ပူ​ဆင်းရဲခံ​ရသော​အကျွန်ုပ်​တို့​နှင့် အညီ​အမျှ ကိုယ်တော်​စီရင်​ပါ​ပြီ​တကား’ ဟု​ဆို​ကြ​၏။”

ဥယျာဉ်ရှင်​၏​သဘောထား​မှာ​မူ ထိုသို့​မဟုတ်ပေ။ ၎င်း​တို့​သဘောတူ​ထား​သည့် လုပ်ခ​အတိုင်း ရရှိကြ​ကြောင်း၊ မည်သူမျှ လုပ်ခ​မ​လျော့​ကြောင်း ထောက်ပြ​၏။ ဥယျာဉ်ရှင်​က အခြားသူ​တို့ကို​လည်း တစ်နေ့​လုပ်ခ​အပြည့် ရှင်း​ပေး​ရာ ထို​သူတို့​မျှော်လင့်​ထား​သည်ထက် ပို​ရသည်မှာ သေချာ​သည်။ အမှန်​မှာ သူတို့​အားလုံး​ရသော​လုပ်ခ​သည် သူတို့​သဘောတူ​ထား​သည်ထက် မ​လျော့​ပေ၊ လုပ်သား​အများစု​သည် မိမိတို့​မျှော်လင့်​ထား​သည့်​လုပ်ခ​ထက်​ပင် ပို​ရရှိ​ကြသည်။ နိဂုံး​တွင် ဥယျာဉ်ရှင်​က “ငါသည် ကိုယ်​ဥစ္စာ​ကို​ပြု​လိုသမျှ မပြု​ရာ​သလော” ဟု​မေး​လေ​၏။

စာရေး​သည် ပထမ​အုပ်စု​ကို လုပ်ခ​ရှင်း​ပေး​ပြီး​နောက် ချက်ချင်း​ပြန်လွှတ်​လိုက်​လျှင်​ကော။ သူတို့ ကျေနပ်​ကြ​ပေမည်။ အခြားသူ​တို့သည် သူတို့​လောက်​မ​လုပ်​ရ​သော်လည်း လုပ်ခ​အပြည့်​ရသည်ကို မြင်​သောအခါ​မှ​သာ သူတို့​မကျေမနပ်​ဖြစ်​ကြ​ခြင်း​ဖြစ်သည်။ ထို​ကြောင့် သူတို့ ဒေါသ​ထွက်ကြ​ပြီး သူတို့ကို​အလုပ်​ပေး​စဉ်​က ကျေးဇူး​တင်​ခဲ့​ကြသော​အလုပ်ရှင်​ကို အပြစ်တင်​မြည်တမ်း​ကြ​လေ​တော့​သည်။

ယင်း​ဥပမာ​က ကျွန်ုပ်​တို့သည် နှိုင်းယှဉ်​စိတ်ဝင်​လာ​သည့်​အခါ ဖြစ်ပျက်​တတ်​သည့်​အရာ​ကို ဖော်ပြ​နေသည်။ သင်သည် ယေဟောဝါ​နှင့် သင်၏ ရင်းနှီးသော​ဆက်ဆံ​ရေး​အကြောင်းကို တွေးတော​ဆင်ခြင်​ကာ သင့်​အား ကိုယ်တော်​ပေး​သည့် ကောင်းချီး​များ​အတွက် ကျေးဇူး​တင်​ပါ​က ကျေနပ်မှု​ခံစားရ​ပေမည်။ ထို့​ကြောင့် သင့်​အခြေအနေ​ကို အခြား​သူတို့၏​အခြေအနေ​နှင့် မ​နှိုင်းယှဉ်ပါ​နှင့်။ အခြား​သူတို့ကို ယေဟောဝါ ပို​၍​ကောင်းချီး​ပေး​နေ​ဟန်​ရှိပါက သူတို့​အတွက် ပျော်ရွှင်​ပါ၊ သူတို့နှင့်​အတူ ဝမ်းမြောက်​ပါ​လေ။

ယေဟောဝါ​သည် သင့်ထံ​မှ တစ်စုံတစ်ရာ​မျှော်လင့်​တော်​မူ​သည်။ အဘယ်အရာ​နည်း။ ဂလာတိ ၆:၄ က​ဤသို့​ဆို​သည်– “လူတိုင်း ကိုယ်​ပြုသော​အမှုကို စစ်ကြော​စေ။ သို့ပြုလျှင် သူတစ်ပါး​၌​မဆို​ဘဲ ကိုယ်​၌​သာ ဝါကြွား​ဝမ်းမြောက်စရာ​အကြောင်း ရှိ​လိမ့်​မည်။” တစ်နည်း​အားဖြင့် လက်တွေ့ကျ​သော​ပန်းတိုင်​များ ချမှတ်​ပါ။ သင် အမှန်တကယ်​လုပ်ဆောင်​နိုင်ရာ​ကို စီစဉ်​၍ ယင်း​အတိုင်း လုပ်ဆောင်ပါ​လေ။ သင့်​ပန်းတိုင်​သည် လက်တွေ့ကျ​သည့်​အပြင် လက်လှမ်းမီ​နိုင်​မည်​ဆိုလျှင် သင်၌ “ဝါကြွား​ဝမ်းမြောက်စရာ​အကြောင်း” ရှိပါ​လိမ့်​မည်။ သို့​နှင့် သင်သည် ကျေနပ်​အားရ​မှု ခံစားရ​ပေမည်။

ဆုကျေးဇူး​များ​ခံစားရ​မည်

ဤ​နောက်ဆုံး​ကာလ​တွင်​ပင် မစုံလင်​သည့်​ကြား​မှ ကျမ်းစာ​မူများ​ကို လိုက်နာခြင်း​ဖြင့် ကျေနပ်​အားရ​မှု​ခံစား​နိုင်​ကြောင်း ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သော မူ​သုံးရပ်​က ဖော်ပြ​သည်။ နေ့စဉ် ကျမ်းစာ​ဖတ်ရှု​ရာ​တွင် ရှင်းရှင်း​ပြတ်သား​စွာ​ဖော်ပြ​ထား​သည့် သို့​မဟုတ် ဇာတ်ကြောင်း​ခင်း​ကာ ပုံ​ဥပမာ​ဖြင့်​ရှင်းလင်း​ထား​သည့် ထိုသို့​သော​ကျမ်းစာ​မူများ​ကို ရှာဖွေ​ကြည့်​ပါ​လေ။

သင်သည်  ကျေနပ်​ရောင့်ရဲမှု  လျော့နည်းလာ​သည်​ဟု ခံစားရ​လျှင်  အကြောင်းရင်းကို  ကြိုးစား​ရှာဖွေပါ။ ထို့နောက် အခြေအနေ​ပြန်ကောင်း​မွန်​နိုင်​စေရန် သင်​လိုက်နာ​ရမည့် ကျမ်းစာ​မူများ​ကို  ရှာဖွေပါ။ ဥပမာ၊ “ကျမ်းစာ​တစ်ကျမ်း​လုံး ဘုရားသခင်​မှုတ်သွင်း​ရာ​ဖြစ်​ပြီး အကျိုး​လည်း​ပြု” စာအုပ် စာမျက်နှာ  ၁၁၀-၁၁ [လိပ်] ကို​ကြည့်​ပါ။ * ထို​တွင် နယပုံပြင်​ကျမ်း​ကို​ရှင်းလင်း​ထား​ကာ ခေါင်းစဉ် ၁၂ ခု​အောက်တွင် ကျမ်းစာမူ​များနှင့် အကြံဉာဏ်​များစွာကို တွေ့ရှိ​နိုင်​သည်။ ကင်းမျှော်စင်​စာပေ​များ​အညွှန်း၊ * ကင်းမျှော်စင်​စာကြည့်တိုက် စီဒီရွမ်  * တို့​တွင် အလွန်​ကောင်းမွန်သော အကြောင်းအရာများ ပါရှိ​၏။ ယင်း​တို့ကို မကြာခဏ​အသုံးပြုပါ​က သက်ဆိုင်​သော​မူများ​ကို ကောင်းစွာ​ရှာဖွေ​တတ်လာ​မည်။

ထိုက်တန်​သူများကို မြေကြီး​ပရဒိသု​တွင် စုံလင်သော​ထာဝရ​အသက်ပေး​မည့်​အချိန် ရောက်လာ​ပါ​လိမ့်​မည်။ ထို​အခါ သူတို့၏​ဘဝတွင် ကျေနပ်​အားရ​မှု အပြည့်အဝ​ခံစားရ​မည်​တည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 30 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

^ အပိုဒ်၊ 30 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

^ အပိုဒ်၊ 30 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

[စာမျက်နှာ ၁၂ ပါ အကျဉ်း​ဖော်ပြချက်]

‘လူအပေါင်း​တို့သည် ဘုရားသခင်​၏​ဘုန်းတော်​ကို မမီ​ဘဲ ပြစ်မှား​ကြသည်။’​—ရောမ ၃:​၂၃၊ သ​မ

[စာမျက်နှာ ၁၃ ပါ အကျဉ်း​ဖော်ပြချက်]

ယေရှုသည် မိမိ​ခံစား​ရသော ဆင်းရဲ​ဝေဒနာ​များ​မှ “နားထောင်ခြင်း​အကျိုးအကြောင်းကို သင်​တော်​မူ​၏”။—ဟေဗြဲ ၅:၈၊ ၉

[စာမျက်နှာ ၁၅ ပါ အကျဉ်း​ဖော်ပြချက်]

“လူတိုင်း ကိုယ်​ပြုသော​အမှုကို စစ်ကြော​စေ။ သို့ပြုလျှင် သူတစ်ပါး​၌​မဆို​ဘဲ ကိုယ်​၌​သာ ဝါကြွား​ဝမ်းမြောက်စရာ​အကြောင်း ရှိ​လိမ့်​မည်။”​—ဂလာတိ ၆:၄