ပျော်ရွှင်မှုအတွက် ယုံကြည်စိတ်ချရသောလမ်းညွှန်
ပျော်ရွှင်မှုအတွက် ယုံကြည်စိတ်ချရသောလမ်းညွှန်
ပျော်ရွှင်မှု ရှာခြင်း” သည် လူသားတိုင်း၏အခွင့်အရေး ဖြစ်သည်။ ယင်းသည် အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးကြေညာစာတမ်း ရေးဆွဲသူတို့၏ ရှုမြင်ပုံဖြစ်၏။ သို့သော် တစ်စုံတစ်ခုကို ရှာခြင်းနှင့် ယင်းကို ရရှိခြင်းသည် မတူပါ။ လူငယ်များစွာသည် ဖျော်ဖြေရေးနှင့်အားကစားလောကတွင် အသက်မွေးလုပ်ငန်း ရှာနေကြသော်လည်း အမှန်တကယ်အောင်မြင်သူ မည်မျှရှိသနည်း။ အောင်မြင်သောဂီတပညာရှင်တစ်ဦး ဖြစ်လာရန် ကြိုးစားရုန်းကန်ခဲ့ရသူ နာမည်ကြီးအဆိုတော်တစ်ဦးက “သင်အောင်မြင်နိုင်မှာမဟုတ်ဘူး” ဟုဆိုသည်။
ပျော်ရွှင်မှုရှာခြင်းတွင် သင်အလားတူခံစားနေရပါက စိတ်မပျက်ပါနှင့်။ ပျော်ရွှင်မှုကို နည်းမှန်လမ်းမှန်ရှာမည်ဆိုလျှင် ရရှိပါလိမ့်မည်။ အဘယ်ကြောင့် ထိုသို့ပြောနိုင်သနည်း။ ရှေ့ဆောင်းပါးတွင် “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါအကြောင်း ဖော်ပြခဲ့သည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) ဘုရားသခင်သည် သမ္မာကျမ်းစာတွင် လမ်းညွှန်မှုပေးထားသောကြောင့် သင်ပျော်ရွှင်မှုရှာရာတွင် စိတ်ပျက်စရာအကြောင်း မရှိပါ။ ဝမ်းနည်းမှုကို ဖြစ်ပေါ်စေလေ့ရှိသော အကြောင်းရင်းများကို အောင်မြင်ကျော်လွှားရန် ယေဟောဝါ ကူညီပေးနိုင်ပါသည်။ သာဓကအနေနှင့် သင်ချစ်မြတ်နိုးရသူတစ်ဦး ကွယ်လွန်သည့်အခါ ကိုယ်တော် မည်သို့နှစ်သိမ့်ပေးကြောင်း သုံးသပ်ကြည့်ပါ။
ချစ်မြတ်နိုးရသူတစ်ဦး ကွယ်လွန်သည့်အခါ
သေခြင်းတရားနှင့်ပတ်သက်၍ အကောင်းပြောစရာရှိသလော။ သေခြင်းတရားကြောင့် မိဘနှင့်သားသမီးများ ခွဲခွာကြရသည်။ ရင်းနှီးသောမိတ်ဆွေများ ကွေကွင်းကြရသည်။ အပြန်အလှန်ဖေးမသည့် အသိုင်းအဝိုင်းများတွင် အားကိုးရာမဲ့ဖြစ်စေသည်။ ပျော်ရွှင်သောမိသားစုတစ်စုတွင် သေခြင်းတရား၏ ထိုးနှက်မှုခံရသည့်အခါ ပူဆွေးသောကဖိစီးနေပေမည်။
ရှင်းနေသည်မှာ သေခြင်းတရားသည် ကြေကွဲဖွယ်အဖြစ်ဆိုးတစ်ရပ်ဖြစ်၏။ သို့သော် အချို့က ယင်းအဖြစ်မှန်ကို လက်မခံဘဲ သေခြင်းကို ကောင်းချီးတစ်ခုအဖြစ် သရုပ်ဖော်ကြ၏။ ၂၀၀၅၊ ဩဂုတ်လ၌ မက္ကဆီကိုပင်လယ်ကွေ့တွင် ဟာရီကိန်းကက်ထရီနာ တိုက်ခတ်သွားပြီးနောက် ဖြစ်ပျက်ခဲ့ရာကို သုံးသပ်ကြည့်ပါ။ မုန်တိုင်းကြောင့် သေဆုံးသွားသူတစ်ဦး၏ အသုဘအခမ်းအနားတွင် ခရစ်ယာန်ဘုန်းကြီးက ဤသို့ဆို၏– “ကက်ထရီနာကြောင့် သူသေတာ မဟုတ်ဘူး။ ဘုရားသခင်က သူ့ကို ကောင်းကင်ဘုံခေါ်သွားတာ။” နောက်အဖြစ်အပျက်တစ်ခုတွင် စိတ်ရင်းကောင်းသော ဆေးရုံစာရေးမက ကလေးမတစ်ဦးအား သူ၏မိခင်ကို ဘုရားသခင်ခေါ်သွားခြင်းဖြစ်သောကြောင့် ဝမ်းမနည်းရန် ပြောခဲ့သည်။ “အမေ့ကို ဘုရားသခင် ဘာကြောင့်ခေါ်သွားရတာလဲ၊ ဘာကြောင့်လဲ” ဟု သူပြောကာ ငိုကြွေးခဲ့သည်။
သေခြင်းနှင့်ပတ်သက်၍ ထိုသို့သော မှားယွင်းသည့်ယူဆချက်များက ပူဆွေးသောကရောက်နေသူတို့ကို နှစ်သိမ့်မှုမဖြစ်စေသည်မှာ ရှင်းနေပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းယူဆချက်များက သေခြင်းနှင့်ပတ်သက်သော အမှန်တရားကို မဖော်ပြပေးသောကြောင့်ဖြစ်သည်။ ပိုဆိုးသည်မှာ ယင်းတို့က ဘုရားသခင်အား မိသားစုနှင့်မိတ်ဆွေများထံမှ ၎င်းတို့ချစ်မြတ်နိုးရသူများကို ကြောက်မက်နာကျင်ဖွယ်နည်းများဖြင့် အတင်းခေါ်ဆောင်သွားသူအဖြစ် သရုပ်ဖော်သောကြောင့်ဖြစ်၏။ ဘုရားသခင်အား နှစ်သိမ့်မှုရင်းမြစ်ဖြစ်စေမည့်အစား ဝမ်းနည်းကြေကွဲဖွယ် သေခြင်းတရားကို ဖြစ်ပေါ်စေသည့် ဆိုးသွမ်းယုတ်မာသူဖြစ်စေသည်။ သို့သော် ဘုရားသခင့်နှုတ်မြွက်တော်က သေခြင်းနှင့်ပတ်သက်သော အမှန်တရားကို ဖော်ပြပေးပါသည်။
သမ္မာကျမ်းစာက သေခြင်းတရားကို ရန်သူဟု ခေါ်ဆိုထားသည်။ လူသားမျိုးနွယ်ကို အုပ်စိုးသောမင်းအဖြစ်လည်း တင်စားဖော်ပြသည်။ (ရောမ ၅:၁၇; ၁ ကောရိန္သု ၁၅:၂၆) သေခြင်းတရားသည် အင်အားကြီးရန်သူတစ်ပါးဖြစ်ရကား မည်သည့်လူသားမျှ ခုခံနိုင်စွမ်းမရှိပါ။ သေဆုံးသွားသည့် ချစ်ရသူတိုင်းသည် သေမင်း၏ မရေမတွက်နိုင်သော သားကောင်များသာ ဖြစ်ကြသည်။ ဤကျမ်းစာအမှန်တရားက ချစ်ရသူတစ်ဦးကွယ်လွန်သွားသည့်အခါ ကျွန်ုပ်တို့ ဝမ်းနည်းပူဆွေးပြီး အားကိုးရာမဲ့ ခံစားရသည့်အကြောင်းကိုရှင်းပြသည်။ ဤခံစားချက်များသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ယင်းက စိတ်ချစေ၏။ သို့သော် ဘုရားသခင်သည် ရန်သူဖြစ်သော သေခြင်းကိုအသုံးပြု၍ ကျွန်ုပ်တို့ချစ်ရသူများအား ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားသလော။ ဤမေးခွန်းကို သမ္မာကျမ်းစာ ဖြေဆိုပါလေစေ။
ဒေ. ၉:၅၊ ၁၀ တွင် ဤသို့ဖော်ပြ၏– “သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [“ရှီးအိုးလ်၊” ကဘ] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” ရှီးအိုးလ်ကား အဘယ်နည်း။ လူတို့သေဆုံးသောအခါ ရောက်ရှိသွားသော သာမန်သင်္ချိုင်းဖြစ်သည်။ သင်္ချိုင်းရှိ လူသေတို့သည် သက်မဲ့များဖြစ်ကာ လှုပ်ရှားဆောင်ရွက်မှုမရှိ၊ ခံစားမှုမရှိ၊ ကြံစည်တွေးတောမှုမရှိပါ။ သူတို့သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်အလား ဖြစ်သည်။ * ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ချစ်ရသော သေလွန်သူများကို ကောင်းကင်ဘုံသို့ မခေါ်ဆောင်သွားကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြသည်။ သေခြင်း၏အကျိုးဆက်မှာ သေလွန်သူတို့သည် သင်္ချိုင်းတွင် အသက်မဲ့နေခြင်းဖြစ်၏။
ယေရှု၏မိတ်ဆွေ လာဇရုသေဆုံးပြီးနောက် ဤအမှန်တရားကို ကိုယ်တော်အတည်ပြုခဲ့သည်။ ယေရှုက သေခြင်းကို အိပ်စက်ခြင်းနှင့် နှိုင်းယှဉ်ခဲ့သည်။ အကယ်၍ လာဇရုသည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်နှင့်အတူနေရန် ကောင်းကင်ဘုံသို့တက်ခဲ့မည်ဆိုလျှင် ယေရှုက သူ့ကို နောက်တစ်ဖန်သေဆုံးရဦးမည့် မြေကြီးအသက်တာသို့ ပြန်ခေါ်ခြင်းသည် အကြင်နာမဲ့ရာကျပေလိမ့်မည်။ သင်္ချိုင်းတွင်းတွင် ယေရှုက “လာဇရု၊ ထွက်၍လာလော့” ဟုကြီးသောအသံနှင့် ဟစ်ခေါ်ခဲ့ကြောင်း မှုတ်သွင်းခံမှတ်တမ်းက ဖော်ပြသည်။ ကျမ်းစာ ဤသို့ဆက်ဖော်ပြ၏– “သေလွန်သူသည် . . . ထွက်လာ၏။” လာဇရု ပြန်အသက်ရှင်လာလေပြီ။ လာဇရုသည် ကမ္ဘာမြေကြီးမှ အခြားတစ်နေရာရာသို့ မသွားခဲ့ကြောင်း ယေရှုသိတော်မူသည်။ သူသည် သင်္ချိုင်းဂူထဲတွင် အသက်မဲ့စွာ လဲလျောင်းနေခဲ့၏။—ယောဟန် ၁၁:၁၁-၁၄၊ ၃၄၊ ၃၈-၄၄။
သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ဤဖြစ်ရပ်က သေခြင်းတရားသည် လူတို့အား ကမ္ဘာပေါ်မှ ကောင်းကင်ဘုံသို့ခေါ်ဆောင်ရန် ဘုရားသခင်အသုံးပြုသည့် နည်းလမ်းမဟုတ်ကြောင်း နားလည်စေသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ဝမ်းနည်းကြေကွဲမှုကို ဖြစ်ပေါ်စေသူမဟုတ်ကြောင်း သိရှိကြရာ ကိုယ်တော်ထံ ချဉ်းကပ်နိုင်ပါသည်။ ရန်သူသေခြင်းကြောင့် ကျွန်ုပ်တို့ခံစားရသော ပူဆွေးသောကနှင့် ဆုံးရှုံးမှုတို့ကိုလည်း ကိုယ်တော် ကောင်းစွာနားလည်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ ထို့ပြင် သေလွန်သူတို့၏အခြေအနေနှင့်ပတ်သက်သော ကျမ်းစာအမှန်တရားက သူတို့သည် မီးငရဲ သို့မဟုတ် ငရဲကလေးတွင် ဝေဒနာခံစားနေရခြင်းမဟုတ်ဘဲ သင်္ချိုင်းတွင်အသက်မဲ့နေကြောင်း စိတ်ချစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ချစ်ရသူများအကြောင်း စဉ်းစားမိသည့်အခါ ဘုရားသခင်ကို မုန်းတီးသည့်စိတ်နှင့် သူတို့ မည်သည့်နေရာရောက်နေမည်ကို စိုးရိမ်စိတ်တို့ ဖြစ်စရာမလိုတော့ပေ။ ထို့ပြင် ယေဟောဝါသည် သမ္မာကျမ်းစာတွင် ထပ်ဆင့် နှစ်သိမ့်မှုပေးထားသေးသည်။
ပျော်ရွှင်မှုရစေသော မျှော်လင့်ချက်
ကျွန်ုပ်တို့ဆွေးနွေးခဲ့ကြသော ကျမ်းချက်များက စစ်မှန်သောပျော်ရွှင်မှုအတွက် မရှိမဖြစ်သော မျှော်လင့်ချက်ကို ညွှန်ပြသည်။ သမ္မာကျမ်းစာတွင် “မျှော်လင့်ချက်” ဟူ၍ အသုံးပြုထားသော စကားလုံးသည် ကောင်းရာကို ယုံကြည်စိတ်ချစွာမျှော်လင့်ခြင်းကို ဆိုလိုသည်။ မျှော်လင့်ချက်က ပျော်ရွှင်မှုရရှိစေပုံကိုသိနိုင်ရန် လာဇရုအား ယေရှု ရှင်ပြန်ထမြောက်ပေးသော မှတ်တမ်းကို ပြန်သုံးသပ်ကြည့်ကြစို့။
ဤအံ့ဖွယ်အမှုကို ယေရှုပြုလုပ်ရသည့် အကြောင်းရင်း အနည်းဆုံးနှစ်ချက်ရှိသည်။ ပထမအချက်မှာ မာသ၊ မာရိနှင့် ပူဆွေးနေသောမိတ်ဆွေများ၏ ဝမ်းနည်းကြေကွဲမှုကို ဖယ်ရှားပေးရန်ဖြစ်သည်။ ၎င်းတို့ချစ်ရသူနှင့် နောက်တစ်ကြိမ် ပြန်ပေါင်းစည်းနိုင်ရန်ဖြစ်သည်။ သို့သော် ပိုအရေးကြီးသော ဒုတိယအချက်ကို မာသအား ယေရှုပြောပြ၏– ‘သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းတော်ကို မြင်ရလိမ့်မည်။ ငါပြောပြီမဟုတ်လော။’ (ယောဟန် ၁၁:၄၀) ဂျေ. ဘီ. ဖီးလစ္စ၏ ခေတ်သစ်အင်္ဂလိပ်ဓမ္မသစ်ကျမ်းက “ဘုရားသခင်ပြုလုပ်နိုင်သော အံ့ဖွယ်အမှုတော်” ဟုပြန်ဆိုသည်။ လာဇရုကို ယေရှု အသက်ပြန်ရှင်စေခြင်းသည် ယေဟောဝါဘုရားသခင် ပြုလုပ်နိုင်ရာနှင့် အနာဂတ်တွင် ပြုတော်မူမည့်အရာ၏ ရှေ့ပြေးဖြစ်သည်။ “ဘုရားသခင်ပြုလုပ်နိုင်သော အံ့ဖွယ်အမှုတော်” နှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များကို ဤတွင်ဖော်ပြထားသည်။
ယောဟန် ၅:၂၈၊ ၂၉ တွင် ယေရှုဤသို့ဆို၏– “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။” ယင်းက ကျွန်ုပ်တို့ ချစ်ရသူများအပါအဝင် ရှီးအိုးလ်၌ရှိသော လူသေအားလုံး အသက်ပြန်ရှင်လာမည်ကို ဆိုလိုသည်။ ဤအံ့ဖွယ်ဖြစ်ရပ်အကြောင်း တမန်တော် ၂၄:၁၅ က ဤသို့ထပ်လောင်းဆို၏– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်။” ထို့ကြောင့် ယေဟောဝါကိုမသိ၍ မကိုးကွယ်သူများဖြစ်ကြသည့် “မဖြောင့်မတ်သောသူ” တို့ပင် ဘုရားသခင့်မျက်နှာသာရရန် အခွင့်အရေး ထပ်မံရရှိကြလိမ့်မည်။
ဤရှင်ပြန်ထမြောက်ခြင်းသည် အဘယ်နေရာတွင် ဖြစ်မည်နည်း။ ဆာလံ ၃၇:၂၉ တွင် ဤသို့ဖော်ပြထား၏– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” ယင်းက အဘယ်အရာကိုဆိုလိုကြောင်း စဉ်းစားကြည့်ပါ။ သေခြင်းကြောင့် ခွဲခွာခဲ့ရသော မိသားစုများနှင့် မိတ်ဆွေများသည် ဤကမ္ဘာပေါ်တွင် ပြန်လည်ဆုံစည်းကြလိမ့်မည်။ သင်တစ်ချိန်က ချစ်မြတ်နိုးရသူများနှင့် ပြန်လည်တွေ့ဆုံ ပေါင်းဖော်ရမည့်အချိန်များကို စဉ်းစားကြည့်သည့်အခါ သင့်နှလုံးသားသည် ပျော်ရွှင်မှုများနှင့်ပြည့်လျှံနေမည်မှာ အမှန်ပင်။
ယေဟောဝါသည် သင့်ကိုပျော်ရွှင်စေလို
ပြဿနာများကြားမှ သင့်ပျော်ရွှင်မှုကို ယေဟောဝါတိုးပွားစေနိုင်သည့် နည်းနှစ်နည်းကို သုံးသပ်ကြပါမည်။ ပထမနည်းမှာ အခက်အခဲများကို အောင်မြင်စွာဖြေရှင်းနိုင်ရန် သမ္မာကျမ်းစာမှတစ်ဆင့် အသိပညာနှင့်လမ်းညွှန်မှု ပေးခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၏အကြံဉာဏ်သည် သေခြင်းကြောင့်ဖြစ်ရသော ဝမ်းနည်းပူဆွေးမှုအပြင် စီးပွားရေး၊ ကျန်းမာရေးပြဿနာများကိုလည်း ကိုင်တွယ်ဖြေရှင်းရန် အကူအညီပေးနိုင်သည်။ လူမှုရေးမမျှတမှုနှင့် နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုတို့ကို ခံနိုင်ရည်ရှိရန်လည်း ခွန်အားပေးနိုင်သည်။ ထို့ပြင် ကျမ်းစာ၏လမ်းညွှန်ချက်ကို သင့်အသက်တာတွင် ကျင့်သုံးပါက အခြားကိုယ်ရေးကိုယ်တာ ပြဿနာများကိုဖြေရှင်းရန် ကူညီပေးနိုင်ပါသည်။
ဒုတိယမှာ သမ္မာကျမ်းစာလေ့လာခြင်းဖြင့်ဖြစ်သည်။ ယင်းက လူတို့ပေးသော မျှော်လင့်ချက်ထက် များစွာသာလွန်ကောင်းမွန်သော မျှော်လင့်ချက်ကို ရရှိစေ၏။ မိတ်ဆွေများနှင့် မိသားစုဝင်များ ရှင်ပြန်ထမြောက်လာခြင်းသည် ကျမ်းစာပါမျှော်လင့်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဗျာ. ၂၁:၃၊ ၄ က ဤသို့အသေးစိတ်ဖော်ပြပေး၏– “ဘုရားသခင်သည် ကိုယ်တော်တိုင် [လူတို့] နှင့်အတူရှိနေ . . . မည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” ထို့ကြောင့် သင့်ကို ဝမ်းနည်းကြေကွဲစေသော မည်သည့်အရာမဆို မကြာမီ ထာဝစဉ်ပျောက်ကွယ်သွားတော့မည်။ သမ္မာကျမ်းစာကတိထားရာများသည် အမှန်ပြည့်စုံလာမည်ဖြစ်၍ ယင်းတို့ကို သင်တွေ့ကြုံခံစားနိုင်ပါသည်။ ပို၍ကောင်းသောအချိန်များ ရှေ့တွင်ရှိနေကြောင်း သိထားရုံနှင့် နှစ်သိမ့်မှုဖြစ်စေပါသည်။ သေဆုံးပြီးနောက် မည်သည့်ဝေဒနာမျှ မခံစားရကြောင်း သိထားခြင်းကလည်း ပျော်ရွှင်စေပါသည်။
သာဓကအနေနှင့် လွန်ခဲ့သောနှစ်အနည်းငယ်က မာရီယာ၏ခင်ပွန်းဖြစ်သူသည် ကင်ဆာရောဂါကြောင့် ဝေဒနာခံစားကာ သေဆုံးခဲ့သည်။ ယင်းကြောင့် သောကရောက်နေစဉ်မှာပင် ငွေကြေးအခက်အခဲကြောင့် သူနှင့်သမီးသုံးဦးတို့ အိမ်မှဆင်းပေးခဲ့ရသည်။ နှစ်နှစ်ကြာပြီးနောက် မာရီယာတွင် ကင်ဆာရောဂါဖြစ်နေကြောင်း သိလိုက်ရ၏။ အကြီးစားခွဲစိတ်ကုသမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရပြီး နေ့စဉ် အပြင်းအထန် ဝေဒနာခံစားခဲ့ရသည်။ ဤပြဿနာများကြုံရသော်လည်း သူ့တွင် အကောင်းမြင်သဘောထားရှိခြင်းကြောင့် အခြားသူများကိုပင် အားပေးနိုင်ခဲ့သည်။ ပျော်ရွှင်မှုကို သူမည်သို့ ဆက်ထိန်းသိမ်းခဲ့သနည်း။
မာရီယာဤသို့ပြောပြ၏– “ပြဿနာတစ်ခု ဖြစ်လာပြီဆိုရင် အဲဒါကိုပဲတွေးမနေမိအောင် ကျွန်မကြိုးစားတယ်။ ‘ငါ့ကျမှ ဘာကြောင့်ဖြစ်ရတာလဲ။ ငါ ဘာကြောင့်ဒီလို ခံစားနေရတာလဲ။ ငါ ဘာကြောင့် မကျန်းမမာဖြစ်ရတာလဲ’ ဆိုတဲ့ အတွေးမျိုးကို ရှောင်တယ်။ အပျက်သဘောထားက အားလျော့စေတဲ့အတွက် အဲဒါတွေတွေးမယ့်အစား ကျွန်မရဲ့ခွန်အားကို ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့၊ တခြားသူတွေကို အားပေးဖို့ အသုံးပြုတယ်။ ဒါကြောင့်လည်း ကျွန်မ ပျော်ရွှင်တယ်။”
မာရီယာ၏ဘဝတွင် မျှော်လင့်ချက်က မည်သို့အကူအညီဖြစ်စေခဲ့သနည်း။ သူ၏မျှော်လင့်ချက်သည် လူသားတို့ခံစားနေရသော ရောဂါဝေဒနာများနှင့် ပြဿနာများကို ယေဟောဝါဖယ်ရှားပေးမည့် အနာဂတ်အပေါ် အခြေပြုသည်။ ဆေးကုသမှုခံယူရန် ဆေးရုံသို့သွားသောအခါတွင် မျှော်လင့်ချက်မဲ့နေပုံရသော အခြားကင်ဆာဝေဒနာရှင်များအား ဤမျှော်လင့်ချက်ကို သူဝေမျှပေးသည်။ မျှော်လင့်ချက်သည် မာရီယာအတွက် မည်မျှအရေးပါသနည်း။ သူဤသို့ပြောပြ၏– “ဟေဗြဲ ၆:၁၉ မှာ ပေါလုက မျှော်လင့်ခြင်းကို စိတ်နှလုံးရဲ့ကျောက်ဆူးအဖြစ် ဖော်ပြထားတာကို ကျွန်မ မကြာခဏစဉ်းစားမိတယ်။ ကျောက်ဆူးသာမရှိဘူးဆိုရင် လေပြင်းတိုက်တဲ့အခါ မျောပါသွားတဲ့လှေတစ်စင်းလိုပဲ ကျွန်မတို့လည်း မျောပါသွားလိမ့်မယ်။ ဒါပေမဲ့ ကျောက်ဆူးကမြဲနေမယ်ဆိုရင် မုန်တိုင်းလိုပြဿနာတွေ ကြုံရရင်တောင် ဘေးကင်းလုံခြုံပါလိမ့်မယ်။” မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင် ကတိထားတော်မူသော ထာဝရအသက်မျှော်လင့်ချက်က မာရီယာကို ဆက်၍ပျော်ရွှင်နေရန် ကူညီပေးသည်။ ယင်းမျှော်လင့်ချက်သည် သင့်ကိုလည်း အလားတူ ကူညီပေးနိုင်ပါသည်။—တိတု ၁:၁-၃။
သင့်တွင် ပြဿနာများရှိသည့်တိုင် သမ္မာကျမ်းစာကိုလေ့လာခြင်းဖြင့် စစ်မှန်သောပျော်ရွှင်မှု ရရှိနိုင်ပါသည်။ သို့သော် ကျမ်းစာကို မည်သို့လေ့လာရမည်နှင့်ပတ်သက်၍ သင်သိလိုသည့်အချက်များ ရှိပေမည်။ စစ်မှန်သောပျော်ရွှင်မှုရနိုင်ရန် လိုအပ်သည့် ကျမ်းစာအဖြေများကို ယေဟောဝါသက်သေများက ဝမ်းမြောက်စွာပြောပြပါလိမ့်မည်။ ယေဟောဝါကမ်းလှမ်းသည့် မျှော်လင့်ချက်ပြည့်စုံလာမည်ကို သင်စောင့်မျှော်နေစဉ် ဤတွင်ဖော်ပြထားသူများ၌ သင်ပါဝင်နိုင်ပါသည်– သူတို့သည် “ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကိုရကြ၍ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။”—ဟေရှာယ ၃၅:၁၀။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 ဗြိတဲန်နီကာစွယ်စုံကျမ်း (၂၀၀၃) တွင် ရှီးအိုးလ်ကို “နာကျင်ခြင်း သို့မဟုတ် ပျော်မွေ့ခြင်း၊ အပြစ်ပေးခြင်း သို့မဟုတ် အကျိုးပေးခြင်း မရှိသောနေရာ” အဖြစ်ဖော်ပြထားသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာအမှန်တရားကသာ ဝမ်းနည်းခြင်းကို သက်သာစေနိုင်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာသမ္မာကျမ်းစာ၏မျှော်လင့်ချက်က ပျော်ရွှင်စေနိုင်