ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်
ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်
ယေရှုခရစ်က မိမိနောက်လိုက်များကို ဤသို့သင်ပေးခဲ့၏– “သင်တို့ဆုတောင်းရမည်မှာ ‘ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။’” (မဿဲ ၆:၉၊ ၁၀) ထိုဆုတောင်းချက်သည် ဘုရားသခင့်နိုင်ငံတော်၏ ရည်ရွယ်ချက်အကြောင်း ရှင်းပြပေးသည်။
ယင်းနိုင်ငံတော်သည် ဘုရားသခင်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေမည်။ ထို့ပြင် စာတန်နှင့်လူတို့၏ပုန်ကန်မှုကြောင့် ကိုယ်တော့်နာမတော် ကဲ့ရဲ့ရှုတ်ချစရာဖြစ်ခဲ့သမျှကို ပယ်ရှင်းပစ်မည်။ ယင်းသည် အရေးကြီးလှ၏။ အသိဉာဏ်ရှိသော သတ္တဝါအားလုံး၏ပျော်ရွှင်မှုသည် ဘုရားသခင့်နာမတော် သန့်ရှင်းမြင့်မြတ်သည်ဟုရှုမြင်ခြင်း၊ ကိုယ်တော်၏ပိုင်သအုပ်စိုးခွင့်ကို လိုလိုလားလားလက်အောက်ခံခြင်းအပေါ် မူတည်နေသည်။—ဗျာ. ၄:၁၁။
ထို့ပြင် ဘုရားသခင့်နိုင်ငံတော်က “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံ” စေမည်။ ထိုအလိုတော်ကား အဘယ်နည်း။ အာဒံဆုံးရှုံးခဲ့သည့် ဘုရားသခင်နှင့်လူတို့စပ်ကြား ဆက်ဆံရေးကို ပြန်လည်ရရှိရန်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သည် လူကောင်းများ ထာဝစဉ်ပျော်မွေ့စွာနေထိုင်နိုင်ရန် မြေကြီးကို ပရဒိသုဖြစ်စေမည်ဟူသော စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါ၏ရည်ရွယ်ချက်ကို ပြီးမြောက်စေမည်။ မူလအပြစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသမျှကို ထိုနိုင်ငံတော်က ဖယ်ရှားပေးပြီး လူသားများအတွက် ဘုရားသခင်၏ မေတ္တာပါသောရည်ရွယ်ချက်ကို အမှန်အကောင်အထည်ဖော်မည်ဖြစ်သည်။ (၁ ယောဟန် ၃:၈) သမ္မာကျမ်းစာ၏အဓိကသတင်းတရားမှာ ဘုရားသခင့်နိုင်ငံတော်နှင့် ယင်းကပြီးမြောက်စေမည့်အရာများဖြစ်သည်။
အဘယ်နည်းများဖြင့် သာလွန်ကောင်းမွန်
ဘုရားသခင့်နိုင်ငံတော်သည် တန်ခိုးအာဏာကြီးမားသော အမှန်တကယ်တည်ရှိသည့်အစိုးရဖြစ်သည်။ ယင်းသည် မည်မျှတန်ခိုးကြီးကြောင်း ပရောဖက်ဒံယေလက ဤသို့အရိပ်အမြွက် ဖော်ပြ၏– ‘ကောင်းကင်ဘုံရှင်ဘုရားသခင် တည်ထောင်စေတော်မူ’ သော “ထိုနိုင်ငံသည် . . . [လူသားတို့၏] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး” မည်။ ထို့ပြင် သမိုင်းတစ်လျှောက် မတည်မြဲသောလူ့အုပ်ချုပ်မှုနှင့်ခြားနားလျက် ဘုရားသခင့်နိုင်ငံတော်သည် “အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၄၊ ၄၅) ထိုမျှမကရှိသေးသည်။ ယင်းနိုင်ငံတော်သည် လူ့အုပ်ချုပ်မှုမှန်သမျှထက် အဘက်ဘက်တွင် သာလွန်ကောင်းမွန်သည်။
ဘုရားသခင့်နိုင်ငံတော်တွင် သာလွန်ကောင်းမွန်သောဘုရင်တစ်ပါးရှိသည်။ ထိုဘုရင် မည်သူဖြစ်ကြောင်း စဉ်းစားကြည့်ပါ။ ပရောဖက်ဒံယေလ၏ ‘အိပ်မက်အာရုံ’ တွင် ဘုရားသခင့်နိုင်ငံတော်၏အုပ်စိုးရှင်ကို “လူသားနှင့်တူသောသူတစ်ဦး” အဖြစ်မြင်တွေ့ခဲ့ရပြီး ထိုလူသားကို အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏အထံတော်ပါးသို့သွင်းကြကာ “နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကို” ပေးအပ်ခဲ့သည်။ (ဒံယေလ ၇:၁၊ ၁၃၊ ၁၄) ထိုလူသားသည် ယေရှုခရစ်တည်းဟူသော မေရှိယဖြစ်တော်မူ၏။ (မဿဲ ၁၆:၁၃-၁၇) ယေဟောဝါသည် သားတော်ယေရှုအား ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ခန့်အပ်ခဲ့သည်။ ယေရှုသည် မြေကြီးပေါ်ရှိခဲ့စဉ်က ဆိုးညစ်သောဖာရိရှဲများအား “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်” ဟုဆိုခဲ့ရာ ထိုနိုင်ငံတော်မင်းလောင်း ကိုယ်တော်သည် သူတို့အလယ်တွင် ရောက်ရှိနေခြင်းကို ဆိုလိုသည်။—လုကာ ၁၇:၂၁။
ဘုရင်တစ်ဦးအဖြစ် ယေရှု၏အရည်အချင်းကို အဘယ်လူသား ယှဉ်နိုင်မည်နည်း။ ယေရှုသည် လုံးလုံးလျားလျား ဖြောင့်မတ်သော၊ ယုံကြည်အားထားနိုင်သော၊ သနားကြင်နာတတ်သော ခေါင်းဆောင်ဖြစ်ကြောင်း သက်သေထူခဲ့ပြီးဖြစ်၏။ ခရစ်ဝင်ကျမ်းများက ကိုယ်တော်အား လက်တွေ့သမားအဖြစ် ပုံဖော်ရုံမက သနားကြင်နာတတ်ပြီး ခံစားချက်အပြည့်ရှိသောပုဂ္ဂိုလ်အဖြစ်လည်း သရုပ်ဖော်ထားသည်။ (မဿဲ ၄:၂၃; မာကု ၁:၄၀၊ ၄၁; ၆:၃၁-၃၄; လုကာ ၇:၁၁-၁၇) ထို့ပြင် ရှင်ပြန်ထမြောက်ပြီးဖြစ်သော ယေရှုသည် သေခြင်းတရား၏လက်အောက်တွင် မရှိ၊ လူ့ကန့်သတ်ချက်များလည်း မရှိပေ။—ဟေရှာယ ၉:၆၊ ၇။
ယေရှုနှင့် ကိုယ်တော့်အပေါင်းပါများသည် သာလွန်ကောင်းမွန်သောနေရာမှ အုပ်ချုပ်မည်။ ဒံယေလသည် အိပ်မက်အာရုံတွင် ‘နိုင်ငံနှင့်တကွ အာဏာစက်ကို သန့်ရှင်းသောအမျိုးသားတို့သည် ရကြ’ ကြောင်း တွေ့မြင်ခဲ့သည်။ (ဒံယေလ ၇:၂၇) ယေရှုတစ်ပါးတည်းသာ အုပ်စိုးမည်မဟုတ်ပါ။ ကိုယ်တော်နှင့်အတူ တွဲဖက်ဘုရင်များ၊ ယဇ်ပုရောဟိတ်များအဖြစ် အမှုဆောင်မည့်သူများ ရှိသည်။ (ဗျာ. ၅:၉၊ ၁၀; ၂၀:၆) ယင်းနှင့်စပ်လျဉ်း၍ တမန်တော်ယောဟန်က ဤသို့ရေးခဲ့သည်– ‘ထိုနောက်မှ ငါကြည့်လျှင် သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ မြေကြီးမှရွေးနုတ်သောသူ တစ်သိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူရှိကြ၏။’—ဗျာ. ၁၄:၁-၃။
သိုးသငယ်မှာ ဘုရားသခင့်နိုင်ငံတော်ဘုရင် ယေရှုခရစ်ဖြစ်၏။ (ယောဟန် ၁:၂၉; ဗျာ. ၂၂:၃) ဇိအုန်တောင်မှာ ကောင်းကင်ကို ရည်ညွှန်းသည်။ * (ဟေဗြဲ ၁၂:၂၂) ယေရှုနှင့်အတူ ကိုယ်တော်၏အပေါင်းပါ ၁၄၄,၀၀၀ သည် ကောင်းကင်မှ အုပ်စိုးတော်မူမည်။ အလွန်ပင်မြင့်မြတ်လှသော အနေအထားပါတကား! ကောင်းကင်မှအုပ်စိုးသောကြောင့် အလုံးစုံကို သိမြင်နိုင်သည်။ ကောင်းကင်သည် နန်းစိုက်ရာပလ္လင်ဖြစ်သောကြောင့် “ဘုရားသခင့်နိုင်ငံတော်” ကို “ကောင်းကင်နိုင်ငံတော်” ဟုလည်း ခေါ်သည်။ (လုကာ ၈:၁၀; မဿဲ ၁၃:၁၁) မည်သည့်လက်နက်မဆို နျူကလီးယားလက်နက်များပင် ထိုကောင်းကင်နိုင်ငံတော်ကို မတိုက်ခိုက်၊ မဖျက်ဆီးနိုင်ပေ။ မလုယူမဖျက်ဆီးနိုင်သောနိုင်ငံဖြစ်ပြီး ယင်းအားဖြင့် ဘုရားသခင့်ရည်ရွယ်ချက် ပြီးပြည့်စုံလာမည်။—ဟေဗြဲ ၁၂:၂၈။
ဘုရားသခင့်နိုင်ငံတော်၏ ယုံကြည်အားထားရသောကိုယ်စားလှယ်များ မြေကြီးပေါ်တွင် ရှိသည်။ မည်သို့သိရသနည်း။ ဆာလံ ၄၅:၁၆ တွင် “ကိုယ်တော်၏အဘများကိုယ်စား သားများကိုရ၍ မြေကြီးတစ်ပြင်လုံးတွင် မင်းအရာ၌ခန့်ထားတော်မူလိမ့်မည်” ဟုဖော်ပြ၏။ ဤပရောဖက်ပြုချက်မှ “ကိုယ်တော်” သည် ဘုရားသခင်၏သားတော်ဖြစ်၏။ (ဆာလံ ၄၅:၆၊ ၇; ဟေဗြဲ ၁:၇၊ ၈) ထို့ကြောင့် ယေရှုခရစ်ကိုယ်တိုင် မင်းညီမင်းသားကိုယ်စားလှယ်များကို ခန့်အပ်တော်မူမည်။ ထိုသူတို့သည် ကိုယ်တော်၏ညွှန်ကြားချက်အတိုင်း သစ္စာရှိရှိလုပ်ဆောင်မည်ကို ကျွန်ုပ်တို့ စိတ်ချနိုင်သည်။ ယနေ့ပင် ခရစ်ယာန်အသင်းတော်တွင် အကြီးအကဲများအဖြစ် အမှုဆောင်နေသည့် အရည်အချင်းပြည့်မီသော အမျိုးသားများသည် မိမိတို့၏ယုံကြည်သူချင်းများကို “အစိုးတရပြု” ရန်မဟုတ်ဘဲ ကာကွယ်ပေးရန်၊ လန်းဆန်းစေရန်၊ အားပေးနှစ်သိမ့်ရန် သွန်သင်ခံရကြသည်။—မဿဲ ၂၀:၂၅-၂၈; ဟေရှာယ ၃၂:၂။
ဘုရားသခင်၏နိုင်ငံတော်တွင် ဖြောင့်မတ်သောလက်အောက်ခံများရှိသည်။ သူတို့သည် ဘုရားသခင့်အမြင်တွင် စုံလင်ဖြောင့်မတ်ကြသည်။ (သု. ၂:၂၁၊ ၂၂) “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” ဟုသမ္မာကျမ်းစာက ဆိုသည်။ (ဆာလံ ၃၇:၁၁) ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံများသည် သွန်သင်ရလွယ်သောသူ၊ နှိမ့်ချသူ၊ နူးညံ့သိမ်မွေ့သူများဖြစ်ပြီး ဝိညာဉ်ရေးရာကိုသာ အဓိကထားကြသည်။ (မဿဲ ၅:၃) သူတို့သည် မှန်ရာကိုလုပ်ဆောင်လိုကြပြီး ဘုရားသခင့်လမ်းညွှန်ချက်များကို လိုက်နာကြသည်။
ဘုရားသခင့်နိုင်ငံတော်သည် သာလွန်ကောင်းမွန်သော ဥပဒေများဖြင့်အုပ်ချုပ်မည်။ ထိုနိုင်ငံကိုအုပ်ချုပ်မည့် စည်းမျဉ်းဥပဒေနှင့်မူများသည် ယေဟောဝါဘုရားသခင်ထံတော်မှဖြစ်သည်။ ယင်းတို့သည် ကျွန်ုပ်တို့အတွက် မမျှမတ,ချုပ်ချယ်မှုဖြစ်မည့်အစား အကျိုးကျေးဇူးပင် ရရှိစေသည်။ (ဆာလံ ၁၉:၇-၁၁) လူများစွာသည် ယေဟောဝါ၏ ဖြောင့်မတ်သောတောင်းဆိုချက်များနှင့်အညီ အသက်ရှင်နေထိုင်ခြင်းဖြင့် အကျိုးခံစားခဲ့ပြီဖြစ်သည်။ ဥပမာအနေနှင့် ခင်ပွန်း၊ ဇနီး၊ သားသမီးတို့နှင့်သက်ဆိုင်သည့် ကျမ်းစာအကြံပေးချက်များကို လိုက်နာခြင်းကြောင့် ကျွန်ုပ်တို့၏မိသားစုဘဝ သာယာချမ်းမြေ့ကြသည်။ (ဧဖက် ၅:၃၃-၆:၃) ‘ချစ်ခြင်းမေတ္တာကို ယူတင်ဝတ်ဆောင်’ ပါဟူသော မိန့်ဆိုချက်ကိုလိုက်နာသည့်အခါ အခြားသူတို့နှင့် ဆက်ဆံရေးကောင်းမွန်လာကြသည်။ (ကောလောသဲ ၃:၁၃၊ ၁၄) ကျမ်းစာမူများကိုလိုက်နာခြင်းဖြင့် အလုပ်တွင် အကျင့်ကောင်းများရှိစေပြီး ငွေအပေါ် မျှတသောအမြင်ရှိလာစေသည်။ (သု. ၁၃:၄; ၁ တိမောသေ ၆:၉၊ ၁၀) သောက်ကြူးခြင်း၊ လိင်အကျင့်ယိုယွင်းခြင်း၊ ဆေးရွက်ကြီးနှင့် မူးယစ်ဆေးများကို ရှောင်ခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေသည်။—သု. ၇:၂၁-၂၃; ၂၃:၂၉၊ ၃၀; ၂ ကောရိန္သု ၇:၁။
ဘုရားသခင့်နိုင်ငံတော်သည် ဘုရားသခင်ခန့်အပ်သည့်အုပ်ချုပ်မှုဖြစ်သည်။ မေရှိယဖြစ်သော ဘုရင်ယေရှုခရစ်အပြင် ကိုယ်တော်နှင့်တွဲဖက်အုပ်စိုးသူအားလုံးသည် ဘုရားသခင်၏ပညတ်ဥပဒေများနှင့် မေတ္တာပါသောမူများကို စောင့်ထိန်းရန် တာဝန်ရှိသည်။ မြေကြီးဆိုင်ရာကိုယ်စားလှယ်များအပါအဝင် ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံများသည် ကိုယ်တော့်ပညတ်ဥပဒေများနှင့်အညီ နေထိုင်ရခြင်းကို အားရနှစ်သက်ကြသည်။ ထိုနိုင်ငံတော်တွင် အုပ်စိုးမည့်သူများရော လက်အောက်ခံမည့်သူများပါ အသက်တာတွင် ဘုရားသခင်ကို အဓိကထားကြသည်။ ထို့ကြောင့် ယင်းနိုင်ငံတော်သည် စစ်မှန်သောသီအိုကရေစီ၊ ဘုရားသခင့်အုပ်ချုပ်မှုဖြစ်၏။ ယင်းသည် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်ကို အောင်မြင်စွာအကောင်အထည်ဖော်မည်ဖြစ်သည်။ မေရှိယနိုင်ငံဟုလည်းခေါ်သော ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အချိန်တွင် စတင်အုပ်စိုးနေပြီနည်း။
နိုင်ငံတော်အုပ်ချုပ်မှု စတင်
ဘုရားသခင့်နိုင်ငံတော် စတင်အုပ်စိုးချိန်ကိုသိနိုင်မည့် သော့ချက်ကို ယေရှု၏စကားများတွင် တွေ့ရှိရသည်။ ကိုယ်တော် ဤသို့ဆို၏– “တစ်ပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ [“လူမျိုးခြားများအတွက် သတ်မှတ်ထားသောကာလ၊” ကဘ] မပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်။” (လုကာ ၂၁:၂၄) ကမ္ဘာတစ်ခွင်တွင် ယေရုရှလင်တစ်မြို့တည်းသာ ဘုရားသခင့်နာမတော်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ (၃ ဓမ္မရာဇဝင် ၁၁:၃၆; မဿဲ ၅:၃၅) ယင်းသည် ဘုရားသခင့်မျက်နှာသာရသော မြေကြီးဆိုင်ရာနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ယင်းမြို့ကို တစ်ပါးအမျိုးသားတို့ ခြေဖြင့်နင်းခြင်းက မိမိလူမျိုးအပေါ် ဘုရားသခင့်အုပ်ချုပ်မှုကို လူ့အစိုးရများက ကြားဝင်စွက်ဖက်မည်ကိုဆိုလိုသည်။ ယင်းသည် အဘယ်အချိန်တွင် စတင်ခဲ့သနည်း။
ယေရုရှလင်မြို့ရှိ ဘုရားသခင့်ပလ္လင်တွင်စိုးစံခဲ့သော နောက်ဆုံးဘုရင်အား ဤသို့ဆိုသည်– ‘ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကိုချွတ်လော့။ နိုင်ငံကို အစိုးပိုင်သောသူ မရောက်မီတိုင်အောင် ငါမှောက်လှန်မည်။ အစိုးပိုင်သောသူ၌ ငါအပ်မည်။’ (ယေဇကျေလ ၂၁:၂၅-၂၇) ထိုဘုရင်၏ရာဇသရဖူ ဖယ်ရှားခံရပြီး ဘုရားသခင့်လူမျိုးအပေါ် ကိုယ်တော်၏အုပ်စိုးမှု ပြတ်တောက်သွားမည်။ ယင်းသည် ယေရုရှလင်မြို့ကို ဗာဗုလုန်တို့လာရောက်သိမ်းပိုက်သည့် ဘီစီ ၆၀၇ တွင် စတင်ခဲ့သည်။ ယင်းမှစတင်သည့် “သတ်မှတ်ထားသောကာလ” အတွင်း မြေကြီးပေါ်တွင် ဘုရားသခင်၏အုပ်ချုပ်မှုကို ကိုယ်စားပြုသောအစိုးရ ရှိမည်မဟုတ်ချေ။ ယေဟောဝါသည် “အစိုးပိုင်သောသူ၊” ယေရှုခရစ်အား အုပ်ချုပ်မှုအာဏာအပ်နှင်းချိန်တွင် ထိုကာလ ဆုံးခန်းတိုင်မည်ဖြစ်သည်။ ယင်းကာလ မည်မျှကြာရှည်မည်နည်း။
ဒံယေလကျမ်း၏ ပရောဖက်ပြုချက်တစ်ခုတွင် ‘သစ်ပင်ကို ခုတ်လှဲဖျက်ဆီးလော့။ သို့သော်လည်း မြေ၌စွဲသောအမြစ်နှင့်တကွ သစ်ငုတ်ကိုခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့်ချည်နှောင်၍ ခုနစ်နှစ် [“ခုနစ်ကာလ၊” ကဘ] ပတ်လုံး မိုးစွတ်ခြင်းကိုခံစေ’ ဟုဆိုထားသည်။ (ဒံယေလ ၄:၂၃) ကျွန်ုပ်တို့သိရှိရမည်ဖြစ်သည့်အတိုင်း ထိုတွင်ဖော်ပြထားသည့် “ခုနစ်ကာလပတ်လုံး” ဟူသည် “လူမျိုးခြားတို့အတွက် သတ်မှတ်ထားသောကာလ” နှင့်ညီသည်။
ကျမ်းစာတွင် သစ်ပင်သည် လူပုဂ္ဂိုလ်၊ အုပ်စိုးရှင်၊ နိုင်ငံများကို တစ်ခါတစ်ရံ အမှတ်သင်္ကေတပြုသည်။ (ဆာလံ ၁:၃; ယေရမိ ၁၇:၇၊ ၈; ယေဇကျေလ အခန်းကြီး ၃၁) ထိုပုံဆောင်သစ်ပင်သည် “မြေကြီးစွန်းတိုင်အောင် ထင်ရှား၏။” (ဒံယေလ ၄:၁၁) သစ်ပင်ကြီးဖြင့်ကိုယ်စားပြုသည့် လူ့နိုင်ငံတစ်ရပ်လုံး အကျုံးဝင်သော ‘မြေကြီးစွန်းတိုင်အောင်ရောက်သည့် အာဏာစက်တော်’ သည် ခုတ်လှဲခြင်း၊ ချည်နှောင်ခြင်းခံရမည်။ (ဒံယေလ ၄:၁၇၊ ၂၀၊ ၂၂) ထို့ကြောင့် သစ်ပင်ကြီးသည် အထူးသဖြင့် မြေကြီးနှင့်စပ်လျဉ်းသည့် ဘုရားသခင့်ပိုင်သအုပ်စိုးမှုကို အမှတ်သင်္ကေတပြုသည်။ ယေဟောဝါသည် ဣသရေလလူမျိုးကိုအုပ်ချုပ်ရန် ဖွဲ့စည်းထားသော နိုင်ငံတော်အားဖြင့် ထိုပိုင်သအုပ်စိုးမှုကို ဖော်ပြခဲ့သည်။ ပုံဆောင်သစ်ပင်သည် ခုတ်လှဲခံရပြီး မကြီးထွားရန် သံကြိုး၊ ကြေးဝါကြိုးဖြင့် ချည်နှောင်ခံရသည်။ ယင်းက မြေကြီးပေါ်တွင် ဘုရားသခင်အား ကိုယ်စားပြုသောအုပ်စိုးမှု ပြတ်တောက်သွားမည်ကို ဖော်ပြသည်၊ ဘီစီ ၆၀၇ ခုနှစ်၌ ယင်းသို့ဖြစ်ခဲ့သော်လည်း လုံးဝပြတ်တောက်သွားခြင်းမဟုတ်ချေ။ သစ်ပင်သည် “ခုနစ်ကာလ” တိုင် ချည်နှောင်ခံရလိမ့်မည်။ ထိုကာလကုန်ဆုံးချိန်တွင် ယေဟောဝါသည် တရားဝင်ထီးနန်းဆက်ခံသူဖြစ်သော ယေရှုခရစ်အား အာဏာအပ်နှင်းတော်မူမည်။ ရှင်းနေသည်မှာ “ခုနစ်ကာလ” နှင့် “လူမျိုးခြားများအတွက် သတ်မှတ်ထားသောကာလ” သည် တူညီသောအချိန်ကာလကို ရည်ညွှန်းသည်။
“ခုနစ်ကာလ” သည် မည်မျှကြာမြင့်ကြောင်းသတ်မှတ်ရန် သမ္မာကျမ်းစာက ကူညီပေးပါသည်။ ယင်းတွင် ရက်ပေါင်း ၁,၂၆၀ သည် “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်၊” စုစုပေါင်း သုံးကာလခွဲနှင့်ညီသည်ဟု ဖော်ပြသည်။ (ဗျာ. ၁၂:၆၊ ၁၄) သို့ဖြစ်လျှင် ထိုအရေအတွက်၏နှစ်ဆ သို့မဟုတ် ခုနစ်ကာလသည် ရက်ပေါင်း ၂,၅၂၀ နှင့်ညီသည်။
ဘီစီ ၆၀၇ မှ ပကတိရက်ပေါင်း ၂,၅၂၀ ကိုရေတွက်ကြည့်ပါက ဘီစီ ၆၀၀ အထိသာကြာသည်။ သို့သော် ခုနစ်ကာလသည် ထိုထက်မကကြာမြင့်ရပေမည်။ “လူမျိုးခြားများအတွက် သတ်မှတ်ထားသောကာလ” အကြောင်း ယေရှုမိန့်ဆိုခဲ့ချိန်တွင် ထိုကာလ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ခုနစ်ကာလသည် ပရောဖက်ပြုချက်ဆိုင်ရာကာလဖြစ်သည်။ သို့ဖြစ်၍ “တစ်ရက်ကိုတစ်နှစ်” ဟူသည့်ကျမ်းစာစည်းမျဉ်းကို သုံးရမည်။ (တောလည်ရာ ၁၄:၃၄; ယေဇကျေလ ၄:၆) ထို့ကြောင့် ဘုရားသခင့်ကြားဝင်စွက်ဖက်မှုမရှိဘဲ လူ့အာဏာစက်များ ကမ္ဘာကိုစိုးမိုးသည့် ခုနစ်ကာလမှာ နှစ်ပေါင်း ၂,၅၂၀ ရှည်ကြာသည်။ ဘီစီ ၆၀၇ မှ နှစ်ပေါင်း ၂,၅၂၀ ကိုရေတွက်လျှင် အေဒီ ၁၉၁၄ ခုနှစ်သို့ ရောက်ရှိသည်။ ထိုနှစ်သည် “လူမျိုးခြားများအတွက် သတ်မှတ်ထားသောကာလ” သို့မဟုတ် ခုနစ်ကာလ ကုန်ဆုံးချိန်ဖြစ်၏။ ဆိုလိုသည်မှာ ယေရှုခရစ်သည် ၁၉၁၄ ခုနှစ်မှစ၍ ဘုရားသခင့်နိုင်ငံတော်၏ဘုရင်အဖြစ် စိုးစံနေပြီဖြစ်၏။
“နိုင်ငံတော်တည်ထောင်ပါစေ”
မေရှိယနိုင်ငံတော်သည် ကောင်းကင်တွင် တည်ထောင်ခဲ့ပြီးဖြစ်သောကြောင့် စံပြဆုတောင်းချက်တွင် ယေရှုသင်ပေးသည့်အတိုင်း ယင်းနိုင်ငံတော်တည်ထောင်ပါစေဟူ၍ ဆက်ဆုတောင်းသင့်သလော။ (မဿဲ ၆:၉၊ ၁၀) ဆုတောင်းသင့်သည်။ ယင်းသို့ဆုတောင်းရန် သင့်လျော်ဆဲ၊ အကြောင်းရင်းခိုင်လုံဆဲဖြစ်၏။ ဘုရားသခင့်နိုင်ငံတော်သည် ဤကမ္ဘာမြေဝယ် တန်ခိုးအာဏာအပြည့်အဝ ဖြန့်ကျက်ပါလိမ့်မည်။
ယင်းသို့ဖြစ်လာသည့်အခါ တည်ကြည်သူလူသားများ ခံစားရမည့်ကောင်းချီးများသည် ကြီးမားလိုက်လေခြင်း! “ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ . . . သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဟုသမ္မာကျမ်းက ဆိုသည်။ (ဗျာ. ၂၁:၃၊ ၄) ထိုအချိန်တွင် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” တော့ပေ။ (ဟေရှာယ ၃၃:၂၄) ဘုရားသခင့်မျက်နှာသာရရှိသူများသည် ထာဝရအသက်ခံစားရပေမည်။ (ယောဟန် ၁၇:၃) ယင်းကတိတော်များအပြင် သမ္မာကျမ်းစာပါ အထူးကောင်းမွန်သော အခြားပရောဖက်ပြုချက်များ ပြည့်စုံလာမည်ကို စောင့်မျှော်ကြစဉ် “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြ” စို့လေ။—မဿဲ ၆:၃၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 10 ရှေးဣသရေလဘုရင် ဒါဝိဒ်သည် ယေဗုသိလူတို့လက်မှ မြေကြီးဆိုင်ရာ ဇိအုန်ရဲတိုက်ကို တိုက်ယူပြီး မြို့တော်တည်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၅:၆၊ ၇၊ ၉) ဘုရားသခင့်သေတ္တာတော်ကိုလည်း ထိုမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၆:၁၇) ထိုသေတ္တာတော်သည် ဘုရားသခင့်ရောက်ရှိနေခြင်းကို အထိမ်းအမှတ်ပြုသောကြောင့် ဇိအုန်ကို ဘုရားသခင့်စံတော်မူရာကောင်းကင်နှင့် တင်စားခြင်းသည် သင့်လျော်လှသည်။—ထွက်မြောက်ရာ ၂၅:၂၂; ဝတ်ပြုရာ ၁၆:၂; ဆာလံ ၉:၁၁; ဗျာ. ၁၁:၁၉။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
ယေဟောဝါသည် ယေရှုအား မိမိနိုင်ငံတော်၏ ဘုရင်အဖြစ် ခန့်အပ်ခဲ့
[စာမျက်နှာ ၆ ပါ ပုံကြမ်း/ ရုပ်ပုံ]
၂,၅၂၀ နှစ်
အောက်တိုဘာ ၆၀၇ ◀ ဘီစီ အေဒီ ▸ အောက်တိုဘာ ၁၉၁၄
၆၀၆ ၁/၄ နှစ် ၁,၉၁၃ ၃/၄ နှစ်
“လူမျိုးခြားများအတွက် သတ်မှတ်ထားသောကာလ” သည် ဘီစီ ၆၀၇ တွင်စတင်၍ အေဒီ ၁၉၁၄ တွင်ကုန်ဆုံး
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးဆိုင်ရာလက်အောက်ခံများသည် ကောင်းချီးများစွာ ခံစားရမည်