မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယင်းကို သင်မစုဆောင်းထားနိုင်သဖြင့် ကောင်းစွာအသုံးချပါ

ယင်းကို သင်မစုဆောင်းထားနိုင်သဖြင့် ကောင်းစွာအသုံးချပါ

ယင်းကို သင်​မ​စုဆောင်း​ထား​နိုင်​သဖြင့် ကောင်းစွာ​အသုံးချပါ

အချိန်​သည် ငွေ။ ဤ​စကား​ကို မကြာခဏ​ပြော​လေ့​ရှိကြ​၏။ အမှန်​မှာ အချိန်​သည် ငွေ၊ အခြား​ရုပ်ပစ္စည်း​များနှင့် လုံးလုံး​မတူ​ချေ။ ငွေ၊ အစားအစာ၊ လောင်စာဆီ​နှင့် အခြား​အရာများ​ကို နောင်​တွင် လို​သလို​အသုံးပြုနိုင်​ရန် စုဆောင်း​ထား​နိုင်​သော်လည်း အချိန်ကို​မူ မ​စုဆောင်း​နိုင်​ပါ။ အချိန်ကို​မ​သုံး​ဘဲ စုဆောင်း​ထား​ရန်​ကြိုးစား​ခြင်း​သည် အချည်းနှီးသာ​ဖြစ်၏။ အကယ်၍ သင်သည် တစ်နေ့​လျှင် ရှစ်​နာရီ​အိပ်​ပြီး ကျန်​သည့်​အချိန်​များ​ကို ဘာမျှ​မလုပ်ဘဲ စုဆောင်း​ထား​မည်​ဆိုပါ​က ဘာဖြစ်​မည်​နည်း။ တစ်နေ့တာ​ကုန်​သွားသော​အခါ အသုံးမပြု​ခဲ့​သော​အချိန်​များ​ကို ဘယ်တော့​မျှ ပြန်​ရနိုင်​မည်​မဟုတ်။

အချိန်ကို ရေ​စီး​သန်​သော မြစ်​ကြီး​တစ်စင်း​နှင့် နှိုင်းယှဉ်​နိုင်၏။ မြစ်ရေ​သည် အမြဲတမ်း တစ်ဖက်​သို့​သာ​စီးဆင်း​နေသည်။ ယင်းကို သင်​မတားဆီး​နိုင်​သကဲ့သို့ စီးဆင်း​သွားသော​ရေ​အားလုံး​ကို သင်​အသုံးပြုနိုင်​မည်​မဟုတ်။ လွန်ခဲ့သော​ရာစုနှစ်များ​က လူတို့သည် မြစ်ကမ်းပါး​များ​ပေါ်​တွင် ရေ​ရ​ဟ​တ်​များ ဆောက်လုပ်​ခဲ့​ကြသည်။ ရေ​ရ​ဟ​တ်​များ​ဖြင့် ရေ​စီး​၏​စွမ်းအင်​ကို ထုတ်ယူ​အသုံးချ​ကာ ဓား​သွေးစက်​များ၊ လွှ​စက်​များနှင့် ရေ​တင်​စက်​များ​ကို လည်ပတ်​စေ​ခဲ့​ကြသည်။ အလားတူ သင်လည်း အချိန်ကို​မ​စုဆောင်း​ဘဲ အကျိုးရှိ​သည့်​အလုပ်များ ပြီးမြောက်​ရန် အသုံးချပါ။ ယင်း​သို့​ပြုလုပ်​နိုင်​ရန် အချိန်​သူခိုး​နှစ်ဦး​ဖြစ်သော ရွှေ့ဆိုင်း​ခြင်း​နှင့် ပစ္စည်း​ရှုပ်ပွ​ခြင်း​တို့ကို သင်​တွန်းလှန်​ရမည်။ ရွှေ့ဆိုင်း​ခြင်း​ကို ဦးစွာ​သုံးသပ်ကြည့်​ကြ​စို့။

ရွှေ့ဆိုင်း​ခြင်း​ကို​ရှောင်ပါ

ယနေ့​လုပ်နိုင်​သည့်​အရာ​ကို မနက်ဖြန်​သို့ ဘယ်တော့​မျှ​မရွှေ့ဆိုင်း​ပါ​နှင့် ဟု​ပြော​လေ့​ရှိကြသည်။ သို့သော် အချို့​သူများ​က​မူ ယင်းကို​ပြောင်းပြန်​လုပ်ပြီး နောက်​အပတ်​အထိ ရွှေ့ဆိုင်း​ထား​နိုင်​သည့်​အရာ​ကို မနက်ဖြန်​သို့ ဘယ်တော့​မျှ​မရွှေ့ဆိုင်း​ပါ​နှင့်​ဟု ပြော​ကြသည်။ ခက်ခဲ​သော​တာဝန်​တစ်ခု ကြုံ​ရသောအခါ ရွှေ့ဆိုင်း​ခြင်း​ဖြင့် ဖြေရှင်း​လိုက်​ကြသည်။ အဘိဓာန်​တစ်အုပ်​အရ “ရွှေ့ဆိုင်း​ခြင်း” ဟူသည် “တမင်​အချိန်ဆွဲ​သည့် အကျင့်ပါ​နေခြင်း၊ လုပ်သင့်ရာ​ကို တမင်​ရွှေ့ဆိုင်း​ခြင်း” ဖြစ်သည်။ ရွှေ့ဆိုင်း​သူ​တစ်ဦး​အတွက် ကိစ္စရပ်​များ​ကို ရွှေ့ဆိုင်း​ခြင်း​သည် အကျင့်​ဖြစ်လာ​သည်။ သူသည် ဖိစီးမှုများ​လာသော​အခါ တာဝန်​ကို ရွှေ့ဆိုင်း​လိုက်ခြင်း​ဖြင့် သက်သာမှု​ရှာယူ​သည်။ ဤသို့ဖြင့် နောက်ထပ်​ဖိစီးမှုများ စုပုံ​လာ​သည့်​အထိ “အေးအေးဆေးဆေး” နေ​တော့​သည်။

တစ်ခါတစ်ရံ ကျွန်ုပ်​တို့၏ ကာယပိုင်း​နှင့် စိတ်​လှုပ်ရှားမှု​ပိုင်း​ဆိုင်ရာ​အခြေအနေ​များ​ကြောင့် အလုပ်​အချို့ သို့​မဟုတ် အားလုံး​ကို​ပင် ရွှေ့ဆိုင်း​ထား​ဖို့​လို​ပေမည်။ ထို့​ပြင် နေ့စဉ်​လုပ်ငန်းဆောင်တာ​များ​မှ​လည်း လူတိုင်း အခါ​အား​လျော်​စွာ အနားယူ​ဖို့​လို​သည်။ ဘုရားသခင့်​သားတော်​ပင် ထို​အတိုင်း​လုပ်ဆောင်ခဲ့​၏။ ယေရှုသည် ဓမ္မ​အမှု​တွင် အလွန်​အလုပ်များ​သော်လည်း မိမိ​ကိုယ်တိုင်​နှင့်​တပည့်​များ အနားယူ​ရန်​အချိန်ပေး​ခဲ့​သည်။ (မာကု ၆:၃၁၊ ၃၂) ဤသို့​သော အနားယူခြင်း​မျိုး​သည် အကျိုးရှိ​ပါ​သည်။ သို့သော် ရွှေ့ဆိုင်း​ခြင်း​မူ​ကား အန္တရာယ်​ရှိစေ​၏။ သာဓက​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။

ဆယ်ကျော်သက်​အရွယ် ကျောင်းသူ​တစ်ဦး​သည် သင်္ချာ​စာမေးပွဲ​အတွက် ကြိုပြင်​ဆင်​ဖို့ အချိန်သုံး​ပတ်​ရသည်။ သူ​ပြန်​လေ့လာ​ရမည့် မှတ်စု​များစွာ​ရှိသဖြင့် သူ့​အတွက် ဖိစီးမှု​ဖြစ်​မည်။ ထို့​ကြောင့် ရွှေ့ဆိုင်း​ခြင်း ထောင်ချောက်​အတွင်း သူ​ကျရောက်​သွား​၏။ စာ​ကြည့်​မည့်​အစား တီဗွီ​ကြည့်​သည်။ စာမေးပွဲ​အောင်​ဖို့ သူ​လုပ်​ရမည့်​အရာ​ကို တစ်နေ့​ပြီး​တစ်နေ့ ရွှေ့ဆိုင်း​နေသည်။ အဆုံး​တွင် စာမေးပွဲ​မဖြေ​ဆို​မီ​ည​၌ သင်ခန်းစာ​အားလုံး​ကို တစ်ပြိုင်တည်း လေ့လာ​ကျက်​မှတ်​ရတော့​သည်။ စာ​ကြည့်​စားပွဲ​ပေါ် ထိုင်​လိုက်ပြီး မှတ်စု​များ​ကို စလေ့လာ​တော့​၏။

အချိန်​များ​ကုန်လွန်​လာပြီ။ အိမ်သား​များ အိပ်​နေချိန်​တွင် သူ့​ဦးနှောက်​မှာ​မူ ညီမျှခြင်း​များနှင့် နှစ်ထပ်​ကိန်း​ရင်း​များ​ကြား​တွင် လုံး​ချာ​လိုက်နေ​၏။ နောက်​တစ်နေ့ ကျောင်းခန်း​ထဲ​တွင် သူသည် မေးခွန်းများ​နှင့် နပန်းလုံး​နေရ​ကာ ဦးနှောက်​ပူ​ပြီး အဖြေ​များ​ထွက်​မလာ​တော့။ အမှတ်​နည်းနည်း​သာ​ရပြီး စာမေးပွဲ​ကျ​တော့​သည်။ သင်ခန်းစာများ​ကို သူ​ပြန်​လေ့လာ​ရမည်​ဖြစ်​ပြီး နောက်​တစ်တန်း မ​တက်​နိုင်​တော့​ပေ။

ဤ​ကျောင်းသူ​လေး​သည် ရွှေ့ဆိုင်း​ခြင်း​ကြောင့် များစွာ​ပေး​ဆပ်ခဲ့​ရသည်။ သို့သော် သူ့​ကဲ့သို့ မကြုံ​ရလေ​အောင် ကူညီ​ပေး​သော ကျမ်းစာမူ​တစ်ခု ရှိပါ​သည်။ “ပညာ​မဲ့​ကဲ့သို့​မဟုတ်၊ ပညာရှိ​ကဲ့သို့ စေ့စေ့​မြေ့​မြေ့ကျင့်​ဆောင်​မည်​အကြောင်း သတိပြု​ကြလော့။ . . . ကာလ​အချိန်ကို ရွေးနုတ်​ကြလော့” ဟု​တမန်​တော်​ပေါလု ရေးသားခဲ့​သည်။ (ဧဖက် ၅:၁၅၊ ၁၆) ပေါလု​သည် ခရစ်ယာန်​များ​အား ဝိညာဉ်​ရေး​အတွက် အချိန်ကို​ပညာရှိ​စွာ အသုံးပြု​ဖို့ တိုက်တွန်း​နေခြင်း​ဖြစ်သော်လည်း ဤ​မူ​သည် ဘဝတွင် အရေးပါသော​ကဏ္ဍ​များစွာ​အတွက် အကူအညီ​ဖြစ်စေ​နိုင်​သည်။ တာဝန်​တစ်ခု​ကို အဘယ်​အချိန်တွင် လုပ်​ရမည်ကို ကျွန်ုပ်​တို့ ဆုံးဖြတ်​နိုင်​လေ့​ရှိသောကြောင့် “အခွင့်သာ​သည့်​အချိန်” တွင် စတင်​လုပ်ခြင်း​ဖြင့် အကျိုး​ရရှိ​မည်​ဖြစ်​ပြီး အလုပ်​မြန်မြန်ဆန်ဆန်​ပြီးစီး​မည်​ဖြစ်သည်။ ဤသို့​ပြုလုပ်ခြင်း​က ကျမ်းချက်​တွင် ပြော​သည့်​အတိုင်း “ပညာရှိ” သူ​ဖြစ်သည်။

သင်္ချာ​စာမေးပွဲ​ဖြေဆို​မည့် ကျောင်းသူ​လေး​အတွက် အဘယ်​အချိန်​သည် လေ့လာမှု​ပြု​ရန် “အခွင့်သာ​သည့်​အချိန်” ဖြစ်​မည်​နည်း။ ည​တိုင်း ၁၅ မိနစ်​ခန့် သင်ခန်းစာ​ကို​လေ့လာခြင်း ဖြစ်​ပေမည်။ ဤနည်းဖြင့် ကောင်းစွာ​အနားယူ​အိပ်​သင့်​သည့်​အချိန်တွင် အကြိတ်အနယ်​လေ့လာ​နေရ​သည့် အဖြစ်မျိုး​ရောက်မည်​မဟုတ်။ စာမေးပွဲ​ဖြေဆို​သည့်​နေ့တွင် အနား​ရထား​ပြီး ကောင်းစွာ​ပြင်ဆင်​ထားသော​ကြောင့် အမှတ်​ကောင်း​ရရှိ​မည်။

ထို့​ကြောင့် တာဝန်​တစ်ခု​ကို သင်​ရရှိပါ​က “အခွင့်သာ​သည့်​အချိန်” ကို​ရွေးချယ်​ပြီး လုပ်ဆောင်ပါ။ သို့​ပြုခြင်း​ဖြင့် ရွှေ့ဆိုင်း​ခြင်း​ထောင်ချောက်​နှင့် ယင်း​၏​ဆိုးကျိုး​များ​ကို သင်​ရှောင်ရှား​နိုင်​မည်။ အလုပ်​ပြီးမြောက်​သည့်​အတွက် ကျေနပ်မှု​ကိုလည်း သင်​ခံစားရ​မည်။ ယင်းသည် ခရစ်ယာန်​အသင်းတော်​တာဝန်​ကဲ့သို့​သော အခြား​သူများကို အကျိုး​သက်ရောက်​စေသည့် အလုပ်​မျိုး ရရှိ​သည့်​အခါ အထူး​အရေးကြီး​သည်။

ပစ္စည်း​ရှုပ်ပွ​မှု​ကို​လျှော့ချပါ

အချိန်ကို ကောင်းစွာ​အသုံးပြုရာတွင် ဒုတိယ​အချက်​မှာ အစောပိုင်းက​ဖော်ပြ​သကဲ့သို့ ပစ္စည်း​ရှုပ်ပွ​စေခြင်း​ကို ရှောင်ရန်​ဖြစ်သည်။ ပစ္စည်း​များ​ကို ကိုင်တွယ်​ရန်၊ စီမံ​ရန်၊ အသုံးပြုရန်၊ သန့်ရှင်း​စွာ​ထား​ရန်၊ သိမ်းဆည်း​ရန်​နှင့် ပြုပြင်​ထိန်းသိမ်း​ရန် အချိန်ပေး​ရ​ကြောင်း ကျွန်ုပ်​တို့​သိ​ကြသည်။ ပစ္စည်း​များ​လေ အချိန်ပို​ပေး​ရလေ​ဖြစ်၏။ ပစ္စည်း​များ​လွန်း​သော အခန်း သို့​မဟုတ် အိမ်​တွင် အလုပ်​လုပ်ခြင်း​သည် ရှင်းလင်း​နေသော​အခန်း​တွင်​လုပ်​ရခြင်း​ထက် အချိန်ပို​ကုန်​သည့်​အပြင် စိတ်ပျက်​စ​ရာ​ကောင်း​သည်။ ထို့​ပြင် ပစ္စည်း​များ​လာ​သည်​နှင့်​အမျှ လိုအပ်သော​ပစ္စည်း​ကို ရှာတွေ့​ရန် အချိန်ပို​ပေး​ရသည်။

သန့်ရှင်းရေး​လုပ်​သည့်​အခါ ပစ္စည်း​များ​ကို “စီစဉ်​နေရ​ခြင်း၊ ရှောင်​နေရ​ခြင်း၊ နေရာတကျ​မရှိသော​ပစ္စည်း​များ​ကို ရွှေ့​နေရ​ခြင်း” ဖြင့် အချိန်​တစ်ဝက် ကုန်​သွား​သည်​ဟု အိမ်မှုပြု​စု​ရာ​တွင် ကျွမ်းကျင်​သူများ​က​ဆို​၏။ ဘဝ၏​အခြား​ကဏ္ဍ​များ​တွင်​လည်း အလားတူ​ပင်​ဖြစ်​နိုင်​သည်။ ထို့​ကြောင့် သင်သည် အချိန်ကို​ကောင်းစွာ အသုံးချ​လို​ပါ​က သင့်​ပတ်ဝန်းကျင်​ကို ဂရုစိုက်​ကြည့်​ပါ​လေ။ ရှုပ်ပွ​နေသော​ပစ္စည်း​များ နေရာယူ​ထား​၍ ယင်း​တို့ကို ရှောင်​နေရ​သလော။ အဆိုးဆုံး​မှာ ယင်း​တို့​က သင့်​အချိန်ကို ဖြုန်းတီး​နေ​သလော။ ထိုသို့​ဖြစ်နေ​ပါ​က ရှုပ်ပွ​နေသော​ပစ္စည်း​များ​ကို လျှော့ချ​ပစ်​ပါ။

ရှုပ်ပွ​သော​ပစ္စည်း​များ​ကို စွန့်ပစ်​ရန် လွယ်ကူ​မည်​မဟုတ်ပေ။ နှစ်သက်​သော်လည်း မလို​အပ်​သည့်​ပစ္စည်း​များ​ကို ဖယ်ရှားခြင်း​သည် မိတ်ဆွေကောင်း​တစ်ဦး ဆုံးရှုံး​သွား​သည့်​အလား စိတ်မကောင်း​စ​ရာ​ဖြစ်စေ​နိုင်​သည်။ သို့​ဖြစ်၍ အဘယ်အရာကို စွန့်ပစ်​မည်၊ အဘယ်အရာကို​သိမ်းထား​မည်​ကို သင်​မည်သို့​ဆုံးဖြတ်​နိုင်​သနည်း။ အချို့​က တစ်နှစ်​သတ်မှတ်ချက် ထား​ကြသည်။ ပစ္စည်း​တစ်ခု​ကို သင်​မ​သုံး​သည်​မှာ တစ်နှစ်​ကြာပြီး​ပါ​က စွန့်ပစ်​လိုက်ပါ။ တစ်နှစ်​ပြည့်​သည့်​တိုင် မစွန့်ပစ်​လို​သေး​ပါ​က အသို့နည်း။ ယင်းကို စ​တို​ခန်း​ထဲ​တွင် နောက်​ခြောက်​လ​ထား​ပါ။ တစ်နှစ်​ခွဲ​ကြာ​သည့်​တိုင်  မ​သုံး​ဖြစ်​ကြောင်း သိရှိ​လာ​သည့်​အခါ စွန့်ပစ်​ဖို့​မ​ခဲယဉ်း​တော့​ပေ။ မည်သို့​ပင်​ဖြစ်စေ ရည်ရွယ်ချက်မှာ ရှုပ်ပွ​နေသော​ပစ္စည်း​များ​ကို လျှော့ချခြင်း​ဖြင့် အချိန်ကို ကောင်းစွာ​အသုံးပြုရန်​ဖြစ်သည်။

ရှုပ်ပွ​ခြင်း​သည် အိမ် သို့​မဟုတ် လုပ်ငန်းခွင်​တွင်​သာ မဟုတ်ပါ။ ယေရှု​က ‘လောက​အမှု၌​စိုးရိမ်ခြင်း​နှင့် စည်းစိမ်ဥစ္စာ​၏​လှည့်စားခြင်း​သည် တရား​စကား​ကို လွှမ်းမိုး​ညှဉ်းဆဲ’ နိုင်သော​ကြောင့် လူတစ်ဦး​အား သတင်းကောင်း​နှင့်​ပတ်သက်​၍ “အသီး​မ​သီး​နိုင်” သော​အခြေအနေ​သို့​ရောက်​စေ​သည်​ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၁၃:၂၂) လူတစ်ဦး​သည် သူ့​ဘဝတွင် အရေးကြီးဆုံး​ဖြစ်သော ဝိညာဉ်​ရေး​လုပ်ရိုးလုပ်စဉ်​နှင့် ဟန်ချက်​ကို​ထိန်းသိမ်း​ရန် အချိန်​မပေးနိုင်​တော့​သည့်​အထိ လုပ်ဆောင်​စ​ရာ​များ၊ ဝါသနာ​များ​ဖြင့် ရှုပ်ထွေး​လာနိုင်​သည်။ ရလဒ်​မှာ သူသည် ဝိညာဉ်​ရေး​အားနည်း​လာ​သည်။ နောက်ဆုံး​တွင် စစ်မှန်သော ကျေနပ်​ပျော်ရွှင်မှု​ရရှိစေ​သည့် အလုပ်များ​အတွက် အချိန်​အကန့်အသတ်​မရှိ ရရှိနိုင်​မည့် ဘုရားသခင့်​ကတိထားရာ​ကမ္ဘာသစ်​ကို ဝင်ရောက်​နိုင်​ခွင့် လုံးလုံး​ဆုံးရှုံး​သွားပေ​မည်။—ဟေရှာယ ၆၅:၁၇-၂၄; ၂ ပေတရု ၃:၁၃

သင်သည် အလုပ်၊ အိမ်၊ ကား၊ ဝါသနာ၊ ခရီးထွက်​ခြင်း၊ လုပ်ရိုးလုပ်စဉ်​ကိစ္စ၊ လူမှုရေး​ကိစ္စ​နှင့် အခြား​စိတ်ဝင်စား​ရာ အားလုံး​ကို​လုပ်ဆောင်ရန် အချိန်ကို​မရ​မ​က စီစဉ်​နေရ​သလော။ သို့​ဆိုပါ​က ဝိညာဉ်​ရေးရာ​များ​အတွက် အချိန်ပို​ပေး​နိုင်​ရန် ရှုပ်ထွေး​နေသော​အရာများ​ကို မည်သို့​လျှော့ချ​နိုင်​ကြောင်း သုံးသပ်ပါ​လေ။

အများ​သိ​စကားပုံ​တစ်ခု​မှာ အချိန်​နှင့်​ဒီရေ​သည် လူကို​မ​စောင့် ဟူ၍​ဖြစ်သည်။ မှန်ပါသည်၊ အဆက်မပြတ်​စီးဆင်း​နေသော​ရေ​ကဲ့သို့ အချိန်​သည် မရပ်မနား​ရွေ့လျား​စီးဆင်း​နေသည်။ ယင်းကို နောက်​ပြန်​ဆုတ်၍​မရ​သကဲ့သို့ သိမ်းထား​၍​လည်း​မရပါ။ ကုန်လွန်​သွားသော​အချိန်​သည် ထာဝရ​ကုန်လွန်​သွားခြင်း​သာ​ဖြစ်သည်။ သို့သော် ရိုးရှင်း​သော​ကျမ်းစာမူ​အချို့​ကို လိုက်လျှောက်ခြင်း​နှင့် လက်တွေ့ကျ​လုပ်ဆောင်မှု​အချို့ လုပ်ခြင်း​ဖြင့် သာ၍​အရေးကြီးသော​အရာများ​အတွက် အချိန်ကို အသုံးချ​နိုင်​ကြ​ပါ​သည်။ ယင်းက ကျွန်ုပ်​တို့၏ ထာဝရ​ကောင်းကျိုး​ကို​ဖြစ်စေ​ပြီး “ဘုရားသခင်​၏​ဘုန်း​အသရေတော်​ကို ထင်ရှားစေ” ပါ​သည်။—ဖိလိပ္ပိ ၁:၁၀၊ ၁၁

[စာမျက်နှာ ၈/ ၉ ပါ ရုပ်ပုံ]

ရေ​စီး​သန်​သည့်​ချောင်း​ကဲ့သို့​ပင်​အချိန်ကို အကျိုးရှိ​သော​အလုပ်များ​အတွက် အသုံးချ​နိုင်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

စာမေးပွဲ​အတွက်​လေ့လာမှုပြု​ရန် အဘယ်​အချိန်​သည် သူ့​အတွက် “အခွင့်သာ​သည့်​အချိန်” ဖြစ်​မည်​နည်း

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ရှုပ်ပွ​နေသော​နေရာတွင် အလုပ်​လုပ်ခြင်း​သည် အချိန်ကုန်​သည့်​အပြင်​စိတ်ပျက်​စ​ရာ​ဖြစ်