ချစ်ရသူတို့၏ တည်ကြည်မှုမှ အကျိုးခံစားခြင်း
ဘဝအတ္ထုပ္ပတ္တိ
ချစ်ရသူတို့၏ တည်ကြည်မှုမှ အကျိုးခံစားခြင်း
ကက်သ်လင်း ကွတ်ခ် ပြောပြသည်
ကျွန်မအဘွား မာရီအဲလန် တော်မ်ဆင်ဟာ ၁၉၁၁ ခုနှစ်မှာ စကော့တလန်၊ ဂလက်စ်ဂိုမြို့မှာရှိတဲ့ ဆွေမျိုးတွေဆီ အလည်သွားတုန်းက ယေဟောဝါသက်သေများလို့နောက်ပိုင်းသိလာတဲ့ ကျမ်းစာကျောင်းသားတွေထဲက ထင်ရှားတဲ့ပုဂ္ဂိုလ် ချားလ်စ် တေ့ဇ် ရပ်စယ်လ်ရဲ့ ဟောပြောချက်တစ်ခုကို သွားနားထောင်ခဲ့တယ်။ အဘွားဟာ သူကြားတဲ့အရာကို အလွန်နှစ်သက်ခဲ့တယ်။ တောင်အာဖရိကကို ပြန်လာတော့ဒေသခံကျမ်းစာကျောင်းသားတွေနဲ့ ဆက်သွယ်ခဲ့တယ်။ ၁၉၁၄ ခုနှစ်၊ ဧပြီလမှာ ကျမ်းစာကျောင်းသားတွေဟာ တောင်အာဖရိကမှာ ပထမဦးဆုံးစည်းဝေးကြီးကို ကျင်းပခဲ့ကြပြီး အဲဒီမှာနှစ်ခြင်းခံသူ ၁၆ ယောက်ထဲမှာ အဘွားလည်းတစ်ဦးအပါအဝင်ဖြစ်ခဲ့တယ်။ ကျွန်မအမေဖြစ်လာမယ့် အဘွားရဲ့သမီး အီးဒစ်သ်ဟာ အဲဒီအချိန်တုန်းက ခြောက်နှစ်ပဲရှိသေးတယ်။
၁၉၁၆ ခုနှစ်မှာ ညီအစ်ကို ရပ်စယ်လ်သေဆုံးပြီးနောက် ကမ္ဘာတစ်ဝန်းမှာ ကျမ်းစာကျောင်းသားတွေကြား သဘောကွဲလွဲမှုတွေရှိလာခဲ့တယ်။ ဒါဗင်မြို့မှာ သစ္စာရှိသူတွေရဲ့အရေအတွက်ဟာ ၆၀ ကနေ ၁၂ ယောက်အထိ ကျဆင်းသွားခဲ့တယ်။ ကျွန်မရဲ့ အဖေဘက်ကအဘွား အင်ဂျ်ဘော့ဂ် မားရ်ဒါလ်နဲ့ မကြာသေးခင်ကမှ နှစ်ခြင်းခံခဲ့တဲ့ အဘွားရဲ့သား ဆယ်ကျော်သက်ရွယ် ဟင်နရီတို့ဟာ သစ္စာရှိသူတို့ဘက်မှာ ရပ်တည်ခဲ့ကြတယ်။ ၁၉၂၄ ခုနှစ်မှာ ဟင်နရီဟာ အဲဒီအချိန်တုန်းက ကော်လ်ပေါ်တာလို့ခေါ်တဲ့ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူဟာ နောက်ငါးနှစ်ကြာတဲ့အထိ တောင်ပိုင်းအာဖရိကဒေသ အတော်များများမှာ ဟောပြောခဲ့တယ်။ ၁၉၃၀ ပြည့်နှစ်မှာ ဟင်နရီနဲ့ အီးဒစ်သ်တို့ လက်ထပ်ကြပြီး သုံးနှစ်အကြာမှာ ကျွန်မမွေးလာတယ်။
ဆွေမျိုးရင်းချာမိသားစုတစ်စု
မိုဇမ်ဘစ်နိုင်ငံမှာ ကျွန်မတို့ခဏနေထိုင်ကြပြီးနောက် ၁၉၃၉ ခုနှစ်မှာ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာရှိတဲ့ အဘွားတော်မ်ဆင်တို့အိမ်ကို ပြောင်းရွှေ့ခဲ့ကြတယ်။ အဘိုးဟာ ကျမ်းစာသမ္မာတရားကို
စိတ်ဝင်စားမှုမရှိတဲ့အပြင် တစ်ခါတလေ အဘွားကို အတိုက်အခံလုပ်တတ်ပေမဲ့လည်း သူဟာ တကယ့်ဧည့်ဝတ်ကျေပွန်တဲ့လူတစ်ယောက်ပါ။ ကျွန်မရဲ့ညီမလေးသဲလ်မာဟာ ၁၉၄၀ ပြည့်နှစ်မှာ မွေးဖွားခဲ့ပြီး သူနဲ့ကျွန်မက အသက်ကြီးသူတွေလိုအပ်ရာတွေကို ကြည့်ရှုစောင့်ရှောက်တတ်ဖို့ သင်ယူခဲ့ကြတယ်။ ကျွန်မတို့မိသားစု ညနေထမင်းစားချိန်မှာ တစ်နေ့တာရဲ့အဖြစ်အပျက်တွေ ဒါမှမဟုတ် အတိတ်ကအကြောင်းတွေကို ပြန်ပြောကြတဲ့အတွက် ထမင်းစားချိန်ဟာ အတော်လေးအချိန်ကြာတတ်တယ်။ကျွန်မတို့မိသားစုဟာ အလည်အပတ်ရောက်ရှိလာကြတဲ့ သက်သေခံတွေနဲ့အတူပေါင်းသင်းပြီး ပျော်ရွှင်ခဲ့ကြတယ်၊ အထူးသဖြင့် အချိန်ပြည့်ဓမ္မအမှုဆောင်တွေနဲ့ပေါ့။ သူတို့လည်း ကျွန်မတို့ရဲ့ညစာစားချိန်မှာ တစ်နေ့တာအတွေ့အကြုံတွေကို ဝေမျှပြောပြကြပြီး သူတို့ရဲ့ပြောပြချက်တွေက ဝိညာဉ်ရေးအမွေအနှစ်အပေါ် ကျွန်မတို့ရဲ့လေးမြတ်တန်ဖိုးထားတဲ့စိတ်ကို ပိုပြီးတိုးပွားစေခဲ့တယ်။ အဲဒါက သူတို့လိုပဲ သဲလ်မာနဲ့ကျွန်မရဲ့ ရှေ့ဆောင်ဖြစ်ချင်တဲ့ဆန္ဒကို တွန်းအားဖြစ်စေခဲ့တယ်။
ကျွန်မဟာ ငယ်ရွယ်စဉ်ကတည်းက စာဖတ်ချင်တဲ့စိတ်ရှိလာအောင် လေ့ကျင့်ခံခဲ့ရတယ်။ အမေ၊ အဖေနဲ့ အဘွားတို့က ကျွန်မတို့ကို ကောင်းတဲ့ပုံပြင်စာအုပ်တွေ ဒါမှမဟုတ် ကျမ်းစာထဲကအကြောင်းတွေကို တိုက်ရိုက်ဖတ်ပြလေ့ရှိတယ်။ ခရစ်ယာန်အစည်းအဝေးတွေနဲ့ အမှုဆောင်လုပ်ငန်းတွေဟာ ကျွန်မတို့ဘဝမှာ အသက်ရှူခြင်းတမျှ အရေးကြီးတယ်။ အဖေဟာ ဂျိုဟန်နက်စ်ဘာ့ဂ်အသင်းတော်ရဲ့ ကုမ္ပဏီအမှုထမ်း (ယခုအခေါ် ဦးစီးကြီးကြပ်မှူး) ဖြစ်တဲ့အတွက် အစည်းအဝေးတွေကို ကျွန်မတို့အားလုံး စောစောစီးစီးရောက်တတ်ကြတယ်။ ကျွန်မတို့မြို့မှာ စည်းဝေးကြီးတစ်ခုရှိပြီဆိုရင် အဖေက စည်းဝေးကြီးစီမံခန့်ခွဲခြင်းမှာ အလုပ်များနေပြီး အမေကတော့ ကိုယ်စားလှယ်တွေတည်းခိုဖို့ အခန်းတွေ ပြင်ဆင်တဲ့နေရာမှာ အကူအညီပေးခဲ့တယ်။
ကျွန်မတို့အတွက် အထူးစည်းဝေးကြီး
၁၉၄၈ ခုနှစ်၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ကျင်းပတဲ့ စည်းဝေးကြီးဟာ ထူးခြားတယ်။ နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ်ကဝန်ထမ်းတွေဟာ ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်တက်ခဲ့ကြတယ်။ အဖေဟာ နေသန် နောရ်နဲ့ မီလ်တန် ဟဲန်ရှယ်လ်တို့ ဒီမှာရှိနေတုန်း သူတို့အတွက် ကားမောင်းပေးဖို့ တာဝန်ရထားတယ်။ အဲဒီစည်းဝေးကြီးမှာ ကျွန်မနှစ်ခြင်းခံခဲ့တယ်။
အဲဒီနောက်မကြာခင်မှာ အဖေဘက်ကအဘိုးဟာ ညီအစ်ကို ရပ်စယ်လ်သေဆုံးပြီးနောက် ကျမ်းစာကျောင်းသားတွေကို စွန့်ခွာခဲ့တဲ့သူတွေရဲ့သြဇာလွှမ်းမိုးမှုခံဖို့ သူ့ကိုယ်သူခွင့်ပြုမိတဲ့အတွက် အကြီးအကျယ်နောင်တရမိတယ်လို့ အဖေ့ကို ပြောပြတဲ့အခါ အဖေအရမ်းအံ့သြသွားတယ်။ နောက်ပိုင်း လအနည်းငယ်အကြာမှာ သူသေဆုံးသွားတယ်။ ဒါပေမဲ့ အဘွားမားရ်ဒါလ်ကတော့ သူ့ရဲ့မြေကြီးအသက်တာကုန်ဆုံးတဲ့ ၁၉၅၅ ခုနှစ်အထိတည်ကြည်ခဲ့တယ်။
ကျွန်မဘဝကို ပုံသွင်းပေးတဲ့ ဖြစ်ရပ်များ
၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် စပြီး အမှုဆောင်ခဲ့တယ်။ နောက်နှစ် နယူးယောက်မြို့မှာ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး ကျင်းပမယ်လို့ ကြေညာလိုက်တဲ့အခါ စိတ်လှုပ်ရှားခဲ့တယ်။ ကျွန်မတို့သွားချင်ကြပေမဲ့ ငွေကြေးအခက်အခဲရှိနေတယ်။ အဲဒီနောက် ၁၉၅၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ အဘိုးတော်မ်ဆင် သေဆုံးသွားခဲ့တယ်၊ အဘွားက သူရလိုက်တဲ့ငွေတွေကို ကျွန်မတို့ငါးယောက်အတွက် ခရီးစရိတ်အဖြစ် အသုံးပြုလိုက်တယ်။
ကျွန်မတို့မထွက်ခွာခင်အပတ်အနည်းငယ်အလိုမှာ နယူးယောက်၊ ဘရွတ်ကလင်၊ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကနေ စာတစ်စောင်ရောက်လာတယ်။ ၁၆ ကြိမ်မြောက် ဂိလဒ်သာသနာပြုကျောင်းတက်ဖို့ ကျွန်မကို ဖိတ်ခေါ်တဲ့စာဖြစ်နေတယ်။
၁၇ နှစ်တောင်မပြည့်သေးတဲ့ ကျွန်မအတွက် စိတ်လှုပ်ရှားစရာပါပဲ! ကျောင်းစတက်တော့ ကျွန်မဟာ တောင်အာဖရိကနိုင်ငံကနေ တက်ရောက်လာတဲ့ ကျောင်းသားဆယ်ယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး အဲဒီကြီးမားတဲ့အခွင့်ထူးရတဲ့အတွက် ပျော်လိုက်တာ။၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မတို့ကျောင်းဆင်းပြီးနောက် ကျွန်မအပါအဝင် ရှစ်ယောက်ဟာ ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုထမ်းဖို့ တောင်အာဖရိကနိုင်ငံကို ပြန်လာခဲ့ကြတယ်။ နောက်နှစ်အနည်းငယ်ကြာတဲ့အထိ ကျွန်မနဲ့ ကျွန်မရဲ့အဖော်တွေဟာ အာဖရိကစကားပြောမြို့ငယ်လေးတွေမှာပဲ အများဆုံးဟောပြောခဲ့ကြတယ်။ အစမှာ အဲဒီဘာသာစကားကို ကျွန်မကောင်းကောင်းမပြောတတ်ဘူး။ ခရစ်ယာန်ဓမ္မအမှုမှာ ထိထိရောက်ရောက်မလုပ်ဆောင်နိုင်တဲ့အတွက် တစ်နေ့ စက်ဘီးစီးအိမ်ပြန်လာရင်း ငိုခဲ့ဖူးတာကို ပြန်အမှတ်ရမိသေးတယ်။ ဒါပေမဲ့ အချိန်ကြာလာတော့ တိုးတက်လာပြီး ယေဟောဝါကလည်း ကျွန်မရဲ့ကြိုးစားအားထုတ်မှုတွေကို ကောင်းချီးပေးခဲ့တယ်။
အိမ်ထောင်ကျပြီးနောက် နယ်လှည့်လုပ်ငန်း
၁၉၅၅ ခုနှစ်မှာ ဂျွန်ကွတ်ခ်နဲ့ ကျွန်မခင်မင်ရင်းနှီးလာခဲ့ကြတယ်။ သူဟာ ဒုတိယကမ္ဘာစစ်မတိုင်မီနဲ့ ပြီးတဲ့နောက်ပိုင်းတွေမှာ အာဖရိက၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတွေမှာ ဟောပြောခြင်းလုပ်ငန်းအတွက် လမ်းပွင့်လာအောင် ကူညီပေးခဲ့ပြီး ကျွန်မသူ့ကို တွေ့တဲ့နှစ်မှာပဲ သူဟာ အာဖရိကမှာ သာသနာပြုတစ်ဦးဖြစ်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သူဒီလိုရေးခဲ့တယ်– “တစ်ပတ်အတွင်းမှာ ကျွန်တော် အံ့ဩစရာသုံးခု ကြုံတွေ့ခဲ့ရတယ်။ . . . တကယ့်ကိုရက်ရောတဲ့ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကို ကားတစ်စီးလက်ဆောင်ပေးခဲ့တယ်၊ ခရိုင်အမှုထမ်းအဖြစ် တာဝန်ခန့်အပ်ခံရတယ်၊ ပြီးတော့ ကျွန်တော် ညီအစ်မတစ်ယောက်ကိုလည်း ချစ်ခဲ့တယ်။” * ၁၉၅၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။
ဂျွန်က သူနဲ့အတူနေရမယ့်ဘဝဟာ အမြဲစိတ်လှုပ်ရှားစရာကောင်းမှာမဟုတ်ဘူးဆိုပြီး ပိုးပန်းခဲ့ချိန်တုန်းက သူ ကျွန်မကို သေသေချာချာပြောခဲ့ဖူးတယ်၊ သူပြောတဲ့အတိုင်း တကယ်လည်းမှန်ခဲ့တယ်။ တောင်အာဖရိကနိုင်ငံတစ်လျှောက် လူမဲအများစုနေတဲ့နေရာတွေမှာရှိတဲ့ အသင်းတော်တွေကို ကျွန်မတို့ လည်ပတ်ခဲ့ကြတယ်။ အဲဒီဒေသတွေမှာ ညအိပ်ဖို့မပြောနဲ့ ဝင်ခွင့်အတွက် ခွင့်ပြုချက်ရဖို့တောင် အခက်အခဲတွေ အပတ်တိုင်းကြုံခဲ့ရတယ်။ တစ်ခါတလေ လူတွေသတိမထားမိအောင် လူဖြူတွေနေတဲ့ရပ်ကွက်နားက လွတ်နေတဲ့ဆိုင်ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရတယ်။ အများအားဖြင့်တော့ မိုင်တော်တော်ဝေးတဲ့နေရာမှာ နေထိုင်ကြတဲ့ အနီးဆုံးလူဖြူသက်သေခံတွေရဲ့အိမ်တွေမှာပဲ ကျွန်မတို့တည်းလေ့ရှိတယ်။
တောရိုင်းမြေမှာဆောက်ထားတဲ့ ရိုးရှင်းတဲ့စည်းဝေးပွဲခန်းမတွေနဲ့ပတ်သက်တဲ့ အခက်အခဲတွေကိုလည်း ကျွန်မတို့ရင်ဆိုင်ခဲ့ကြရတယ်။ ယေဟောဝါသက်သေတွေထုတ်တဲ့ ရုပ်ရှင်ကိုပြတဲ့အခါ အဲဒါက ကျွန်မတို့ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအပေါ် လူတွေရဲ့လေးမြတ်တန်ဖိုးထားစိတ်ကို ဖြစ်ပေါ်စေခဲ့တယ်။ အဲဒီဒေသတွေမှာ အများအားဖြင့် လျှပ်စစ်မီးမရှိတဲ့အတွက် ကိုယ်ပိုင်မီးစက်ကို ကျွန်မတို့ ယူသွားရတယ်။ ဇူလူဘာသာစကားကို သင်ယူရတဲ့အခက်အခဲအပြင် ဗြိတိသျှလက်အောက်မှာ ကျွန်မတို့စာပေတွေကို ထုတ်ဝေခွင့်မပေးတဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းခဲ့ရတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေအတွက် လုပ်ဆောင်ခွင့်ရတာကို ကျွန်မတို့ပျော်ရွှင်ခဲ့ကြတယ်။
၁၉၆၁ ခုနှစ်မှာ ဂျွန်ဟာ အသင်းတော်ကြီးကြပ်မှူးတွေကို ကူညီဖို့ရည်ရွယ်ချက်နဲ့ တောင်အာဖရိကမှာကျင်းပတဲ့ လေးပတ်ကြာနိုင်ငံတော်ဓမ္မအမှုကျောင်းသင်တန်းမှာ ပထမဦးဆုံး သင်တန်းပို့ချသူဖြစ်လာခဲ့တယ်။ သူဟာ သွန်သင်ခြင်းစွမ်းရည်ရှိသူတစ်ယောက်ဖြစ်ပြီး သူရဲ့ရိုးရှင်းတဲ့ဆင်ခြင်ပေးပုံနဲ့ မြင်သာစေနိုင်တဲ့ပုံဥပမာလေးတွေက နှလုံးကို ထိမိစေတတ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ပို့ချတဲ့သင်တန်း တစ်ခုပြီးတစ်ခုလုပ်ဆောင်ရတဲ့အတွက် တစ်နှစ်ခွဲနီးပါးလောက် တစ်နေရာပြီးတစ်နေရာ ကျွန်မတို့ခရီးသွားခဲ့ကြတယ်။ ဂျွန် သင်တန်းပေးတဲ့အချိန်မှာ ကျွန်မဟာ ဒေသခံသက်သေခံတွေနဲ့အတူ လယ်ကွင်းဓမ္မအမှုမှာ ပါဝင်ခဲ့တယ်။ အဲဒီနောက်၊ ၁၉၆၄ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေစပြီး ဂျိုဟန်နက်စ်ဘာ့ဂ်မြို့အနီးမှာရှိတဲ့ တောင်အာဖရိကဌာနခွဲရုံးမှာ အမှုထမ်းဆောင်ဖို့ဖိတ်ခေါ်စာ ရလိုက်တဲ့အချိန်မှာ ကျွန်မတို့အံ့သြခဲ့ကြတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ ဂျွန်ရဲ့ကျန်းမာရေးက ကျွန်မတို့ကို ဒုက္ခပေးလာတော့တယ်။ ၁၉၄၈ ခုနှစ်မှာ တီဘီရောဂါဖြစ်လာပြီး အဲဒီနောက်ပိုင်းမှာတော့ အင်အားဆုတ်ယုတ်လာလေ့ရှိတယ်။ တုပ်ကွေးရောဂါနဲ့တူတဲ့ ရောဂါလက္ခဏာတွေ ခံစားလာရပြီး ဘာမှမလုပ်နိုင်၊ ဘယ်သူ့ကိုမှမတွေ့ချင်လောက်တဲ့အထိ အိပ်ရာပေါ်မှာပဲ နေ့ရက်များစွာ လဲလျောင်းနေခဲ့တယ်။ ဌာနခွဲကို ဖိတ်ခေါ်မခံရခင် ကျွန်မတို့သွားတိုင်ပင်ခဲ့တဲ့ ဆရာဝန်တစ်ဦးက ဂျွန်ရဲ့ရောဂါဟာ စိတ်ကျဝေဒနာလို့ ပြောတယ်။
ဆရာဝန်အကြံပေးသလို ကျွန်မတို့ရဲ့အမှုဆောင်ခြင်းလုပ်ငန်းကို ဒီထက်လျှော့ပြီး လုပ်ဖို့ဆိုတာ စဉ်းတောင်မစဉ်းစားခဲ့ဘူး။ ဌာနခွဲမှာ ဂျွန်ဟာ လုပ်ငန်းတော်ဌာနမှာ အလုပ်လုပ်ရပြီး ကျွန်မကတော့ စာပြင်သူအဖြစ်လုပ်ရပါတယ်။ ကျွန်မတို့ကိုယ်ပိုင်အခန်းနဲ့နေရတာ ကောင်းချီးတစ်ခုပါပဲ! ကျွန်မတို့လက်မထပ်ခင်တုန်းက ဂျွန်ဟာ ပေါ်တူဂီစကားပြောရပ်ကွက်တွေမှာ အမှုဆောင်ခဲ့ဖူးတဲ့အတွက် ၁၉၆၇ ခုနှစ်မှာ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင်းနဲ့အနီးအနားက ပေါ်တူဂီစကားပြောရပ်ကွက်တွေမှာ ဟောပြောနိုင်အောင် ဒေသခံပေါ်တူဂီသက်သေခံမိသားစုတစ်စုကို ကူညီပေးဖို့ ကျွန်မတို့တောင်းဆိုခံခဲ့ကြတယ်။ အဲဒါက ကျွန်မကို နောက်ထပ်ဘာသာစကားတစ်ခု တတ်မြောက်စေခဲ့တယ်။
ပေါ်တူဂီဘာသာစကားပြောသူတွေဟာ ကျယ်ပြန့်တဲ့ဒေသတစ်လျှောက် ပြန့်နှံ့နေတဲ့အတွက် အတော်များများခရီးထွက်ခဲ့ရတယ်၊ တစ်ခါတလေ ထိုက်တန်တဲ့သူတွေဆီရောက်ဖို့ မိုင် ၂၀၀ လောက်သွားရတယ်။ အဲဒီအချိန်မှာ မိုဇမ်ဘစ်နိုင်ငံကလာတဲ့ ပေါ်တူဂီစကားပြောသက်သေခံတွေဟာ စည်းဝေးပွဲအချိန်တွေမှာ ကျွန်မတို့ဆီကို လာလည်ကြတဲ့အတွက်အဲဒါက လူသစ်တွေကို အများကြီးအကူအညီဖြစ်စေခဲ့တယ်။ ပေါ်တူဂီစကားပြောတဲ့ရပ်ကွက်မှာ ကျွန်မတို့အမှုဆောင်တဲ့ ၁၁ နှစ်တာအတွင်း အသင်းသား ၃၀ လောက်ရှိတဲ့ အုပ်စုကလေးကနေ အသင်းတော်လေးခုအဖြစ် တိုးပွားလာတာကို မြင်တွေ့ခွင့်ရခဲ့ကြတယ်။
အိမ်မှာပြောင်းလဲမှုများ
အဲဒီအချိန်အတောအတွင်း ကျွန်မမိဘတွေရဲ့အိမ်မှာ အပြောင်းအလဲတွေရှိခဲ့တယ်။ ၁၉၆၀ ပြည့်နှစ်မှာ ကျွန်မရဲ့ညီမ သဲလ်မာဟာ အမေရိကန်ပြည်ထောင်စုက ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့ ဂျွန်အာဘန်နဲ့ လက်ထပ်ခဲ့တယ်။ သူတို့ဟာ ၁၉၆၅ ခုနှစ်မှာ အကြိမ် ၄၀ မြောက် ဂိလဒ်သင်တန်းတက်ရောက်ခဲ့ကြပြီး ဘရာဇီးနိုင်ငံမှာ ခရစ်ယာန်သာသနာပြုတွေအဖြစ် ၂၅ နှစ်ကြာ တည်ကြည်စွာအမှုဆောင်ခဲ့ကြတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ဂျွန်ရဲ့မိဘတွေ ကျန်းမာရေးမကောင်းတဲ့အတွက် ပြုစုစောင့်ရှောက်ဖို့ အိုဟိုင်အိုကို ပြန်လာခဲ့ကြတယ်။ ပြုစုစောင့်ရှောက်ရာမှာ အခက်အခဲတွေရှိပေမဲ့လည်း သူတို့ဟာ ကနေ့အထိ အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်ခဲ့ကြတယ်။
၁၉၆၅ ခုနှစ်မှာ အသက် ၉၈ နှစ်ရှိပြီဖြစ်တဲ့ အဘွားတော်မ်ဆင်ဟာ တည်ကြည်စွာနဲ့ပဲ သူ့ရဲ့မြေကြီးအသက်တာ ကုန်ဆုံးသွားခဲ့တယ်။ အဖေဟာ အဲဒီနှစ်မှာပဲ သူ့ရဲ့လောကအလုပ်ကနေ အငြိမ်းစားယူလိုက်တယ်။ ဒါကြောင့် ကျွန်မနဲ့ဂျွန်ဟာ ဒေသခံပေါ်တူဂီစကားပြောလယ်ကွင်းမှာ အကူအညီပေးဖို့ တောင်းဆိုခံရတဲ့အခါ အဖေနဲ့အမေလည်း ကျွန်မတို့နဲ့လာပူးပေါင်းကူညီခဲ့ကြတယ်။ သူတို့ဟာ ပေါ်တူဂီစကားပြောအုပ်စုအပေါ်မှာ ကောင်းတဲ့သြဇာသက်ရောက်စေနိုင်ခဲ့တဲ့အတွက် နောက်လအနည်းငယ်ကြာလာတော့ ပထမဦးဆုံးအသင်းတော်ကို တည်ထောင်နိုင်ခဲ့တယ်။ နောက်သိပ်မကြာခင်မှာပဲ အမေဟာ ကင်ဆာရောဂါစခံစားလာရပြီး ၁၉၇၁ ခုနှစ်မှာ အဲဒီရောဂါကပဲ သူ့အသက်ကို ခြွေယူသွားခဲ့တယ်။ ခုနစ်,နှစ်ကြာပြီးနောက် အဖေသေဆုံးသွားတယ်။
ဂျွန်၏ဖျားနာမှုကို ကိုင်တွယ်ဖြေရှင်းခြင်း
၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဂျွန်ရဲ့ကျန်းမာရေးဟာ ပြန်မကောင်းလာနိုင်တော့ဘူးဆိုတာ ထင်ရှားလာတယ်။ တဖြည်းဖြည်းအခြေအနေဆိုးလာတဲ့အတွက် ဌာနခွဲမိသားစုရဲ့ ပတ်စဉ်ကင်းမျှော်စင်
သင်တန်းနဲ့ မနက်ပိုင်းနေ့စဉ်ကျမ်းချက်ဖတ်ရာမှာ ဦးဆောင်ရတဲ့တာဝန်အပါအဝင် သူမြတ်နိုးတဲ့လုပ်ငန်းတော်အခွင့်အရေးတချို့ကို စွန့်လွှတ်ရတော့တယ်။ သူ့ကို လုပ်ငန်းတော်ဌာနကနေ စာပို့ဌာနမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေပြီး အဲဒီကနေဥယျာဉ်ထဲမှာ အလုပ်လုပ်ဖို့တာဝန်ပေးခဲ့တယ်။ဂျွန်ရဲ့ထက်သန်တဲ့စိတ်ဓာတ်က အပြောင်းအလဲတွေလုပ်ဖို့ သူ့အတွက် ခက်ခဲစေတယ်။ အလုပ်တွေ လျှော့လုပ်ဖို့ ကျွန်မ,မပြတ်ပြောပေးတဲ့အခါ သူက ကျွန်မကို ကြင်နာစွာပွေ့ဖက်ပြီး နောက်ပြောင်တဲ့အနေနဲ့ သူ့ရဲ့အထိန်းတော်လို့ခေါ်တယ်။ နောက်ဆုံးမှာတော့ ပေါ်တူဂီစကားပြောလယ်ကွင်းကို စွန့်လွှတ်ပြီး ဌာနခွဲမှာရှိတဲ့ နိုင်ငံတော်ခန်းမမှာစုဝေးကြတဲ့ အသင်းတော်နဲ့ပူးပေါင်းအမှုဆောင်တာ သင့်တော်မယ်လို့ ကျွန်မတို့ယူဆခဲ့ကြတယ်။
ဂျွန်ရဲ့ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ပေမဲ့ ယေဟောဝါနဲ့သူရဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို စဉ်းစားမိတဲ့အခါ ကြည်နူးအားရစရာကောင်းပါတယ်။ ညသန်းခေါင်ယံမှာ ဂျွန်လန့်နိုးလာတဲ့အခါ အလွန်အမင်းစိတ်ဓာတ်ကျနေတဲ့အတွက် ယေဟောဝါရဲ့အကူအညီရအောင် ဆုတောင်းနိုင်ဖို့ သူစိတ်တည်ငြိမ်လာတဲ့အထိ ကျွန်မတို့အတူတူ စကားပြောကြတယ်။ နောက်ဆုံးမှာတော့ သူဟာ ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ . . .” ဆိုတဲ့ကျမ်းပိုဒ်ကို တဖြည်းဖြည်း ထပ်ခါထပ်ခါကြိုးစားရွတ်ဆိုပြီး အဲဒီအခြေအနေဆိုးတွေကို မိမိဘာသာ ဖြေရှင်းနိုင်ခဲ့တယ်။ အဲ့ဒီနောက် ဆုတောင်းဖို့ သူစိတ်တည်ငြိမ်လာခဲ့တယ်။ ကျွန်မဟာနိုးနေလေ့ရှိပြီး ယေဟောဝါဆီ စိတ်အားထက်သန်စွာ ဆုတောင်းနေတဲ့ ဂျွန်ရဲ့လှုပ်နေတဲ့နှုတ်ခမ်းလေးကို တိတ်တိတ်ကလေး ကြည့်နေမိတယ်။
ကျွန်မတို့ရဲ့ဌာနခွဲအဆောက်အအုံနေရာ ကျဉ်းလာတဲ့အတွက် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့အပြင်မှာ ဌာနခွဲအဆောက်အအုံကြီးတစ်ခုကို စပြီးဆောက်လုပ်ခဲ့ကြတယ်။ မြို့ရဲ့ဆူညံသံနဲ့ ညစ်ညမ်းမှုကနေဝေးတဲ့ အဲဒီငြိမ်းချမ်းတဲ့နေရာကို ဂျွန်နဲ့ကျွန်မ မကြာခဏသွားလေ့ရှိတယ်။ ဌာနခွဲသစ်ဆောက်လို့မပြီးမချင်း အဲဒီမှာရှိတဲ့ ယာယီတည်းခိုခန်းတွေမှာ ကျွန်မတို့ ပြောင်းရွှေ့ခွင့်ရတော့ ဂျွန်အတွက်လည်း အများကြီးအထောက်အကူဖြစ်ခဲ့တယ်။
စိန်ခေါ်ချက်သစ်များ
ဂျွန်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်း ပိုပြီးယုတ်လျော့လာတဲ့အတွက် သူ့ရဲ့အလုပ်တာဝန်တွေ ကျေပွန်ဖို့ ပိုခက်ခဲလာတယ်။ အခြားသူတွေက ဂျွန်ရဲ့ကြိုးစားအားထုတ်မှုတွေအပေါ် ကူညီပေးကြတဲ့အတွက် ကျွန်မအရမ်းနှလုံးထိမိခဲ့တယ်။ ဥပမာ၊ ညီအစ်ကိုတစ်ယောက်က သုတေသနလုပ်ဖို့ ပြည်သူ့စာကြည့်တိုက်ကို သွားတဲ့အခါ ဂျွန်ကိုလည်း ခေါ်သွားလေ့ရှိတယ်။ အဲဒီနေ့မှာ ဂျွန်ရဲ့အိတ်ကပ်တွေဟာ ဝေငှဖို့ ဝေစာတွေ၊ မဂ္ဂဇင်းတွေနဲ့ ပြည့်နေတယ်။ အဲဒါက ဂျွန်ကို တာဝန်ထမ်းဆောင်နိုင်ဆဲ၊ အသုံးကျနေဆဲဆိုတဲ့ အသိစိတ်ဆက်ရှိအောင် အထောက်အကူပြုခဲ့တယ်။
နောက်ဆုံးမှာတော့ အယ်လ်ဇိုင်းမားရောဂါကြောင့် ဂျွန်စာမဖတ်နိုင်တော့ဘူး။ သမ္မာကျမ်းစာ,စာပေနဲ့ ဘုရားသခင်နိုင်ငံတော်သီချင်းတွေကို အခွေတွေနဲ့နားထောင်နိုင်တဲ့အတွက် ကျွန်မတို့ကျေးဇူးတင်လိုက်တာ။ အဲဒီအခွေတွေကို ထပ်ခါထပ်ခါ ကျွန်မတို့နားထောင်ကြတယ်။ ဂျွန်အနားမှာထိုင်ပြီး သူနဲ့အတူနားမထောင်တဲ့အခါ သူစိတ်အားငယ်လေ့ရှိတဲ့အတွက် သူနဲ့အတူထိုင်နားထောင်ရတဲ့ နာရီပေါင်းများစွာကို ဇာထိုးပန်းထိုးအလုပ်နဲ့ပဲ ကုန်လွန်စေခဲ့တယ်။ ဘယ်လောက်ထိ အချိန်ပေးခဲ့ရသလဲဆိုတော့ ကျွန်မတို့ဆီမှာ ဆွယ်တာတွေ၊ စောင်တွေ အများကြီးရှိလာတဲ့အထိပေါ့!
ဂျွန်ရဲ့အခြေအနေက သူ့ကို ပိုပြီးဂရုစိုက်ကြည့်ရှုဖို့ လိုလာတယ်။ စာဖတ်ဖို့၊ လေ့လာဖို့ မလုပ်နိုင်လောက်အောင် ကျွန်မအရမ်းပင်ပန်းလေ့ရှိပေမဲ့လည်း သူ့ကို အဆုံးထိစောင့်ရှောက်ခွင့်ရတာ အခွင့်အရေးတစ်ခုပါပဲ။ သူ အသက် ၈၅ နှစ်ပြည့်ပြီးမကြာခင်ဖြစ်တဲ့ ၁၉၉၈ ခုနှစ်မှာ ကျွန်မလက်ထဲမှာပဲ အေးအေးဆေးဆေးနဲ့သေသွားခဲ့တယ်၊ မယိမ်းမယိုင်ဘဲ အဆုံးထိတည်ကြည်ခဲ့တယ်။ ရှင်ပြန်ထမြောက်လာတဲ့အချိန်မှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာလာပြီဖြစ်တဲ့ သူ့ကို ကျွန်မမြင်တွေ့ဖို့ စောင့်မျှော်နေတယ်!
ပြန်လည်လန်းဆန်းလာခဲ့
ဂျွန်ကွယ်လွန်ပြီးတဲ့နောက် ကျွန်မတစ်ယောက်တည်းနေရတာ မလွယ်ပါဘူး။ ဒါကြောင့် ၁၉၉၉ ခုနှစ်၊ မေလမှာ အမေရိကန်မှာရှိတဲ့ ကျွန်မရဲ့ညီမ သဲလ်မာနဲ့ သူ့အမျိုးသားဆီကို သွားလည်ခဲ့တယ်။ သစ္စာရှိပြီး ချစ်ခင်စရာကောင်းတဲ့မိတ်ဆွေတွေနဲ့ ပြန်လည်တွေ့ဆုံရတာ ပျော်စရာကောင်းပြီး လန်းဆန်းစရာပါပဲ၊ အထူးသဖြင့် နယူးယောက်မှာရှိတဲ့ ယေဟောဝါသက်သေခံတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကို ကျွန်မတို့သွားလည်ပတ်တဲ့အချိန်မှာပေါ့! ဒါဟာ ကျွန်မတကယ်လိုအပ်တဲ့ ဝိညာဉ်ရေးအားပေးမှုပါပဲ။
ကျွန်မချစ်ရတဲ့တည်ကြည်သူတွေရဲ့ဘဝအကြောင်း ပြန်တွေးတဲ့အခါ အကျိုးဖြစ်စေတဲ့အရာအတော်များများကို ပြန်အမှတ်ရစေခဲ့တယ်။ သူတို့ရဲ့ညွှန်ကြားချက်၊ ပုံသက်သေနဲ့ အကူအညီတွေကြောင့် တခြားနိုင်ငံသားနဲ့ လူမျိုးခြားတွေအပေါ် ကျွန်မရဲ့မေတ္တာကျယ်ဝန်းလာစေဖို့ တတ်သိလာခဲ့တယ်။ ကျွန်မ စိတ်ရှည်၊ သည်းခံ၊ အလိုက်သင့်နေတတ်လာခဲ့တယ်။ အဓိကအနေနဲ့ ဆုတောင်းချက်ကို နားညောင်းတော်မူသောအရှင် ယေဟောဝါရဲ့ သနားကြင်နာမှုကို ကျွန်မတွေ့ကြုံခံစားခဲ့ရတယ်။ ဆာလံဆရာလို ကျွန်မလည်းထပ်တူခံစားရတယ်– “တံတိုင်းတော်အတွင်း၌နေ၍ အထံတော်သို့ချဉ်းကပ်စေခြင်းငှာ ကိုယ်တော်ရွေးကောက်တော်မူသောသူသည် မင်္ဂလာရှိပါ၏။ . . . အိမ်တော်၌ ကောင်းသောအရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော။”—ဆာလံ ၆၅:၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 18 ၁၉၅၉၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၄၆၈-၇၂ [လိပ်] ကို ကြည့်ပါ။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
အဘွားနှင့် သူ၏သမီးများ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ကျွန်မနှစ်ခြင်းခံသည့် ၁၉၄၈ ခုနှစ်က မိဘတွေနှင့်အတူ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဂိလဒ်ကျောင်း၏မော်ကွန်းထိန်း အဲလ်ဘတ် ရှရိုးဒါနှင့် တောင်အာဖရိကမှ အခြားကျောင်းသား ကိုးဦးတို့နှင့်အတူ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
၁၉၈၄ ခုနှစ်တွင် ဂျွန်နှင့်အတူ