ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် ရဲရင့်ခြင်း
ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် ရဲရင့်ခြင်း
“အားယူ၍ရဲရင့်ခြင်းရှိလော့။ . . . သင်နှင့်အတူ ယေဟောဝါ ရှိတော်မူသည်။”—ယောရှု ၁:၉၊ ကဘ။
၁၊ ၂။ (က) လူ့ရှုထောင့်မှကြည့်လျှင် ခါနာန်လူတို့အပေါ် ဣသရေလူတို့၏အောင်နိုင်ခြေ မည်သို့ရှိသနည်း။ (ခ) အဘယ်အာမခံချက်ကို ယောရှုရရှိခဲ့သနည်း။
ဘီစီ ၁၄၇၃ တွင် ဣသရေလလူမျိုးများသည် ကတိထားရာပြည်ထဲဝင်ရန် အသင့်ဖြစ်နေကြသည်။ ရှေ့တွင်ရင်ဆိုင်ရမည့် အခက်အခဲများနှင့်ပတ်သက်၍ သူတို့ကို မောရှေ ဤသို့သတိပေး၏– “သင့်ထက်အားကြီး၍ များပြားသောလူမျိုးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ကိုထိသောမြို့ရိုးနှင့် ပြည့်စုံသောမြို့ကြီးတို့ကိုလည်းကောင်း၊ ‘အာနကအမျိုးသားရှေ့မှာ အဘယ်သူရပ်နိုင်သနည်း’ ဟူသောစကားကို သင်ကြား၍ သင်သိသော အာနကအမျိုးသားတည်းဟူသော အလွန်ကြီးမြင့်သောလူမျိုးကိုလည်းကောင်း တိုက်ယူခြင်းငှာ ယခုယော်ဒန်မြစ်တစ်ဖက်သို့ကူးလုပြီ။” (တရားဟောရာ ၉:၁၊ ၂) ထိုထွားကျိုင်းလှသောစစ်သူရဲများကို အမှန်ပင် လူသိများကြသည်။ ထို့ပြင် ခါနာန်လူမျိုးအချို့တွင် မြင်းများ၊ ဘီးတွင်သံဓားကောက်များရှိသော မြင်းရထားများအပါအဝင် လက်နက်အပြည့်အစုံရှိသောစစ်တပ်များလည်းရှိသည်။—တရားသူကြီး ၄:၁၃။
၂ ဣသရေလလူတို့မူ ကျေးကျွန်များဖြစ်ခဲ့ပြီး တောထဲတွင် အနှစ် ၄၀ နေခဲ့ရသည်။ ထို့ကြောင့် လူ့ရှုထောင့်မှကြည့်လျှင် သူတို့အောင်နိုင်ခြေမရှိပေ။ သို့သော် မောရှေတွင် ယုံကြည်ခြင်းရှိပြီး ယေဟောဝါ၏ဦးဆောင်မှုကို သူ “မြင်” ခဲ့သည်။ (ဟေဗြဲ ၁၁:၂၇) ‘သင်၏ဘုရားသခင် ယေဟောဝါသည် သင့်ရှေ့မှာကြွသဖြင့် . . . သူတို့ကိုဖျက်ဆီး၍ သင့်မျက်မှောက်၌ နှိမ့်ချတော်မူမည်’ ဟု လူတို့ကို မောရှေပြောသည်။ (တရားဟောရာ ၉:၃; ဆာလံ ၃၃:၁၆၊ ၁၇) မောရှေသေဆုံးပြီးနောက် ယောရှုကို ယေဟောဝါ ထောက်မမည်ဖြစ်ကြောင်း ဤသို့အာမခံ၏– “သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဖက်သို့ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။ သင့်အသက်တည်သည်ကာလပတ်လုံး သင့်ရှေ့မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။”—ယောရှု ၁:၂၊ ၅။
၃။ အဘယ်အရာက ယောရှုကို ယုံကြည်ခြင်းနှင့်ရဲစွမ်းသတ္တိ ရှိစေခဲ့သနည်း။
၃ ယေဟောဝါ၏ထောက်မမှုနှင့် လမ်းညွှန်မှုရရန် ယောရှုသည် ဘုရားသခင့်ပညတ်တရားကို ဖတ်ရှုဆင်ခြင်ကာ ယင်းနှင့်အညီအသက်ရှင်ရမည်။ ယေဟောဝါ ဤသို့မိန့်ဆိုတော်မူ၏– ‘သို့ပြုလျှင် သင်သည် အကြံထမြောက်၍အောင်မြင်လိမ့်မည်။ သင့်ကိုငါမှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင်ယေဟောဝါရှိသည်။’ (ယောရှု ၁:၈၊ ၉) ယောရှုသည် ဘုရားသခင်ကို နာခံခဲ့သောကြောင့် ရဲစွမ်းသတ္တိရှိပြီး အောင်မြင်ခဲ့လေသည်။ သို့သော် သူ့ခေတ်မှလူအများစုမှာ နာခံမှုမရှိကြပေ။ ထို့ကြောင့် မအောင်မြင်ဘဲ တောတွင် သေဆုံးခဲ့ကြရသည်။
ယုံကြည်ခြင်းကင်းမဲ့သည့်လူမျိုး ရဲရင့်ခြင်းမရှိ
၄၊ ၅။ (က) သူလျှိုဆယ်ဦးနှင့် ယောရှုနှင့်ကာလက်တို့၏ စိတ်သဘောထား မည်သို့ခြားနားသနည်း။ (ခ) ယုံကြည်ခြင်းကင်းမဲ့သောလူမျိုးကို ယေဟောဝါ မည်သို့တုံ့ပြန်သနည်း။
၄ ခါနာန်ပြည်သို့သွားစဉ် အစောပိုင်းအနှစ် ၄၀ က မောရှေသည် ထိုပြည်ကိုစူးစမ်းရန် သူလျှို ၁၂ ဦးကို စေလွှတ်ခဲ့သည်။ ဆယ်ဦးမှာ ကြောက်ဒူးတုန်လျက်ပြန်လာကြ၏။ “ငါတို့တွေ့မြင်သောပြည်သားအပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။ ကိုယ်ကြီးသောလူအမျိုးအနွယ်၊ [“နက်ဖလင်မှဆင်းသက်သော၊” ကဘ] အာနကအမျိုးအနွယ်ဖြစ်၍ အလွန်ကြီးမားသောသူတို့ကိုလည်း မြင်ခဲ့ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့သို့ဖြစ်ကြ၏” ဟု သူတို့ကြောက်လန့်တကြားပြောဆိုကြသည်။ အာနကလူမျိုးများသာမဟုတ်ဘဲ “ပြည်သားအပေါင်း” သည် အလွန်ထွားကျိုင်းကြသလော။ မဟုတ်ပါ။ အာနကလူမျိုးများသည် ရေလွှမ်းမိုးဘေးမတိုင်မီခေတ်မှ နက်ဖလင်များ၏ မျိုးဆက်များလော။ လုံးဝမဟုတ်ပါ။ သို့တိုင် သူတို့၏အကျယ်ချဲ့ပြောဆိုမှုကြောင့် စခန်းတစ်ခုလုံး ကြောက်လန့်ကုန်သည်။ လူတို့သည် သူတို့ကျွန်ခံရာ အီဂျစ်ပြည်သို့ပင် ပြန်သွားလိုခဲ့ကြသည်။—တောလည်ရာ ၁၃:၃၁–၁၄:၄။
၅ သူလျှိုနှစ်ဦးဖြစ်သော ယောရှုနှင့်ကာလက်မှာမူ ကတိထားရာပြည်ထဲဝင်ရန် စိတ်ပြင်းပြလျက် ဤသို့ပြောခဲ့သည်– ‘ခါနာန်လူမျိုးများသည် ငါတို့စားစရာဖို့ဖြစ်ကြ၏။ သူတို့၌ အမှီတံကဲမရှိ။ ထာဝရဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကို မကြောက်ကြနှင့်။’ (တောလည်ရာ ၁၄:၉) ယောရှုနှင့်ကာလက်တို့သည် မိုက်ရူးရဲဆန်ပြီး အကောင်းချည်းသာမြင်နေကြခြင်းလော။ လုံးဝမဟုတ်ပါ။ ယေဟောဝါသည် ကပ်ဘေးကြီးဆယ်ခုဖြင့် အားကြီးသောအီဂျစ်ပြည်နှင့် ၎င်း၏နတ်ဘုရားတို့ကို ရှုတ်ချခဲ့ကြောင်း အခြားသူတို့နည်းတူ သူတို့မြင်ခဲ့ကြသည်။ ထို့နောက် ယေဟောဝါသည် ဖာရောမင်းနှင့် ဗိုလ်ခြေများကို ပင်လယ်နီထဲ လှဲချတော်မူကြောင်းလည်း မြင်ခဲ့ကြသည်။ (ဆာလံ ၁၃၆:၁၅) ထို့ကြောင့် သူလျှိုဆယ်ဦးနှင့် သူတို့စကားကိုနားထောင်သူတို့ ကြောက်ရွံ့ကြခြင်းမှာ လုံးဝခွင့်မလွှတ်နိုင်စရာပင်။ “သူတို့၌ငါပြခဲ့ပြီးသမျှသော နိမိတ်လက္ခဏာတို့ကိုမြင်ရသော်လည်း အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲနေကြလိမ့်မည်နည်း” ဟု အလွန်စိတ်နာလျက် ယေဟောဝါဆိုခဲ့သည်။—တောလည်ရာ ၁၄:၁၁။
၆။ ရဲရင့်ခြင်းနှင့်ယုံကြည်ခြင်းတို့ မည်သို့ဆက်စပ်နေသနည်း။ ယင်းကို မျက်မှောက်ခေတ်တွင် မည်သို့တွေ့ရသနည်း။
၆ လူတို့ကြောက်ရွံ့ရသည့် အကြောင်းရင်းမှာ ယုံကြည်ခြင်းကင်းမဲ့မှုကြောင့်ဖြစ်ကြောင်း ယေဟောဝါဖော်ထုတ်ခဲ့သည်။ မှန်ပါသည်၊ ယုံကြည်ခြင်းနှင့်ရဲစွမ်းသတ္တိတို့ အနီးကပ်ဆက်စပ်နေသောကြောင့် ခရစ်ယာန်အသင်းတော်နှင့် ယင်း၏ဝိညာဉ်ရေးစစ်ပွဲအကြောင်း တမန်တော်ယောဟန် ဤသို့ရေးနိုင်ခဲ့သည်– “လောကကိုအောင်ခြင်းအကြောင်းမူကား ငါတို့၏ယုံကြည်ခြင်းပေတည်း။” (၁ ယောဟန် ၅:၄) ယနေ့ ယောရှုနှင့်ကာလက်တို့ကဲ့သို့သော ယုံကြည်ခြင်းမျိုးကြောင့် ပျိုပျိုအိုအို၊ ကျန်းမာသူ၊ မကျန်းမာသူ ယေဟောဝါသက်သေခြောက်သန်းကျော်သည် ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောနေကြသည်။ မည်သည့်ရန်သူကမျှ အင်အားကြီးပြီး ရဲရင့်သော ဤသူတို့ကို နှုတ်ဆိတ်သွားစေနိုင်မည်မဟုတ်ပါ။—ရောမ ၈:၃၁။
မရွေ့လျော့နှင့်
၇။ “ရွေ့လျော့” ခြင်းဟူသည် အဘယ်နည်း။
၇ ယနေ့ ယေဟောဝါ၏ကျေးကျွန်များတွင် တမန်တော်ပေါလုကဲ့သို့သော စိတ်ဓာတ်မျိုးရှိကြသောကြောင့် သတင်းကောင်းကို ရဲရင့်စွာကြေညာနေကြသည်။ သူဤသို့ရေးခဲ့၏– “ငါတို့မူကား ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်ကြ၏။” (ဟေဗြဲ ၁၀:၃၉) ဘုရားသခင်၏သစ္စာရှိကျေးကျွန်များစွာ ကြောက်ရွံ့သည့်အချိန်များ ရှိခဲ့ဖူးသောကြောင့် ပေါလုဖော်ပြသော “ရွေ့လျော့” ခြင်းဟူသည် အခိုက်အတန့်ကြောက်ရွံ့ခြင်းကို မဆိုလိုပေ။ (၁ ဓမ္မရာဇဝင် ၂၁:၁၂; ၃ ဓမ္မရာဇဝင် ၁၉:၁-၄) ယင်းအစား “အမှန်တရားကိုစွဲကိုင်ထားခြင်းမှ လျှော့ပေါ့” ရန် “နောက်ဆုတ်သွားခြင်း” ဖြစ်သည်ဟု ကျမ်းစာအဘိဓာန်တစ်အုပ်က ရှင်းပြသည်။ ထို့ပြင် ဘုရားသခင့်အမှုဆောင်ခြင်းနှင့်ပတ်သက်လာလျှင် “ရွေ့လျော့” ခြင်းသည် “သင်္ဘောရွက်လိပ်၍ အရှိန်လျှော့လိုက်ခြင်း” ကိုအခြေခံသည့် တင်စားချက်လည်းဖြစ်နိုင်သည်ဟုဆို၏။ မှန်ပါသည်၊ ယုံကြည်ခြင်းခိုင်မာသူတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်း၊ နာမကျန်းဖြစ်ခြင်း သို့မဟုတ် အခြားမည်သည့်ပြဿနာများကိုပင် ကြုံတွေ့ရပါစေ “အရှိန်လျှော့” လိုက်ဖို့ မစဉ်းစားကြပါ။ ယင်းအစား ယေဟောဝါသည် မိမိတို့ကို အလွန်ဂရုစိုက်ပြီး မိမိတို့၏ကန့်သတ်ချက်များကို သိရှိကြောင်း သိထားကြသဖြင့် ကိုယ်တော့်အမှုတော်ကို ဆက်ဆောင်ရွက်ကြသည်။ (ဆာလံ ၅၅:၂၂; ၁၀၃:၁၄) သင့်တွင် ထိုသို့သောယုံကြည်ခြင်းမျိုးရှိသလော။
၈၊ ၉။ (က) ယေဟောဝါသည် အစောပိုင်းခရစ်ယာန်များ၏ယုံကြည်ခြင်းကို မည်သို့ခိုင်မာစေခဲ့သနည်း။ (ခ) ကျွန်ုပ်တို့၏ယုံကြည်ခြင်း ခိုင်မာစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။
၈ တစ်ချိန်တွင် တမန်တော်များသည် မိမိတို့တွင် ယုံကြည်ခြင်းမရှိဟု ခံစားရသောကြောင့် “ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါ” လုကာ ၁၇:၅) သူတို့၏စိတ်ရင်းမှန်ဖြင့်တောင်းဆိုမှုသည် အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဖြေကြားခံခဲ့ရသည်။ ကြိုကတိပြုထားသည့်အတိုင်း တပည့်များသည် ဝိညာဉ်တော်သွန်းလောင်းခံရ၍ ဘုရားသခင့်နှုတ်မြွက်တော်နှင့်ရည်ရွယ်ချက်ကို ပို၍ထိုးထွင်းသိမြင်လာကြသည်။ (ယောဟန် ၁၄:၂၆; တမန်တော် ၂:၁-၄) သူတို့၏ယုံကြည်ခြင်းခိုင်မာလာပြီး အတားအဆီးများကြားမှ “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့” ထံ သတင်းကောင်းရောက်ရှိစေသည့် ဟောပြောခြင်းလုပ်ငန်းကို အစပြုခဲ့ကြသည်။—ကောလောသဲ ၁:၂၂; တမန်တော် ၁:၈; ၂၈:၂၂။
ဟူ၍ ယေရှုထံ တောင်းလျှောက်ကြသည်။ (၉ ယုံကြည်ခြင်းခိုင်မာစေရန်နှင့် ခရစ်ယာန်ဓမ္မအမှုတွင်ဆက်ပါဝင်နိုင်ရန် ကျွန်ုပ်တို့လည်း ကျမ်းစာကိုလေ့လာပြီး တွေးတောဆင်ခြင်ကာ သန့်ရှင်းသောဝိညာဉ်တော်ရဖို့ ဆုတောင်းရမည်။ ယောရှု၊ ကာလက်နှင့် အစောပိုင်းခရစ်ယာန်များကဲ့သို့ ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ဘုရားသခင့်အမှန်တရား စွဲထင်နေပါမှ ဝိညာဉ်ရေးစစ်ပွဲတွင် ရဲစွမ်းသတ္တိရှိရှိ ခံရပ်စေနိုင်သည့် ယုံကြည်ခြင်းရှိလာမည်ဖြစ်ပြီး အောင်မြင်နိုင်မည်ဖြစ်သည်။—ရောမ ၁၀:၁၇။
ယုံကြည်ခြင်းဟူသည် ယုံကြည်ရုံမျှမဟုတ်
၁၀။ စစ်မှန်သောယုံကြည်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၁၀ ရှေးအချိန်က သမာဓိစောင့်ထိန်းသူများ တင်ပြခဲ့သည်အတိုင်း ရဲစွမ်းသတ္တိနှင့်ခံနိုင်ရည်ရှိစေသော ယုံကြည်ခြင်းသည် ဘုရားသခင်ရှိကြောင်း ယုံကြည်ရုံမျှမကပေ။ (ယာကုပ် ၂:၁၉) ယေဟောဝါကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိရှိလာပြီး ကိုယ်တော်အား အကြွင်းမဲ့ယုံကြည်ကိုးစားဖို့လိုသည်။ (ဆာလံ ၇၈:၅-၈; သု. ၃:၅၊ ၆) ယင်းက ဘုရားသခင့်ပညတ်နှင့်မူများကို နာခံခြင်းသည် ကျွန်ုပ်တို့အကျိုးအတွက်သာဖြစ်ကြောင်း စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခြင်းကို ဆိုလိုသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ယေဟောဝါ၏ကတိတော်အားလုံး ပြည့်စုံလာမည်ဖြစ်ပြီး “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကို” အပြည့်အဝယုံကြည်စိတ်ချခြင်းလည်း ပါဝင်သည်။—ဟေဗြဲ ၁၁:၁၊ ၆; ဟေရှာယ ၅၅:၁၁။
၁၁။ ယောရှုနှင့်ကာလက်သည် ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိရှိခြင်းကြောင့် မည်သို့ဆုချခံခဲ့ရသနည်း။
၁၁ ထိုသို့သောယုံကြည်ခြင်းသည် အသေမဟုတ်ပေ။ အမှန်တရားကို အသက်တာတွင် ကျင့်သုံးခြင်း၊ ယင်း၏အကျိုးကျေးဇူးများကို “မြည်းစမ်း” ခြင်း၊ ကျွန်ုပ်တို့၏ဆုတောင်းချက်များ ဖြေကြားခံရကြောင်း “သိမှတ်” ခြင်းအပြင် အသက်တာတွင် နည်းအမျိုးမျိုးဖြင့် ယေဟောဝါ၏လမ်းညွှန်မှုကို ခံစားရခြင်းကြောင့် ယုံကြည်ခြင်းတိုးများလာသည်။ (ဆာလံ ၃၄:၈; ၁ ယောဟန် ၅:၁၄၊ ၁၅) ယောရှုနှင့်ကာလက်တို့သည် ဘုရားသခင်၏ကောင်းမြတ်ခြင်းကို မြည်းစမ်းခဲ့သောကြောင့် ယုံကြည်ခြင်းခိုင်မာလာကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ (ယောရှု ၂၃:၁၄) ဤအချက်များကို သုံးသပ်ကြည့်ပါ– တောထဲတွင်အနှစ် ၄၀ လှည့်လည်ပြီးနောက် ဘုရားသခင်၏ကတိအတိုင်း သူတို့အသက်ရှင်ကျန်ရစ်ခဲ့သည်။ (တောလည်ရာ ၁၄:၂၇-၃၀; ၃၂:၁၁၊ ၁၂) ခါနာန်လူမျိုးများကို အနိုင်ယူတိုက်ခိုက်ခဲ့သည့်ခြောက်နှစ်လုံး သူတို့တက်တက်ကြွကြွပါဝင်ခဲ့ရသည်။ နောက်ဆုံး သက်ရှည်ကျန်းမာစွာနေထိုင်ခဲ့ရသည့်အပြင် ကိုယ်ပိုင်အမွေမြေများပင် ရရှိခဲ့သည်။ ယေဟောဝါသည် မိမိအား သစ္စာရှိရှိ၊ ရဲစွမ်းသတ္တိရှိရှိ ဝတ်ပြုသူတို့ကို အမှန်ပင် ကြွယ်ဝစွာဆုချတော်မူသည်။—ယောရှု ၁၄:၆၊ ၉-၁၄; ၁၉:၄၉၊ ၅၀; ၂၄:၂၉။
၁၂။ ယေဟောဝါသည် မိမိ “ကတိတော်ကို” မည်သို့ “ချီးမြှောက်” တော်မူသနည်း။
ဆာလံ ၁၃၈:၂) ယေဟောဝါသည် မိမိနာမကိုတိုင်တည်ပြီး ကတိပြုသောအခါ မျှော်လင့်ထားသည်ထက် ပို၍ကောင်းမွန်စွာပြည့်စုံစေခြင်းဖြင့် ထိုကတိတော်ကို “ချီးမြှောက်” သည်။ (ဧဖက် ၃:၂၀) မှန်ပါသည်၊ ယေဟောဝါသည် မိမိ၌ “မွေ့လျော်” သူတို့ကို မည်သည့်အခါမျှ စိတ်ပျက်စေမည်မဟုတ်ပေ။—ဆာလံ ၃၇:၃၊ ၄။
၁၂ ယောရှုနှင့်ကာလက်တို့အပေါ်ပြသခဲ့သော ယေဟောဝါ၏ချစ်ခင်ကြင်နာခြင်းက ဆာလံဆရာ၏ ဤစကားများကိုသတိရစေသည်– “ကတိတော်ကို သတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ။” (“ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူ”
၁၃၊ ၁၄။ ဧနောက်သည် ယုံကြည်ခြင်းနှင့်ရဲစွမ်းသတ္တိ အဘယ်ကြောင့်လိုအပ်သနည်း။
၁၃ ခရစ်ယာန်ခေတ်မတိုင်မီက သက်သေခံတစ်ဦးဖြစ်သူ ဧနောက်၏ပုံသက်သေကို သုံးသပ်ခြင်းဖြင့် ယုံကြည်ခြင်းနှင့်ရဲစွမ်းသတ္တိအကြောင်း များစွာသိရှိနိုင်သည်။ မိမိယုံကြည်ခြင်းနှင့်ရဲစွမ်းသတ္တိ စမ်းသပ်ခံရလိမ့်မည်ကို ဧနောက် ပရောဖက်မပြုမီကပင် သိရှိပုံရသည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်ကိုဝတ်ပြုသူနှင့် စာတန်ကိုဝတ်ပြုသူတို့စပ်ကြား ရန်ငြိုးထားမုန်းတီးမှုရှိမည်ဖြစ်ကြောင်း ဧဒင်တွင် ယေဟောဝါဖော်ပြခဲ့သောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၃:၁၅) ထို့ပြင် လူ့သမိုင်းအစပိုင်းတွင် ကာဣနသည် ညီအာဗေလကို သတ်ပစ်ချိန်၌ ထိုမုန်းတီးမှုပေါ်ပေါက်ခဲ့ကြောင်းလည်း သူသိရှိထားသည်။ အမှန်မှာ သူတို့၏ဖခင် အာဒံသည် ဧနောက်မွေးဖွားပြီး နှစ်ပေါင်း ၃၁၀ နီးပါး အသက်ရှင်ခဲ့သည်။—ကမ္ဘာဦး ၅:၃-၁၈။
၁၄ သို့သော် ဧနောက်သည် “ဘုရားသခင်နှင့်အတူသွားလာ” ခဲ့ပြီး ယေဟောဝါကိုပြစ်မှား၍ပြောသော လူတို့၏ “ကြမ်းတမ်းသောစကား” များကို ပြစ်တင်ရှုတ်ချခဲ့သည်။ (ကမ္ဘာဦး ၅:၂၂; ယုဒ ၁၄၊ ၁၅) ဧနောက်သည် စစ်မှန်သောဝတ်ပြုရေးဘက် မားမားမတ်မတ်ရပ်တည်သောကြောင့် ရန်သူများစွာရှိပြီး သူတို့သည် သူ၏အသက်ကိုပင် ရန်ရှာခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် မိမိပရောဖက်ကို အသေဆိုးဖြင့်သေရခြင်းမှ ကယ်တင်ခဲ့သည်။ ဧနောက်သည် “ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု” ယေဟောဝါမိန့်ဆိုပြီးနောက် သူ့ကို ပရောဖက်ပြုချက်ဆိုင်ရာ အတွေးနယ်ထဲခေါ်ဆောင်သွားကာ ထိုအခြေအနေမျိုးတွင်ပင် အသက်ရှင်ခြင်းမှသေခြင်းသို့ ကူး “ပြောင်း” စေခဲ့ခြင်းဖြစ်နိုင်သည်။—ဟေဗြဲ ၁၁:၅၊ ၁၃; ကမ္ဘာဦး ၅:၂၄။
၁၅။ ယနေ့ ယေဟောဝါ၏ကျေးကျွန်များအတွက် အဘယ်ပုံသက်သေကို ဧနောက်ချမှတ်ခဲ့သနည်း။
၁၅ ပေါလုသည် ဧနောက်၏ကူးပြောင်းခြင်းအကြောင်း ဖော်ပြပြီးသည်နှင့် ယုံကြည်ခြင်း၏ အရေးကြီးမှုကို အလေးပေးလျက် ဤသို့ဆိုသည်– “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။” (ဟေဗြဲ ၁၁:၆) မှန်ပါသည်၊ ဧနောက်တွင် ယုံကြည်ခြင်းရှိသောကြောင့် ရဲစွမ်းသတ္တိရှိရှိဖြင့် ဘုရားသခင်နှင့်လျှောက်လှမ်းနိုင်ခဲ့ပြီး တရားမဲ့လောကအပေါ် ကိုယ်တော့်တရားစီရင်ခြင်းသတင်းကို ကြေညာနိုင်ခဲ့သည်။ ဤနည်းဖြင့် ဧနောက်သည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းချမှတ်ခဲ့သည်။ စစ်မှန်သောဝတ်ပြုရေးကို ဆန့်ကျင်ပြီး ဆိုးသွမ်းမှုအမျိုးမျိုးနှင့် ပြည့်နှက်နေသော ယနေ့လောကတွင် ကျွန်ုပ်တို့လည်း ထပ်တူလုပ်ငန်းကို လုပ်ဆောင်နေကြသည်။—ဆာလံ ၉၂:၇; မဿဲ ၂၄:၁၄; ဗျာ. ၁၂:၁၇။
ဘုရားသခင်ကိုကြောက်ရွံ့ခြင်းကြောင့် ရဲရင့်ခြင်း
၁၆၊ ၁၇။ ဩဗဒိကား မည်သူနည်း။ အဘယ်အခြေအနေမျိုးကို သူရင်ဆိုင်ခဲ့ရသနည်း။
၁၆ ယုံကြည်ခြင်းအပြင် ရဲစွမ်းသတ္တိရှိစေသည့် နောက်အရည်အသွေးတစ်ခုမှာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းပင်ဖြစ်သည်။ ဘုရားသခင်အားကြောက်ရွံ့သော ထူးခြားသည့်စံနမူနာရှင်တစ်ဦးကို သုံးသပ်ကြည့်ကြစို့။ သူသည် ပရောဖက်ဧလိယနှင့် မြောက်ပိုင်းဣသရေလနိုင်ငံကိုအုပ်စိုးသော ဘုရင်အာဟပ်ခေတ်တွင် အသက်ရှင်ခဲ့သည်။ အာဟပ်စိုးစံချိန်တွင် မြောက်ပိုင်းနိုင်ငံသည် ဗာလဝတ်ပြုရေးကြောင့် အကြီးအကျယ်အကျင့်ယိုယွင်းနေသည်။ လိင်ဝတ်ပြုရေးတွင်ပါဝင်သောဗာလပရောဖက် ၄၅၀ နှင့် အာရှရပရောဖက် ၄၀၀ တို့သည် အာဟပ်၏မိဖုရား “ယေဇဗေလစားပွဲ၌စား” ခွင့်ရကြသည်။—၃ ဓမ္မရာဇဝင် ၁၆:၃၀-၃၃; ၁၈:၁၉။
၁၇ ယေဟောဝါ၏ ရက်စက်ကြမ်းကြုတ်သောရန်သူ ယေဇဗေလ၃ ဓမ္မရာဇဝင် ၁၇:၁-၃; ၁၈:၁၃) ထိုအချိန်က မြောက်ပိုင်းနိုင်ငံတွင် စစ်မှန်သောဝတ်ပြုရေးကို စွဲကိုင်ထားရန် မည်မျှခက်ခဲကြောင်း သင်တွေးကြည့်နိုင်သလော။ နန်းတော်တွင် အမှုထမ်းရပါက ပို၍ပင်ခက်ပေမည်။ အာဟပ်၏နန်းတော်အုပ် ဩဗဒိ * သည် ဘုရားသခင်ကိုကြောက်ရွံ့သူဖြစ်ပြီး ထိုအခြေအနေမျိုး ရင်ဆိုင်ခဲ့ရ၏။—၃ ဓမ္မရာဇဝင် ၁၈:၃။
သည် စစ်မှန်သောဝတ်ပြုရေးကို နိုင်ငံမှ အမြစ်ပါမကျန်နုတ်ပစ်ရန် ကြိုးစားခဲ့သည်။ ယေဟောဝါ၏ပရောဖက်အချို့ကို သတ်ပစ်ပြီး ဧလိယကိုပင် ကွပ်မျက်ရန် ကြိုးစားခဲ့သည်။ သို့သော် ဧလိယသည် ဘုရားသခင်ညွှန်ကြားသည့်အတိုင်း ယော်ဒန်မြစ်တစ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ လွတ်မြောက်သွားလေသည်။ (၁၈။ ယေဟောဝါအားဝတ်ပြုသူတစ်ဦးအနေနှင့် ဩဗဒိကို အဘယ်အရာက ထူးခြားစေခဲ့သနည်း။
၁၈ ဩဗဒိသည် ယေဟောဝါအားဝတ်ပြုရာတွင် လိမ္မာပါးနပ်ပြီး ပညာသတိရှိခဲ့မည်မှာ သေချာသည်။ သို့သော် အလျှော့ပေးလိုက်လျောခြင်း မပြုခဲ့ပေ။ ၃ ဓမ္မရာဇဝင် ၁၈:၃ [သမ္မာ] က ဤသို့ဆိုသည်– ‘ဩဗဒိသည် ထာဝရဘုရားသခင်ကို အလွန်ကြောက်ရွံ့ရိုသေသောသူဖြစ်၏။’ ဩဗဒိ၏ကြောက်ရွံ့ခြင်းမှာ အလွန်ထူးခြားသည်။ ထိုကြောက်ရွံ့ခြင်းက သူ့ကို အလွန်ရဲရင့်စေခဲ့ရာ ယေဟောဝါ၏ပရောဖက်များကို ယေဇဗေလသတ်ပစ်ပြီးသည်နှင့်ချက်ချင်း သူ၏ရဲစွမ်းသတ္တိကို ဖော်ထုတ်လေတော့သည်။
၁၉။ အဘယ်လုပ်ရပ်က ဩဗဒိ၏ရဲစွမ်းသတ္တိကို ထင်ဟပ်ပြသနည်း။
၁၉ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘ယေဇဗေလသည် ထာဝရဘုရားသခင်၏ပရောဖက်တို့ကို ပယ်ဖြတ်သောအခါ ဩဗဒိသည် ပရောဖက်တစ်ရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင် မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။’ (၃ ဓမ္မရာဇဝင် ၁၈:၄) သင်သိသည်အတိုင်း လူတစ်ရာကို တိတ်တိတ်ပုန်းကျွေးမွေးရခြင်းမှာ အလွန်အန္တရာယ်များသောတာဝန်ဖြစ်သည်။ ဩဗဒိသည် အာဟပ်၊ ယေဇဗေလနှင့် နန်းတော်သို့ပုံမှန်လာသော ၎င်းတို့၏ပရောဖက် ၈၅၀ တို့ မရိပ်မိအောင် ရှောင်ခဲ့ရသည်။ ထို့ပြင် တိုင်းပြည်ရှိ မင်းသားမှူးမတ်များမှအစ လယ်သမားများအဆုံး မှားယွင်းသောဝတ်ပြုရေးကို လိုက်စားသူများလည်း ဘုရင်နှင့်မိဖုရား၏မျက်နှာသာရဖို့ ဩဗဒိကိုဖော်ထုတ်ရန် အခွင့်အရေးမှန်သမျှကို အသုံးချကြမည်မှာ ယုံမှားဖွယ်မရှိပေ။ သို့သော် ဩဗဒိသည် ထိုအယူမှားသူများရှေ့မှောက်တွင်ပင် ယေဟောဝါ၏ပရောဖက်များ လိုအပ်ရာများကို ရဲစွမ်းသတ္တိရှိရှိ ဖြည့်ဆည်းပေးခဲ့သည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် အလွန်တန်ခိုးပါလှသည်တကား!
၂၀။ ဘုရားသခင်အားကြောက်ရွံ့မှုက ဩဗဒိကို မည်သို့ထောက်ကူခဲ့သနည်း။ သူ၏ပုံသက်သေက သင့်ကို မည်သို့ထောက်ကူသနည်း။
၂၀ ဩဗဒိသည် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းကြောင့် ရဲရင့်ခဲ့သဖြင့် ရန်သူများလက်မှ ယေဟောဝါကာကွယ်ပေးတော်မူခဲ့သည်။ နယပုံပြင် ၂၉:၂၅ က ဤသို့ဆိုသည်– ‘လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။ ထာဝရဘုရားသခင်ကိုခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။’ ဩဗဒိသည် လူစွမ်းကောင်းတစ်ဦးမဟုတ်ပေ။ ဖမ်းဆီးကွပ်မျက်ခံရမည်ကို ကျွန်ုပ်တို့ကဲ့သို့ပင် ကြောက်ရွံ့သည်။ (၃ ဓမ္မရာဇဝင် ၁၈:၇-၉၊ ၁၂) သို့တိုင် ဘုရားသခင်အားကြောက်ရွံ့ခြင်းကြောင့် လူကို လုံးဝမကြောက်ရွံ့တော့ဘဲ ရဲစွမ်းသတ္တိရှိခဲ့သည်။ ဩဗဒိသည် ကျွန်ုပ်တို့အားလုံး၊ အထူးသဖြင့် လွတ်လပ်မှုဆုံးရှုံးနိုင်သည့်၊ အသက်အန္တရာယ်ရှိနိုင်သည့်ကြားမှ ယေဟောဝါကို ဝတ်ပြုနေသူများအတွက် ပုံသက်သေကောင်းဖြစ်သည်။ (မဿဲ ၂၄:၉) ကျွန်ုပ်တို့အားလုံး ယေဟောဝါကို “ခန့်ညားကြောက်ရွံ့သောသဘော” ဖြင့် ဝတ်ပြုကိုးကွယ်နိုင်ကြပါစေ။—ဟေဗြဲ ၁၂:၂၈။
၂၁။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းဆွေးနွေးမည်နည်း။
၂၁ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းတို့ကသာ ရဲရင့်စေသည်မဟုတ်ပါ။ ချစ်ခြင်းမေတ္တာသည်လည်း ထို့ထက်ပင် ရဲရင့်စေနိုင်သည်။ “ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အား ပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကိုပေးတော်မူ၏” ဟု ပေါလုရေးသားခဲ့၏။ (၂ တိမောသေ ၁:၇) ချစ်ခြင်းမေတ္တာသည် ဤခဲယဉ်းသောကာလအတွင်း ယေဟောဝါကို ရဲစွမ်းသတ္တိရှိရှိဝတ်ပြုသွားရန် မည်သို့ထောက်ကူပေးနိုင်ကြောင်း နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့သိရှိရကြမည်။—၂ တိမောသေ ၃:၁။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 17 ပရောဖက်သြဗဒိ မဟုတ်ပေ။
သင်ဖြေဆိုနိုင်သလော
• အဘယ်အရာက ယောရှုနှင့်ကာလက်ကို ရဲစွမ်းသတ္တိရှိစေသနည်း။
• စစ်မှန်သောယုံကြည်ခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။
• ဘုရားသခင့်တရားစီရင်ခြင်းသတင်း ကြေညာ ရာတွင် ဧနောက် အဘယ်ကြောင့် မကြောက်ရွံ့ခဲ့သနည်း။
• ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက မည်သို့ ရဲရင့်စေသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
“အားယူ၍ရဲရင့်ခြင်းရှိလော့” ဟု ယောရှုကို ယေဟောဝါမိန့်ဆိုခဲ့
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဩဗဒိသည် ဘုရားသခင်၏ပရောဖက်များကို ကာကွယ်စောင့်ရှောက်ခဲ့
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ဧနောက်သည် ဘုရားသခင့်နှုတ်မြွက်စကားကို ရဲရင့်စွာကြေညာခဲ့