သင့်ယုံကြည်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြင့် တင်ပြပါ
သင့်ယုံကြည်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြင့် တင်ပြပါ
“အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် . . . အသေဖြစ်၏။”—ယာကုပ် ၂:၁၇။
၁။ အစောပိုင်းခရစ်ယာန်များသည် ယုံကြည်ခြင်းနှင့် အကျင့်နှစ်ခုစလုံးကို အဘယ်ကြောင့်ဂရုစိုက်ခဲ့ကြသနည်း။
အစောပိုင်းခရစ်ယာန်အများစုသည် မိမိတို့၏ယုံကြည်ခြင်းကို အသက်ရှင်နေထိုင်ပုံဖြင့် သက်သေပြခဲ့ကြသည်။ တပည့်ဖြစ်သူယာကုပ်က ခရစ်ယာန်အားလုံးကို ဤသို့တိုက်တွန်းခဲ့၏– “တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။” ဤသို့ထပ်ဆင့်ဆိုခဲ့၏– “ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။” (ယာကုပ် ၁:၂၂; ၂:၂၆) ယင်းစကားများကိုရေးသားပြီး နှစ်ပေါင်း ၃၅ နှစ်ခန့်အကြာတွင် ခရစ်ယာန်များစွာသည် မိမိတို့၏ယုံကြည်ခြင်းကို သင့်လျော်သည့်အကျင့်များဖြင့် ဆက်၍တင်ပြနေခဲ့ကြသည်။ ဝမ်းနည်းစရာမှာ အချို့မှာမူ ထိုသို့မတင်ပြခဲ့ကြချေ။ ယေရှုက စမုရနမြို့ရှိအသင်းတော်ကို ချီးမွမ်းခဲ့သော်လည်း သာဒိမြို့ရှိအသင်းတော်ကို ဤသို့မိန့်တော်မူခဲ့၏– “သင်၏အကျင့်ကိုငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်။”—ဗျာ. ၂:၈-၁၁; ၃:၁။
၂။ ခရစ်ယာန်များသည် မိမိတို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ မိမိကိုယ်ကို မည်သို့မေးသင့်သနည်း။
၂ သို့ဖြစ်၍ ယေရှုက သာဒိမြို့ရှိသူတို့—နောက်ပိုင်း ကိုယ်တော်၏စာကိုဖတ်သူအားလုံး—အား ခရစ်ယာန်အမှန်တရားပေါ်ထားရှိသော သူတို့၏ကနဦးမေတ္တာ ထင်ရှားပြရန်နှင့် ဝိညာဉ်ရေးတွင် နိုးနိုးကြားကြားရှိရန် အားပေးခဲ့သည်။ (ဗျာ. ၃:၂၊ ၃) တစ်ဦးချင်းစီသည် မိမိတို့ကိုယ်ကို ဤသို့မေးနိုင်သည်– ‘ကျွန်ုပ်၏အပြုအမူများ မည်သို့ရှိသနည်း။ ဟောပြောခြင်း၊ အသင်းတော်အစည်းအဝေးများနှင့် တိုက်ရိုက်ဆက်နွှယ်မှုမရှိသော အခန်းကဏ္ဍများနှင့်ပတ်သက်လျှင်လည်း ကျွန်ုပ်၏ယုံကြည်ခြင်းနှင့်အညီ အတတ်နိုင်ဆုံးလုပ်ဆောင်နေကြောင်း ကျွန်ုပ်၏အပြုအမူက အထင်အရှားပြပါသလော။’ (လုကာ ၁၆:၁၀) ယုံကြည်ခြင်းရှိကြောင်း ဘဝကဏ္ဍများစွာဖြင့် ပြသနိုင်သည်။ သို့သော် ကဏ္ဍတစ်ခုဖြစ်သော ခရစ်ယာန်မင်္ဂလာပွဲပြီးနောက် ကျင်းပလေ့ရှိသည့် ဧည့်ခံပွဲအပါအဝင် မိတ်ဆုံပွဲများအခန်းကဏ္ဍကို သုံးသပ်ကြည့်ကြစို့။
မိတ်ဆုံပွဲလေးများ
၃။ မိတ်ဆုံပွဲများတွင်ပါဝင်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာရှုမြင်ချက်ကား အဘယ်နည်း။
၃ ကျွန်ုပ်တို့အများစုသည် ပျော်စရာကောင်းသောခရစ်ယာန်မိတ်ဆုံပွဲသို့ ဖိတ်ခေါ်ခံရသည်ကို လေးမြတ်ကြသည်။ ယေဟောဝါသည် “ပျော်ရွှင်တော်မူသောဘုရားသခင်” ဖြစ်တော်မူပြီး ကိုယ်တော်၏ကျေးကျွန်များကိုလည်း ပျော်ရွှင်စေလိုတော်မူသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) ကိုယ်တော်သည် ရှောလမုန်အား ဤအမှန်တရားကို သမ္မာကျမ်းစာတွင် ရေးသားစေခဲ့သည်– “ပျော်မွေ့ ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား လူသည် နေအောက်မှာစားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသော အမှုမရှိ။ . . . ကြိုးစားအားထုတ်၍ရသော အကျိုးတို့တွင် ထိုအကျိုးကိုသာ အမြဲခံရ၏။” (ဒေ. ၃:၁၊ ၄၊ ၁၃; ၈:၁၅) ထိုသို့သောပျော်မွေ့ခြင်းအမှုမှာ မိသားစုထမင်းစားချိန် သို့မဟုတ် စစ်မှန်သောဝတ်ပြုကိုးကွယ်သူတို့နှင့်အတူ မိတ်ဆုံပွဲလေးများကျင်းပချိန်တို့ ဖြစ်ပေမည်။—ယောဘ ၁:၄၊ ၅၊ ၁၈; လုကာ ၁၀:၃၈-၄၂; ၁၄:၁၂-၁၄။
၄။ မိတ်ဆုံပွဲတစ်ခုကို စီစဉ်နေသူတစ်ဦးသည် အဘယ်အရာကို ဂရုစိုက်သင့်သနည်း။
၄ သင်သည် ထိုသို့သောမိတ်ဆုံပွဲတစ်ခုကိုစီစဉ်နေပြီး ယင်းကို တာဝန်ယူလုပ်ဆောင်မည့်သူဖြစ်ပါက စားသောက်ရန်နှင့် ရင်းနှီးစွာပေါင်းသင်းရန် ယုံကြည်သူချင်းအနည်းငယ်ကိုသာ ဖိတ်ခေါ်မည်ဖြစ်သည့်တိုင် အသေအချာစီစဉ် သုံးသပ်သင့်သည်။ (ရောမ ၁၂:၁၃) “အထက်မှသက်ရောက်သောပညာ” ၏လမ်းညွှန်မှုဖြင့် “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်” ထားသည်ကို သင်တွေ့မြင်လိုပေမည်။ (ယာကုပ် ၃:၁၇; ၁ ကောရိန္သု ၁၄:၄၀) တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့။ . . . ထိမိ၍လဲစရာအကြောင်းကိုမပြု” နှင့်။ (၁ ကောရိန္သု ၁၀:၃၁၊ ၃၃) အထူးဂရုစိုက်ဖို့ လိုအပ်သည့်အရာအချို့မှာ အဘယ်နည်း။ ထိုသို့ကြိုတင်သုံးသပ်ထားခြင်းဖြင့် သင်နှင့် သင်၏ဧည့်သည်များသည် မိမိတို့၏ယုံကြည်ခြင်းကို အပြုအမူဖြင့်တင်ပြနိုင်ရန် အထောက်အကူပြုမည်။—ရောမ ၁၂:၂။
မည်သို့သောမိတ်ဆုံပွဲဖြစ်မည်နည်း
၅။ အရက်ယမကာတည်ခင်းမည်၊ တေးဂီတအသုံးပြုမည်တို့နှင့်ပတ်သက်၍ အိမ်ရှင်သည် အဘယ်ကြောင့်အထူးဂရုစိုက်သင့်သနည်း။
၅ ဧည့်ခံသူအိမ်ရှင်အများစုသည် အရက်ယမကာတည်ခင်းခြင်းကိစ္စနှင့် ရင်ဆိုင်ကြရသည်။ တည်ဆောက်မှုဖြစ်စေသော မိတ်ဆုံပွဲဖြစ်ဖို့ အရက်တည်ခင်းရန် မလိုအပ်ပါ။ ယေရှုသည် ကိုယ်တော်ထံရောက်လာကြသော လူအုပ်ကြီးအား မုန့်နှင့် ငါးများကို ပွားများစေပြီး ကျွေးမွေးခဲ့သည်ကို သတိရပါ။ ကိုယ်တော်သည် အံ့ဖွယ်နည်းဖြင့် စပျစ်ရည်ပြုလုပ်နိုင်စွမ်းရှိသည်ကို ကျွန်ုပ်တို့သိထားကြသည်၊ သို့သော် ယင်းသို့လုပ်ဆောင်ခဲ့သည်ဟု မှတ်တမ်းတွင် မဖော်ပြထားပါ။ (မဿဲ ၁၄:၁၄-၂၁) သင်သည် မိတ်ဆုံပွဲတွင် အရက်ယမကာဖြင့် တည်ခင်းဧည့်ခံမည်ဟု ဆုံးဖြတ်ပါက မည်မျှတည်ခင်းမည်နှင့်ပတ်သက်၍ ချင့်ချိန်မှုရှိပါ၊ အချိုရည်ပိုနှစ်သက်သူများအတွက် အချိုရည်ရှိရန် သေချာစေပါ။ (၁ တိမောသေ ၃:၂၊ ၃၊ ၈; ၅:၂၃; ၁ ပေတရု ၄:၃) “မြွေကဲ့သို့ကိုက်တတ်” သောအရာကို သောက်ရန် ဖိအားပေးသည်ဟု တစ်စုံတစ်ဦးခံစားသွားစေသည့်အဖြစ်မျိုး ဘယ်သောအခါမျှ မပြုလုပ်ပါနှင့်။ (သု. ၂၃:၂၉-၃၂) တေးဂီတ၊ တေးသီချင်းတို့နှင့်ပတ်သက်၍ကော အသို့နည်း။ သင်၏မိတ်ဆုံပွဲတွင် တေးဂီတကို အသုံးပြုမည်ဆိုပါက သင်သည် တီးလုံးနှင့် သီချင်းစာသား နှစ်ခုစလုံးကိုထည့်တွက်ကာ သီချင်းများကို ဂရုတစိုက်သေချာစွာရွေးချယ်ပေမည်။ (ကောလောသဲ ၃:၈; ယာကုပ် ၁:၂၁) ဘုရားသခင့်နိုင်ငံတော်တေးသံသာဖွင့်ပြီး ထိုသီချင်းများကို အတူတကွသီဆိုကြခြင်းသည် ပျော်ရွှင်ဖွယ် ဝန်းကျင်လေးတစ်ခုဖြစ်စေကြောင်း ခရစ်ယာန်များစွာ တွေ့ရှိခဲ့ကြပြီ။ (ဧဖက် ၅:၁၉၊ ၂၀) တေးသီချင်းသံသည် နှစ်လို့ဖွယ်စကားစမြည်ပြောဆိုမှုနှင့် အိမ်နီးချင်းများကို အနှောင့်အယှက်မဖြစ်ရန် အသံပမာဏကို မှန်မှန်စစ်ဆေးပါ။—မဿဲ ၇:၁၂။
၆။ အိမ်ရှင်သည် ယုံကြည်ခြင်းနှင့်အညီ နေထိုင်သူဖြစ်ကြောင်း စကားစမြည်ပြောဆိုခြင်း သို့မဟုတ် အခြားလုပ်ဆောင်မှုများတွင် မည်သို့တင်ပြနိုင်သနည်း။
၆ မိတ်ဆုံပွဲတစ်ခုတွင် ခရစ်ယာန်များသည် အကြောင်းအရာအမျိုးမျိုးကို ပြောကြပေမည်၊ အကြောင်းအရာတစ်ခုခုကို ဖိလိပ္ပိ ၄:၅) သူတို့က သင်သည် ယုံကြည်ခြင်းနှင့်အညီ နေထိုင်သူဖြစ်ကြောင်း၊ သင့်ဘဝအသက်တာကဏ္ဍအားလုံးအပေါ် ယုံကြည်ခြင်းသက်ရောက်မှုရှိကြောင်း ကောက်ချက်ချကြပေမည်။
အသံကျယ်ကျယ်ဖြင့် ဖတ်ပေမည်၊ သို့မဟုတ် စိတ်ဝင်စားဖွယ်တွေ့ကြုံမှုများကို ပြောပြကြပေမည်။ စကားစမြည်ပြောဆိုမှုသည် လမ်းလွဲနေမည်ဆိုလျှင် အိမ်ရှင်သည် လိမ္မာပါးနပ်စွာ ပြန်လည်တည့်မတ်ပေးနိုင်သည်။ တစ်ဦးတစ်ယောက်သည် စကားစမြည်ပြောဆိုမှုကို လွှမ်းမိုးထားခြင်းမရှိစေရန် အိမ်ရှင်က ဂရုစိုက်သင့်သည်။ တစ်ဦးတစ်ယောက်သည် ထိုသို့လွှမ်းမိုးလာကြောင်း အိမ်ရှင်သတိပြုမိလျှင် ပညာသတိရှိရှိဖြင့် ထိုသူကိုအသိပေးကာ အခြားသူများလည်း စကားဝိုင်းတွင်ပါဝင်လာစေရန် လုပ်ဆောင်ပေးနိုင်သည်။ လူငယ်များကို စကားပြောစေခြင်း၊ အကြောင်းအရာတစ်ခုကို အစပြုပေးကာ မှတ်ချက်များပေးရန် ဖိတ်ခေါ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ယင်းသို့သောမိတ်ဆုံပွဲတွင် လူငယ်ရော လူကြီးများပါ ပျော်ရွှင်ကြမည်ဖြစ်သည်။ မိတ်ဆုံပွဲစီစဉ်သူအနေဖြင့် သင်သည် ကိစ္စရပ်များကို ပညာရှိစွာ၊ လိမ္မာပါးနပ်စွာ ဦးဆောင်သွားမည်ဆိုလျှင် ဧည့်သည်များရှေ့တွင် သင်၏ ‘အကျိုးသင့်အကြောင်းသင့်ဖြစ်မှုသည် ထင်ရှားပေလိမ့်မည်။’ (မင်္ဂလာပွဲအခမ်းအနားနှင့် မင်္ဂလာကျွေးမွေးဧည့်ခံပွဲများ
၇။ မင်္ဂလာပွဲအခမ်းအနားနှင့် ကျွေးမွေးဧည့်ခံရန် စီစဉ်ရာတွင် အဘယ်ကြောင့် ချင့်ချိန်ထိုက်သနည်း။
၇ ရွှင်လန်းမှုဖြစ်စေသည့် အထူးအခါသမယတစ်ခုမှာ ခရစ်ယာန်မင်္ဂလာဆောင်ပွဲဖြစ်သည်။ ယေရှုနှင့် ကိုယ်တော်၏တပည့်များအပါအဝင် ဘုရားသခင်၏ရှေးမှကျေးကျွန်များသည် ကျွေးမွေးဧည့်ခံပွဲအပါအဝင် ထိုအခါသမယများတွင် ပျော်ရွှင်စွာပါဝင်ခဲ့ကြသည်။ (ကမ္ဘာဦး ၂၉:၂၁၊ ၂၂; ယောဟန် ၂:၁၊ ၂) သို့သော် မကြာသေးမီနှစ်များအတွေ့အကြုံအရ မင်္ဂလာဆောင်ပွဲနှင့်ဆက်နွှယ်သော လူမှုရေးကိစ္စများစီစဉ်ရာတွင် အကျိုးသင့်အကြောင်းသင့်ရှိရန်နှင့် ခရစ်ယာန်ဟန်ချက်မပျက်စေရန် အထူးအားထုတ်မှုလိုအပ်ကြောင်း အထင်အရှားဖော်ပြသည်။ သို့တိုင် ထိုလူမှုရေးကိစ္စများသည် ဘဝအသက်တာ၏ သာမန်အရေးကိစ္စများဖြစ်ကြပြီး ခရစ်ယာန်ယုံကြည်ခြင်းနှင့်အညီဖြစ်ကြောင်း တင်ပြခွင့်ရစေသည်။
၈၊ ၉။ မင်္ဂလာဆောင်ပွဲများစွာ၏ လုပ်ဆောင်မှုများသည် ၁ ယောဟန် ၂:၁၆၊ ၁၇ တွင်ဖတ်ရသည့်အချက်ကို မည်သို့ထောက်ခံကြသနည်း။
၈ မင်္ဂလာဆောင်ခြင်းနှင့်ပတ်သက်သော ဘုရားသခင့်မူများကို မသိသောသူနှင့် ဂရုမစိုက်ကြသောသူများသည် မင်္ဂလာပွဲကို အလွန်အကျွံပြုမူနိုင်သည့် သို့မဟုတ် ယင်းကို လက်ခံခွင့်ပြုသည့် အခါသမယအဖြစ် ရှုမြင်ကြသည်။ ဥရောပမဂ္ဂဇင်းတစ်စောင်တွင် လက်ထပ်ပြီးခါစဇနီးသည်တစ်ဦးက မိမိ၏ “တော်ဝင်” တမျှ မင်္ဂလာဆောင်ပွဲအကြောင်းကို ဤသို့ပြော၏– ‘မြင်းလေးကောင်ကတဲ့ မြင်းရထားကို ကျွန်မတို့စီးတယ်။ ကျွန်မတို့မြင်းရထားနောက်မှာ တေးဂီတဝိုင်းတစ်ခုကို တင်ဆောင်ထားတဲ့ မြင်းရထားတစ်ခုအပါအဝင် မြင်းရထား ၁၂ လုံးလိုက်ပါလာခဲ့တယ်။ အဲ့ဒီနောက် ကျွန်မတို့ဟာ အကောင်းဆုံးတေးဂီတနဲ့ စားကောင်းသောက်ဖွယ်တွေ စားသုံးကြတယ်။ တကယ့်ကိုအထူးပါပဲ။ ကျွန်မတောင့်တခဲ့တဲ့အတိုင်းပဲဖြစ်ခဲ့တယ်။ အဲ့ဒီနေ့မှာ ကျွန်မဟာ ဘုရင်မပဲပေါ့။’
၉ ဒေသတစ်ခုနှင့်တစ်ခု ဓလေ့ထုံးစံများမတူကြသော်လည်း ထိုသဘောထားများသည် တမန်တော်ယောဟန်ရေးသားခဲ့ရာကို အထင်အရှားထောက်ခံ၏– “လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။” ရင့်ကျက်သောခရစ်ယာန်မောင်နှံစုံသည် ငွေကုန်ကြေးကျများသောဧည့်ခံပွဲပါဝင်သည့် “တော်ဝင်” တမျှ မင်္ဂလာအခမ်းအနားပြုလုပ်လိုသည့် ဆန္ဒရှိပါမည်လော။ ယင်းအစား သူတို့သည် “ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား . . . ထာဝရတည်၏” ဟူသည့်ကျမ်းချက်ကို ဂရုပြုသင့်သည်။—၁ ယောဟန် ၂:၁၆၊ ၁၇။
၁၀။ (က) အကျိုးသင့်အကြောင်းသင့်ရှိသော မင်္ဂလာဆောင်ပွဲတစ်ခုဖြစ်ရန် ကြိုတင်စီစဉ်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ဖိတ်ခေါ်မည့်သူတို့နှင့်ပတ်သက်၍ မည်သို့ ဆုံးဖြတ်ချက်များချသင့်သနည်း။
၁၀ ခရစ်ယာန်မောင်နှံစုံများသည် လက်တွေ့ကျပြီး အကျိုးသင့်အကြောင်းသင့်ရှိလိုကြသည်။ ယင်းသို့ဖြစ်စေရန် သမ္မာကျမ်းစာက သူတို့ကို အကူအညီပေးနိုင်သည်။ မင်္ဂလာဆောင်သောနေ့သည် အထူးအခါသမယဖြစ်သော်လည်း ထာဝရအသက်မျှော်လင့်ချက်ရှိကြသော ခရစ်ယာန်နှစ်ဦးအဖို့ ယင်းသည် အိမ်ထောင်သည်ဘဝ၏ အစမျှသာဖြစ်ကြောင်း သူတို့သိထားကြသည်။ ကြီးကျယ်သည့် မင်္ဂလာကျွေးမွေးဧည့်ခံပွဲလုပ်ရမည်ဟူသည့်တာဝန် သူတို့တွင်မရှိပါ။ ဧည့်ခံပွဲလုပ်ရန်ရွေးချယ်ပါက ဧည့်ခံပွဲအကုန်အကျနှင့် ဧည့်ခံပွဲအမျိုးအစားကို တွက်ချက်စဉ်းစားလိုကြပေမည်။ (လုကာ ၁၄:၂၈) ခရစ်ယာန်ဘဝအသက်တာတွင် ခင်ပွန်းဖြစ်သူသည် ကျမ်းစာအရ ဦးစီးဖြစ်မည်။ (၁ ကောရိန္သု ၁၁:၃; ဧဖက် ၅:၂၂၊ ၂၃) ထို့ကြောင့် သတို့သားသည် မင်္ဂလာဧည့်ခံပွဲအတွက် အဓိကတာဝန်ရှိသည်။ သူသည် မင်္ဂလာဧည့်ခံပွဲသို့ မည်သူတို့ကို၊ သို့မဟုတ် မည်ရွေ့မည်မျှကို ဖိတ်ခေါ်မည်စသည့်ကိစ္စများကို မိမိဇနီးလောင်းနှင့် ချစ်ခင်ကြင်နာစွာ ဆွေးနွေးမည်ဖြစ်သည်။ မိတ်ဆွေများ၊ ဆွေမျိုးများအားလုံးကို ဖိတ်ခေါ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အကျိုးသင့်အကြောင်းသင့်ရှိသော ဆုံးဖြတ်ချက်အချို့ကို ချဖို့လိုပေမည်။ မောင်နှံစုံသည် အချို့သောခရစ်ယာန်ချင်းများအား မဖိတ်နိုင်သောကြောင့် ထိုသူတို့သည် မိမိတို့အား စိတ်ဆိုးကြမည်မဟုတ်ဘဲ နားလည်ပေးကြမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချသင့်သည်။—ဒေ. ၇:၉။
“ပွဲအုပ်”
၁၁။ မင်္ဂလာပွဲတွင် “ပွဲအုပ်” ၏တာဝန်မှာ အဘယ်အရာဖြစ်နိုင်သနည်း။
၁၁ မောင်နှံစုံသည် မင်္ဂလာကျွေးမွေးဧည့်ခံပွဲကျင်းပရန် ရွေးချယ်မည်ဆိုပါက ထိုအခါသမယကို ဂုဏ်သိက္ခာရှိစေရန် မည်သို့သေချာစေနိုင်သနည်း။ ယေရှုတက်ရောက်ခဲ့သော ကာနမြို့မင်္ဂလာဧည့်ခံပွဲနှင့်ပတ်သက်၍ ဖော်ပြခံရသူပါရှိလျှင် ပညာရှိရာရောက်ကြောင်း ယေဟောဝါသက်သေများ သိရှိခဲ့ကြသည်မှာ နှစ်အတန်ကြာခဲ့ပေပြီ။ ၎င်းမှာ တာဝန်ယူကြီးကြပ်ပေးသော ယုံကြည်ခြင်းတူသူ “ပွဲအုပ်” တစ်ဦးဖြစ်သည်။ (ယောဟန် ၂:၉၊ ၁၀) အလားတူပင် ပညာရှိသောသတို့သားသည် ဤအရေးကြီးသောတာဝန်အတွက် ဝိညာဉ်ရေးတွင်ရင့်ကျက်သော ခရစ်ယာန်ညီအစ်ကိုတစ်ဦးကို ရွေးချယ်ပေမည်။ ပွဲအုပ်သည် သတို့သားဆန္ဒရှိရာ၊ လုပ်ဆောင်လိုသောအရာများကို မေးမြန်းထားခြင်းဖြင့် ဧည့်ခံပွဲမတိုင်မီနှင့် ဧည့်ခံပွဲအတွင်း ယင်းအတိုင်း လုပ်ဆောင်သွားနိုင်မည်။
၁၂။ သတို့သားသည် အရက်ယမကာတည်ခင်းခြင်းနှင့်ပတ်သက်၍ အဘယ်အရာကို သုံးသပ်သင့်သနည်း။
၁၂ အပိုဒ် ၅ ၌သုံးသပ်ခဲ့သည့်အချက်နှင့်အညီ လုပ်ဆောင်ရာတွင် မောင်နှံစုံအချို့သည် မင်္ဂလာပွဲအခါသမယ၏ ပျော်ရွှင်မှုနှင့် အောင်မြင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် သောက်ကြူးသွားခြင်းမျိုးမဖြစ်စေရန် အရက်ယမကာကို မတည်ခင်းဖို့ ရွေးချယ်ကြသည်။ (ရောမ ၁၃:၁၃; ၁ ကောရိန္သု ၅:၁၁) သို့သော် အရက်ယမကာကိုပါဝင်စေကြမည်ဆိုလျှင် သတို့သားသည် အတော်အသင့်တည်ခင်းဧည့်ခံခြင်းဖြစ်ဖို့ သေချာစေသင့်သည်။ ယေရှုတက်ရောက်ခဲ့သော ကာနမြို့မင်္ဂလာဆောင်ပွဲတွင် စပျစ်ရည်ပါဝင်ခဲ့ပြီး ကိုယ်တော်သည် စပျစ်ရည်ကောင်းကို ပြုလုပ်ပေးတော်မူခဲ့သည်။ စိတ်ဝင်စားစရာမှာ ပွဲအုပ်ပြောသောစကားဖြစ်သည်– “လူတိုင်းမှာ စပျစ်ရည်ကောင်းကိုဦးစွာတည်၍ မူးယစ်ကြပြီးမှ အညံ့ကိုတည်တတ်သည်။ သင်မူကား ယခုတိုင် စပျစ်ရည်ကောင်းကိုချန်ထားပြီ။” (ယောဟန် ၂:၁၀၊ ကဘ) ယေရှုသည် မူးယစ်ခြင်းကို အပြစ်အဖြစ်ရှုမြင်တော်မူသောကြောင့် ယစ်မူးစေရန် အားပေးမည်မဟုတ်ပါ။ (လုကာ ၁၂:၄၅၊ ၄၆) ပွဲအုပ်သည် စပျစ်ရည်၏အရည်အသွေးကိုအံ့ဩ၍ သူကြုံတွေ့ဖူးသော မင်္ဂလာဆောင်ပွဲအချို့တွင် ဧည့်သည်များမူးယစ်ကြသည့် အဖြစ်အပျက်ကို မြင်သာအောင် ပြောခဲ့ခြင်းဖြစ်သည်။ (တမန်တော် ၂:၁၅; ၁ သက်သာလောနိတ် ၅:၇) ထို့ကြောင့် သတို့သားနှင့် ပွဲအုပ်အဖြစ်တာဝန်ရရှိသော ယုံကြည်စိတ်ချရသူခရစ်ယာန်သည် “လွန်ကြူးစေတတ်သော စပျစ်ရည်နှင့်ယစ်မူးခြင်းကိုရှောင်” ပါဟူသည့် ရှင်းလင်းသောညွှန်ကြားချက်ကို တက်ရောက်သူအားလုံး လိုက်နာကြကြောင်း သေချာစေရမည်။—ဧဖက် ၅:၁၈; သု. ၂၀:၁; ဟောရှေ ၄:၁၁။
၁၃။ မောင်နှံစုံသည် မင်္ဂလာကျွေးမွေးဧည့်ခံပွဲတွင် တေးဂီတပါဝင်စေမည်ဆိုပါက အဘယ်အရာကို သုံးသပ်သင့်သနည်း။ အဘယ်ကြောင့်နည်း။
၁၃ အခြားမိတ်ဆုံပွဲများတွင်ကဲ့သို့ တေးဂီတသုံးမည်ဆိုပါက စကားစမြည်ပြောဆိုနိုင်သည့် အသံပမာဏဖြစ်ရန် ဂရုစိုက်သင့်သည်။ ခရစ်ယာန်အကြီးအကဲတစ်ဦး ဤသို့ဆို၏– “ညနေပိုင်းရောက်လာလို့ စကားစမြည်ပြောလို့ကောင်းလာတဲ့အချိန် ဒါမှမဟုတ် စပြီးကကြတဲ့အချိန်မှာ တစ်ခါတလေ တေးသံကို ကျယ်လိုက်တယ်။ တေးသံကျယ်လိုက်မယ်ဆိုရင် စကားစမြည်ပြောတာကို အနှောင့်အယှက်ဖြစ်စေတယ်။ မင်္ဂလာဧည့်ခံပွဲတစ်ခုဟာ နှစ်သက်ဖွယ်ကောင်းတဲ့ ပေါင်းသင်းဆက်ဆံမှုလုပ်ဖို့ အခွင့်အရေးတစ်ခုပါ။ ကျယ်လောင်တဲ့တေးသံကြောင့် အဲ့ဒီအခွင့်အရေးဆုံးရှုံးရင် ဝမ်းနည်းစရာပါပဲ!” ဤတွင်တစ်ဖန် တေးဂီတပညာရှင်များကို ငှားထားသည်ဖြစ်စေ၊ မငှားသည်ဖြစ်စေ တေးသီချင်းအမျိုးအစားနှင့် အသံပမာဏကို ဤအတိုင်းလွှတ်ထားမည်မဟုတ်ဘဲ သတို့သားနှင့် ပွဲအုပ်သည် တာဝန်ရှိသူများဖြစ်သည့်အလျောက် အရေးယူဆောင်ရွက်ဖို့လိုသည်။ ပေါလု ဤသို့ရေးခဲ့၏– “စကားပြောသော်လည်းကောင်း၊ အမှုဆောင်ရွက်သော်လည်းကောင်း သခင်ယေရှုခရစ်၏နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှုတို့ကိုပြု” လော့။ (ကောလောသဲ ၃:၁၇) ဧည့်သည်များသည် မင်္ဂလာကျွေးမွေးဧည့်ခံပွဲပြီးနောက် အိမ်ပြန်ချိန်တွင် မောင်နှံစုံသည် တေးဂီတအပါအဝင် ခပ်သိမ်းသောအမှုတို့ကို ယေရှု၏နာမတော်ကိုထောက်၍ လုပ်ဆောင်ခဲ့ကြောင်း အမှတ်ရကြမည်လော။ ထိုသို့အမှတ်ရစေသင့်သည်။
၁၄။ မင်္ဂလာပွဲတစ်ခုနှင့်ပတ်သက်၍ ခရစ်ယာန်များ အဘယ်အရာ အမှတ်တရဖြစ်သင့်သနည်း။
၁၄ မှန်ပါသည်၊ ကောင်းစွာစီစဉ်ထားသော မင်္ဂလာပွဲသည် နှစ်သက်ဖွယ်အမှတ်တရဖြစ်နိုင်သည်။ အိမ်ထောင်သက်တမ်း ၃၀ ရှိပြီဖြစ်သော အေဒမ်နှင့် အဲဒီတာတို့သည် မင်္ဂလာပွဲတစ်ခုနှင့်ပတ်သက်၍ ဤသို့ဆို၏– “တကယ့်ကို ခရစ်ယာန်အသိုင်းအဝိုင်းလေးတစ်ခုပါပဲ။ ယေဟောဝါကိုချီးမွမ်းတဲ့ သီချင်းတွေဆိုကြတယ်။ တခြားပျော်စရာအစီအစဉ်တွေလည်းပါတယ်။ က,တာနဲ့တေးသီချင်းကို ဒုတိယနေရာမှာထားကြတယ်။ ကြည်နူးစရာကောင်းပြီး တည်ဆောက်မှုဖြစ်စေတယ်။ အရာအားလုံး ကျမ်းစာမူတွေနဲ့ကိုက်ညီတယ်။” သတို့သမီးနှင့် သတို့သားသည် မိမိတို့၏ယုံကြည်ခြင်းကို အကျင့်အားဖြင့်တင်ပြရန် လုပ်နိုင်သည့်အရာများစွာရှိပါသည်။
မင်္ဂလာလက်ဖွဲ့များ
၁၅။ မင်္ဂလာလက်ဖွဲ့နှင့်ပတ်သက်၍ အဘယ်ကျမ်းစာဆုံးမစကားကို ကျင့်သုံးနိုင်သနည်း။
၁၅ ဒေသများစွာတွင် မိတ်ဆွေများနှင့် ဆွေမျိုးများက အိမ်ထောင်ပြုသူတို့ကို လက်ဖွဲ့ပေးသည့်ထုံးစံရှိကြသည်။ ထိုသို့ပြုမည်ဆိုလျှင် အဘယ်အရာကို စိတ်စွဲမှတ်ရမည်နည်း။ “လောကီစည်းစိမ်၌ဝါကြွားခြင်း” နှင့်ပတ်သက်၍ တမန်တော်ယောဟန်၏စကားကို ပြန်အမှတ်ရပါ။ ယင်းသို့ဝါကြွားခြင်းကို မိမိတို့၏ယုံကြည်ခြင်းကို လုပ်ရပ်ဖြင့်တင်ပြသော ခရစ်ယာန်များနှင့် ဆက်စပ်မဖော်ပြဘဲ ‘ရွေ့သွားကွယ်ပျောက်မည့် လောက’ နှင့်ဆက်စပ်ဖော်ပြခဲ့သည်။ (၁ ယောဟန် ၂:၁၆၊ ၁၇) ယောဟန်၏မှုတ်သွင်းခံစကားကိုထောက်သော် ကြင်စဦးမောင်နှံသည် လက်ဖွဲ့ပေးသူတို့၏အမည်ကို လူအများရှေ့ကြေညာရန် သင့်လျော်ပါမည်လော။ မာကေဒေါနိပြည်နှင့် အခါယပြည်မှ ခရစ်ယာန်တို့သည် ယေရုရှလင်မြို့ရှိ ညီအစ်ကိုတို့အတွက် အလှူငွေများ လှူဒါန်းခဲ့ကြသော်လည်း သူတို့၏အမည်များကို လူသိရှင်ကြားမဖော်ပြခဲ့ကြပါ။ (ရောမ ၁၅:၂၆) မင်္ဂလာလက်ဖွဲ့ပေးကြသော ခရစ်ယာန်များစွာသည် မိမိတို့ကို အာရုံစိုက်လာစေမည့်အစား အမည်မဖော်ပြသည်ကို နှစ်သက်ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ မဿဲ ၆:၁-၄ တွင်တွေ့ရသော ယေရှု၏ဆုံးမစကားကို ပြန်သုံးသပ်ပါ။
၁၆။ ကြင်စဦးဇနီးမောင်နှံသည် မင်္ဂလာလက်ဖွဲ့နှင့်ပတ်သက်၍ အခြားသူများစိတ်ထိခိုက်ခြင်းမဖြစ်ရန် မည်သို့ရှောင်ကြဉ်နိုင်သနည်း။
၁၆ လက်ဖွဲ့ပေးသူ၏အမည်ကို လူသိရှင်ကြားဖော်ပြခြင်းက မည်သည့်လက်ဖွဲ့သည် ပို၍ကောင်းသည်၊ ပို၍တန်ဖိုးရှိသည်စသဖြင့် ‘အပြိုင်အဆိုင်စိတ်ဓာတ်ကို နှိုးဆွ’ ပေးရာရောက်သွားနိုင်သည်။ ထို့ကြောင့် ပညာရှိသောကြင်စဦးခရစ်ယာန်မောင်နှံသည် လက်ဖွဲ့ပေးသူတို့၏အမည်ကို လူသိရှင်ကြားကြေညာခြင်းကို ရှောင်မည်ဖြစ်သည်။ လက်ဖွဲ့ပေးသူတို့၏အမည်ကို ကြေညာခြင်းသည် လက်ဖွဲ့မပေးနိုင်သူတို့ကို အနေခက်စေပေမည်။ (ဂလာတိ ၅:၂၆၊ ကဘ; ဂလာတိ ၆:၁၀) သတို့သမီးနှင့် သတို့သားတို့ကို မည်သူလက်ဖွဲ့ပေးကြောင်း သိရှိစေခြင်းသည် မမှားပါ။ လက်ဖွဲ့နှင့်အတူ သင့်လျော်သောကတ်တစ်ခုတွင် ရေးပေးခြင်းဖြင့် မည်သူပေးကြောင်း သိနိုင်သည်။ သို့သော် ယင်းကို အများရှေ့ဖတ်ပြရန်မဟုတ်ပါ။ မင်္ဂလာလက်ဖွဲ့ဝယ်ခြင်း၊ ပေးခြင်း၊ လက်ခံခြင်းကဲ့သို့သော ကိုယ်ရေးကိုယ်တာကိစ္စများတွင်ပင် ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ယုံကြည်ခြင်းကို အပြုအမူအားဖြင့် တင်ပြခွင့်ရရှိကြသည်။ *
၁၇။ ခရစ်ယာန်များသည် မိမိတို့၏ယုံကြည်ခြင်း၊ အကျင့်တို့နှင့်ပတ်သက်၍ အဘယ်ပန်းတိုင်ထားရှိသင့်သနည်း။
၁၇ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို သက်သေပြရာတွင် ကိုယ်ကျင့်တရားစင်ကြယ်စွာနေထိုင်ခြင်း၊ ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းတို့ထက်မက ပို၍ပါဝင်ပတ်သက်သည်။ ကျွန်ုပ်တို့လုပ်ဆောင်ရာအားလုံးအပေါ် အကျိုးသက်ရောက်မှုရှိသည့် ရှင်သန်သောယုံကြည်ခြင်းကို ကျွန်ုပ်တို့တစ်ဦးစီ ပိုင်ဆိုင်နိုင်ကြပါစေ။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အထက်တွင်ဆွေးနွေးခဲ့သော ဘဝအသက်တာကဏ္ဍများအပါအဝင် အကျင့်များဖြင့် ‘စုံလင်စွာ’ တင်ပြနိုင်ပါသည်။—ဗျာ. ၃:၂။
၁၈။ ခရစ်ယာန်မင်္ဂလာပွဲများ၊ ဧည့်ခံပွဲများနှင့်ပတ်သက်၍ ယောဟန် ၁၃:၁၇ ပါစကားများမှန်ကန်ကြောင်း မည်သို့ထင်ရှားပြနိုင်သနည်း။
၁၈ ယေရှုသည် နိမ့်ကျသောအလုပ်ဖြစ်သည့် တမန်တော်များ၏ခြေကိုဆေးပေးခြင်းဖြင့် တည်ကြည်သောတမန်တော်များအတွက် ပုံသက်သေပြပြီးနောက် ဤသို့မိန့်တော်မူခဲ့၏– “ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။” (ယောဟန် ၁၃:၄-၁၇) ယနေ့ ကျွန်ုပ်တို့နေထိုင်ရာဒေသတွင် ကျွန်ုပ်တို့အိမ်သို့ရောက်လာသည့် ဧည့်သည်တစ်ဦးကဲ့သို့သော အခြားသူတစ်ဦးဦးကို ခြေဆေးပေးသည့်ထုံးစံရှိမည်မဟုတ်၊ ခြေဆေးပေးဖို့လိုမည်မဟုတ်ပါ။ သို့ရာတွင် ဤဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ခဲ့ပြီးဖြစ်သည်အတိုင်း မိတ်ဆုံပွဲများ၊ ခရစ်ယာန်မင်္ဂလာဆောင်ပွဲများနှင့် ဆက်နွှယ်နေသူတို့အပါအဝင် ကျွန်ုပ်တို့အားလုံး ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မေတ္တာ၊ ထောက်ထားစာနာမှုရှိသောအပြုအမူတို့ဖြင့် ထင်ရှားပြနိုင်သည့် အခြားဘဝကဏ္ဍများရှိသည်။ အိမ်ထောင်ပြုမည့်သူဖြစ်စေ၊ မင်္ဂလာပွဲတက်ရောက်သည့်ဧည့်သည်ဖြစ်စေ၊ ပျော်ရွှင်ဖွယ်ကျွေးမွေးဧည့်ခံပွဲတက်ရောက်သော ခရစ်ယာန်များဖြစ်စေ အပြုအမူအားဖြင့် မိမိတို့ယုံကြည်ခြင်းကို ထင်ရှားပြလိုကြသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 မင်္ဂလာပွဲ၊ ဧည့်ခံပွဲနှင့်ပတ်သက်သော ထပ်ဆင့်အချက်အလက်များကို နောက်ဆောင်းပါးဖြစ်သော “သင်၏မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါ” တွင် ဖော်ပြထားပါသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• မိတ်ဆုံပွဲကျင်းပရန်စီစဉ်ရာတွင်
• မင်္ဂလာဆောင်ပွဲ သို့မဟုတ် ဧည့်ခံပွဲကျင်းပရန် စီစဉ်ရာတွင်
• မင်္ဂလာလက်ဖွဲ့ပေးခြင်း သို့မဟုတ် လက်ခံ ခြင်းတွင်
သင်၏ယုံကြည်ခြင်းကို မည်သို့ထင်ရှားပြနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
လူအနည်းငယ်ကိုသာ ဖိတ်ခေါ်သည့်တိုင် “အထက်မှသက်ရောက်သောပညာ” ၏လမ်းညွှန်မှုကိုခံယူပါ