ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလို
ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလို
“ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့။”—မဿဲ ၂၂:၃၉။
၁။ ဘုရားသခင်ကိုချစ်ကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြကြမည်နည်း။
ယေဟောဝါသည် မိမိအားဝတ်ပြုသူတို့ထံမှ အဘယ်အရာတောင်းဆိုတော်မူသနည်း။ ယေရှုက ရိုးရှင်းထိရောက်စွာ အဖြေပေးခဲ့သည်။ အကြီးမြတ်ဆုံးပညတ်မှာ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ရန်ဖြစ်သည်ဟု ကိုယ်တော်မိန့်ဆိုခဲ့၏။ (မဿဲ ၂၂:၃၇; မာကု ၁၂:၃၀) ရှေ့ဆောင်းပါးအရ ဘုရားသခင်ကိုချစ်ခြင်းတွင် ကိုယ်တော်ကိုနာခံခြင်း၊ ကျွန်ုပ်တို့အတွက် ကိုယ်တော်ပြသခဲ့သောမေတ္တာကို တုံ့ပြန်သည့်အနေဖြင့် ကိုယ်တော့်ပညတ်များကို လိုက်လျှောက်ခြင်းတို့ပါဝင်ကြောင်း ကျွန်ုပ်တို့သိရှိခဲ့ပြီးဖြစ်၏။ ဘုရားသခင်ကိုချစ်မြတ်နိုးသူများအတွက် ကိုယ်တော့်အလိုတော်ဆောင်ခြင်းသည် ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ လန်းဆန်းမှုဖြစ်စေသည်။—ဆာလံ ၄၀:၈; ၁ ယောဟန် ၅:၂၊ ၃။
၂၊ ၃။ ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ပါဟူသောပညတ်ကို ကျွန်ုပ်တို့ အဘယ်ကြောင့်အာရုံစိုက်သင့်သနည်း။ အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။
၂ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသော ဒုတိယအကြီးမြတ်ဆုံးပညတ်သည် ပထမပညတ်နှင့်ဆက်စပ်နေကြောင်း ယေရှုမိန့်ဆိုခဲ့၏။ (မဿဲ ၂၂:၃၉) ယခု၊ ထိုပညတ်ကို ကျွန်ုပ်တို့အာရုံစိုက်ကြမည်ဖြစ်ပြီး ထိုသို့အာရုံစိုက်ရန် ခိုင်လုံသောအကြောင်းရင်းရှိသည်။ ကျွန်ုပ်တို့ခေတ်တွင် အတ္တဆန်သော မေတ္တာအတုအယောင်များ သိသာထင်ရှားနေသည်။ ‘နောက်ဆုံးကာလ’ အကြောင်းဖော်ပြသော ကျမ်းစောင်တွင် လူတို့သည် သူတစ်ပါးကိုမချစ်ဘဲ ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သူ၊ အပျော်အပါးလိုက်စားသူများဖြစ်ကြမည်ဟု တမန်တော်ပေါလုရေးခဲ့၏။ လူများစွာသည် “ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊” ဘာသာပြန်ကျမ်းတစ်ကျမ်းက “မိသားစုကို ချစ်ခင်စုံမက်ခြင်းမရှိသူ” ဖြစ်လာမည်ဟု ပြန်ဆိုထားသည်။ (၂ တိမောသေ ၃:၁-၄) “ထိုကာလ၌ အများသောသူတို့သည် . . . အချင်းချင်းတစ်ယောက်ကိုတစ်ယောက် အပ်ကြလိမ့်မည်။ . . . အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်” ဟုယေရှုခရစ် တင်ကူးမိန့်ဆိုခဲ့၏။—မဿဲ ၂၄:၁၀၊ ၁၂။
၃ သို့သော် လူတိုင်း ချစ်ခြင်းမေတ္တာခေါင်းပါးမည်ဟု ယေရှုမမိန့်ဆိုခဲ့ကြောင်း သတိပြုပါ။ ယေဟောဝါတောင်းဆိုထားသော မေတ္တာ၊ ယေဟောဝါရရှိထိုက်သောမေတ္တာကို တင်ပြနေသူများ အမြဲရှိခဲ့ပြီး ထိုသို့အမြဲဆက်ရှိသွားပေမည်။ ယေဟောဝါကို နှစ်နှစ်ကာကာချစ်မြတ်နိုးသူများသည် အခြားသူများကို ကိုယ်တော်ရှုမြင်သကဲ့သို့ ရှုမြင်ရန် ကြိုးစားကြသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ချစ်ရမည့် ကိုယ်နှင့်စပ်ဆိုင်သူကား မည်သူနည်း။ ကိုယ်နှင့်စပ်ဆိုင်သူကို မည်သို့
မေတ္တာပြသင့်သနည်း။ ထိုအရေးကြီးမေးခွန်းများကို သမ္မာကျမ်းစာက ဖြေဆိုပေးနိုင်သည်။ကိုယ်နှင့်စပ်ဆိုင်သူကား အဘယ်သူနည်း
၄။ ဝတ်ပြုရာ အခန်းကြီး ၁၉ အရ ဂျူးများသည် မည်သူတို့ကို မေတ္တာပြရမည်နည်း။
၄ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ပါဟူသော ဒုတိယအကြီးမြတ်ဆုံးပညတ်ကို ဖာရိရှဲအား မိန့်ဆိုခဲ့ချိန်တွင် ယေရှုသည် ဣသရေလလူတို့ရရှိခဲ့သော ပညတ်တစ်ခုကို ရည်ညွှန်းနေခြင်းဖြစ်၏။ ယင်းကို ဝတ်ပြုရာ ၁၉:၁၈ တွင် မှတ်တမ်းတင်ထားသည်။ ထိုအခန်းကြီးတွင်ပင် ဂျူးများသည် မိမိတို့အမျိုးသားချင်းအပြင် အခြားသူများကိုလည်း ကိုယ်နှင့်စပ်ဆိုင်သူအဖြစ် ရှုမြင်သင့်ကြောင်း မိန့်မှာခံရသည်။ “သင်နှင့်အတူနေသောဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့မှတ်ရမည်။ ကိုယ်နှင့်အမျှချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ” ဟူ၍ အခန်းငယ် ၃၄ တွင်ဖော်ပြ၏။ ထို့ကြောင့် ဂျူးမဟုတ်သူများ၊ အထူးသဖြင့် ဘာသာပြောင်းဝင်လာသူများကို မေတ္တာဖြင့် ပြုမူဆက်ဆံရကြသည်။
၅။ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းနှင့်စပ်လျဉ်း၍ ဂျူးများ မည်သို့နားလည်ခဲ့ကြသနည်း။
၅ ယေရှုအချိန်က ဂျူးခေါင်းဆောင်များမူ ထိုသို့မယူဆကြပေ။ “မိတ်ဆွေ၊” “ကိုယ်နှင့်စပ်ဆိုင်သူ” ဟူသောအသုံးအနှုန်းမှာ ဂျူးများနှင့်သာ သက်ဆိုင်ပြီး ဂျူးမဟုတ်သူများကို မုန်းတီးရမည်ဟု သူတို့သွန်သင်ကြ၏။ ဘုရားသခင်ကိုဝတ်ပြုသူများသည် ဘုရားတရားမဲ့သူများကို အထင်အမြင်သေးသင့်သည်ဟု သူတို့ ယူဆကြသည်။ ကိုးကားချက်တစ်ခုက ဤသို့ဆို၏– “ထိုအသိုင်းအဝိုင်းမျိုးတွင် အမုန်းတရားကင်းစင်ဖို့ ဝေလာဝေး။ မုန်းတီးမှုသည် အမြစ်စွဲကာ ကြီးထွားနေသည်။”
၆။ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းနှင့်စပ်လျဉ်း၍ အဘယ်အချက်နှစ်ချက်ကို ယေရှုထောက်ပြခဲ့သနည်း။
၆ တောင်ပေါ်တရားတော်တွင် ထိုကိစ္စကို ယေရှုဆွေးနွေးခဲ့ပြီး မည်သူတို့ကို မေတ္တာဖြင့်ဆက်ဆံသင့်ကြောင်း ထောက်ပြခဲ့သည်။ ကိုယ်တော် ဤသို့မိန့်ဆို၏– “‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကိုမုန်းလော့’ ဟူသောပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှာ သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” (မဿဲ ၅:၄၃-၄၅) ဤတွင် အချက်နှစ်ချက်ကို ယေရှုထောက်ပြခဲ့သည်။ ပထမ၊ ယေဟောဝါသည် လူကောင်းလူဆိုးအားလုံးအပေါ် ရက်ရောကြင်နာသော ဘုရားသခင်ဖြစ်တော်မူ၏။ ဒုတိယ၊ ဘုရားသခင်၏ပုံသက်သေကို ကျွန်ုပ်တို့လိုက်လျှောက်သင့်၏။
၇။ ကိုယ်နှင့်စပ်ဆိုင်သူစိတ်ထားရှိသော ရှမာရိလူဥပမာမှ အဘယ်သင်ခန်းစာရသနည်း။
၇ နောက်တစ်ကြိမ်တွင် ဂျူးကျမ်းတတ်တစ်ဦးက “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူဖြစ်ပါသနည်း” ဟုယေရှုကို မေးလျှောက်လေ၏။ ထိုအခါ ဓားပြတိုက်ခံရသူဂျူးတစ်ဦးနှင့် အမှတ်မထင်ဆုံတွေ့ခဲ့သော ရှမာရိလူဥပမာကို ကိုယ်တော်မိန့်ဆိုခဲ့သည်။ ဂျူးများသည် ရှမာရိလူတို့ကို မုန်းတီးလေ့ရှိသော်လည်း ထိုရှမာရိလူမူကား ဂျူးအမျိုးသား၏ဒဏ်ရာကို စည်းပေးကာ ထိုသူပြန်ကျန်းမာလာရန် ဇရပ်တစ်ခုသို့ဆောင်သွား၍ ပြုစုခဲ့သည်။ သင်ခန်းစာကား အဘယ်နည်း။ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းဟူသည် မိမိတို့နှင့် မျိုးနွယ်၊ လူမျိုး၊ ဘာသာတူသူများကိုသာ မဆိုလိုဟူသော သင်ခန်းစာဖြစ်၏။—လုကာ ၁၀:၂၅၊ ၂၉၊ ၃၀၊ ၃၃-၃၇။
ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလို
၈။ မေတ္တာပြသပုံနှင့်စပ်လျဉ်း၍ ဝတ်ပြုရာ အခန်းကြီး ၁၉ တွင် မည်သို့ဆိုထားသနည်း။
၈ ဘုရားသခင်ကိုချစ်ခြင်းကဲ့သို့ပင် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းသည် ခံစားချက်သက်သက်မျှမဟုတ်ဘဲ လုပ်ရပ်ပါဝင်ပတ်သက်၏။ ဝတ်ပြုရာ အခန်းကြီး ၁၉ တွင်မှတ်တမ်းတင်ထားသည့် ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ရန်ဟူသော ပညတ်၏စကားစပ်ကို သုံးသပ်ခြင်းက အကူအညီဖြစ်စေသည်။ ထိုတွင် ဣသရေလလူတို့သည် စပါးရိတ်သိမ်းသောအခါ ဆင်းရဲသောသူနှင့် ဧည့်သည်အာဂန္တုအဖို့ ချန်ရမည်ဟူသောပညတ်အကြောင်း ကျွန်ုပ်တို့ဖတ်ရှုရ၏။ သူ့ဥစ္စာကိုမခိုးရ။ သူတစ်ပါးကိုမလှည့်စားရ။ မုသာစကားမပြောရ။ တရားရေးကိစ္စများတွင် မျက်နှာမလိုက်ရ။ လိုအပ်၍ပြစ်တင်ဆုံးမခံရလျှင် “သင်၏ညီအစ်ကိုကို စိတ်အခုအခံမရှိရ” ဟုမိန့်မှာထားသည်။ ထိုပညတ်များအပြင် အခြားပညတ်များစွာကို ဤစကားဖြင့် အကျဉ်းချုပ်ထား၏– “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။”—ဝတ်ပြုရာ ၁၉:၉-၁၁၊ ၁၅၊ ၁၇၊ ၁၈။
၉။ လူမျိုးခြားများနှင့်သီးခြားနေရန် ဣသရေလလူတို့ကို ယေဟောဝါ အဘယ်ကြောင့်မိန့်မှာရသနည်း။
၉ ဣသရေလလူတို့သည် အခြားသူများကို မေတ္တာပြရသော်လည်း မှားယွင်းသောနတ်ဘုရားတို့ကို ဝတ်ပြုသူများနှင့် သီးခြားနေကြရသည်။ မကောင်းသောအပေါင်းအသင်း၏ အန္တရာယ်နှင့်ဆိုးကျိုးများကို ယေဟောဝါသတိပေးခဲ့သည်။ ဥပမာ၊ ဣသရေလလူတို့သိမ်းယူထားသော လူမျိုးနှင့်ပတ်သက်၍ ဤသို့မိန့်မှာ၏– ‘သူတို့နှင့်စုံဖက်ခြင်းကို မပြုရ။ သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းကိုမပြုရ။ အကြောင်းမူကား သူတို့သည် သင်၏သားကို ငါ၌မဆည်းမကပ်စေဘဲ အခြားတစ်ပါးသောနတ်ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ချင်းဖျက်ဆီးတော်မူလိမ့်မည်။’—တရားဟောရာ ၇:၃၊ ၄။
၁၀။ ကျွန်ုပ်တို့သည် အဘယ်အရာကို သတိပြုရှောင်ရှားသင့်သနည်း။
၁၀ အလားတူ၊ ခရစ်ယာန်များသည် မိမိတို့၏ယုံကြည်ခြင်း လျော့နည်းသွားစေသော မိတ်ဖွဲ့မှုများကို သတိပြုရှောင်ရှားကြသည်။ (၁ ကောရိန္သု ၁၅:၃၃) ခရစ်ယာန်အသင်းတော်ပြင်ပမှ “မယုံကြည်သောသူတို့နှင့် တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်” ဟူ၍ ကျွန်ုပ်တို့ကိုသတိပေးထား၏။ (၂ ကောရိန္သု ၆:၁၄) ထို့ပြင် “သခင်ဘုရား၌သာ” ထိမ်းမြားကြရန် ခရစ်ယာန်များကို အကြံပေးထားသည်။ (၁ ကောရိန္သု ၇:၃၉) သို့တိုင်၊ ယေဟောဝါအား မကိုးကွယ်သူတို့ကို ဘယ်သောအခါမျှ အထင်အမြင်မသေးသင့်ပါ။ အပြစ်သားများအတွက် ခရစ်တော်အသက်ပေးခဲ့သည်ဖြစ်ရာ တစ်ချိန်က အကျင့်ဆိုးပြုကျင့်ခဲ့သူများစွာသည် ပြုပြင်ပြောင်းလဲကာ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့နိုင်ကြသည်။—ရောမ ၅:၈; ၁ ကောရိန္သု ၆:၉-၁၁။
၁၁။ ယေဟောဝါအား မကိုးကွယ်သူများကို မေတ္တာပြနိုင်သည့် အကောင်းဆုံးနည်းလမ်းကား အဘယ်နည်း။ အဘယ်ကြောင့်နည်း။
၁၁ ယေဟောဝါအား မကိုးကွယ်သူများကို မေတ္တာပြရာတွင် ဘုရားသခင်ကိုတုပခြင်းက အကောင်းဆုံးဖြစ်၏။ ကိုယ်တော်သည် မကောင်းမှုကို မနှစ်သက်ပေ၊ သို့သော် လမ်းစဉ်ဟောင်းကိုစွန့်ကာ ထာဝရအသက်ခံစားနိုင်မည့်အခွင့်အလမ်းကို လူခပ်သိမ်းအား ကမ်းလှမ်းခြင်းဖြင့် မေတ္တာကရုဏာတင်ပြသည်။ (ယေဇကျေလ ၁၈:၂၃) ယေဟောဝါသည် လူအားလုံး “နောင်တရစေခြင်းငှာ အလိုတော်ရှိ” ၏။ (၂ ပေတရု ၃:၉) ‘လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ အမှန်တရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။’ (၁ တိမောသေ ၂:၄) ယင်းကြောင့်ပင် ဟောပြောသွန်သင်ခြင်းနှင့် ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေ’ ခြင်းလုပ်ငန်းကို နောက်လိုက်များအား ယေရှုအပ်နှင်းခဲ့ခြင်းဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ထိုလုပ်ငန်းတွင်ပါဝင်ခြင်းဖြင့် ဘုရားသခင်ကိုချစ်ကြောင်း၊ ကိုယ်နှင့်စပ်ဆိုင်သူများနှင့် ကျွန်ုပ်တို့၏ရန်သူများကိုပင် ချစ်ကြောင်း တင်ပြကြသည်။
ခရစ်ယာန်ညီအစ်ကိုများကို ချစ်လော့
၁၂။ တမန်တော်ယောဟန်က ကျွန်ုပ်တို့၏ညီအစ်ကိုများကိုချစ်ခြင်းနှင့်စပ်လျဉ်း၍ မည်သို့ဖော်ပြခဲ့သနည်း။
၁၂ “ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့” ဟုတမန်တော်ပေါလု ရေးခဲ့သည်။ (ဂလာတိ ၆:၁၀) ခရစ်ယာန်များဖြစ်သော ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတူသော ညီအစ်ကိုညီအစ်မများကို ချစ်ရမည့်တာဝန်ရှိသည်။ ထိုသို့ချစ်ရန် မည်မျှအရေးကြီးသနည်း။ တမန်တော်ယောဟန်က ဤသို့အလေးအနက်ဖော်ပြခဲ့သည်– “မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား လူအသက်ကိုသတ်သောသူဖြစ်၏။ . . . တစ်စုံတစ်ယောက်သောသူက ‘ငါသည် ဘုရားသခင်ကိုချစ်၏’ ဟုဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသော မိမိညီအစ်ကိုကိုမချစ်လျှင် မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။” (၁ ယောဟန် ၃:၁၅; ၄:၂၀) အမှန် လေးနက်ပြင်းထန်သောစကားဖြစ်၏။ “အသက်ကိုသတ်သောသူ၊” “မုသာကိုသုံးသောသူ” ဟူသောစကားလုံးများက စာတန်ကို ရည်ညွှန်းကြောင်း ယေရှုခရစ်ဖော်ပြခဲ့သည်။ (ယောဟန် ၈:၄၄) ကျွန်ုပ်တို့ ထိုသို့သမုတ်ခံလိုမည်မဟုတ်ချေ။
၁၃။ ယုံကြည်သူချင်းများကို အဘယ်နည်းများဖြင့် မေတ္တာပြနိုင်ကြမည်နည်း။
၁၃ ခရစ်ယာန်စစ်များသည် “အချင်းချင်းချစ်စေခြင်းငှာ ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူဖြစ်ကြ၏။” (၁ သက်သာလောနိတ် ၄:၉) ကျွန်ုပ်တို့သည် “စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ စိတ်ပါကိုယ်ရောက် ဧကန်အမှန်ချစ်” ကြသည်။ (၁ ယောဟန် ၃:၁၈) ကျွန်ုပ်တို့၏မေတ္တာသည် “လျှို့ဝှက်ခြင်းနှင့်ကင်း” သင့်သည်။ (ရောမ ၁၂:၉) ချစ်ခြင်းမေတ္တာက ကြင်နာရန်၊ စာနာထောက်ထားရန်၊ ခွင့်လွှတ်ရန်၊ စိတ်ရှည်ရန်နှင့် မနာလိုခြင်း၊ ဝါကြွားခြင်း၊ ရောင့်တက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိရန် လှုံ့ဆော်ပေးသည်။ (၁ ကောရိန္သု ၁၃:၄၊ ၅; ဧဖက် ၄:၃၂) ယင်းသည် ‘အချင်းချင်း၏အမှုချင်းကိုဆောင်ရွက်’ ရန် စေ့ဆော်ပေးသည်။ (ဂလာတိ ၅:၁၃) တပည့်များကို ကိုယ်တော်ချစ်သကဲ့သို့ အချင်းချင်းချစ်ကြရန် ယေရှုမိန့်မှာခဲ့သည်။ (ယောဟန် ၁၃:၃၄) ထို့ကြောင့် ခရစ်ယာန်တစ်ဦးသည် လိုအပ်လျှင် ယုံကြည်သူချင်းများအတွက် မိမိအသက်ကို လိုလိုလားလားစွန့်လွှတ်သင့်သည်။
၁၄။ မိသားစုတွင် မည်သို့မေတ္တာပြနိုင်သနည်း။
၁၄ ခရစ်ယာန်မိသားစုအတွင်း၊ အထူးသဖြင့် လင်နှင့်မယားစပ်ကြား မေတ္တာပြသင့်သည်။ အိမ်ထောင်နှောင်ကြိုးသည် အလွန်ရင်းနှီးခိုင်မြဲရကား ပေါလု ဤသို့ဆိုခဲ့၏– “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။” ထို့နောက် “ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏” ဟုသူဆက်ဆိုသည်။ (ဧဖက် ၅:၂၈) နောက်အခန်းငယ်ငါးခုတွင်လည်း ထိုသို့ ထပ်မံတိုက်တွန်းထားသည်။ ဇနီးကိုချစ်သော ခင်ပွန်းတစ်ဦးသည် မာလခိအချိန်က မိမိတို့အိမ်ထောင်ဖက်ကို သစ္စာဖောက်ခဲ့ကြသော ဣသရေလလူတို့ကို တုပမည်မဟုတ်ပါ။ (မာလခိ ၂:၁၄) အသင်းတော်ကို ခရစ်တော်ချစ်သကဲ့သို့ သူသည် မိမိဇနီးကို ချစ်မြတ်နိုးမည်။ အလားတူ၊ ခင်ပွန်းဖြစ်သူအား ရိုသေလေးစားရန် ဇနီးတစ်ဦးကို မေတ္တာက လှုံ့ဆော်ပေးမည်။—ဧဖက် ၅:၂၅၊ ၂၉-၃၃။
၁၅။ လုပ်ရပ်ဖြင့်တင်ပြသော ညီအစ်ကိုချင်းချစ်သည့်မေတ္တာကို သတိပြုမိသူအချို့သည် မည်သို့ပြောဆိုပြုမူရန် လှုံ့ဆော်ခံရသနည်း။
၁၅ ရှင်းနေသည်မှာ မေတ္တာသည် ခရစ်ယာန်စစ်များကို ခွဲခြားသိရှိစေသော အမှတ်အသားဖြစ်၏။ “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုယေရှုမိန့်တော်မူသည်။ (ယောဟန် ၁၃:၃၅) ကျွန်ုပ်တို့အချင်းချင်းချစ်သော မေတ္တာက ကျွန်ုပ်တို့ချစ်မြတ်နိုးသော၊ ကျွန်ုပ်တို့ကိုယ်စားပြုသော ဘုရားသခင်ထံ လူတို့ကိုဆွဲဆောင်သည်။ ဥပမာ၊ မိုဇမ်ဘစ်မှ သက်သေခံမိသားစုနှင့်ပတ်သက်၍ ဤမှတ်တမ်းရရှိသည်– “ဒီလို တစ်ခါမှ မကြုံဖူးဘူး။ မွန်းလွဲပိုင်းမှာ မိုးနဲ့မိုးသီးအကြီးအကျယ်ရွာချပြီး မုန်တိုင်းတိုက်ပါလေရော။ ကျွန်တော်တို့ဓနိအိမ် ပျက်စီးသွားပြီး သွပ်မိုးတွေ လွင့်ထွက်ကုန်တယ်။ အနီးအနားအသင်းတော်တွေက ညီအစ်ကိုတွေရောက်လာပြီး အိမ်ပြန်ဆောက်ပေးကြတယ်။ အိမ်နီးချင်းတွေက ‘မင်းတို့ရဲ့ဘာသာက သိပ်ကောင်းတာပဲ။ ငါတို့ချာ့ခ်ျက ဒီလိုတစ်ခါမှမကူညီဘူး’ ဆိုပြီး တအံ့တသြနဲ့ပြောကြတယ်။ ကျွန်တော်တို့လည်း ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖွင့်ဖတ်ပြတယ်။ အခု အိမ်နီးချင်းအတော်များများ ကျမ်းစာလေ့လာနေကြပြီ။”
တစ်ဦးချင်းစီကို ချစ်လော့
၁၆။ အုပ်စုလိုက်ချစ်ခြင်းနှင့် တစ်ဦးချင်းစီကိုချစ်ခြင်း၏ ကွာခြားမှုကား အဘယ်နည်း။
၁၆ ကျွန်ုပ်တို့၏အိမ်နီးချင်းများကို အုပ်စုလိုက်အနေဖြင့်ချစ်ရန် မခက်ခဲပါ။ သို့သော် တစ်ဦးချင်းစီကိုချစ်ရန် မလွယ်ကူပေ။ ဥပမာ၊ အချို့က အလှူဒါနအဖွဲ့အစည်းများတွင် လှူဒါန်းခြင်းဖြင့်သာ လူတို့ကိုချစ်ကြောင်း ဖော်ပြကြသည်။ အမှန်မှာ၊ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်သည်ဟု ပြောဆိုခြင်းက ကျွန်ုပ်တို့ကိုမနှစ်သက်ပုံရသော အလုပ်ဖော်တစ်ဦး၊ အခန်းကပ်လျက်မှ လူ့ခွစာတစ်ဦး သို့မဟုတ် ကျွန်ုပ်တို့ကိုစိတ်ပျက်စေသော မိတ်ဆွေတစ်ဦးကို ချစ်ခြင်းထက် ပိုလွယ်ကူသည်။
၁၇၊ ၁၈။ ယေရှုသည် တစ်ဦးချင်းစီကိုချစ်ကြောင်း မည်သို့ဖော်ပြခဲ့သနည်း။ အဘယ်ရည်ရွယ်ချက်ဖြင့် ထိုသို့လုပ်ဆောင်ခဲ့သနည်း။
၁၇ တစ်ဦးချင်းစီကိုချစ်ရာတွင် ဘုရားသခင်၏အရည်အသွေးကို စုံလင်ပြည့်ဝစွာတုပခဲ့သော ယေရှုထံမှ ကျွန်ုပ်တို့သင်ယူနိုင်ပါသည်။ ကိုယ်တော်သည် ဤလောက၏အပြစ်ကိုဆောင်သွားရန် ကြွလာမဿဲ ၉:၂၀-၂၂; မာကု ၁:၄၀-၄၂; ၇:၂၆၊ ၂၉၊ ၃၀; ယောဟန် ၁:၂၉) အလားတူ၊ ကျွန်ုပ်တို့ နေ့စဉ်ပြောဆိုဆက်ဆံရသူတစ်ဦးစီကို မေတ္တာပြခြင်းဖြင့် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ကြောင်း တင်ပြကြသည်။
သော်လည်း မကျန်းမာသောအမျိုးသမီး၊ အနူသည်၊ ကလေး တစ်ဦးချင်းစီကို မေတ္တာပြခဲ့သည်။ (၁၈ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းနှင့် ဘုရားသခင်ကိုချစ်ခြင်းတို့သည် ဆက်စပ်နေကြောင်း ကျွန်ုပ်တို့မမေ့သင့်ပေ။ ယေရှုသည် နွမ်းပါးသူကို ကူညီသည်၊ ဖျားနာသူကို ကုသပေးသည်၊ ဆာမွတ်သူကို ကျွေးမွေးသည်၊ လူအုပ်ကို သွန်သင်ပေးသည်၊ ယင်းတို့ကို ကိုယ်တော်လုပ်ဆောင်ပေးခြင်းမှာ ဘုရားသခင်နှင့်လူတို့ မိတ်သဟာယဖွဲ့စေရန်ဖြစ်၏။ (၂ ကောရိန္သု ၅:၁၉) ကိုယ်တော်လုပ်ဆောင်လေသမျှသည် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရန်ဖြစ်သည်။ မိမိချစ်တော်မူသောဘုရားသခင်ကို ကိုယ်စားပြုပြီး တုပနေကြောင်း ကိုယ်တော် ဘယ်တော့မျှမမေ့ခဲ့ပေ။ (၁ ကောရိန္သု ၁၀:၃၁) ယေရှု၏ပုံသက်သေကိုတုပခြင်းဖြင့် ကျွန်ုပ်တို့လည်း ကိုယ်နှင့်စပ်ဆိုင်သူကို မေတ္တာစစ်တင်ပြနိုင်ပြီး တစ်ချိန်တည်းတွင် ဆိုးညစ်သောလူ့လောက၏ အစိတ်အပိုင်းမဖြစ်ဘဲနေနိုင်ကြမည်။
အဘယ်နည်းဖြင့် ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်နိုင်ကြမည်နည်း
၁၉၊ ၂၀။ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။
၁၉ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟုယေရှုမိန့်ဆိုခဲ့၏။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုဂရုစိုက်တတ်ပြီး ကိုယ့်ကိုယ်ကိုလေးစားမှုရှိရန် ကြိုးစားကြသည်မှာ သဘာဝပင်။ သို့မဟုတ်လျှင် ထိုပညတ်သည် အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ ကိုယ်နှင့်အမျှချစ်ခြင်းကို ၂ တိမောသေ ၃:၂ တွင် တမန်တော်ပေါလုဖော်ပြသည့် အတ္တဆန်သောချစ်ခြင်းနှင့် မရောထွေးသင့်ပါ။ ကိုယ်နှင့်အမျှချစ်ခြင်းဟူသည် ကိုယ့်ကိုယ်ကို တော်သင့်ရုံတန်ဖိုးထားခြင်းဖြစ်၏။ ကျမ်းပညာရှင်တစ်ဦး ဤသို့ဖော်ပြသည်– “မိမိကိုယ်ကိုချစ်ရာတွင် မျှတသောသဘောရှိခြင်းသည် ‘ငါအတော်ဆုံးပဲ’ ဟုမိမိကိုယ်ကိုအထင်ကြီးမည်လည်းမဟုတ်၊ ‘ငါအသုံးမကျတဲ့သူပဲ’ ဟုမိမိကိုယ်ကိုနှိမ်လွန်းမည်လည်းမဟုတ်ပေ။”
၂၀ သူတစ်ပါးကို ကိုယ်နှင့်အမျှချစ်ခြင်းဟူသည် ကျွန်ုပ်တို့ကို ရှုမြင်စေလိုသည့်အတိုင်း သူတစ်ပါးကိုရှုမြင်ခြင်း၊ ကျွန်ုပ်တို့၌ပြုစေလိုသည်အတိုင်း သူတစ်ပါး၌ပြုခြင်းကို ဆိုလိုသည်။ “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟုယေရှုမိန့်ဆိုခဲ့၏။ (မဿဲ ၇:၁၂) အတိတ်က အခြားသူများ ကျွန်ုပ်တို့အပေါ်ပြုမူခဲ့ရာများကို တေးမှတ်ထားပြီး လက်တုံ့ပြန်ဖို့ မမိန့်မှာခဲ့ကြောင်း သတိပြုပါ။ ယင်းအစား ကျွန်ုပ်တို့ကို မည်သို့ဆက်ဆံစေလိုကြောင်းစဉ်းစားကာ သူတစ်ပါးကို ထိုအတိုင်းဆက်ဆံဖို့ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့၏မိတ်ဆွေ၊ ညီအစ်ကိုများကိုသာချစ်ရန် ယေရှု မမိန့်မှာခဲ့ကြောင်း သတိပြုပါ။ ယေရှုသုံးနှုန်းခဲ့သော “သူတစ်ပါး” ဟူသည့်စကားလုံးက ကျွန်ုပ်တို့တွေ့ဆုံရသော လူခပ်သိမ်းကို ထိုသို့ဆက်ဆံသင့်ကြောင်း ဖော်ပြနေခြင်းဖြစ်ပေမည်။
၂၁။ သူတစ်ပါးကိုချစ်ခြင်းဖြင့် အဘယ်အရာကို တင်ပြရာရောက်သနည်း။
၂၁ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းက မကောင်းမှုများမကျူးလွန်မိစေရန် ကာကွယ်ပေးနိုင်သည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “အကြောင်းမူကား ‘သူ့မယားကိုမပြစ်မှားနှင့်၊ လူအသက်ကိုမသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ သူ့ဥစ္စာကိုတပ်မက်လိုချင်သောစိတ်မရှိစေနှင့်’ ဟူသောပညတ်မှစ၍ အခြားသောပညတ်ရှိသမျှတို့သည် ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသောပညတ်တစ်ခု၌ အပါအဝင်ဖြစ်ကြ၏။ ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို မဖျက်ဆီးတတ်။” (ရောမ ၁၃:၉၊ ၁၀) မေတ္တာသည် သူတစ်ပါးကိုကောင်းမှုပြုရန် လှုံ့ဆော်ပေးနိုင်သည်။ လူလူချင်းချစ်ခြင်းဖြင့် မိမိ၏ပုံသဏ္ဍာန်တော်နှင့်အညီ လူတို့ကိုဖန်ဆင်းတော်မူသောအရှင် ယေဟောဝါဘုရားသခင်ကိုချစ်ကြောင်း တင်ပြရာရောက်ပေသည်။—ကမ္ဘာဦး ၁:၂၆။
သင်မည်သို့ဖြေဆိုမည်နည်း
• မည်သူတို့ကို ကျွန်ုပ်တို့ချစ်သင့်သနည်း။ အဘယ်ကြောင့်နည်း။
• ယေဟောဝါအား မကိုးကွယ်သူများကို ကျွန်ုပ်တို့ မည်သို့မေတ္တာပြနိုင်သနည်း။
• ကျွန်ုပ်တို့၏ညီအစ်ကိုများအပေါ် ထားသင့်သောမေတ္တာကို ကျမ်းစာက မည်သို့ဖော်ပြသနည်း။
• ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
“အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူ ဖြစ်ပါသနည်း”
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ယေရှုသည် တစ်ဦးချင်းစီကို မေတ္တာပြခဲ့