စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
ကာနမြို့မင်္ဂလာဆောင်ပွဲတွင် မိခင်ဖြစ်သူကို ယေရှု ပြန်ပြောဆိုပုံက မလေးစားရာ၊ ကြင်နာမှုမဲ့ရာကျသလော။—ယောဟန် ၂:၄။
ယေရှုနှစ်ခြင်းခံပြီး မကြာမီတွင် ကိုယ်တော်နှင့်တပည့်များသည် ကာနမြို့ မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်ခံရကြသည်။ ကိုယ်တော်၏မိခင်လည်း ထိုတွင်ရှိနေသည်။ စပျစ်ရည်ကုန်သွားသောအခါ မာရိက ယေရှုကို “စပျစ်ရည်မရှိ” ဟုပြောလေ၏။ ယေရှုက မိခင်အား “အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေး” ဟု မိန့်တော်မူ၏။—ယောဟန် ၂:၁-၄။
ယနေ့ လူတစ်ဦးက သူ့မိခင်ကို “မိန်းမ” ဟုခေါ်ပြီး “သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း” ဟုဆိုပါက အလွန်ရိုင်းစိုင်း၊ စော်ကားသည်ဟုပင် ယူဆမည်မဟုတ်လော။ သို့သော် ယေရှုကို ထိုသို့စွပ်စွဲခြင်းက ထိုခေတ်၏ ယဉ်ကျေးမှုနှင့် ဘာသာစကားနောက်ခံအခြေအနေကို လျစ်လျူရှုရာကျသည်။ ကျမ်းစာခေတ်တွင် ထိုအသုံးအနှုန်း အသုံးပြုပုံကို နားလည်ထားခြင်းက အထောက်အကူပြုသည်။
“မိန်းမ” ဟူသောအသုံးအနှုန်းနှင့်စပ်လျဉ်း၍ ဗိုင်း၏ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းစကားလုံးများ ရှင်းလင်းချက်အဘိဓာန်က ဤသို့ဖော်ပြ၏– “အမျိုးသမီးတစ်ဦးကို ထိုသို့ခေါ်ခြင်းသည် ပြစ်တင်ရှုတ်ချသော၊ ပြင်းထန်သော အသုံးအနှုန်းမဟုတ်ဘဲ ချစ်မြတ်နိုးသော၊ လေးစားသော အသုံးအနှုန်းဖြစ်သည်။” ယင်းအဆိုကို အခြားစာအုပ်များကလည်း ထောက်ခံသည်။ ဥပမာ၊ The Anchor Bible (အဲန်ခါရ်သမ္မာကျမ်းစာ) က ဤသို့ဆိုသည်– “ယင်းသည် ပြစ်တင်ဆုံးမသည့်၊ ရိုင်းစိုင်းသည့်၊ မေတ္တာမဲ့သည့် အသုံးအနှုန်းမဟုတ်ပေ။ . . . ယင်းသည် အမျိုးသမီးများနှင့် ယေရှုပြောလေ့ရှိသည့် ယဉ်ကျေးသိမ်မွေ့သော စကားပြောဆိုပုံသာဖြစ်သည်။” ဓမ္မသစ်ကျမ်း၏အပြည်ပြည်ဆိုင်ရာအဘိဓာန်သစ်က ထိုစကားလုံးသည် “မရိုသေမလေးစားသော အဓိပ္ပာယ်လုံးဝမရှိ” ဟုဆိုသည်။ ဂေရ်ဟာ့ထ်ကိတယ်လ်ပြုစုသော ဓမ္မသစ်ကျမ်း၏ ဘာသာရေးဆိုင်ရာအဘိဓာန်ကျမ်းက ထိုအသုံးအနှုန်းသည် “မရိုမသေပြုရာ၊ ဂုဏ်နိမ့်စေရာမကျ” ဟုဆိုသည်။ ထို့ကြောင့် ယေရှုသည် မိခင်အား “မိန်းမ” ဟုသုံးနှုန်းခြင်းသည် ရိုင်းစိုင်းရာ၊ ကြင်နာမှုမဲ့ရာမကျကြောင်း ကျွန်ုပ်တို့ကောက်ချက်ချနိုင်ပါသည်။—မဿဲ ၁၅:၂၈; လုကာ ၁၃:၁၂; ယောဟန် ၄:၂၁; ၁၉:၂၆; ၂၀:၁၃၊ ၁၅။
“သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း” ဟူသောအသုံးအနှုန်းကော။ ယင်းသည် ဂျူးတို့၏ ဓလေ့သုံးစကားဖြစ်ပြီး သမ္မာကျမ်းစာတွင် အကြိမ်ပေါင်းများစွာပါသည်။ ဥပမာ၊ ၂ ဓမ္မရာဇဝင် ၁၆:၁၀ တွင် ဒါဝိဒ်သည် အဘိရှဲအား ရှိမိကိုမသတ်ရန် ဤစကားများဖြင့် တားဆီးသည်ကို တွေ့ရသည်– ‘အို ဇေရုယာသားတို့ သင်တို့သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း၊ ထိုသူသည်ကျိန်ဆဲပါလေစေ။ “ဒါဝိဒ်ကို ကျိန်ဆဲလော့” ဟု ထာဝရဘုရားသခင်မှာထားတော်မူပြီ။’ ထိုနည်းတူ ၃ ဓမ္မရာဇဝင် ၁၇:၁၈ တွင်လည်း ဇရတ္တမြို့မှ မုဆိုးမသည် သူ့သားသေနေသည်ကိုတွေ့သောအခါ ဧလိယအား “အို ဘုရားသခင်၏လူ ကိုယ်တော်သည် ကျွန်မနှင့်အဘယ်သို့ဆိုင်သနည်း။ ကျွန်မအပြစ်တို့ကိုအောက်မေ့စေ၍ ကျွန်မသားကိုသတ်အံ့သောငှာ ကျွန်မဆီသို့ကြွလာတော်မူသလော” ဟုဆိုလေသည်။
အဆိုပါကျမ်းနမူနာများအရ “သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း” ဟူသောစကားကို အထင်သေး၍၊ မာနကြီး၍မဟုတ်ဘဲ ကြံရွယ်ပြီးသားကိစ္စအချို့တွင် ဝင်မစွက်စေရန်၊ အမြင်သဘောထား မတူညီမှုကိုဖော်ပြရန် သုံးလေ့ရှိကြောင်း တွေ့ရှိနိုင်သည်။ သို့ဆိုလျှင် မာရိကိုပြောသော ယေရှု၏စကားများကို မည်သို့ဆိုနိုင်သနည်း။
မာရိသည် “စပျစ်ရည်မရှိ” ဟုယေရှုကိုပြောသောအခါ အသိပေးရုံသက်သက်မဟုတ်ဘဲ တစ်ခုခုလုပ်ဆောင်ပေးရန် အကြံပြုနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ယေရှုသည် ထိုဓလေ့သုံးစကားဖြင့် မာရိ၏အကြံပြုချက်ကို ငြင်းဆိုခဲ့ပြီး “ငါ့အချိန်မရောက်သေး” ဟုဆက်ပြောခြင်းဖြင့် ထိုသို့ငြင်းဆိုရသည့် ရည်ရွယ်ချက်ကို သိမြင်စေသည်။
ယေရှုနှစ်ခြင်းခံပြီး ဝိညာဉ်တော်သွန်းလောင်းခံရသည့် အေဒီ ၂၉ မှစ၍ မိမိသည် ကတိထားရာမေရှိယအနေနှင့် သေဆုံးခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ဘုန်းချီးမြှင့်ခံရခြင်းတို့ပါဝင်သည့် သမာဓိစောင့်သိသည့်လမ်းစဉ်ကို လိုက်လျှောက်ရန် ယေဟောဝါအလိုရှိကြောင်း ကောင်းစွာသိရှိခဲ့သည်။ “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်” ဟုကိုယ်တော်မိန့်ဆိုတော်မူသည်။ (မဿဲ ၂၀:၂၇၊ ၂၈) မိမိသေဆုံးရမည့်အချိန်နီးလာသောအခါ “အချိန်ရောက်လာပြီ” ဟုဆိုခြင်းဖြင့် ယင်းကိုရှင်းလင်းစွာနားလည်စေခဲ့သည်။ (ယောဟန် ၁၂:၁၊ ၂၃; ၁၃:၁) ထို့ကြောင့် မသေဆုံးမီညတွင် ဤသို့ဆုတောင်းခဲ့သည်– “အိုအဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။ . . . သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။” (ယောဟန် ၁၇:၁၊ ၂) နောက်ဆုံး လူတို့သည် ယေရှုကိုဖမ်းဆီးရန် ဂေသရှေမန်ဥယျာဉ်သို့ ရောက်လာသောအခါ ကိုယ်တော်က အိပ်ပျော်နေသောတမန်တော်များကို နှိုးပြီး “အချိန်ရောက်လာပြီ။ လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်းကိုခံရပြီ” ဟုဆိုသည်။—မာကု ၁၄:၄၁၊ သမ္မာ။
သို့သော် ကာနမြို့မင်္ဂလာပွဲတွင် မေရှိယအဖြစ် ယေရှုအမှုဆောင်ခါစသာရှိသေးပြီး “အချိန်” မရောက်သေးပေ။ ကိုယ်တော်၏အဓိကရည်ရွယ်ချက်မှာ ခမည်းတော်ညွှန်ကြားသည့်နည်းဖြင့် ညွှန်ကြားသည့်အချိန်တွင် အလိုတော်ကိုထမ်းဆောင်ရန်ဖြစ်သည်။ ကိုယ်တော် အခိုင်အမာဆုံးဖြတ်ထားသည့်လမ်းစဉ်တွင် မည်သူမျှ ဝင်စွက်နိုင်မည်မဟုတ်ပေ။ ယင်းကို မိခင်ဖြစ်သူအား အသိပေးရာတွင် ယေရှုသည် ခိုင်မာပြတ်သားသော်လည်း မလေးစားခြင်း၊ ကြင်နာမှုမဲ့ခြင်း လုံးဝမရှိခဲ့ပေ။ တစ်ဖန် မာရိသည်လည်း သားဖြစ်သူက မိမိကိုအနေရခက်စေသည်၊ စော်ကားသည်ဟု မခံစားခဲ့ရပါ။ အမှန်မှာ ယေရှုဆိုလိုသည့်အဓိပ္ပာယ်ကို သိသောကြောင့် “သူစေခိုင်းသမျှတို့ကို ပြုကြလော့” ဟုအစေခံတို့အား ဆိုခဲ့သည်။ ယေရှုသည် မိခင်ကိုလျစ်လျူရှုမည့်အစား ရေကို အထူးကောင်းမွန်သောစပျစ်ရည်အဖြစ် ပြောင်းပေးခြင်းဖြင့် မေရှိယအနေနှင့် ဦးဆုံးအံ့ဖွယ်အမှုကို ပြုတော်မူခဲ့သည်။ ဤနည်းဖြင့် ခမည်းတော်၏အလိုတော်ဆောင်ခြင်းနှင့် မိခင်၏စိတ်ပူပန်မှုကို အသိအမှတ်ပြုခြင်းတွင် ဟန်ချက်ညီခဲ့သည်။—ယောဟန် ၂:၅-၁၁။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ယေရှုသည် မိခင်ကိုစကားပြောဆိုရာတွင် ကြင်နာမှု ရှိပြီး တစ်ချိန်တည်းတွင် ခိုင်မာပြတ်သား