အန္တိခရစ်ကို အဘယ်ကြောင့် ခွဲခြားသိရှိရ မည်နည်း
အန္တိခရစ်ကို အဘယ်ကြောင့် ခွဲခြားသိရှိရ မည်နည်း
“အန္တိခရစ်ပေါ်လာကြောင်းကို သင်တို့ကြားရ” ကြပြီဟု ကြာမြင့်စွာကပင် မှုတ်သွင်းခံတမန်တော် ရေးသားခဲ့သည်။ (၁ ယောဟန် ၂:၁၈) အလွန်စိတ်ဝင်စားဖွယ် စကားများပင်! ယင်း၏အဓိပ္ပာယ်ကို လူတို့ရှာဖွေစဉ်းစားလာသည်မှာ ရာစုနှစ်ချီရှိပေပြီ။ အန္တိခရစ်ကား မည်သူနည်း။ အဘယ်အချိန်တွင် ပေါ်လာမည်နည်း။ ပေါ်လာသောအခါ အဘယ်အရာပြုလုပ်မည်နည်း။
နှစ်များတစ်လျှောက် အန္တိခရစ်ဟု သမုတ်ခံရသူများစွာရှိခဲ့သည်။ “အန္တိခရစ်” ဟု ရှေးအချိန်က သမုတ်ခံရသူများတွင် ဂျူးများ၊ ပုပ်ရဟန်းမင်းများနှင့် ရောမဧကရာဇ်များပါဝင်သည်။ ဥပမာ၊ ဧကရာဇ်ဒုတိယမြောက်ဖရက်ဒရစ် (၁၁၉၄-၁၂၅၀) သည် ချာ့ခ်ျကိုယ်စား ခရူးဆိတ်စစ်ပွဲတွင် မပါဝင်လိုသောကြောင့် စတုတ္ထမြောက် ပုပ်ရဟန်းမင်းဂရယ်ဂရီက သူ့ကို အန္တိခရစ်ဟုသမုတ်ပြီး ကြဉ်ထားခဲ့သည်။ ဂရယ်ဂရီကိုဆက်ခံသူ စတုတ္ထမြောက် အင်နိုးစန့်လည်း သူ့ကို ကြဉ်ထားပြန်သည်။ ထို့ကြောင့် အင်နိုးစန့်သည် အန္တိခရစ်ဖြစ်၏ဟု ဖရက်ဒရစ်က တန်ပြန်ကြေညာခဲ့သည်။
“အန္တိခရစ်” ဟူသောစကားလုံးကို တမန်တော်ယောဟန်သာ အသုံးပြုခဲ့သည်။ သူ့အမည်တပ်ထားသည့် ကျမ်းနှစ်စောင်တွင် ထိုစကားလုံး ငါးကြိမ်ပါရှိပြီး တစ်ဦးတစ်ယောက်ကိုရော အများစုကိုပါ ရည်ညွှန်းသည်။ ထိုစကားလုံးပါသော အခန်းငယ်များကို နောက်စာမျက်နှာပါ လေးထောင့်ကွက်တွင် ဖော်ပြထားသည်။ ထိုအခန်းငယ်များအရ အန္တိခရစ်သည် လိမ်လည်လှည့်ဖြားသူဖြစ်ပြီး လူတစ်ဦး၏ ဘုရားသခင်နှင့်ဆက်ဆံရေး၊ ခရစ်တော်နှင့်ဆက်ဆံရေးတို့ကို ဖျက်ဆီးသူဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်ချင်းတို့ကို တမန်တော် ဤသို့တိုက်တွန်းခဲ့၏– ‘ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား ပရောဖက်အတုအယောင်အများတို့သည် ဤလောကသို့သွားကြပြီ။’—၁ ယောဟန် ၄:၁။
လှည့်ဖြားသူများ သို့မဟုတ် ပရောဖက်အတုအယောင်များနှင့်ပတ်သက်၍ ယေရှုလည်း ဤသို့သတိပေးခဲ့သည်– ‘အတွင်း၌ ကြမ်းတမ်းသောတောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော ပရောဖက်အတုအယောင်တို့ကို သတိနှင့်ရှောင်ကြလော့။ ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။’ (မဿဲ ၇:၁၅၊ ၁၆) အန္တိခရစ်နှင့်ပတ်သက်၍ကော ယေရှု သတိပေးခဲ့သလော။ ထိုရက်စက်ကြမ်းကြုတ်သော လှည့်ဖြားသူကို မည်သို့ခွဲခြားသိရှိနိုင်ကြောင်း ကြည့်ကြစို့။