ကလေးများ ထံမှ အဘယ်အရာသင်ယူနိုင်သနည်း
ကလေးများ ထံမှ အဘယ်အရာသင်ယူနိုင်သနည်း
“ခင်ဗျားလုပ်ပုံက ကလေးကျနေတာပဲ!” ထိုသို့အပြောခံရသောအခါ ကျွန်ုပ်တို့စိတ်ချဉ်ပေါက်မိပေမည်။ ကလေးငယ်တို့သည် ချစ်စရာကောင်းကြသော်လည်း သူတို့တွင် လူကြီးများနှင့်ဆက်စပ်ဖော်ပြလေ့ရှိသော ရင့်ကျက်မှု၊ အတွေ့အကြုံနှင့် ဉာဏ်ပညာတို့ မရှိသည်မှာ ရှင်းနေသည်။—ယောဘ ၁၂:၁၂။
သို့သော် တစ်ချိန်တွင် ယေရှုသည် မိမိတပည့်များအား ဤသို့ပြောခဲ့သည်– “အမှန်အကန် သင်တို့အားငါဆိုသည်ကား၊ သင်တို့သည် စိတ်ပြောင်းလဲ၍ ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်။” (မဿဲ ၁၈:၃၊ ခမ) ယေရှု အဘယ်အရာကို ဆိုလိုသနည်း။ လူကြီးများတုပအပ်သော အဘယ်အရည်အသွေးများကို ကလေးသူငယ်များပိုင်ဆိုင်ကြသနည်း။
ကလေးကဲ့သို့နှိမ့်ချခြင်းကို ပြုစုပျိုးထောင်ခြင်း
ယေရှုထိုသို့မိန့်တော်မူရန် ဖြစ်စေခဲ့သော အခြေအနေကို သုံးသပ်ကြည့်ပါ။ ခရီးရှည်နှင်ခဲ့ပြီးနောက် ကပေရနောင်မြို့သို့ရောက်သောအခါ မိမိတပည့်များကို ယေရှုဤသို့မေးသည်– “သင်တို့သည် လမ်း၌ အဘယ်အမှုကို အချင်းချင်းငြင်းခုံကြသနည်း။” သူတို့တွင် မည်သူအကြီးမြတ်ဆုံးဖြစ်သနည်းဟု အချင်းချင်းငြင်းခုံခဲ့ကြသောကြောင့် အဖြေရခက်နေသောတပည့်များသည် တိတ်ဆိတ်နေကြ၏။ နောက်ဆုံးတွင် သတ္တိမွေးကာ ယေရှုအား ဤသို့မေးခဲ့ကြသည်– “ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည် သာ၍ကြီးမြတ်ပါအံ့နည်း။”—မာကု ၉:၃၃၊ ၃၄; မဿဲ ၁၈:၁။
သုံးနှစ်နီးပါး ယေရှုနှင့်အတူရှိပြီးနောက် တပည့်များသည် ရာထူး သို့မဟုတ် အဆင့်အတန်းနှင့်ပတ်သက်၍ ငြင်းခုံနေကြသည်မှာ အံ့အားသင့်ဖွယ်ကောင်းပေမည်။ သို့သော် သူတို့သည် ရာထူး၊ အဆင့်အတန်းများကို အဓိကထားကြသော ဂျူးဘာသာရေးတွင် ကြီးပြင်းလာခဲ့ကြသည်။ ရှင်းနေသည်မှာ ဤဘာသာရေးနောက်ခံနှင့် လူ့မစုံလင်မှုတို့က တပည့်များ၏အတွေးအခေါ်အပေါ် ဩဇာလွှမ်းမိုးခဲ့သည်။
ယေရှုသည် ထိုင်တော်မူပြီး မိမိထံသို့ တပည့်များကိုခေါ်၍ ဤသို့မိန့်ဆိုသည်– “အရင်အဦးဖြစ်လိုသောသူမည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏အစေခံလည်းဖြစ်ရမည်။” (မာကု ၉:၃၅) ထိုစကားများက သူတို့ကို အံ့သြတွေဝေစေပေမည်။ ယေရှု၏ဖော်ပြချက်သည် ကြီးမြတ်မှုနှင့်ပတ်သက်သော ဂျူးတို့၏အယူအဆကို တိုက်ရိုက်ဆန့်ကျင်သည်! ထို့နောက် ယေရှုသည် ကလေးငယ်ကို မိမိအနားသို့ခေါ်ကာ ကလေးကို နွေးထွေးစွာပွေ့ဖက်ပြီးနောက် မိမိပြောလိုသည့်အချက်ကို အလေးပေးမိန့်တော်မူသည်– “အမှန်အကန် သင်တို့အားငါဆိုသည်ကား၊ သင်တို့သည် စိတ်ပြောင်းလဲ၍ ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်။ ဤကလေးသူငယ်ကဲ့သို့ စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်။”—မဿဲ ၁၈:၃၊ ၄၊ ခမ။
နှိမ့်ချခြင်းဆိုင်ရာ လက်တွေ့ကျလှသောသင်ခန်းစာပါတကား! ထိုမြင်ကွင်းကို မြင်ယောင်ကြည့်ပါလေ။ အလေးအနက်ထားတတ်သော အရွယ်ရောက်လူကြီးတစ်စုသည် ကလေးငယ်တစ်ဦးကို ဝိုင်းထားကြပြီး ကလေးငယ်ကို သူတို့စူးစိုက်ကြည့်ရှုနေကြ၏။ ကလေးငယ်သည် ရှက်ကြောက်ပြီး အားကိုးတကြီးဖြစ်နေသည်! တုပြိုင်ခြင်းနှင့် ရန်ငြိုးထားခြင်းကင်းမဲ့လှသည်တကား! လက်အောက်ခံလိုပြီး မာန်မာနမရှိပါတကား! မှန်ပါသည်၊ ကလေးငယ်သည် နှိမ့်ချခြင်းနှင့်ပတ်သက်သော ဘုရားသခင့်ရေးရာအရည်အသွေးကို ကောင်းစွာသရုပ်ဖော်သည့် စံနမူနာဖြစ်လေသည်။
ယေရှုပြောလိုသည့်အချက်မှာ ရှင်းနေသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်နိုင်ငံတော်ကို အမွေခံလိုပါက ကလေးငယ်ကဲ့သို့နှိမ့်ချခြင်းကို ပြုစုပျိုးထောင်ကြရမည်။ ယေဟောဝါ၏စည်းလုံးမှုရှိသော အစီအစဉ်တွင် ယှဉ်ပြိုင်ခြင်း သို့မဟုတ် မာနထောင်လွှားခြင်းအတွက် နေရာမရှိပါ။ (ဂလာတိ ၅:၂၆) အမှန်မှာ ယင်းတို့သည် ဘုရားသခင်ကို ဦးဆုံးဆန့်ကျင်ပုန်ကန်ရန် စာတန်ဖြစ်ပေါ်စေခဲ့သော စရိုက်ဆိုးများဖြစ်ကြသည်။ ယင်းတို့ကို ယေဟောဝါရွံမုန်းသည်မှာ အံ့ဩစရာမဟုတ်ပါလေ!—သု. ၈:၁၃။
စစ်မှန်သောခရစ်ယာန်များသည် အာဏာပြရန်မဟုတ်ဘဲ အသုံးတော်ခံရန် ရှာကြံကြသည်။ နှစ်သက်ဖွယ်မကောင်းသော သို့မဟုတ် နိမ့်ကျသောမည်သည့်အလုပ်ပင် ဖြစ်စေကာမူ စစ်မှန်သောနှိမ့်ချခြင်းက အခြားသူများအတွက် အသုံးတော်ခံရန် ကျွန်ုပ်တို့အားလှုံ့ဆော်ပေးသည်။ ထိုသို့နှိမ့်ချစွာအသုံးတော်ခံခြင်းက ကြွယ်ဝသောဆုကျေးဇူးများကို ရရှိစေသည်။ “အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ်တစ်စုံတစ်ယောက်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကိုပင်လက်ခံသည်” ဟု ယေရှုမိန့်တော်မူ၏။ (မာကု ၉:၃၇) ရက်ရောမှုရှိခြင်း၊ နှိမ့်ချမှုရှိခြင်းကဲ့သို့သော ကလေးငယ်၏စိတ်နေသဘောထားကို မွေးမြူခြင်းက ကျွန်ုပ်တို့အား စကြဝဠာတွင် အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်နှင့် ကိုယ်တော့်သားတော်တို့နှင့်အတူ စည်းလုံးစေသည်။ (ယောဟန် ၁၇:၂၀၊ ၂၁; ၁ ပေတရု ၅:၅) ပေးကမ်းခြင်းမှလာသော ပျော်ရွှင်မှုကို ကျွန်ုပ်တို့ရိတ်သိမ်းရလိမ့်မည်။ (တမန်တော် ၂၀:၃၅) ထို့ပြင် ဘုရားသခင့်လူမျိုးအလယ်ရှိ ငြိမ်သက်မှုနှင့် စည်းလုံးမှုတွင် ကျွန်ုပ်တို့ပါဝင်ခွင့်ရသည့်အတွက် စိတ်ကျေနပ်မှုခံစားကြရသည်။—ဧဖက် ၄:၁-၃။
သင်ယူလိုစိတ်ရှိခြင်းနှင့် ယုံကြည်ကိုးစားတတ်ခြင်း
ယေရှုသည် ကလေးများထံမှ လူကြီးများသင်ယူနိုင်သော နောက်ထပ်သင်ခန်းစာတစ်ခုကို ဤသို့ထပ်၍ပေါ်လွင်စေ၏– “အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရ။” (မာကု ၁၀:၁၅) ကလေးငယ်များသည် စိတ်နှိမ့်ချရုံသာမက သင်ယူလိုစိတ်ရှိကြသည်။ “သူတို့ဟာ ရေမြှုပ်တွေလိုပဲ သတင်းအချက်အလက်တွေကို စုပ်ယူချင်ကြတယ်” ဟု မိခင်တစ်ဦး ပြောသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကို အမွေခံလိုပါက နိုင်ငံတော်သတင်းစကားကို လက်ခံပြီး နှလုံးသွင်းရမည်ဖြစ်သည်။ (၁ သက်သာလောနိတ် ၂:၁၃) မွေးကင်းစကလေးများကဲ့သို့ ကျွန်ုပ်တို့သည် ‘ကယ်တင်ခြင်းအလို့ငှာ နှုတ်မြွက်စကားတော်၏နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ဖွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန်လိုချင်သောစိတ်ရှိကြ’ရမည်။ (၁ ပေတရု ၂:၃) သို့သော် သမ္မာကျမ်းစာသွန်သင်ချက်တစ်ခုသည် နားလည်ရခက်နေမည်ဆိုလျှင် အသို့နည်း။ “ကလေးတွေဟာ စိတ်ကျေနပ်လောက်တဲ့အဖြေမရမချင်း ‘ဘာကြောင့်လဲ’ ဆိုပြီး ဆက်ပြီးမေးတတ်ကြတယ်” ဟူ၍ ကလေးစောင့်ရှောက်သူတစ်ဦး ဆိုသည်။ ကျွန်ုပ်တို့သည် သူတို့၏ပုံသက်သေကို တုပသင့်သည်။ ထို့ကြောင့် အမြဲလေ့လာမှုပြုလုပ်ပါ။ အတွေ့အကြုံရှိခရစ်ယာန်များနှင့် စကားပြောပါ။ ဉာဏ်ပညာအတွက် ယေဟောဝါထံ တောင်းခံပါ။ (ယာကုပ် ၁:၅) မဆုတ်မနစ်နှင့်တောင်းသော သင့်ဆုတောင်းချက်များကို အချိန်တန်သောအခါ ဆုချခံမည်မှာ ယုံမှားသံသယရှိစရာမလိုပါ။—မဿဲ ၇:၇-၁၁။
သို့သော် အချို့ဤသို့စဉ်းစားပေမည်– ‘သင်ယူလိုစိတ်ရှိသူတို့သည် လွယ်လွယ်နှင့် လှည့်ဖြားခံရနိုင်သည်မဟုတ်လော။’ သူတို့တွင် အားထား၍ရသော လမ်းညွှန်ချက်ရှိမည်ဆိုပါက လှည့်ဖြားခံရမည်မဟုတ်ပါ။ ဥပမာ၊ ကလေးငယ်များသည် လမ်းညွှန်ချက်အတွက် သူတို့မိဘများထံ အလိုလိုအကူအညီတောင်းတတ်ကြသည်။ ဖခင်တစ်ဦးက ဤသို့ပြောသည်– “မိဘတွေက သူတို့ကလေးတွေရဲ့ နေ့စဉ်အခြေခံလိုအပ်ရာတွေကို ထောက်ပံ့ပေးပြီး ကာကွယ်မှုပေးကြတဲ့အတွက် ယုံကြည်အားကိုးနိုင်တဲ့သူတွေဖြစ်တယ်ဆိုတာကို သက်သေပြကြတယ်။” ကောင်းကင်ခမည်းတော် ယေဟောဝါကို ယုံကြည်ကိုးစားရန် ထပ်တူအကြောင်းရင်းများ ကျွန်ုပ်တို့တွင်ရှိပေသည်။ (ယာကုပ် ၁:၁၇; ၁ ယောဟန် ၄:၉၊ ၁၀) ယေဟောဝါသည် ကျွန်ုပ်တို့အား ရေးသားထားသောစကားတော်မှတစ်ဆင့် ယုံကြည်စိတ်ချရသောလမ်းညွှန်ချက်ကို ပေးထား၏။ ကိုယ်တော့်စွမ်းအားတော်နှင့် အဖွဲ့အစည်းသည် ကျွန်ုပ်တို့ကို နှစ်သိမ့်မှုပေးပြီး ထောက်မကူညီ၏။ (မဿဲ ၂၄:၄၅-၄၇; ယောဟန် ၁၄:၂၆) ဤပြင်ဆင်ပေးချက်များကို အသုံးချခြင်းက ဝိညာဉ်ရေးအန္တရာယ်များမှ ကျွန်ုပ်တို့အား ကာကွယ်လိမ့်မည်။—ဆာလံ ၉၁:၁-၁၆။
ကလေးငယ်ကဲ့သို့ပင် ဘုရားသခင်၌ ယုံကြည်ကိုးစားမှုကို ပြုစုပျိုးထောင်ခြင်းက စိတ်ငြိမ်သက်မှုကိုလည်း ပေး၏။ ကျမ်းပညာရှင်တစ်ဦး ဤသို့ဆိုသည်– “ကျွန်ုပ်တို့သည် ကလေးဖြစ်စဉ်အခါက အခကြေးငွေမပေးဘဲ ခရီးသွားခဲ့ကြသည်၊ ခရီးဆုံးကို မည်သို့သွားရမည်ကို မသိကြ၊ သို့သော် ကျွန်ုပ်တို့မိဘများသည် ကျွန်ုပ်တို့ကို အန္တရာယ်ကင်းကင်းနှင့် ခေါ်သွားပါမည်လောဟူသည့် သံသယစိတ်လုံးဝမဝင်ကြပေ။” ဘဝခရီးလျှောက်လှမ်းသောအခါ ယေဟောဝါအပေါ် ထပ်တူယုံကြည်အားကိုးမှုမျိုး ကျွန်ုပ်တို့တွင်ရှိ၏လော။—ဟေရှာယ ၄၁:၁၀။
ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်အားကိုးခြင်းက ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အန္တရာယ်ပြုနိုင်သောသဘောထားများနှင့် လုပ်ရပ်များကို ရှောင်ရန် ကူညီပေးသည်။ ယင်းအစား ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့၏အပြုအမူကို သိတော်မူပြီး ဘုရားသခင့်နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးထားသမျှကာလပတ်လုံး ကိုယ်တော်သည် ကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူမည်ဟူသော ယေရှုစကားများကို ကျွန်ုပ်တို့အပြည့်အဝယုံကြည်စိတ်ချကြသည်။ ယင်းက ဝိညာဉ်ရေးတာဝန်ဝတ္တရားများကို လျစ်လျူရှုပြီး ရုပ်ပစ္စည်းများကို အာရုံစိုက်သည့်စုံစမ်းမှုကို ခုခံတွန်းလှန်ရန် ကျွန်ုပ်တို့အား ကူညီပါလိမ့်မည်။—မဿဲ ၆:၁၉-၃၄။
“မတရားသောအမှုအရာ၌ နို့စို့သူငယ်ဖြစ်”
မစုံလင်မှုနှင့်မွေးဖွားလာသော်လည်း ကလေးငယ်များသည် စိတ်နှလုံး ဖြူစင်သန့်ရှင်းကြသည်။ ဤအကြောင်းကြောင့် သမ္မာကျမ်းစာက ခရစ်ယာန်များအား ဤသို့တိုက်တွန်းသည်– “မတရားသောအမှုအရာ၌ နို့စို့သူငယ်ဖြစ်ကြလော့။”—၁ ကောရိန္သု ၁၄:၂၀။
“သမီးရဲ့သူငယ်ချင်းအသစ် စာရာက သမီးလိုပဲ ဆံပင်ကောက်တယ်!” ဟု မိခင်အား စိတ်လှုပ်ရှားစွာပြောပြသော ငါးနှစ်အရွယ် မော်နီကာကို သုံးသပ်ကြည့်ပါ။ စာရာသည် မိမိနှင့်အသားအရောင်၊ လူမျိုးမတူသည်ကို မဖော်ပြခဲ့ချေ။ မိဘတစ်ဦး ဤသို့ပြောသည်– “ကလေးတွေဟာ အသားအရောင်ကို မခွဲခြားဘူး။ လူမျိုးခွဲတာ ဒါမှမဟုတ် စိတ်စွန်းကွက်တာတွေ မရှိကြဘူး။” ဤအချက်တွင် ကလေးငယ်တို့သည် လူမျိုးအပေါင်းကို ချစ်တော်မူသော ကျွန်ုပ်တို့၏မျက်နှာမလိုက်သည့် ဘုရားသခင့်ရှုမြင်ပုံကို လှပစွာရောင်ပြန်နေကြသည်တကား။—တမန်တော် ၁၀:၃၄၊ ၃၅။
ကလေးများသည် ခွင့်လွှတ်တတ်သည့် ထူးခြားသောအစွမ်းအစ ပိုင်ဆိုင်သေး၏။ မိဘတစ်ဦး ဤသို့ပြောသည်– “ဂျက်နဲ့ လီးဗီဆိုတဲ့ကလေးနှစ်ယောက် ရန်ဖြစ်တော့ အချင်းချင်းတောင်းပန်ဖို့ သူတို့ကို ကျွန်တော်တို့ပြောတယ်၊ မကြာခင်မှာပဲ သူတို့ဟာ ပျော်ပျော်ပဲ ပြန်ကစားကြတယ်။ အရင်ဖြစ်ခဲ့တာတွေကို တအုံနွေးနွေးပြန်မစဉ်းစားကြတော့ဘူး ဒါမှမဟုတ် ခွင့်မလွှတ်ခင် တောင်းဆိုတာတွေလည်း မရှိဘူး။ ပြန်သင့်မြတ်ပြီး ဆက်ကစားကြတာပဲ။” လူကြီးများတုပအပ်သည့် ကောင်းမွန်လှသောပုံသက်သေပါတကား!—ကောလောသဲ ၃:၁၃။
ထို့ပြင် ကလေးငယ်များသည် ဘုရားသခင်တည်ရှိကြောင်း လိုလိုလားလားအသိအမှတ်ပြုကြသည်။ (ဟေဗြဲ ၁၁:၆) သူတို့၏ပွင့်လင်းမှုက အခြားသူတို့ထံ ရဲရင့်စွာသက်သေခံရန် လှုံ့ဆော်ပေးလေ့ရှိသည်။ (၄ ဓမ္မရာဇဝင် ၅:၂၊ ၃) သူတို့၏ရိုးရှင်းပြီး နှလုံးပါပါဖြင့်တောင်းသော ဆုတောင်းချက်များသည် သနားကြင်နာမှုကင်းမဲ့သည့် မာကျောသောနှလုံးကို ထိမိစေနိုင်သည်။ သွေးဆောင်မှုအောက်တွင် သူတို့သည် ကိုယ်ကျင့်တရားကြံ့ခိုင်မှုကို ထူးခြားစွာ တင်ပြနိုင်ကြသည်။ ကလေးငယ်များသည် အဖိုးထိုက်လှသည့်ဆုမွန်များပါတကား!—ဆာလံ ၁၂၇:၃၊ ၄။
လှပမှုကို ပြန်ရယူခြင်း
သင်ဤသို့စဉ်းစားပေမည်– ‘ကလေးတွေမှာရှိတဲ့ နှစ်သက်စရာကောင်းတဲ့အရည်အသွေးတွေ ပြန်ရယူဖို့ဆိုတာ လူကြီးများအတွက် ဖြစ်နိုင်ပါ့မလား။’ ရိုးရှင်းပြီး သေချာသောအဖြေကား ဖြစ်နိုင်သည်ဟူ၏! “ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်” ဟူသော ယေရှု၏မိန့်မှာချက်က ဖြစ်နိုင်ကြောင်း သက်သေထူပေသည်။—မဿဲ ၁၈:၃၊ ခမ။
ဤသို့ ပုံဥပမာပြနိုင်သည်– အလွန်တန်ဖိုးရှိသည့် အထူးကျွမ်းကျင်သူ၏လက်စွမ်းလက်ရာ ပန်းချီကားဟောင်းတစ်ချပ်ကို ပန်းချီပြုပြင်ရေးဆွဲသည့်အဖွဲ့တစ်ဖွဲ့က နဂိုအလှပြန်ပေါ်နိုင်ရန် ပြုပြင်ရေးဆွဲကြသည်။ ထိုသို့ပြုပြင်ရေးဆွဲရာတွင် ညစ်ပေနေသည့်အရာများကို ဖယ်ရှားပြီး နဂိုအလှပြန်ပေါ်အောင် ကြိုးစား၍ ပြုပြင်ရေးဆွဲကြသည်။ ပြုပြင်ရေးဆွဲသူများသည် စိတ်ရှည်ရှည်ဖြင့် ကြိုးစားအားထုတ်၍ ပြုပြင်ရေးဆွဲ ဆေးရောင်စပ်ကြပြီးနောက် မူရင်းပန်းချီကားချပ်၏ ရှုချင်ဖွယ်ကောင်းသောဆေးရောင်နှင့် သဘာဝအလှတို့သည် ပြန်၍ ပေါ်လာလေတော့သည်။ အလားတူပင်၊ ယေဟောဝါ၏စွမ်းအားတော်အကူအညီနှင့် ခရစ်ယာန်အသင်းတော်၏ မေတ္တာပါကူညီထောက်မမှုတို့ဖြင့် မပြတ်ကြိုးစားသောအခါ ကျွန်ုပ်တို့ငယ်စဉ်အခါက ပိုင်ဆိုင်ခဲ့ဖူးသော ကောင်းမွန်လှသည့်ပင်ကိုအရည်အသွေးများ ပြန်လည်ရယူနိုင်ပါသည်။—ဧဖက် ၅:၁။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ကလေးများသည်ပင်ကိုအားဖြင့် နှိမ့်ချမှုရှိကြ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကလေးသူငယ်များသည် လူမျိုးရေးစိတ်စွန်းကွက်မှုမရှိကြ၊သူတို့သည် မြန်မြန်ခွင့်လွှတ်၊ မေ့ပျောက်တတ်ကြ