လင်ယောက်ျားတို့—ခရစ်တော်၏ဦးစီးမှုကို တုပလော့
လင်ယောက်ျားတို့—ခရစ်တော်၏ဦးစီးမှုကို တုပလော့
“ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်။”—၁ ကောရိန္သု ၁၁:၃။
၁၊ ၂။ (က) လင်ယောက်ျားကောင်းတစ်ဦးကို မည်သို့အကဲဖြတ်နိုင်သနည်း။ (ခ) အိမ်ထောင်မင်္ဂလာကို ဘုရားသခင်အစပြုခဲ့ကြောင်း အသိအမှတ်ပြုရန် အဘယ်ကြောင့်အရေးကြီးသနည်း။
လင်ယောက်ျားကောင်းတစ်ဦးကို သင် မည်သို့အကဲဖြတ်မည်နည်း။ သူ၏ဉာဏ်ထက်မြက်မှု သို့မဟုတ် ကာယစွမ်းရည်အားဖြင့်လော။ သူ၏ဝင်ငွေအားဖြင့်လော။ သားမယားအပေါ် အကြင်နာမေတ္တာထားခြင်းအားဖြင့်လော။ နောက်ဆုံးအချက်ဖြင့် အကဲဖြတ်ပါက လင်ယောက်ျားများစွာသည် ထိုအရည်အချင်းကို ပြည့်မီနိုင်မည်မဟုတ်၊ အကြောင်းမှာ လောကစိတ်ဓာတ်နှင့် လူ့စံနှုန်းများ၏ ဩဇာလွှမ်းမိုးမှုခံနေရသောကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ “လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့သော” အိမ်ထောင်မင်္ဂလာအစပြုရှင်၏ လမ်းညွှန်မှုကို အသိအမှတ်မပြု၊ မလိုက်နာကြသောကြောင့်ဖြစ်၏။—ကမ္ဘာဦး ၂:၂၁-၂၄။
၂ အိမ်ထောင်မင်္ဂလာကို ဘုရားသခင်အစပြုခဲ့သည်ဟူသော အထက်ပါကျမ်းစကားကို ယေရှုခရစ် အတည်ပြုပြောဆိုခဲ့သည်။ မိမိခေတ်ရှိ အပြစ်ရှာသူများကို ကိုယ်တော် ဤသို့ဆို၏– “အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်’ ဟုကျမ်းစာဆိုသည်ကို သင်တို့မဖတ်ဖူးသလော။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်သောအရာကို လူမခွဲခွာစေနှင့်။” (မဿဲ ၁၉:၄-၆) အောင်မြင်သောအိမ်ထောင် တည်ဆောက်နိုင်ရန် သော့ချက်မှာ အိမ်ထောင်မင်္ဂလာကို ဘုရားသခင်အစပြုခဲ့ကြောင်းနှင့် သမ္မာကျမ်းစာသွန်သင်ချက်များကို လိုက်နာဖို့လိုကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။
လင်ယောက်ျားကောင်းတစ်ဦးဖြစ်ရန် သော့ချက်
၃၊ ၄။ (က) ယေရှုသည် အိမ်ထောင်ရေးအကြောင်း အဘယ်ကြောင့်ကောင်းစွာသိခဲ့သနည်း။ (ခ) ယေရှု၏ပုံဆောင်သတို့သမီးကား မည်သူနည်း၊ လင်ယောက်ျားများသည် ဇနီးတို့ကို မည်သို့ပြုမူဆက်ဆံသင့်သနည်း။
၃ ယေရှုမိန့်ဆိုခဲ့ရာကိုလေ့လာပြီး ကိုယ်တော့်ကိုတုပခြင်းက လင်ယောက်ျားကောင်းတစ်ဦး ဖြစ်စေနိုင်သည်။ ကနဦးလူသားမောင်နှံကို ဖန်ဆင်းပြီး ပေါင်းဖက်ပေးချိန်တွင် ယေရှုရှိနေသောကြောင့် အိမ်ထောင်ရေးအကြောင်း ကိုယ်တော်ကောင်းစွာ သိတော်မူ၏။ ယေဟောဝါဘုရားသခင်သည် ယေရှုကို “ငါတို့ ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” ဟုမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၁:၂၆) ဘုရားသခင်သည် မိမိဦးဆုံးဖန်ဆင်းခဲ့သော၊ “ကျွမ်းကျင်လုပ်သားတစ်ပါးကဲ့သို့ အထံတော်ပါးတွင်ရှိ” သောပုဂ္ဂိုလ်ကို ပြောဆိုနေခြင်းဖြစ်သည်။ (သု. ၈:၂၂-၃၀၊ ကဘ) ထိုပုဂ္ဂိုလ်မှာ “ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။” ထို့ပြင် “ဘုရားသခင်၏ဝေနေယျသတ္တဝါတို့အထွတ်” ဖြစ်ပြီး စကြဝဠာမဖန်ဆင်းမီကပင် တည်ရှိတော်မူသည်။—ကောလောသဲ ၁:၁၅; ဗျာ. ၃:၁၄။
၄ ယေရှုကို “ဘုရားသခင်၏သိုးသငယ်” ဟုလည်းခေါ်ပြီး လင်ယောက်ျားတစ်ဦးအဖြစ် သရုပ်ဖော်ထားသည်။ ကောင်းကင်တမန်က “လာခဲ့ပါ။ သိုးသငယ်၏ခင်ပွန်းတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို ငါပြမည်” ဟုပြောဆိုလေ၏။ (ယောဟန် ၁:၂၉; ဗျာ. ၂၁:၉) ထို “သတို့သမီး” ကား မည်သူနည်း။ ဝိညာဉ်တော်ဖွား သစ္စာရှိခရစ်ယာန်များဖြစ်ပြီး သူတို့သည် ကောင်းကင်တွင် ကိုယ်တော်နှင့်အတူအုပ်စိုးကြမည်။ (ဗျာ. ၁၄:၁၊ ၃) ထို့ကြောင့် ယေရှု မြေကြီးပေါ်ရှိစဉ် တပည့်များနှင့်ပြုမူဆက်ဆံခဲ့သည့်အတိုင်း လင်ယောက်ျားများသည် ဇနီးတို့ကိုပြုမူဆက်ဆံသင့်၏။
၅။ ယေရှုသည် မည်သူတို့အတွက် စံနမူနာရှင်ဖြစ်သနည်း။
၅ ယေရှုသည် နောက်လိုက်အားလုံးအတွက် ပုံသက်သေဖြစ်ကြောင်း သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။” (၁ ပေတရု ၂:၂၁) ကိုယ်တော်သည် အထူးသဖြင့် ယောက်ျားများအတွက် စံနမူနာရှင်ဖြစ်၏။ ‘ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်’ ဟုသမ္မာကျမ်းစာကဆိုသည်။ (၁ ကောရိန္သု ၁၁:၃) ခရစ်တော်သည် ယောက်ျား၏ဦးခေါင်းဖြစ်သောကြောင့် လင်ယောက်ျားများသည် ကိုယ်တော့်ပုံသက်သေကို တုပရမည်။ ထို့ကြောင့် မိသားစုတစ်စုသည် အောင်မြင်ပျော်ရွှင်လိုလျှင် ဦးစီးမှုဆိုင်ရာမူကို လိုက်နာရမည်။ ထိုသို့ဖြစ်နိုင်ရန် ပုံဆောင်ဇနီးဖြစ်သော ဝိညာဉ်တော်ဖွားတပည့်များအပေါ် ယေရှုဆက်ဆံပုံအတိုင်း လင်ယောက်ျားများသည် မိမိတို့ဇနီးအပေါ် ပြုမူဆက်ဆံဖို့လိုသည်။
အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းနိုင်ပုံ
၆။ ၁ ပေတရု ၃:၇ အရ လင်ယောက်ျားများသည် ဇနီးများကို မည်သို့ပြုမူဆက်ဆံသင့်သနည်း။
၆ အခက်အခဲပြည့်နှက်နေသောဤလောကတွင် လင်ယောက်ျားများသည် အထူးသဖြင့် ယေရှု၏စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ ဖြောင့်မတ်သောမူများနှင့်ပတ်သက်လျှင် ခိုင်မာပြတ်သားခြင်းတို့ကို အတုယူဖို့လိုသည်။ (၂ တိမောသေ ၃:၁-၅) ယေရှုချမှတ်ခဲ့သော ပုံသက်သေနှင့်စပ်လျဉ်း၍ ကျမ်းစာက ဤသို့ဆိုသည်– “ထိုနည်းတူ ယောက်ျားတို့၊ . . . သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ . . . သူ့ကိုစောင့်မပြုစု [“ဂုဏ်တင်၊” ကဘ] ကြလော့။” (၁ ပေတရု ၃:၇) မှန်ပါသည်၊ ယေရှုသည် အခက်အခဲများကို သတိပညာနှင့်လျော်စွာ ဖြေရှင်းခဲ့သည့်နည်းတူ လင်ယောက်ျားတို့လည်း အိမ်ထောင်ရေးပြဿနာများကို ထိုအတိုင်း ဖြေရှင်းဖို့လိုသည်။ ကိုယ်တော်သည် ပြင်းထန်သောစမ်းသပ်မှုများ ကြုံရသောအခါ ယင်းတို့သည် စာတန်၊ နတ်ဆိုးများနှင့် ဆိုးညစ်သောလောကကြောင့်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ (ယောဟန် ၁၄:၃၀; ဧဖက် ၆:၁၂) စမ်းသပ်မှုများကြုံရသောအခါ ယေရှုမအံ့သြခဲ့သည့်နည်းတူ အိမ်ထောင်သည်များလည်း “လောကညှဉ်းဆဲခြင်း” ခံရသောအခါ မအံ့သြသင့်ပေ။ ယင်းတို့ကို အိမ်ထောင်သည်များ ကြုံရနိုင်ကြောင်း ကျမ်းစာသတိပေးထားပြီးဖြစ်သည်။—၁ ကောရိန္သု ၇:၂၈။
၇၊ ၈။ (က) သတိပညာနှင့်လျော်စွာ ဇနီးနှင့်အတူနေခြင်းတွင် အဘယ်အရာပါဝင်သနည်း။ (ခ) ဇနီးများသည် အဘယ်ကြောင့် ဂုဏ်တင်ခံထိုက်သနည်း။
၇ လင်ယောက်ျားများသည် “သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကိုပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစု[ဂုဏ်တင်]” သင့်သည်ဟု သမ္မာကျမ်းစာဆို၏။ (၁ ပေတရု ၃:၇) ဘုရားသခင့်နှစ်သက်မှုရရှိသော လင်ယောက်ျားသည် ကျမ်းစာတွင်ကြိုပြောထားသည့်အတိုင်း မိမိဇနီးကို ကြမ်းတမ်းခက်ထန်စွာ အုပ်စိုးမည့်အစား ဂုဏ်တင်မည်ဖြစ်သည်။ (ကမ္ဘာဦး ၃:၁၆) မိမိဇနီးကို ဆုလာဘ်တစ်ပါးကဲ့သို့ ပြုမူဆက်ဆံမည်ဖြစ်ကာ ဗလအားကိုး၍ အနိုင်ကျင့်မည်မဟုတ်ပေ။ ဇနီး၏ခံစားချက်ကို ထည့်စဉ်းစားမည်ဖြစ်ပြီး သိက္ခာရှိရှိ၊ လေးစားစွာဆက်ဆံမည်ဖြစ်သည်။
၈ လင်ယောက်ျားတို့သည် ဇနီးများကို အဘယ်ကြောင့်ဂုဏ်တင်သင့်သနည်း။ “ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍ အမွေခံရသောသူချင်း” ဖြစ်သည်ဟု ယောက်ျားများကို ကျမ်းစာမိန့်မှာထားသောကြောင့်ဖြစ်၏။ (၁ ပေတရု ၃:၇) ယောက်ျားသည် မိန်းမထက် ပိုမြင့်မြတ်သည်ဟု ဘုရားသခင်မယူမှတ်ကြောင်း လင်ယောက်ျားများ အသိအမှတ်ပြုဖို့လိုသည်။ ဘုရားသခင့်မျက်နှာသာရသော မိန်းမများသည် ယောက်ျားများနှင့်တန်းတူ ထာဝရအသက်ဆုရရှိကြမည်ဖြစ်သည်။ “ယောက်ျားမရှိ၊ မိန်းမ,မရှိ” သော ကောင်းကင်အသက်တာကိုပင် မိန်းမများစွာရရှိခဲ့ကြ၏။ (ဂလာတိ ၃:၂၈) ထို့ကြောင့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကလေးဖြစ်စေ သစ္စာရှိမှသာလျှင် ဘုရားသခင်ရှေ့ အဖိုးထိုက်မည်ဖြစ်ကြောင်း လင်ယောက်ျားများ သတိရသင့်သည်။—၁ ကောရိန္သု ၄:၂။
၉။ (က) ပေတရု၏စကားအရ လင်ယောက်ျားများသည် ဇနီးများကို အဘယ်ကြောင့်ဂုဏ်တင်သင့်သနည်း။ (ခ) ယေရှုသည် မိန်းမများကို မည်သို့ဂုဏ်တင်ခဲ့သနည်း။
၉ “ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ” ဟူသော တမန်တော်ပေတရု၏စကားများက လင်ယောက်ျားတစ်ဦးသည် ဇနီးကိုဂုဏ်တင်ဖို့အရေးကြီးကြောင်း အလေးပေးဖော်ပြသည်။ ထိုသို့အဆီးအတားဖြစ်နေလျှင် မည်မျှအန္တရာယ်ရှိနိုင်သည်တကား! ဘုရားသခင့်ပညတ်များကိုလျစ်လျူရှုသော ရှေးခေတ်ကျေးကျွန်အချို့၏ဆုတောင်းချက်ကို ဘုရားသခင်နားမညောင်းသကဲ့သို့ ဇနီးကိုဂုဏ်မတင်သော လင်ယောက်ျား၏ဆုတောင်းချက်ကို နားမညောင်းသည့်အထိ ဖြစ်သွားနိုင်သည်။ (မြည်တမ်းစကား ၃:၄၃၊ ၄၄) ခရစ်ယာန်ယောက်ျားများအနေနှင့် အိမ်ထောင်သည်ဖြစ်စေ၊ အိမ်ထောင်ပြုရန်စဉ်းစားနေသည်ဖြစ်စေ မိန်းမများအပေါ် ယေရှု၏ဂုဏ်သိက္ခာရှိရှိဆက်ဆံပုံကို သင်ယူလေ့လာရမည်။ ကိုယ်တော်သည် အမျိုးသမီးများနှင့်အတူ အမှုဆောင်ကာ သူတို့ကို လေးစားကြင်နာစွာ ပြောဆိုဆက်ဆံခဲ့သည်။ တစ်ကြိမ်တွင် ယေရှုသည် အလွန်စိတ်လှုပ်ရှားဖွယ် အမှန်တရားအကြောင်း မိန်းမများကို ဦးဆုံးပြောပြကာ ယင်းကို အမျိုးသားများထံ သွားပြောစေခဲ့သည်။—မဿဲ ၂၈:၁၊ ၈-၁၀; လုကာ ၈:၁-၃။
လင်ယောက်ျားများအတွက် အထူးစံနမူနာ
၁၀၊ ၁၁။ (က) လင်ယောက်ျားများသည် အထူးသဖြင့် ယေရှု၏ပုံသက်သေကို အဘယ်ကြောင့်ဆန်းစစ်သင့်သနည်း။ (ခ) လင်ယောက်ျားများသည် ဇနီးများကို မည်သို့မေတ္တာပြသင့်သနည်း။
၁၀ သမ္မာကျမ်းစာက လင်ယောက်ျားနှင့်ဇနီးတို့၏ဆက်ဆံရေးကို ခရစ်တော်နှင့် ကိုယ်တော်၏ “မင်္ဂလာဆောင်သတို့သမီး” ဖြစ်သော အသင်းတော်၏ဆက်ဆံရေးနှင့် နှိုင်းယှဉ်ခဲ့သည်။ “ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏” ဟုသမ္မာကျမ်းစာက ဆိုသည်။ (ဧဖက် ၅:၂၃) ထိုစကားများက ယေရှု၏ဦးစီးမှုပုံသက်သေကို လင်ယောက်ျားများ ဆန်းစစ်ရန် အားပေးမှုဖြစ်စေသင့်သည်။ ဤသို့ဆန်းစစ်မှသာ ယေရှု၏ပုံသက်သေကို လင်ယောက်ျားများ လိုက်နာနိုင်မည်ဖြစ်သည်။ ထို့ပြင် ယေရှုနည်းတူ မိမိတို့ဇနီးများကို လမ်းညွှန်ကာ မေတ္တာပါပါဂရုစိုက်နိုင်မည်ဖြစ်သည်။
၁၁ “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့” ဟုခရစ်ယာန်များကို ကျမ်းစာတိုက်တွန်း၏။ (ဧဖက် ၅:၂၅) ရှေ့အခန်းကြီးတွင် “အသင်းတော်” ကို “ခရစ်တော်၏ကိုယ်” ဟုခေါ်ဆိုထားသည်။ ဤပုံဆောင်ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်းများဖြစ်သော ကျားမများစွာပါဝင်ပြီး သူတို့အားလုံးသည် ကိုယ်ခန္ဓာ၏လှုပ်ရှားဆောင်ရွက်မှုကို ကူညီပံ့ပိုးပေးကြသည်။ ယေရှုသည် ထို “အသင်းတော်တည်းဟူသောကိုယ်၏ ဦးခေါင်းဖြစ်တော်မူ၏။”—ဧဖက် ၄:၁၁; ကောလောသဲ ၁:၁၈; ၁ ကောရိန္သု ၁၂:၁၂၊ ၁၃၊ ၂၇။
၁၂။ ယေရှုသည် မိမိ၏ပုံဆောင်ကိုယ်ခန္ဓာကို မည်သို့မေတ္တာပြခဲ့သနည်း။
၁၂ ယေရှုသည် မိမိ၏ပုံဆောင်ကိုယ်ခန္ဓာဖြစ်သော “အသင်းတော်” ကို မေတ္တာပြခဲ့သည်။ အထူးသဖြင့် ယင်း၏အင်္ဂါအစိတ်အပိုင်းဖြစ်လာမည့်သူများကို မေတ္တာပါပါဂရုစိုက်ခဲ့သည်။ ဥပမာ၊ တပည့်များမောပန်းကြသောအခါ “တော၌ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြ” ဟုမိန့်တော်မူ၏။ (မာကု ၆:၃၁) ကိုယ်တော်ကွပ်မျက်မခံရမီ နာရီပိုင်းအလိုတွင် ကိုယ်တော်လုပ်ဆောင်ခဲ့သမျှနှင့်ပတ်သက်၍ တမန်တော်တစ်ပါး ဤသို့ရေးသည်– “ဤလောက၌ရှိသောမိမိလူတို့ကို [မိမိ၏ပုံဆောင်ကိုယ်ခန္ဓာအစိတ်အပိုင်းများကို] ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။” (ယောဟန် ၁၃:၁) ယင်းက ဇနီးများကို ဆက်ဆံသင့်ပုံနှင့်ပတ်သက်၍ လင်ယောက်ျားများအတွက် ပုံသက်သေကောင်းပင်!
၁၃။ ဇနီးများကို ချစ်မြတ်နိုးရန် လင်ယောက်ျားများအား မည်သို့တိုက်တွန်းထားသနည်း။
၁၃ လင်ယောက်ျားများအတွက် ယေရှုချမှတ်ခဲ့သည့်ပုံသက်သေကို ဆက်တုပရန် တမန်တော်ပေါလု ဤသို့တိုက်တွန်း၏– “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။” ထို့နောက် “သင်တို့သည် အသီးအသီး ကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့” ဟုဆက်ဆို၏။—ဧဖက် ၅:၂၈၊ ၂၉၊ ၃၃။
၁၄။ လင်ယောက်ျားတစ်ဦးသည် မိမိ၏မစုံလင်သောကိုယ်ခန္ဓာကို မည်သို့ပြုမူသနည်း။ ယင်းက ဇနီးသည်ကို ပြုမူဆက်ဆံသင့်ပုံနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြနေသနည်း။
၁၄ ပေါလု၏စကားများကို စဉ်းစားကြည့်ပါ။ စိတ်မှန်သောယောက်ျားတစ်ဦးသည် မိမိကိုယ်ကို အနာတရဖြစ်အောင် တမင်တကာပြုလုပ်မည်လော။ သူခလုတ်တိုက်မိသောအခါ သူ့ခြေချောင်းကြောင့်ဖြစ်သည်ဟုဆိုကာ ယင်းကို ပြန်ထုနှက်မည်လော။ ဝေးလေစွ။ ထိုနည်းတူ လင်ယောက်ျားတစ်ဦးသည် မိတ်ဆွေများရှေ့တွင် မိမိကိုယ်ကိုနှိမ်မည်လော။ သို့မဟုတ် အများရှေ့တွင် မိမိမကောင်းကြောင်း ပြောဆိုမည်လော။ ပြောမည်မဟုတ်။ သို့ဆိုလျှင် မိမိဇနီး အမှားလုပ်မိသည့်အတွက် သူ့ကိုရင့်သီးရိုင်းစိုင်းစွာပြောဆိုခြင်း၊ ရိုက်နှက်ခြင်းတို့ အဘယ်ကြောင့်ပြုမည်နည်း။ အမှန်မှာ၊ လင်ယောက်ျားများသည် ကိုယ့်အရေးထက် ဇနီးဖြစ်သူ၏အရေးကို ရှေ့တန်းတင်သင့်သည်။—၁ ကောရိန္သု ၁၀:၂၄; ၁၃:၅။
၁၅။ (က) တပည့်များ၏အားနည်းချက်ကို ထည့်တွက်ရာတွင် ယေရှု အဘယ်ပုံသက်သေကောင်း တင်ပြခဲ့သနည်း။ (ခ) ဤပုံသက်သေမှ အဘယ်သင်ခန်းစာများ ရရှိနိုင်သနည်း။
၁၅ ယေရှုမသေဆုံးမီညတွင် တပည့်များ၏အားနည်းချက်ကို ကိုယ်တော် ထည့်တွက်စဉ်းစားခဲ့ပုံအကြောင်း သုံးသပ်ကြည့်ပါ။ ဆုတောင်းကြရန် ကိုယ်တော် အထပ်ထပ်ပြောခဲ့သော်လည်း သူတို့သည် ဂေသရှေမန်ဥယျာဉ်တွင် သုံးကြိမ်တိုင် အိပ်ပျော်သွားလေသည်။ ရုတ်တရက် လက်နက်ကိုင်လူအုပ် ဝိုင်းရံလာသည်။ ယေရှုက “အဘယ်သူကိုရှာကြသနည်း” ဟုလူအုပ်ကိုမေးရာ သူတို့က “နာဇရက်မြို့သားယေရှုကို ရှာကြသည်” ဟုဆို၏။ ကိုယ်တော်က “ငါသည် ထိုသူဖြစ်၏” ဟုမိန့်တော်မူ၏။ မိမိသေဆုံးရမည့် “အချိန်ရောက်လာပြီ” ဖြစ်ကြောင်းသိရှိထားရာ “ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေစေ” ဟုဆိုခဲ့သည်။ တပည့်များ၏ကောင်းကျိုးကို ကိုယ်တော် ဘယ်တော့မျှလျစ်လျူမရှုဘဲ သူတို့လွတ်မြောက်စေရန် လမ်းဖွင့်ပေးခဲ့သည်။ တပည့်များအပေါ် ယေရှု၏ဆက်ဆံပုံကိုလေ့လာခြင်းဖြင့် ဇနီးကိုဆက်ဆံရာတွင် လင်ယောက်ျားတို့ လိုက်နာနိုင်သောမူများစွာကို တွေ့ရှိနိုင်သည်။—ယောဟန် ၁၈:၁-၉; မာကု ၁၄:၃၄-၃၇၊ ၄၁။
ယေရှု၏မေတ္တာသည်စိတ်လှုပ်ရှားမှုသက်သက်မဟုတ်
၁၆။ ယေရှုသည် မာသကို မည်သို့သဘောထားသနည်း။ သို့တိုင် သူ့ကို မည်သို့သွန်သင်ဆုံးမခဲ့သနည်း။
၁၆ ယေရှုသည် “မာသကိုလည်းကောင်း၊ သူ၏ညီမနှင့်လာဇရုကိုလည်းကောင်း ချစ်တော်မူ၏” ဟုကျမ်းစာကဆိုသည်။ သူတို့အိမ်တွင် ကိုယ်တော်တည်းခိုလေ့ရှိသည်။ (ယောဟန် ၁၁:၅) သို့သော် မာသသည် ဝိညာဉ်ရေးသွန်သင်ချက်များကိုနာယူရန် အချိန်မပေးဘဲ အစားအသောက်အတွက်သာ အစိုးရိမ်လွန်နေသည့်အခါ သူ့ကိုမဆုံးမဘဲ မနေခဲ့ချေ။ “မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကိုခံရ၏။ လိုသောအရာတစ်ခုတည်းရှိ၏” ဟုကိုယ်တော်ဆုံးမခဲ့သည်။ (လုကာ ၁၀:၄၁၊ ၄၂) ထိုဆုံးမစကားတွင် ယေရှု၏မေတ္တာပေါ်လွင်နေသောကြောင့် မာသ လက်ခံရလွယ်ကူခဲ့မည်မှာ သေချာသည်။ အလားတူ၊ လင်ယောက်ျားများသည် မိမိတို့ဇနီးကို အကြင်နာမေတ္တာဖြင့် ပြုမူပြောဆိုသင့်သည်။ သို့သော် လိုအပ်သောအခါ ယေရှုနည်းတူ ပွင့်ပွင့်လင်းလင်း ပဲ့ပြင်တည့်မတ်ပေးဖို့လိုသည်။
၁၇၊ ၁၈။ (က) ပေတရုသည် ယေရှုကို မည်သို့ပြစ်တင်စကားဆိုခဲ့သနည်း၊ သူ့ကို အဘယ်ကြောင့် ဆုံးမပဲ့ပြင်ဖို့လိုသနည်း။ (ခ) လင်ယောက်ျားတစ်ဦးတွင် အဘယ်တာဝန်ရှိသနည်း။
၁၇ နောက်တစ်ကြိမ်တွင် ယေရှုက မိမိသည် ယေရုရှလင်မြို့သို့သွားရမည်၊ ထိုတွင် “လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်းခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်” ဟုတမန်တော်များကို ပြောခဲ့သည်။ ထိုအချိန်တွင် ပေတရုက “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌မရောက်ရာ” ဟုပြစ်တင်စကားဆိုလေ၏။ စိတ်လှုပ်ရှားမှုကြောင့် ပေတရု၏စဉ်းစားတွေးခေါ်ပုံ မှားသွားကြောင်း ထင်ရှားသည်။ သွန်သင်ဆုံးမရန် လိုအပ်လာသောကြောင့် “အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါတိုက်မိ၍လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်” ဟုကိုယ်တော်ဆိုခဲ့၏။—မဿဲ ၁၆:၂၁-၂၃။
၁၈ ကိုယ်တော်သည် ဆင်းရဲဝေဒနာမျိုးစုံခံစားကာ ကွပ်မျက်ခံရမည်ဟူသော ဘုရားသခင့်အလိုတော်ကို မိန့်ဆိုပြီးရုံသာရှိသေး၏။ (ဆာလံ ၁၆:၁၀; ဟေရှာယ ၅၃:၁၂) ထို့ကြောင့် ယေရှုကို ပေတရုပြစ်တင်ခြင်းသည် မှား၏။ သူ့ကို ခိုင်မာပြတ်သားစွာ ဆုံးမပဲ့ပြင်ဖို့လိုသည်။ အလားတူ ကျွန်ုပ်တို့အားလုံးလည်း တစ်ခါတစ်ရံ ဆုံးမပဲ့ပြင်မှုလိုအပ်သည်။ အိမ်ထောင်ဦးစီးအနေနှင့် လင်ယောက်ျားတွင် ဇနီးအပါအဝင် မိသားစုဝင်များကို ဆုံးမပဲ့ပြင်ရမည့် အခွင့်အာဏာနှင့်တာဝန်ရှိသည်။ ထိုသို့ပြုရာတွင် ခိုင်မာပြတ်သားဖို့လိုသော်လည်း အကြင်နာမေတ္တာဖြင့် ဖြစ်သင့်၏။ ကိစ္စရပ်များကို မှန်ကန်စွာရှုမြင်တတ်ရန် ပေတရုကို ယေရှုကူညီခဲ့သည့်နည်းတူ လင်ယောက်ျားများလည်း တစ်ခါတစ်ရံ မိမိတို့၏ဇနီးကို ထိုသို့ကူညီရပေမည်။ ဥပမာ၊ ဇနီးဖြစ်သူ၏ဝတ်စားပုံ၊ လက်ဝတ်လက်စားဆင်မြန်းပုံ၊ မိတ်ကပ်ခြယ်သပုံတို့သည် ကျမ်းစာပါ ဣန္ဒြေရှိသည့်ပုံစံနှင့် မကိုက်ညီပါက ပြုပြင်ပြောင်းလဲဖို့လိုကြောင်း ကြင်နာစွာရှင်းပြဖို့ လိုအပ်ပေမည်။—၁ ပေတရု ၃:၃-၅။
လင်ယောက်ျားများ စိတ်ရှည်ခြင်းက အကျိုးရှိ
၁၉၊ ၂၀။ (က) ယေရှု၏တမန်တော်များကြားတွင် အဘယ်ပြဿနာပေါ်ပေါက်ခဲ့သနည်း။ ယင်းကို ယေရှုမည်သို့ဖြေရှင်းခဲ့သနည်း။ (ခ) ယေရှု၏ကြိုးပမ်းမှု မည်မျှအောင်မြင်သနည်း။
၁၉ လင်ယောက်ျားများသည် မိမိတို့၏ပဲ့ပြင်တည့်မတ်မှုကို ဇနီးသည်များ ချက်ချင်းလက်ခံကာ ပြုပြင်ပြောင်းလဲလိမ့်မည်ဟု မမျှော်လင့်သင့်ပေ။ ယေရှုသည် တမန်တော်များ၏သဘောထားကို ပြုပြင်တည့်မတ်ပေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့ရသည်။ ဥပမာ၊ ယေရှု၏ဓမ္မအမှုလုပ်ငန်း ပြီးဆုံးခါနီးတွင် တမန်တော်တို့က မည်သူအကြီးမြတ်ဆုံးဖြစ်ကြောင်း ထပ်မံငြင်းခုံကြသည်။ (မာကု ၉:၃၃-၃၇; ၁၀:၃၅-၄၅) ထိုသို့ဒုတိယအကြိမ်ငြင်းခုံပြီးနောက် မကြာမီ ယေရှုသည် တမန်တော်များနှင့်အတူ ပသခါပွဲကျင်းပရန် စီစဉ်နေသည်။ ထိုအချိန်တွင် နိမ့်ကျသည့်အလုပ်ဖြစ်ပုံရသော ခြေဆေးခြင်းဓလေ့ကို မည်သူမျှ အစပြုလုပ်ဆောင်ခြင်းမရှိပါ။ သို့သော် ယေရှုလုပ်ဆောင်ခဲ့သည်။ ထို့နောက် ကိုယ်တော်က “ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည် ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ” ဟုဆိုလေ၏။—ယောဟန် ၁၃:၂-၁၅။
၂၀ ယေရှုနည်းတူ စိတ်နှိမ့်ချသော လင်ယောက်ျားများသည် ဇနီးဖြစ်သူနှင့် ပူးပေါင်းဆောင်ရွက်ကာ သူ့ကိုကူညီပေးပေမည်။ တစ်ချိန်တည်းတွင် စိတ်ရှည်ဖို့လိုသည်။ ပသခါပွဲကျင်းပသောညတွင်ပင် ယေရှု ခြေဆေးပေးပြီးနောက် မည်သူအကြီးမြတ်ဆုံးဖြစ်ကြောင်း တမန်တော်များ တစ်ဖန်ငြင်းခုံကြလေ၏။ (လုကာ ၂၂:၂၄) ထို့ကြောင့် သဘောထားနှင့်အပြုအမူကို ချက်ချင်းပြောင်းလဲ၍မရနိုင်ပေ။ တဖြည်းဖြည်း အချိန်ယူဖို့လိုသည်။ သို့တိုင် တမန်တော်များ၏ သဘောထားနှင့်အပြုအမူများ ပြောင်းလဲသွားသကဲ့သို့ ယခုလည်းဖြစ်လာပါက အကျိုးရှိလိုက်မည်ဖြစ်ခြင်း!
၂၁။ ယနေ့ ပြဿနာများရင်ဆိုင်ရစဉ် လင်ယောက်ျားများ အဘယ်အရာကို အမှတ်ရရန်နှင့် အဘယ်အရာလုပ်ဆောင်ရန် တိုက်တွန်းခံရသနည်း။
၂၁ ယနေ့ အိမ်ထောင်ရေးသည် ယခင့်ယခင်ကထက် ပြဿနာများပိုကြုံနေရသည်။ လူအများစုသည် အိမ်ထောင်ရေးကတိသစ္စာကို အလေးအနက် မထားကြတော့ပေ။ ယင်းကြောင့် လင်ယောက်ျားများသည် အိမ်ထောင်မင်္ဂလာအစပြုခဲ့ပုံကို ဆင်ခြင်သုံးသပ်ရမည်။ အိမ်ထောင်မင်္ဂလာကို မေတ္တာရှင်ယေဟောဝါ အစပြုစီစဉ်ခဲ့ကြောင်း အမှတ်ရပါ။ ကိုယ်တော်သည် သားတော်ယေရှုကို ကျွန်ုပ်တို့အတွက် ရွေးနုတ်ရှင်၊ ကယ်တင်ရှင်အဖြစ်သာမက လင်ယောက်ျားများတုပရန် ပုံသက်သေအဖြစ်ပါ ပေးခဲ့လေသည်။—မဿဲ ၂၀:၂၈; ယောဟန် ၃:၂၉; ၁ ပေတရု ၂:၂၁။
သင်မည်သို့ဖြေဆိုမည်နည်း
• အိမ်ထောင်မင်္ဂလာကို ဘုရားသခင်အစပြုခဲ့ကြောင်း အသိအမှတ်ပြုရန် အဘယ်ကြောင့်အရေးကြီးသနည်း။
• လင်ယောက်ျားများသည် မိမိတို့ဇနီးကို အဘယ်နည်းများဖြင့် မေတ္တာပြရန် တိုက်တွန်းခံရသနည်း။
• ခရစ်တော်နည်းတူ ဦးစီးသင့်ပုံကို တပည့်များနှင့်ယေရှုဆက်ဆံသည့် အဘယ်ပုံနမူနာများက ဖော်ပြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
မိန်းမများကို ယေရှုပြုမူဆက်ဆံပုံအကြောင်းလင်ယောက်ျားများ အဘယ်ကြောင့် သင်ယူလေ့လာသင့်သနည်း
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
တပည့်များမောပန်းနေသည့်အခါယေရှု ထောက်ထားစာနာမှုပြခဲ့
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
လင်ယောက်ျားများသည် မိမိတို့ဇနီးကိုအကြင်နာမေတ္တာဖြင့် ပဲ့ပြင်တည့်မတ်ပေးသင့်