မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို လုံးဝယုံကြည်ကိုးစားဖို့ သင်ယူခဲ့

ယေဟောဝါကို လုံးဝယုံကြည်ကိုးစားဖို့ သင်ယူခဲ့

ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါကို လုံးဝယုံကြည်ကိုးစားဖို့ သင်ယူခဲ့

အော်ဘရီ ဘက်စ်တာ ပြောပြသည်

၁၉၄၀ ပြည့်နှစ် စနေနေ့တစ်ညနေခင်းမှာ လူနှစ်ယောက် ကျွန်တော့်ကို လဲကျသွားတဲ့အထိ ထိုးနှက်ခဲ့ကြတယ်။ အနားမှာ ရဲနှစ်ယောက်ရပ်နေပေမဲ့ ကျွန်တော့်ကိုကူ ညီမယ့်အစား လှောင်ပြောင်ခဲ့ကြပြီး အနိုင်ကျင့်သူတွေကို ချီးမွမ်းခဲ့ကြတယ်။ ကျွန်တော့်ဘဝမှာ ဒီလိုမညှာမတာပြုမူခံရတဲ့အဖြစ်အပျက်တွေဟာ လွန်ခဲ့တဲ့ငါးနှစ်လောက်ကစခဲ့တယ်၊ အဲ့ဒီတုန်းက ကျွန်တော် ကျောက်မီးသွေးတွင်းမှာ အလုပ်,လုပ်နေတယ်။ ကျွန်တော်ရှင်းပြပါရစေ။

သားလေးယောက်ထဲက တတိယမြောက်ဖြစ်တဲ့ကျွန်တော့်ကို ၁၉၁၃ ခုနှစ်မှာ ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်က ကမ်းရိုးတန်းမြို့ဖြစ်တဲ့ စွမ်းစီးမြို့မှာ မွေးဖွားခဲ့တယ်။ ကျွန်တော်ငါးနှစ်အရွယ်မှာ တစ်မိသားစုလုံး ကြောက်စရာကောင်းတဲ့စပိန်တုပ်ကွေး ကူးစက်ခံခဲ့ရတယ်၊ အဲ့ဒီရောဂါဟာ တစ်ကမ္ဘာလုံးမှာ အသက်ပေါင်း သန်းပေါင်းများစွာကို ခြွေယူခဲ့တယ်။ ဝမ်းသာစရာက ကျွန်တော်တို့အားလုံးလွတ်မြောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အမေဟာ ၁၉၃၃ ခုနှစ်၊ အသက် ၄၇ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲခဲ့ရတယ်။ အမေဟာ ဘာသာတရားကြည်ညိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အစောပိုင်းကတည်းက အမေ့မှာ ယေဟောဝါသက်သေတွေထုတ်ဝေခဲ့တဲ့ ကျမ်းစာလေ့လာဖို့အထောက်အကူပြုအတွဲနှစ်တွဲပါရှိတဲ့ အလင်းစာအုပ် ရှိခဲ့တယ်။

အဲ့ဒီတုန်းက ကျွန်တော် ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်တယ်။ ကျွန်တော့်အလုပ်က ခေတ္တအလုပ်များလိုက်၊ ပါးလိုက်ဖြစ်တဲ့အတွက် စာအုပ်တွေကို အလုပ်လုပ်တဲ့နေရာဆီယူသွားပြီး ဦးထုပ်မှာတပ်ထားတဲ့ကာဘိုက်မီးအလင်းနဲ့ဖတ်ခဲ့တယ်။ မကြာခင်မှာ ကျွန်တော် အမှန်တရားတွေ့ပြီဆိုတာ သိလိုက်တယ်။ သက်သေခံတွေရဲ့ အသံလွှင့်ဌာနကထုတ်လွှင့်တဲ့ ကျမ်းစာဟောပြောချက်တွေကိုလည်း ကျွန်တော်စပြီးနားထောင်ခဲ့တယ်။ အဖေနဲ့ညီအစ်ကိုအားလုံး ကျမ်းစာအမှန်တရားကို စတင်စိတ်ဝင်စားလာကြတဲ့အတွက် ကျွန်တော်ဝမ်းသာခဲ့ရပြန်တယ်။

၁၉၃၅ ခုနှစ်မှာ ညီလေးဘီလီဟာ အဆုတ်ရောင်ရောဂါရပြီး ဆုံးသွားတဲ့အခါ ဝမ်းနည်းခဲ့ရပြန်တယ်။ သူ အသက် ၁၆ နှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က ကျွန်တော်တို့မိသားစုကို နှစ်သိမ့်မှုဖြစ်စေခဲ့တယ်။ (တမန်တော် ၂၄:၁၅) အတန်ကြာတဲ့အခါ အဖေရယ်၊ အစ်ကိုတွေဖြစ်တဲ့ ဗင်နာနဲ့ ဟာရယ်လ်၊ သူတို့ဇနီးသည်တွေဟာ ဘုရားသခင်ထံ အပ်နှံခဲ့ကြတယ်။ ကျွန်တော့်မိသားစုရင်းချာထဲမှာ ကျွန်တော်တစ်ယောက်ပဲကျန်တော့တယ်။ ဗင်နာရဲ့ဒုတိယဇနီး မာဂျရီနဲ့ ဟာရယ်လ်ရဲ့ဇနီး အဲလစ်ဇဘက်တို့ဟာ ဒီနေ့အထိ ယေဟောဝါလုပ်ငန်းတော်မှာအမှုဆောင်နေတုန်းပါပဲ။

ယေဟောဝါကို ယုံကြည်ကိုးစားရန် သင်ယူခြင်း

ယူကရိန်းအမျိုးသမီးတစ်ဦး စက်ဘီးစီးပြီး ကျွန်တော်တို့အိမ်ကိုလာခဲ့တဲ့အချိန် ၁၉၃၅ ခုနှစ်နောက်ပိုင်းကျမှ ယေဟောဝါသက်သေတွေနဲ့ ဦးဆုံးတွေ့ဆုံခဲ့တာဖြစ်တယ်။ နောက်တနင်္ဂနွေနေ့မှာ ခရစ်ယာန်အစည်းအဝေးကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပြီး နောက်အပတ်မှာလယ်ကွင်းအမှုဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ လယ်ကွင်းလုပ်ငန်းအတွက် စည်းဝေးကိုဦးဆောင်တဲ့သက်သေခံက ကျွန်တော့်ကို စာအုပ်ငယ်တချို့ပေးပြီး ကျွန်တော့်ကိုတစ်ယောက်တည်းသွားခိုင်းခဲ့တဲ့အတွက် အံ့သြလိုက်တာ။ ပထမဆုံးအိမ်မှာ ကျွန်တော်ဟာစိုးထိတ်လွန်းလို့ မြေကြီးပွင့်ပြီးကျွန်တော့်ကိုမျိုပစ်လိုက်စေချင်တယ်။ ဒါပေမဲ့ အိမ်ရှင်ကသဘောကောင်းပြီး စာပေကိုတောင်လက်ခံခဲ့တယ်။

ဒေ. ၁၂:၁ နဲ့ မဿဲ ၂၈:၁၉၊ ၂၀ လိုကျမ်းချက်တွေကို ကျွန်တော်အရမ်းသဘောကျခဲ့ပြီး အချိန်ပြည့်ဘုရားသခင့်အမှုဆောင် ဒါမှမဟုတ် ရှေ့ဆောင်တစ်ယောက်ဖြစ်ချင်ခဲ့တယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို အဖေက ထောက်မခဲ့တယ်။ နှစ်ခြင်းမခံရသေးပေမဲ့ ၁၉၃၆၊ ဇူလိုင်လ ၁၅ ရက်နေ့ကို ကျွန်တော် အစပြုမယ့်နေ့စွဲလို့သတ်မှတ်ခဲ့တယ်။ အဲ့ဒီနေ့မှာ ဆစ်ဒနီမှာရှိတဲ့ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို ကျွန်တော်သွားခဲ့တော့ ဆစ်ဒနီဆင်ခြေဖုံးရပ်ကွက်က ဒါးလ်ဝစ်ရှ်တောင်ကုန်းမှာ ရှေ့ဆောင် ၁၂ ယောက်အုပ်စုနဲ့အတူအမှုဆောင်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ သူတို့က ကျွန်တော့်ကို လက်နဲ့လှည့်ပြီးဂျုံကြိတ်တာကို သင်ပေးကြတယ်၊ အဲ့ဒီအချိန်တုန်းက ရှေ့ဆောင်တွေအဲ့ဒီလိုဂျုံမှုန့်လုပ်ကြပြီး အစားအသောက်အတွက် ကုန်ကျငွေသက်သာအောင်လုပ်ခဲ့ကြတယ်။

တောခေါင်ခေါင်အရပ်တွင်ရှေ့ဆောင်ခြင်း

အဲ့ဒီနှစ်နှောင်းပိုင်းမှာ ကျွန်တော်နှစ်ခြင်းခံပြီးနောက် ရှေ့ဆောင်နှစ်ဦးဖြစ်တဲ့ အော်ဘရီဝီးလ်၊ ကလစ်ဗ်ရှိတ်တို့နဲ့အတူ ကွင်းစလန်အလယ်ပိုင်းမှာ တာဝန်ခန့်အပ်ခံခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ပစ္စည်းတွေကတော့ အော်ဘရီရဲ့ဗင်ကား၊ စက်ဘီးတချို့၊ ကျမ်းစာဟောပြောချက်တွေသွင်းထားတဲ့ခရီးဆောင်ဓာတ်ပြားစက်၊ နောက်သုံးနှစ်အထိ ကျွန်တော်တို့အတွက်အိမ်ဖြစ်လာတဲ့တဲရှင်တစ်ခု၊ အိပ်ရာသုံးခု၊ စားပွဲတစ်လုံး၊ ချက်ပြုတ်ဖို့ အိုးတစ်လုံးတို့ ဖြစ်တယ်။ တစ်ညနေခင်းမှာ ချက်ပြုတ်ဖို့ကျွန်တော်အလှည့်ကျတဲ့အခါ ဂျုံမုန့်နဲ့ဟင်းသီးဟင်းရွက်ကို “အထူး” ညစာအဖြစ် ကျွန်တော်ပြင်ဆင်ထားတယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှမစားနိုင်ဘူး။ မြင်းတစ်ကောင် အနားမှာရှိနေလို့ သူ့ကိုကျွေးလိုက်တယ်။ သူလည်းအနံ့ခံပြီး ခေါင်းခါ ထွက်သွားလေရဲ့။ ဒီတင် ကျွန်တော့်ရဲ့အချက်အပြုတ်စမ်းသပ်ရေးဟာ အဆုံးတိုင်သွားတော့တယ်။

အတန်ကြာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရပ်ကွက်ကိုစေ့စေ့ငငအရှိန်မြှင့်အမှုဆောင်နိုင်ဖို့ နယ်မြေကို အပိုင်းသုံးပိုင်း,ပိုင်းလိုက်ပြီး တစ်ယောက်တစ်ပိုင်းစီလုပ်ဆောင်ခဲ့ကြတယ်။ တစ်နေ့တာကုန်ဆုံးတဲ့အခါ တဲရှိတဲ့နေရာကိုပြန်လာဖို့ အလွန်ဝေးတဲ့နေရာမှာ ရောက်နေတတ်တဲ့အတွက် တစ်ခါတလေ အစွန်အဖျားမှာရှိတဲ့ ဧည့်ဝတ်ကျေပွန်ကြတဲ့လူတွေဆီမှာပဲ အိပ်လိုက်တယ်။ တစ်ခါကဆို နွားမွေးမြူရေးခြံရဲ့ဧည့်ခန်းက ဇိမ်ရှိတဲ့ခုတင်ပေါ်မှာ အိပ်ခဲ့ရပြီး နောက်နေ့ညမှာတော့ နံစော်နေတဲ့ သားရေပုံတွေရှိတဲ့ သားပိုက်ကောင်ဖမ်းမုဆိုးတဲရဲ့ ညစ်ပတ်တဲ့ကြမ်းခင်းပေါ်မှာ အိပ်ခဲ့ရတယ်။ တောခေါင်ခေါင်ထဲမှာ မကြာခဏအိပ်ခဲ့ရတယ်။ တစ်ခါက ခပ်လှမ်းလှမ်းလောက်မှာ တောခွေးတွေ ကျွန်တော့်ကိုဝိုင်းထားကြပြီး သူတို့ရဲ့ကြောက်စရာအူသံတွေက အမှောင်ထုကို ဖုံးလွှမ်းထားတယ်။ တစ်ညလုံးအိပ်မပျော်ခဲ့ဘူး၊ နောက်နေ့မှ သူတို့ဟာကျွန်တော့်ကိုမဟုတ်ဘဲ အနားမှာပစ်ထားတဲ့အမဲကလီစာတွေကို စိတ်ဝင်စားကြတယ်ဆိုတာကို သိခဲ့ရတယ်။

အသံချဲ့စက်ကားနှင့် ဟောပြောခြင်း

ကျွန်တော်တို့ ဘုရားသခင့်နိုင်ငံတော်ကြေညာဖို့ အသံချဲ့စက်ကားကို ကောင်းကောင်းအသုံးပြုခဲ့ကြတယ်။ ကွင်းစလန်မြောက်ဘက်အရပ် တောင်းစ်ဗီလ်မြို့မှာ ရဲက မြို့လယ်ခေါင်မှာလုပ်ဆောင်ဖို့ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ အသံသွင်းထားတဲ့ဟောပြောချက်ကိုဖွင့်လိုက်တဲ့အခါ ကယ်တင်ခြင်းတပ်ကအဖွဲ့ဝင်တချို့ဒေါသထွက်ပြီး ကျွန်တော်တို့ကိုထွက်သွားဖို့ပြောကြတယ်။ ကျွန်တော်တို့ငြင်းဆိုတဲ့အခါ သူတို့ထဲကငါးယောက်က ကျွန်တော်တို့ရဲ့ဗင်ကားကို ပြင်းပြင်းထန်ထန်လှုပ်ရမ်းခဲ့ကြတယ်။ အဲ့ဒီတုန်းက ကျွန်တော်ကကားထဲမှာ အသံချဲ့စက်ဖွင့်နေတယ်။ ကျွန်တော်တို့တင်းခံနေရင် ပညာမဲ့ရာရောက်မှာဖြစ်တဲ့အတွက် လူတွေသူတို့ရဲ့လုပ်ရပ်ကို ရပ်လိုက်တဲ့အခါ ကျွန်တော်တို့လည်း အဲ့ဒီကနေထွက်ခဲ့ကြတယ်။

ဘန်ဒါဘာဂ့်မြို့မှာ စိတ်ဝင်စားသူတစ်ယောက်က လှေငှားပေးတဲ့အတွက် မြို့ကိုဖြတ်စီးဆင်းနေတဲ့ဘာနက်မြစ်ထဲကနေ အသံသွင်းထားတဲ့ဟောပြောချက်ကို ထုတ်လွှင့်ပေးနိုင်ခဲ့တယ်။ ငှားထားတဲ့ခန်းမမှာ ကျွန်တော်နေခဲ့ချိန်မှာ အော်ဘရီနဲ့ကလစ်ဗ်တို့က အသံလွှင့်ပစ္စည်းတွေနဲ့အတူ လှေနဲ့ထွက်သွားတယ်။ အဲ့ဒီညမှာ ကျမ်းစာသတင်းတရားကို ထိထိမိမိကြေညာထားတဲ့ ယေဟောဝါသက်သေတွေရဲ့ကမ္ဘာ့ဌာနချုပ်က ဂျိုးဇက် အက်ဖ် ရပ်သဖော့ဒ်ရဲ့ အားမာန်ပါပါသွင်းထားတဲ့အသံဟာ ဘန်ဒါဘာဂ့်တစ်မြို့လုံးကိုဟိန်းသွားခဲ့တယ်။ အဲဒီအချိန်တွေဟာ ဘုရားသခင့်လူမျိုးတွေ တကယ့်ကို ရဲဝံ့ပြီး ယုံကြည်ခြင်းရှိဖို့ လိုတဲ့ စိတ်လှုပ်ရှားဖွယ်အချိန်တွေပါပဲ။

စစ်က စိန်ခေါ်ချက်များ ပို၍ဖြစ်ပေါ်စေ

၁၉၃၉၊ စက်တင်ဘာလမှာ ဒုတိယကမ္ဘာစစ်ကြီးစဖြစ်ခဲ့ပြီးမကြာခင် နိုဝင်ဘာ ၁ ရက်ထုတ်ကင်းမျှော်စင်မှာ နိုင်ငံရေး၊ စစ်ရေးတွေနဲ့ပတ်သက်ပြီး ခရစ်ယာန်ကြားနေခြင်းအကြောင်းနွေးဆွေးချက်တွေ ပါလာတယ်။ နောက်ပိုင်း အဲဒီအချိန်တန်အကြောင်းအရာကို လေ့လာခဲ့ရတဲ့အတွက် ကျွန်တော်ဝမ်းသာမိတယ်။ အဲဒီအချိန်အတောအတွင်းမှာပဲ သုံးနှစ်အတူတူနေခဲ့ကြတဲ့ အော်ဘရီ၊ ကလစ်ဗ်နဲ့ ကျွန်တော်တို့ တာဝန်တွေအသီးသီးရရှိခဲ့ကြတယ်၊ အဲ့ဒါက ကျွန်တော်တို့ကို လမ်းခွဲကြဖို့ဖြစ်စေခဲ့တယ်။ ကျွန်တော်က ကွင်းစလန်မြောက်ဘက်အရပ်မှာ နယ်လှည့်ကြီးကြပ်မှူးအဖြစ်ခန့်အပ်ခံရပြီး ဒီတာဝန်က ယေဟောဝါအပေါ် ကျွန်တော်ရဲ့ယုံကြည်ကိုးစားမှုကို မကြာခဏစမ်းသပ်ခဲ့တယ်။

၁၉၄၀ ပြည့်နှစ် ဩဂုတ်လမှာ တောင်းစ်ဗီလ်အသင်းတော်မှာ ကျွန်တော်အမှုဆောင်ခဲ့ရတယ်၊ အဲ့ဒီအသင်းတော်မှာ ရှေ့ဆောင်လေးယောက်ဖြစ်တဲ့ ပါရ်စီနဲ့ အစ်မာ အစ္စလောဗ်၊ * နော်မာနဲ့ ဗီအက်ထရစ္စ ဘီလိုတီမောင်နှမတို့ရှိကြတယ်။ နောက်ခြောက်နှစ်ကြာတော့ ဗီအက်ထရစ္စက ကျွန်တော့်ဇနီးဖြစ်လာတယ်။ စနေနေ့တစ်ညနေခင်း ကျွန်တော်တို့အုပ်စု လမ်းပေါ်သက်သေခံခြင်းပြီးသွားတဲ့အခါ အစပိုင်းမှာဖော်ပြခဲ့တဲ့တိုက်ခိုက်မှုကိုကြုံခဲ့ရတယ်။ ဒါပေမဲ့ ဒီမတရားမှုက ယေဟောဝါအမှုတော်မှာ ကျွန်တော့်ကိုအားမာန်ရှိစေခဲ့တယ်။

အူးနာနဲ့ မာလီ ခီလ်ပက်ထရစ် ရှေ့ဆောင်ညီအစ်မနှစ်ယောက်ဟာ မြောက်ပိုင်းမှာဇွဲရှိရှိဟောပြောနေကြတယ်။ အမှုဆောင်လုပ်ငန်းမှာ သူတို့နဲ့အတူပျော်ရွှင်စွာပဲအမှုဆောင်ခဲ့တယ်၊ ကျမ်းစာစိတ်ဝင်စားတဲ့မိသားစုတစ်စုအိမ်ကို မြစ်ဖြတ်ပြီးသွားရမှာမို့ လှေလှော်ပေးဖို့ ညီအစ်မနှစ်ယောက်က ကျွန်တော့်ကိုတောင်းဆိုကြတယ်။ တကယ်တော့ တစ်ဖက်ကမ်းမှာရှိတဲ့ ကြိုးချည်ထားတဲ့လှေဆီ ရေကူးသွား၊ လှေကိုပြန်လှော်လာပြီး ညီအစ်မနှစ်ယောက်ကို တစ်ဖက်ကမ်းပြန်ပို့ပေးဖို့ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်လှေဆီရောက်တဲ့အခါ လှော်တက်တွေမရှိဘူး။ အတိုက်အခံလုပ်သူတစ်ယောက်က လှော်တက်တွေကိုဝှက်ထားတယ်ဆိုတာကို နောက်မှသိခဲ့ရတယ်။ ဒါပေမဲ့ သူ့ရဲ့ပရိယာယ်က ကျွန်တော်တို့ကို မတားဆီးနိုင်ခဲ့ပါဘူး။ ကျွန်တော်ဟာ နှစ်ပေါင်းများစွာ သက်စောင့်ကယ်ဆယ်ရေးသမားတစ်ယောက်ဖြစ်ခဲ့ပြီး အထူးကျွမ်းကျင်တဲ့ရေကူးသမားတစ်ယောက်ဖြစ်ဆဲပါ။ ဒါကြောင့် လှေရဲ့တိုင်ချည်ကြိုးကို ခါးမှာပတ်ပြီး လှေကိုဆွဲယူလာပြီးနောက် ညီအစ်မတွေကို အဲ့ဒီလှေနဲ့ပြန်ဆွဲပို့ပေးခဲ့တယ်။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ကြိုးစားမှုကိုကောင်းချီးပေးပါတယ်၊ အချိန်တန်တော့ စိတ်ဝင်စားသူမိသားစုဟာ သက်သေခံတွေဖြစ်လာကြတယ်။

ယေဟောဝါလက်တော်အောက် ကာကွယ်ခံရခြင်း

အင်နစ်ဖေးလ်မြို့အောက်ဘက်လောက်မှာ လုံခြုံရေးအတွက် စစ်တပ်က လမ်းပိတ်ထားတယ်။ ကျွန်တော်ဟာ ကန့်သတ်နယ်မြေအတွင်းနေထိုင်သူအဖြစ် အသိအမှတ်ပြုခံထားရတဲ့အတွက် ဝင်ခွင့်ရထားလို့ အဲ့ဒါက ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးက ကိုယ်စားလှယ်တွေလာလည်ပတ်တဲ့အခါ အရမ်းကိုတန်ဖိုးရှိခဲ့တယ်။ လမ်းပိတ်ထားတဲ့နယ်မြေထဲဝင်နိုင်ဖို့ ကျွန်တော့်ကားရဲ့အနောက်ဘက်ထိုင်ခုံအောက်အကန့်မှာဝှက်ပြီးခေါ်ခဲ့တယ်။

အဲ့ဒီအချိန်တုန်းက ဓာတ်ဆီကို ခွဲတမ်းနဲ့အသုံးပြုရတဲ့အတွက် ကားအတော်များများမှာ ဓာတ်ငွေ့အိုးတပ်ဆင်ထားကြတယ်။ အဲ့ဒီဓာတ်ငွေ့အိုးက ပူပြင်းတဲ့မီးသွေးကနေ အင်ဂျင်စက်အတွက် လောင်စာဓာတ်ငွေ့ထုတ်ပေးတယ်။ ညီအစ်ကို,ကို ဝှက်ထားတဲ့အကန့်ပေါ်မှာ မီးသွေးအိတ်တွေတင်ထားပြီး ညမှ ကျွန်တော်ခရီးသွားတယ်။ လမ်းပိတ်ထားတဲ့နေရာရောက်လို့ ရပ်ခိုင်းရင် အင်ဂျင်စက်ကိုမြန်အောင်လုပ်၊ မီးသွေးအိုးတအားပူအောင်လုပ်ပြီး အစောင့်တွေရဲ့အာရုံ ပြောင်းအောင်လုပ်ခဲ့တယ်။ အဲ့ဒီလိုညမျိုးမှာ “ကျွန်တော့် ကားကိုရပ်လိုက်ရင် ဓာတ်ငွေ့တွေ ကပြောင်းကပြန်ဖြစ်ပြီး စက်ပြန်နှိုးဖို့ခက်လိမ့်မယ်” လို့အစောင့်တွေကို ကျွန်တော်အော်ပြီးပြောခဲ့တယ်။ အပူ၊ ဆူညံသံ၊ ကျပ်ခိုးတွေနဲ့အာရုံပြောင်းအောင်လုပ်လိုက်တဲ့အတွက် အစောင့်တွေက ကားကိုမြန်မြန်ပဲစစ်ဆေးပြီး သွားခိုင်းလိုက်တယ်။

အဲ့ဒီအချိန်တုန်းက တောင်းစ်ဗီလ်မြို့မှာ ဒေသခံသက်သေခံတွေအတွက် စည်းဝေးကြီးစီစဉ်ဖွဲ့စည်းဖို့ တာဝန်ရခဲ့တယ်။ အစားအစာကိုခွဲတမ်းနဲ့ပေးတဲ့အတွက် ကျွန်တော်တို့ လိုနေတာတွေရဖို့ ဒေသခံတရားသူကြီးဆီက ခွင့်ပြုချက်လိုတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ရဲ့ခရစ်ယာန်ညီအစ်ကိုတွေ ကြားနေမှုကြောင့် ထောင်ကျနေကြတယ်။ တရားသူကြီးနဲ့တွေ့ဖို့ ကျွန်တော်အချိန်းအချက်လုပ်တဲ့အခါ “ပညာရှိရာရောက်ပါ့မလား၊ ဒါမှမဟုတ် ကျားမြီးဆွဲရာရောက်နေမလား” ဆိုပြီးတွေးမိတယ်။ ဒါပေမဲ့လည်း ညွှန်ကြားတဲ့အတိုင်း ကျွန်တော်လုပ်ခဲ့တယ်။

ထည်ဝါခန့်ညားတဲ့စားပွဲနောက်မှာထိုင်နေတဲ့တရားသူကြီးက ကျွန်တော့်ကိုထိုင်ဖို့ပြောတယ်။ ကျွန်တော်က လာရင်းအကြောင်းကို ပြောပြတဲ့အခါ သူက မာဆတ်ဆတ်နဲ့ ကျွန်တော့်ကိုစူးစိုက်ကြည့်တယ်။ ပြီးမှ သူ့စိတ်ကိုလျော့လိုက်ပြီး ဒီလိုပြောတယ်– “ခင်ဗျား အစားအစာဘယ်လောက်လိုချင်လို့လဲ။” လိုအပ်တဲ့အနည်းဆုံးပစ္စည်းစာရင်းကို ကျွန်တော်ပြလိုက်တယ်။ သူစစ်ဆေးပြီးနောက် ဒီလိုပြောခဲ့တယ်– “ဒီလောက်နဲ့လုံလောက်ပုံမရဘူး။ ဒါထက်နှစ်ဆ တိုးပေးရမယ်။” သူ့ရုံးခန်းကထွက်လာပြီးနောက် ယေဟောဝါကို အလွန်ပဲကျေးဇူးတင်မိတယ်၊ ကိုယ်တော်ဟာ ကျွန်တော့်ကို ယုံကြည်ကိုးစားခြင်းနဲ့ပတ်သက်တဲ့နောက်ထပ်သင်ခန်းစာ သင်ပေးခဲ့တယ်။

၁၉၄၁၊ ဇန်နဝါရီလမှာ ဩစတြေးလျမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းပိတ်ပင်ခံခဲ့ရတယ်။ လူအတော်များများဟာ ကျွန်တော်တို့ကို မယုံသင်္ကာဖြစ်လာကြပြီး ဂျပန်သူလျှိုတွေလို့တောင် စွပ်စွဲခဲ့ကြတယ်။ တစ်ခါက ရဲနဲ့စစ်သားအပြည့်ပါတဲ့ကားနှစ်စီးဟာ သီးနှံစိုက်ဖို့ ယေဟောဝါသက်သေဌာနခွဲရုံးကဝယ်ထားတဲ့ အက်သာတန်ကုန်းပြင်မြင့်က စိုက်ပျိုးရေးခြံကို စီးနင်းဝင်ရောက်ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ ရန်သူကိုအချက်ပေးဖို့ မီးမောင်းအသုံးပြုနေတယ်လို့သူတို့ထင်ပြီး အဲ့ဒါကို ရှာဖွေဖို့ဖြစ်တယ်။ လေယာဉ်ပျံပေါ်ကနေဖတ်နိုင်အောင် စကားဝှက်သင်္ကေတအဖြစ် ပြောင်းဖူးစိုက်နေတယ်လို့လည်းစွပ်စွဲခံရတယ်။ ဒါပေမဲ့ ဒီစွပ်စွဲချက်အားလုံးဟာ မှားကြောင်းထင်ရှားခဲ့တယ်။

ပိတ်ပင်ထားတဲ့အတွက် စာပေတွေဝေငှတဲ့အခါ ကျွန်တော်တို့သတိထားကြရတယ်။ ဥပမာ၊ ကလေးများ စာအုပ်ထုတ်ဝေတဲ့အခါ ဘရစ္စဘိန်းမြို့ကနေ ကျွန်တော် စာအုပ်ပုံးတစ်ပုံးရခဲ့တယ်၊ ရထားနဲ့မြောက်ဘက်ကိုခရီးထွက်ခဲ့ပြီး အသင်းတော်ရှိတဲ့နေရာတွေမှာ စာအုပ်တွေထားခဲ့ဖို့ဖြစ်တယ်။ ရဲနဲ့စစ်တပ်စစ်ဆေးရေးအရာရှိတွေ စာအုပ်ပုံးကိုဖွင့်စစ်ဆေးချင်စိတ်မရှိအောင် စက်ဝိုင်းပုံလွှပြားတစ်ခုကိုယူသွားပြီး မဆင်းခင် အဲ့ဒါကိုစာအုပ်ပုံးပေါ်မှာ သားရေပြားနဲ့ချည်ထားလိုက်တယ်။ ရိုးရှင်းပေမဲ့ ဒီအစီအစဉ်ဟာအောင်မြင်ခဲ့ပါတယ်။ တရားသူကြီးတစ်ဦးက ပိတ်ပင်ထားခြင်းဟာ “တစ်ဖက်သတ်ဆန်ခြင်း၊ စိတ်ကူးပေါက်ရာပြုလုပ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း” ဖြစ်ကြောင်းပြောခဲ့ပြီး ၁၉၄၃၊ ဇွန်လမှာ ပိတ်ပင်ထားတာကို ဖယ်ရှားလိုက်တဲ့အတွက် ယေဟောဝါလူမျိုးတွေ သက်သာမှုများစွာရခဲ့တယ်။

စစ်မှုထမ်းရန်ဆင့်ခေါ်ခံရခြင်း

ပြီးခဲ့တဲ့နှစ်အတွင်းက အော်ဘရီ ဝီးလ်၊ နော်မာ ဘီလိုတီနဲ့ ကျွန်တော်တို့ဟာ စစ်မှုထမ်းဖို့ဆင့်ခေါ်ခံခဲ့ရတယ်။ အော်ဘရီနဲ့ နော်မာက ကျွန်တော်ထက်အရင် တစ်ပတ်စောပြီးဆင့်ခေါ်ခံရတယ်၊ ခြောက်လထောင်ဒဏ်ချမှတ်ခံခဲ့ရတယ်။ အဲ့ဒီအချိန်မှာ စာတိုက်က သက်သေခံတွေဆီ လိပ်မူထားမှန်းသိရင် ကင်းမျှော်စင်မဂ္ဂဇင်းတွေကို သိမ်းလိုက်ပြီး တခြားနှစ်စဉ်ကြေးသမားတွေရဲ့မဂ္ဂဇင်းကိုတော့မသိမ်းဘူး။ ကျွန်တော်တို့ရဲ့တာဝန်က အဲ့ဒီလူတွေကိုရှာ၊ သူတို့ဆီကမဂ္ဂဇင်းတွေကိုမိတ္တူကူးပြီး သက်သေခံတွေဆီဖြန့်ဝေပေးခဲ့တယ်။ ဒီနည်းနဲ့ ဘုရားသခင်ပြင်ဆင်ပေးတဲ့ပုံဆောင်အစာကို ကျွန်တော်တို့မှန်မှန်ရရှိခဲ့ကြတယ်။

မျှော်လင့်ထားတဲ့အတိုင်း ကျွန်တော့်ကိုခြောက်လပြစ်ဒဏ်ချမှတ်လိုက်တဲ့အခါ ဆစ်ဒနီဌာနခွဲရုံးက ညွှန်ကြားတဲ့အတိုင်း ချက်ချင်းပဲအယူခံဝင်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ အလုပ်ကိုကြည့်ရှုဖို့ တစ်ဦးတစ်ယောက်ကိုခန့်အပ်နိုင်တဲ့အထိ အချိန်ဆွဲထားဖို့ဖြစ်တယ်။ ကွင်းစလန်မြောက်ဘက်အရပ်မှာ ထောင်ကျနေတဲ့ သက်သေခံညီအစ်ကို ၂၁ ယောက်ထဲက တချို့ဆီလည်ပတ်ဖို့ ကျွန်တော့်လွတ်လပ်မှုကို အခွင့်အရေးယူအသုံးပြုခဲ့တယ်။ ညီအစ်ကိုအများစုဟာ အကျဉ်းထောင်တစ်ခုတည်းမှာအတူထောင်ကျခံရပြီး အဲ့ဒီမှာရှိတဲ့အစောင့်က ကျွန်တော်တို့ကိုမုန်းတယ်။ တခြားဘာသာကတရားဟောဆရာတွေကျတော့ သူတို့လူတွေဆီကိုလည်ပတ်နိုင်တဲ့အကြောင်း ကျွန်တော်ပြောလိုက်တဲ့အခါ သူ ဒေါသထွက်လာတယ်။ “ငါ့မှာအာဏာသာရှိရင် ယေဟောဝါသက်သေအားလုံးကို တန်းစီပြီး ပစ်သတ်လိုက်မယ်” ဆိုပြီးသူအော်ဟစ်ခဲ့တယ်။ အစောင့်တွေဟာ ကျွန်တော့်ကို မြန်မြန်ပဲခေါ်ထုတ်သွားတယ်။

ကျွန်တော့်ရဲ့အယူခံဝင်တာကိုနားထောင်ဖို့အချိန်ရောက်လာတဲ့အခါ အစိုးရရှေ့နေတစ်ဦး ကျွန်တော့်ကိုပေးထားပေမဲ့ အမှုကို ကျွန်တော်ကိုယ်တိုင်ပဲဖြေရှင်းခဲ့တာဖြစ်တယ်၊ အဲ့ဒါက ယေဟောဝါအပေါ် လုံးလုံးအားကိုးဖို့ဖြစ်စေခဲ့တယ်။ ကိုယ်တော်ဟာ ကျွန်တော့်ကိုစိတ်မပျက်စေခဲ့ပါဘူး။ (လုကာ ၁၂:၁၁၊ ၁၂; ဖိလိပ္ပိ ၄:၆၊ ၇) အံ့သြစွာပဲ အယူခံဝင်တာအောင်မြင်ခဲ့တယ်၊ ဘာကြောင့်လည်းဆိုတော့ စာရေးက စာရွက်ကိုဖြည့်တဲ့အခါ အမှားတချို့ဖြည့်မိတဲ့အတွက်ဖြစ်တယ်။

၁၉၄၄ ခုနှစ်မှာ ဩစတြေးလျတောင်ပိုင်း၊ ဗစ်တိုးရီးယားမြောက်ပိုင်းနဲ့ နယူးဆောက်ဝေးလ်ရဲ့မြို့ဆစ်ဒနီ အားလုံးကိုလည်ပတ်ဖို့ ကြီးမားတဲ့တိုက်နယ်တစ်ခုမှာ တာဝန်ခန့်အပ်ခံခဲ့ရတယ်။ နောက်နှစ်မှာ ကမ္ဘာတစ်ဝန်း လူထုဟောပြောပွဲကင်ပိန်းကိုစခဲ့ပြီး ဟောပြောသူတစ်ယောက်စီဟာ ပြင်ဆင်ပေးထားတဲ့ စာမျက်နှာတစ်မျက်နှာသာရှိတဲ့အောက်လိုင်းကိုအခြေခံပြီး ဟောပြောချက်ကိုပြင်ဆင်ခဲ့ရတယ်။ တစ်နာရီကြာဟောပြောချက်ပေးရတာဟာ စိန်ခေါ်ချက်အသစ်ဖြစ်ပေမဲ့ ယေဟောဝါကိုလုံးဝယုံကြည်ကိုးစားပြီးလုပ်ဆောင်ခဲ့ကြတယ်၊ ကျွန်တော်တို့ရဲ့ကြိုးစားလုပ်ဆောင်မှုကို ကိုယ်တော်ကောင်းချီးပေးခဲ့ပါတယ်။

အိမ်ထောင်ပြုခြင်းနှင့် တာဝန်သစ်များ

၁၉၄၆၊ ဇူလိုင်လမှာ ဗီအက်ထရစ္စ ဘီလိုတီနဲ့လက်ထပ်ခဲ့ပြီး ရှေ့ဆောင်တွေအနေနဲ့ ကျွန်တော်တို့အတူတကွ အမှုဆောင်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့အိမ်ကတော့ အထပ်သားနောက်တွဲလူနေယာဉ်ပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့တစ်ဦးတည်းသောကလေးဖြစ်တဲ့ သမီးလေးဂျဲနက်စ် (ဂျဲန်) ကို ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလမှာမွေးခဲ့တယ်။ နယူးဆောက်ဝေးလ်ပြည်နယ်က ကဲမ်စီမြို့အပါအဝင် နေရာအတော်များများမှာ ရှေ့ဆောင်လုပ်ခဲ့ကြတယ်၊ ကဲမ်စီမြို့မှာ သက်သေခံဆိုလို့ ကျွန်တော်တို့ပဲရှိတယ်။ တနင်္ဂနွေနေ့တိုင်း ဒေသခံမြို့တော်ခန်းမကို ကျွန်တော်တို့သွားခဲ့ကြပြီး လက်ကမ်းဝေစာနဲ့ကျွန်တော်တို့ကြော်ငြာခဲ့တဲ့ လူထုဟောပြောချက်ပေးဖို့ ကျွန်တော်အသင့်ရှိခဲ့တယ်။ လအနည်းငယ်အထိတော့ ကျွန်တော်ရဲ့ပရိသတ်က ဗီအက်ထရစ္စနဲ့ သမီးလေးဂျဲန်ပဲဖြစ်တယ်။ ဒါပေမဲ့ မကြာခင်မှာ တခြားသူတွေ စပြီးတဖြည်းဖြည်းချင်းလာရောက်နားထောင်ကြတယ်။ ဒီကနေ့ဆို ကဲမ်စီမြို့မှာ တိုးတက်နေတဲ့အသင်းတော်နှစ်ခုရှိနေပြီ။

ဂျဲန် အသက်နှစ်နှစ်မှာ ကျွန်တော်တို့ ဘရစ္စဘိန်းမှာအခြေချနေထိုင်ခဲ့တယ်။ သမီးလေးကျောင်းပြီးသွားတဲ့အခါ နယူးဆောက်ဝေးလ်ပြည်နယ်၊ စက်စ်နို့ခ်မြို့မှာ ကျွန်တော်တို့မိသားစုလိုက် လေးနှစ်ကြာရှေ့ဆောင်လုပ်ခဲ့ကြပြီးနောက် ဗီအက်ထရစ္စရဲ့မကျန်းမာတဲ့မိခင်ကို စောင့်ရှောက်ဖို့ ဘရစ္စဘိန်းကိုပြန်လာခဲ့ကြတယ်။ အခုအချိန်မှာ ချဲမ်ဆိုက်အသင်းတော်မှာ အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်ခွင့်ရရှိနေပါတယ်။

ဗီအက်ထရစ္စနဲ့ကျွန်တော်ဟာ လူပေါင်း ၃၂ ယောက် ယေဟောဝါကို သိလာအောင် ကူညီပေးခဲ့ရတဲ့အခွင့်အရေးအပါအဝင် ကိုယ်တော်ထံက မရေမတွက်နိုင်တဲ့ကောင်းချီးတွေအတွက် ကိုယ်တော်ကိုကျေးဇူးတင်မိပါတယ်။ နူးညံ့သိမ်မွေ့ပေမဲ့ ကျမ်းစာအမှန်တရားအတွက်ဆိုရင် ရဲရဲဝံ့ဝံ့လုပ်ဆောင်တတ်တဲ့ ချစ်ဇနီးအတွက် ယေဟောဝါကို ကျွန်တော်ကျေးဇူးတင်မိပါတယ်။ သူ့ရဲ့ဘုရားသခင်ကိုချစ်တဲ့စိတ်၊ ကိုယ်တော်အပေါ်ယုံကြည်ကိုးစားတဲ့စိတ်နဲ့ ‘ရိုးရှင်း’ တဲ့မျက်စိက သူ့ကိုအလွန်တော်တဲ့ဇနီးနဲ့မိခင် ဖြစ်စေခဲ့ပါတယ်။ (မဿဲ ၆:၂၂၊ ၂၃; သု. ၁၂:၄) သူနဲ့အတူကျွန်တော်ဟာ စိတ်နှလုံးအကြွင်းမဲ့ ဒီလိုပြောနိုင်ပါတယ်– ‘ထာဝရဘုရားသခင်ကိုကိုးစားသောသူ၊ ထာဝရဘုရားသခင်ကို မိမိကိုးစားရာအကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။’—⁠ယေရမိ ၁၇:၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 19 ပါရ်စီ အစ္စလောဗ်၏ဘဝအတ္ထုပ္ပတ္တိကို ၁၉၈၁၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် [အင်္ဂလိပ်] တွင်တွေ့နိုင်သည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကွင်းစလန်မြောက်ဘက်အရပ်တွင် ဤအသံချဲ့စက်ကားကို ကျွန်တော်တို့အသုံးပြုခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကွင်းစလန်မြောက်ဘက်အရပ် မိုးတွင်း၌ ခီလ်ပက်ထရစ် ညီအစ်မများ၏ကားကို ကူတွန်းပေး

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကျွန်တော်တို့လက်ထပ်သည့်နေ့