သင့်ယုံကြည်ခြင်းကို ခုခံကာကွယ်ရန် အသင့်ရှိပါသလော
သင့်ယုံကြည်ခြင်းကို ခုခံကာကွယ်ရန် အသင့်ရှိပါသလော
သင့်ယုံကြည်ခြင်းကို ခုခံကာကွယ်ရန်လိုအပ်လာသည့် အခြေအနေကို ကြုံဖူးပါသလော။ ပါရာဂွေးမှ ၁၆ နှစ်အရွယ် ညီအစ်မစူစန်နာ၏အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူ၏အထက်တန်းကျောင်းတွင် အတန်းချိန်တစ်ချိန်၌ ယေဟောဝါသက်သေများသည် “ဓမ္မဟောင်းကျမ်း၊” ယေရှုခရစ် သို့မဟုတ် မာရိ ကိုလက်မခံကြောင်း ဝေဖန်ကြသည်။ အချို့သောသူများကလည်း သက်သေခံများသည် ဆေးကုသမှုကိုလက်မခံဘဲ အသေခံကြသည့် တစ်ယူသန်သမားများဟု အခိုင်အမာပြောဆိုကြသည်။ သင်ဘာလုပ်မည်နည်း။
စူစန်နာသည် ယေဟောဝါထံဆုတောင်းပြီးနောက် လက်ထောင်လိုက်သည်။ မကြာခင် အတန်းဆင်းတော့မည်ဖြစ်သောကြောင့် ယေဟောဝါသက်သေတစ်ဦးအနေနှင့် သူ၏ယုံကြည်ချက်များအကြောင်း တင်ဆက်မှုတစ်ခု ပြုလုပ်ခွင့်ပေးပါရန် ဆရာမအားတောင်းဆိုခဲ့သည်။ ဆရာမက အလွယ်တကူပင် သဘောတူလိုက်သည်။ နောက်နှစ်ပတ်အတွင်း အတန်းကိုဟောပြောရန်အတွက် စူစန်နာသည် ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း။ သူတို့ဘာကိုယုံကြည်ကြသနည်း အမည်ရှိဘရိုရှာကိုအသုံးပြုကာ ပြင်ဆင်ခဲ့သည်။
တင်ဆက်ရမည့်နေ့ ရောက်လာသည်။ ယေဟောဝါသက်သေများဟု အဘယ်ကြောင့်ခေါ်ကြောင်း စူစန်နာရှင်းပြခဲ့သည်။ သွေးသွင်းခြင်းကို အဘယ်ကြောင့်လက်မခံကြောင်းနှင့် အနာဂတ်မျှော်လင့်ချက်အကြောင်းကိုလည်း ရှင်းပြခဲ့သည်။ ထို့နောက် သူသည် မေးခွန်းများမေးရန် အတန်းအား ဖိတ်ခေါ်လိုက်သည်။ ကျောင်းသားအများစု လက်ထောင်ကြသည်။ မိန်းမငယ်လေးသည် မေးခွန်းများကို ကျမ်းစာမှဖြေဆိုပုံကို ဆရာမကြားရသည့်အခါ စွဲမှတ်သွားခဲ့သည်။
ကျောင်းသားတစ်ယောက် ဤသို့မှတ်ချက်ပေးခဲ့သည်– “ဘုရားသခင့်နိုင်ငံတော်ခန်းမကို တစ်ကြိမ်ရောက်ခဲ့ဖူးတယ်၊ ရုပ်ပုံတွေမရှိဘူး။” အဘယ်ကြောင့်မရှိသည်ကို ဆရာမသိချင်ခဲ့သည်။ စူစန်နာသည် ဆာလံ ၁၁၅:၄-၈ နှင့် ထွက်မြောက်ရာ ၂၀:၄ ကိုဖတ်ပြသည်။ ဆရာမအံ့ဩသွားပြီး ဤသို့ပြောခဲ့သည်– “ကျမ်းစာက ဘာသာရေးဆိုင်ရာရုပ်ပုံတွေအသုံးပြုတာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောထားရက်နဲ့ ငါတို့ချာ့ခ်ျမှာ ရုပ်ပုံတွေနဲ့ပြည့်နေတာ ဘယ်လိုဖြစ်တာလဲ။”
မေးဖြေဆွေးနွေးခန်းသည် မိနစ် ၄၀ အထိကြာသွားခဲ့သည်။ စူစန်နာသည် အတန်းအား သွေးအလိုမရှိ—စိန်ခေါ်ချက်ကို ဆေးဝါးရင်ဆိုင် ဗီဒီယိုကြည့်လိုပါသလောဟု မေးသောအခါ အားလုံးက ကြည့်မည်ဟုပြန်ဖြေခဲ့ကြသည်။ ထို့ကြောင့် ဆရာမသည် နောက်နေ့တွင် ဆွေးနွေးခန်းကို ဆက်လုပ်ရန် စီစဉ်ခဲ့သည်။ ဗီဒီယိုကြည့်ပြီးနောက် စူစန်နာသည် ယေဟောဝါသက်သေအချို့လက်ခံသည့် သွေးအစားထိုးကုသနည်းများကို ရှင်းပြခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဆရာမက ဤသို့မှတ်ချက်ချသည်– “အစားထိုးကုသနည်းတွေအများကြီးရှိတယ်ဆိုတာ ငါမသိသလို သွေးမသုံးဘဲကုသခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း ငါမသိခဲ့ဘူး။ ဒီကုသနည်းတွေဟာ ယေဟောဝါသက်သေတွေအတွက်ပဲလား။” ထိုသို့မဟုတ်ကြောင်း ဆရာမကြားရသောအခါ ဤသို့ပြောခဲ့သည်– “နောက်တစ်ကြမ် ယေဟောဝါသက်သေတွေ ငါ့ဆီလာတဲ့အခါ သူတို့နဲ့အတူ စကားစမြည်ပြောတော့မယ်။”
စူစန်နာသည် မိနစ် ၂၀ ကြာမည့်ဆွေးနွေးခန်းအတွက် ပြင်ဆင်ခဲ့ရာ ဆွေးနွေးခန်းသည် သုံးနာရီကြာခဲ့သည်။ နောက်တစ်ပတ်အကြာတွင် အခြား
ကျောင်းသားများသည် ချာ့ခ်ျအသင်းသားများအနေနှင့် ၎င်းတို့၏ယုံကြည်ချက်များကို တင်ပြကြသည်။ နိဂုံးပိုင်းတွင် မေးခွန်းများစွာ မေးခဲ့ကြသော်လည်း ကျောင်းသားများသည် ၎င်းတို့၏ယုံကြည်ချက်ကို မခုခံမကာကွယ်နိုင်ခဲ့ပါ။ ဆရာမက ထိုသူတို့အား ဤသို့မေးခဲ့သည်– “ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ မင်းတို့ရဲ့အတန်းဖော်က လုပ်နိုင်ခဲ့ပေမဲ့ မင်းတို့ကတော့ မင်းတို့ရဲ့ယုံကြည်ခြင်းကို ဘာကြောင့် မကာကွယ်နိုင်တာလဲ။”ပြန်ဖြေဆိုပုံမှာ ဤသို့ဖြစ်သည်– “သူတို့က ကျမ်းစာကို တကယ်လေ့လာတာ။ ကျွန်တော်တို့က အဲဒီလိုမှ မလုပ်တာ။”
စူစန်နာဘက်သို့လှည့်ကာ ဆရာမက ဤသို့ပြောခဲ့သည်– “မင်းက ကျမ်းစာကို တကယ်လေ့လာပြီး ကျမ်းစာပြောတဲ့အတိုင်းလုပ်ဖို့ ကြိုးစားတယ်။ မင်းကတော့ ချီးကျူးခံထိုက်ပါတယ်။”
စူစန်နာ တိတ်ဆိတ်စွာနေခဲ့သည်။ သို့သော် သူ့အတန်းရှိ အခြားသူများ၏ နားလည်မှုလွဲရာများကို မှန်ကန်အောင်ရှင်းပြခြင်းအားဖြင့် ရှုရိပြည်သို့ ကျွန်သပေါက်အဖြစ် ခေါ်ဆောင်ခံခဲ့ရသော နာမည်ဖော်ပြမထားသည့် ဣသရေလမိန်းကလေးတစ်ဦး၏ ကောင်းမွန်လှသော ပုံသက်သေကို လိုက်လျှောက်ခဲ့သည်။ ထိုမိန်းမငယ်လေးသည် ရွံရှာဖွယ်အရေပြားရောဂါရှိသည့် ရှုရိဗိုလ်ချုပ်နေမန်၏ အိမ်သားတစ်ဦးဖြစ်လာခဲ့သည်။ “ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသောနူနာကို ပျောက်စေလိမ့်မည်” ဟု ဣသရေလမိန်းကလေးက မိမိသခင်မအားပြောခဲ့သည်။ မိန်းကလေးသည် စစ်မှန်သောဘုရားသခင်နှင့်ပတ်သက်၍ သက်သေခံရန် လိုအပ်သည်ဟု ခံစားခဲ့ရသည်။ ယင်းကြောင့် သူ၏သခင်နေမန်သည် ယေဟောဝါကို ဝတ်ပြုသူတစ်ဦးဖြစ်လာခဲ့သည်။—၄ ရာ. ၅:၃၊ ၁၇။
အလားတူပင်၊ စူစန်နာလည်း ယေဟောဝါနှင့် ကိုယ်တော်၏လူမျိုးအကြောင်း သက်သေခံရန် လိုအပ်သည်ဟု ခံစားခဲ့ရသည်။ သူ၏ယုံကြည်ချက်များအတွက် မေးခွန်းထုတ်ခံရသောအခါ မိမိယုံကြည်ခြင်းဘက်မှ ခုခံကာကွယ်ပြောဆိုခဲ့ကာ ဤကျမ်းပေးအမိန့်ကို စူစန်နာလိုက်နာခဲ့သည်– “စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။” (၁ ပေ. ၃:၁၅) သင့်ယုံကြည်ခြင်းကို ခုခံကာကွယ်ရန်နှင့် အစပြုလုပ်ဆောင်ရန် အခွင့်အလမ်းပေါ်လာသောအခါ အသင့်ရှိနေပါသလော။
[စာမျက်နှာ ၁၇ ပါပုံ]
ဤကိရိယာများသည် သင့်ယုံကြည်ခြင်းကို ခုခံ ကာကွယ်ရန် ကူညီပေးနိုင်