မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေးခေတ် ကျူနီဖောင်း နှင့်သမ္မာကျမ်းစာ

ရှေးခေတ် ကျူနီဖောင်း နှင့်သမ္မာကျမ်းစာ

ရှေးခေတ် ကျူနီဖောင်း နှင့်သမ္မာကျမ်းစာ

ဗာဗုလုန်တွင် လူ့ဘာသာစကား ရှုပ်ထွေးခဲ့ပြီးနောက် ကွဲပြားသောအရေးအသားစနစ်များ တိုးတက်ဖြစ်ပေါ်လာခဲ့သည်။ ဆူမီရီယန်နှင့် ဗာဗုလုန်လူမျိုးကဲ့သို့သော မက်ဆိုပိုတေးမီးယားတွင် နေထိုင်သူတို့သည် ကျူနီဖောင်းကို အသုံးပြုခဲ့ကြသည်။ ယင်းစကားလုံးသည် “သပ်ပုံသဏ္ဌာန်” ဟုအဓိပ္ပာယ်ရှိသော လက်တင်စကားမှဆင်းသက်လာပြီး ရွှံ့စိုတွင်အမှတ်အသားများထင်ကျန်ရန် ကညစ်တံကိုအသုံးပြုရေးသားသည့် တြိဂံပုံအမှတ်အသားကို ရည်ညွှန်းသည်။

ရှေးဟောင်းသုတေသနပညာရှင်များသည် ကျမ်းစာတွင်ဖော်ပြသည့်လူတို့နှင့် အဖြစ်အပျက်များကို ဆွေးနွေးထားသော ကျူနီဖောင်းစာများကို တူးဖော်တွေ့ရှိခဲ့ကြသည်။ ဤရှေးခေတ်အရေးအသားစနစ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်အရာသိရသနည်း။ ထိုသို့သောစာများက သမ္မာကျမ်းစာအပေါ်ယုံကြည်အားထားနိုင်မှုနှင့်ပတ်သက်၍ အဘယ်သက်သေသာဓကကို ပေးသနည်း။

တာရှည်ခံသောမှတ်တမ်းများ

အစပိုင်း၌ မက်ဆိုပိုတေးမီးယားတွင် အသုံးပြုခဲ့သောအရေးအသားစနစ်သည် ရုပ်ပုံသင်္ကေတဖြစ်ခဲ့ပြီး စကားလုံးတစ်လုံး သို့မဟုတ် အယူအဆတစ်ခုကို သင်္ကေတ သို့မဟုတ် ရုပ်ပုံဖြင့်ဖော်ပြသည်ဟု ပညာရှင်များယုံကြည်ကြသည်။ ဥပမာ၊ နွားထီးအတွက်သင်္ကေတသည် မူလတွင် နွားထီးတစ်ကောင်၏ခေါင်းနှင့်တူသည်။ မှတ်တမ်းထားရှိရန် ပိုမိုလိုအပ်လာသည်နှင့်အမျှ ကျူနီဖောင်းအရေးအသား တိုးတက်လာခဲ့သည်။ “ယခုတွင် သင်္ကေတများသည် စကားလုံးများကိုသာမဟုတ်ဘဲ အသံထွက်များကိုပါဖော်ပြနိုင်သည်၊ စကားလုံးတစ်လုံး၏အသံထွက်များကို ဖော်ပြရန် ယင်းသင်္ကေတများစွာကို ပေါင်းစပ်နိုင်သည်” ဟူ၍ရှေးဟောင်းသုတေသနဆိုင်ရာ ကျမ်းတစ်စောင် (Niv Archaeological Study Bible) ကရှင်းပြသည်။ နောက်ဆုံးတွင် ကွဲပြားသောသင်္ကေတ ၂၀၀ ခန့်က ကျူနီဖောင်းဖြင့် “ရှုပ်ထွေးသောဝေါဟာရနှင့် သဒ္ဒါဆိုင်ရာဘာသာစကားကို ဖော်ပြစေနိုင်သည်။”

ဘီစီ ၂,၀၀၀ ခန့်ဖြစ်သော အာဗြဟံအချိန်တွင် ကျူနီဖောင်းသည် ကောင်းစွာပေါ်ပေါက်နေပြီဖြစ်သည်။ နောက်ပိုင်းရာစု ၂၀ အတွင်း ဘာသာစကား ၁၅ ခုခန့်က ယင်းလက်ရေးစာကို တုပခဲ့ကြသည်။ တွေ့ရှိခဲ့သောကျူနီဖောင်းစာများ၏ ၉၉ ရာခိုင်နှုန်းကျော်သည် ရွှံ့ချပ်ပြားများပေါ်တွင် ရေးခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောအနှစ် ၁၅၀ ကျော်တွင် ထိုသို့သောရွှံ့ချပ်ပြားအမြောက်အမြားကို ဥရ၊ ဧရက်၊ ဗာဗုလုန်၊ နိမ်ရောဒ၊ နစ်ပူရ်၊ အာရှာ၊ နိနေဝေ၊ မာရီ၊ အက်ဘ်လာ၊ ဥဂရစ်နှင့် အာမာနာတို့တွင် တွေ့ရှိခဲ့သည်။ စာအုပ်တစ်အုပ် (Archaeology Odyssey) က ဤသို့ဖော်ပြသည်– “ကျူနီဖောင်း ရွှံ့ချပ်ပြားတစ်သန်း၊ နှစ်သန်းခန့် တူးဖော်ခဲ့ပြီးဖြစ်ကြောင်းနှင့် နောက်ထပ် ၂၅,၀၀၀ သို့မဟုတ် ထိုမျှလောက်ကို နှစ်စဉ်တွေ့ရှိရကြောင်း ကျွမ်းကျင်သူများ ခန့်မှန်းကြသည်။”

ကမ္ဘာတစ်ဝန်းရှိ ကျူနီဖောင်းပညာရှင်များသည် များပြားပြီးခက်ခဲသောဘာသာပြန်လုပ်ငန်းကို လုပ်ဆောင်ကြသည်။ ခန့်မှန်းချက်တစ်ခုအရ “ရှိနေသောကျူနီဖောင်းစာများ၏ ၁/၁၀ ခန့်သာ မျက်မှောက်ခေတ်တွင် တစ်ကြိမ်မျှသာ ဖတ်ရသေးသည်။”

ကျူနီဖောင်းအရေးအသားတွင် နှစ်ဘာသာ၊ သုံးဘာသာစကားဖြင့်ရေးသောစာသားများကို ရှာဖွေတွေ့ရှိခြင်းသည် ကျူနီဖောင်းအဓိပ္ပာယ်ဖော်ခြင်းအတွက် သော့ချက်ဖြစ်သည်။ ယင်းမှတ်တမ်းမှတ်ရာများတွင် တူညီသောစာသားကို ကျူနီဖောင်းစာအားလုံးဖြင့်ရေးထားသည့် ခြားနားသောဘာသာစကားများပါဝင်ကြောင်း ပညာရှင်များ သတိပြုမိခဲ့ကြသည်။ ဤအဓိပ္ပာယ်ဖော်ခြင်းလုပ်ငန်းစဉ်ကို ထောက်ကူပေးခဲ့သည့်အရာမှာ အမည်များ၊ ဘွဲ့အမည်များ၊ အုပ်စိုးရှင်များ၏ဆွေစဉ်မျိုးဆက်များနှင့် ထပ်တလဲလဲပါတတ်သော မိမိကိုယ်ကိုချီးမြှောက်သည့် အသုံးအနှုန်းများကိုပင် သဘောပေါက်နားလည်ခြင်းကြောင့်ဖြစ်သည်။

၁၈၅၀ ပြည့်လွန်နှစ်များတွင် ကျူနီဖောင်းတွင်ပါသော ရှေးခေတ်အရှေ့အလယ်ပိုင်းဒေသလူတို့၊ အကေးဒီးယန်းတို့ သို့မဟုတ် အာဆီရို-ဘေဘီလုံးနီယန်တို့၏အများသုံးဘာသာစကားကို ပညာရှင်များဖတ်နိုင်ကြသည်။ ဗြိတဲန်နီကာစွယ်စုံကျမ်းက ဤသို့ရှင်းပြသည်– “အကေးဒီးယန်းစာကို အဓိပ္ပာယ်ဖော်နိုင်သည်နှင့် အဓိကဖွဲ့စည်းပုံနည်းစနစ်ကို နားလည်ခဲ့ပြီး ယင်းက ကျူနီဖောင်းပါ အခြားဘာသာစကားများကို အဓိပ္ပာယ်ကောက်ယူရာတွင် ပုံစံကိုရရှိစေသည်။” ယင်းအရေးအသားများသည် သမ္မာကျမ်းစာနှင့် မည်သို့ပတ်သက်ဆက်နွှယ်မှုရှိသနည်း။

သမ္မာကျမ်းစာနှင့်ညီညွတ်သော သက်သေသာဓက

ယေရုရှလင်မြို့ကို ဘီစီ ၁၀၇၀ ခန့်တွင် ဒါဝိဒ်သိမ်းပိုက်ခဲ့ပြီး ယင်းမတိုင်မီတွင် ခါနာန်ပြည့်ရှင်မင်းများအုပ်စိုးခဲ့ကြောင်း ကျမ်းစာက ဖော်ပြသည်။ (ယောရှု ၁၀:၁; ၂ ရာ. ၅:၄-၉) သို့သော် ယင်းကို အချို့ပညာရှင်များသံသယဖြစ်ခဲ့ကြသည်။ သို့သော် ၁၈၈၇ ခုနှစ်တွင် အီဂျစ်နိုင်ငံ၊ အာမာနာ၌ ရွှံ့ချပ်ပြားတစ်ချပ်ကို ကျေးတောသူအမျိုးသမီးတစ်ဦး တွေ့ရှိခဲ့သည်။ နောက်ဆုံးတွင် ပညာရှင်များသည် ထိုနေရာမှတွေ့ရှိသော စာသားပေါင်း ၃၈၀ ခန့်ကိုဘာသာပြန်ဆိုခဲ့ပြီးနောက် ယင်းတို့သည် အီဂျစ်အုပ်စိုးရှင်များ (အမဲန်ဟိုတက်ပ် ၃ နှင့်အက်ခင်နာတွန်) နှင့် ခါနာန်နိုင်ငံများစပ်ကြားတွင် သံတမန်ရေးရာစာများဖြစ်ကြောင်း သိခဲ့ကြသည်။ စာခြောက်စောင်မှာ ယေရုရှလင်ကိုအုပ်စိုးသော ‘အဗ်ဒီဟီဘာမင်း’ ထံမှစာများဖြစ်သည်။

ကျမ်းဆိုင်ရာရှေးဟောင်းသုတေသနသုံးသပ်ချက် (Biblical Archaeology Review) ဂျာနယ်က ဤသို့ဖော်ပြသည်– “အာမာနာရွှံ့ချပ်ပြားများက ယေရုရှလင်ကို ခြံမြေအဖြစ်မဟုတ်ဘဲ မြို့တစ်မြို့အဖြစ်လည်းကောင်း၊ အဗ်ဒီဟီဘာမင်း၏ရာထူးကို . . . မြို့စောင့်တပ်အီဂျစ်စစ်သား ၅၀ ဖြင့် ယေရုရှလင်တွင် နေထိုင်သောဘုရင်ခံတစ်ဦးအဖြစ်လည်းကောင်း ရှင်းရှင်းလင်းလင်းရည်ညွှန်းထားခြင်းက ယေရုရှလင်ကို တောင်ပေါ်ဒေသနိုင်ငံငယ်တစ်ခုအဖြစ် ယူမှတ်စေသည်။” ထိုဂျာနယ်ကပင် နောက်ပိုင်းတွင် ဤသို့ဖော်ပြသည်– “အာမာနာစာများကိုအခြေခံ၍ ယင်းမြို့သည် ထိုအချိန်က အရေးပါသောမြို့တစ်မြို့ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပေမည်။”

အာရှုရိနှင့် ဗာဗုလုန်လူတို့၏ မှတ်တမ်းများပါ အမည်များ

အာရှုရိတို့နှင့် နောက်ပိုင်းတွင် ဗာဗုလုန်လူတို့သည် ရွှံ့ချပ်ပြားများအပြင် ထုလုံးရှည်များ၊ ပရစ်ဇမ်ထုပုံများနှင့် အထိမ်းအမှတ်များပေါ်တွင် ၎င်းတို့၏ရာဇဝင်ကို ရေးခဲ့ကြသည်။ ထို့ကြောင့် အကေးဒီးယန်းကျူနီဖောင်းကို ပညာရှင်များအဓိပ္ပာယ်ဖော်ကြသောအခါ ကျမ်းစာတွင် ပါရှိသောလူတို့၏အမည်ကိုလည်း စာသားများကဖော်ပြထားကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။

စာအုပ်တစ်အုပ် (The Bible in the British Museum) တွင်ဤသို့ဖော်ပြသည်– “၁၈၇၀ ပြည့်လွန်နှစ်တွင် ဒေါက်တာ ဆမ်မြူအယ်လ် ဗတ်ခ်ျသည် ဖွဲ့စည်းစဖြစ်သည့်ကျမ်းစာဆိုင်ရာ ရှေးဟောင်းသုတေသနအဖွဲ့အား မိန့်ခွန်းပြောရာတွင် ဟေဗြဲဘုရင်များဖြစ်ကြသည့် ဩမရိ၊ အာဟပ်၊ ယေဟု၊ အာဇရိ၊ . . . မေနဟင်၊ ပေကာ၊ ဟောရှေ၊ ဟေဇကိ၊ မနာရှေ၊ အာရှုရိဘုရင်များဖြစ်ကြသည့် တတိယမြောက် တိဂလတ်ပိလေသာ၊ . . . သာဂုန်၊ သနာခရိပ်၊ အီစာဟက်ဒန်နှင့် အာရှုဗာနိပါလ် [အာသနပ္ပာ]၊ . . . နှင့်ရှုရိလူမျိုးဗင်ဟာဒဒ်၊ ဟာဇေလနှင့် ရေဇိန်တို့သည် [ကျူနီဖောင်းစာများတွင် ယင်းအမည်များသည်] မည်သူမည်ဝါဖြစ်ကြကြောင်းကို ခွဲခြားပြနိုင်သည်။”

စာအုပ်တစ်အုပ် (The Bible and Radiocarbon Dating) တွင်ဣသရေလနှင့် ယုဒတို့၏ကျမ်းစာရာဇဝင်ကို ရှေးခေတ်ကျူနီဖောင်းစာများနှင့် နှိုင်းယှဉ်ထားသည်။ ရလဒ်ကားအဘယ်နည်း။ “ထိုအချိန်က အခြားနိုင်ငံများ၏မှတ်တမ်းများတွင် ယုဒနှင့် ဣသရေလဘုရင် စုစုပေါင်း ၁၅ ပါး သို့မဟုတ် ၁၆ ပါးကိုတွေ့ရပြီး သူတို့၏အမည်များ၊ အသက်ရှင်ခဲ့သည့်အချိန်များသည် ဓမ္မရာဇဝင်တတိယနှင့် စတုတ္ထစောင်ပါအချက်များနှင့် လုံးဝညီညွတ်သည်။ အခြားနိုင်ငံများ၏မှတ်တမ်းများတွင် ဖော်ပြထားသမျှအမည်များသည် သမ္မာကျမ်းစာ၏ဓမ္မရာဇဝင်တတိယနှင့် စတုတ္ထစောင်တွင် ဖော်ပြထားပြီးဖြစ်သည်။”

၁၈၇၉ ခုနှစ်တွင်တွေ့ရှိသည့် ထင်ရှားသောကျူနီဖောင်းကမ္ပည်းစာတစ်ခုဖြစ်သော ကုရုစလင်ဒါက ကုရုသည် ဘီစီ ၅၃၉ တွင်ဗာဗုလုန်ကိုသိမ်းပိုက်ပြီးနောက် မိမိ၏ပေါ်လစီအတိုင်း သုံ့ပန်းများကို သူတို့၏နေရင်းပြည်သို့ ပြန်ပို့ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ အကျိုးခံစားသူတို့ထဲတွင် ဂျူးများပါဝင်ခဲ့ကြသည်။ (ဧဇ. ၁:၁-၄) ၁၉ ရာစုရှိကျမ်းပညာရှင်များစွာသည် သမ္မာကျမ်းစာတွင်ကိုးကားဖော်ပြထားသော အမိန့်တော်သည် ဘုရင်ထုတ်ပြန်ခြင်းဟုတ်မဟုတ်ကို သံသယဝင်ခဲ့ကြသည်။ သို့သော် ကုရုစလင်ဒါအပါအဝင် ပါရှားခေတ်မှကျူနီဖောင်းစာများက သမ္မာကျမ်းစာမှတ်တမ်းသည် တိကျမှန်ကန်ကြောင်း ယုံကြည်စိတ်ချရသည့်အထောက်အထားဖြစ်သည်။

၁၈၈၃ ခုနှစ်တွင် ဗာဗုလုန်အနီး နစ်ပူရ်မြို့၌ ကျူနီဖောင်းစာ ၇၀၀ ကျော်ရှိမော်ကွန်းတိုက်တစ်ခုကို တွေ့ရှိခဲ့သည်။ ဖော်ပြထားသောအမည်နာမ ၂,၅၀၀ အနက် ၇၀ ခန့်ကို ဂျူးလူတို့အဖြစ် ခွဲခြားသိရှိနိုင်ခဲ့သည်။ သမိုင်းပညာရှင် အက်ဒဝင် ယာမာအူချီက သူတို့သည် “ကန်ထရိုက်စာချုပ်ချုပ်သူများ၊ ကိုယ်စားလှယ်များ၊ သက်သေများ၊ အခွန်ကောက်ခံသူများနှင့် မှူးတော်မတ်တော်များ” ဖြစ်ပုံရကြောင်း ပြောသည်။ ဂျူးများသည် ထိုအချိန်အခါတွင် ဗာဗုလုန်အနီး၌ ထိုသို့သောလုပ်ဆောင်မှုများကို ဆက်လုပ်ဆောင်ခဲ့သည်ဟူသောအထောက်အထားမှာ အရေးပါသည်။ ယင်းက ဣသရေလလူမျိုး၏ “ကြွင်းသောသူ” တစ်စုသည် အာရှုရိနှင့် ဗာဗုလုန်သုံ့ပန်းဘဝမှ ယုဒပြည်သို့ပြန်ခဲ့ချိန်တွင် များစွာသောသူတို့မှာမူ မပြန်ခဲ့ကြောင်း ကျမ်းစာပရောဖက်စကားကို ထောက်ခံသည်။—ဟေရှာ. ၁၀:၂၁၊ ၂၂

ဘီစီပထမထောင်စုနှစ်အတွင်းတွင် ကျူနီဖောင်းသည် အက္ခရာစဉ်စနစ်အရေးအသားနှင့် ယှဉ်တွဲတည်ရှိခဲ့သည်။ သို့သော် အာရှုရိနှင့် ဗာဗုလုန်တို့သည် အက္ခရာစဉ်စနစ်ဖြင့်ရေးသောစာကို ပိုမိုနှစ်သက်ကြသောကြောင့် ကျူနီဖောင်းကို နောက်ဆုံးတွင် စွန့်လွှတ်ခဲ့ကြသည်။

ပြတိုက်များတွင် သိမ်းဆည်းထားသည့် ထောင်နှင့်ချီသောရွှံ့ချပ်ပြားများကို ဆက်လက်လေ့လာရန် လိုအပ်သေးသည်။ ကျွမ်းကျင်သူများ အဓိပ္ပာယ်ဖော်ခဲ့ပြီးသောရွှံ့ချပ်ပြားများသည် သမ္မာကျမ်းစာကို ယုံကြည်စိတ်ချနိုင်ကြောင်း အထောက်အထားဖြစ်သည်။ မလေ့လာရသေးသော ရွှံ့ချပ်ပြားစာများကို ဆက်လက်လေ့လာသောအခါ ထပ်၍အထောက်အထားများကို တွေ့ရပေဦးမည်။

[Picture Credit Line ]

Photograph taken by courtesy of the British Museum