မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဤ “ကောင်းသောသတင်းကိုကြားပြောရသောနေ့” တွင် အာရုံပျံ့လွင့်ခြင်းကို ရှောင်ပါ

ဤ “ကောင်းသောသတင်းကိုကြားပြောရသောနေ့” တွင် အာရုံပျံ့လွင့်ခြင်းကို ရှောင်ပါ

ဤ “ကောင်းသောသတင်းကိုကြားပြောရသောနေ့” တွင် အာရုံပျံ့လွင့်ခြင်းကို ရှောင်ပါ

အနူသည်လေးဦးသည် မိမိတို့ရွေးချယ်စရာများကို ပြန်ပြောင်းစဉ်းစားကြသည်။ မြို့တံခါးဝတွင် သူတို့ကို မည်သူမျှမစွန့်ကြဲတော့ချေ။ ရှုရိတို့သည် ရှမာရိမြို့ကို ငတ်မွတ်ရန်ဝန်းရံထားသည်။ မြို့တွင်းသို့ဝင်ခြင်းသည် အကျိုးရှိမည်မဟုတ်၊ အစားအသောက်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည်။ လူသားစားသည့်အဖြစ်အပျက်တစ်ခုကို တိုင်ကြားခဲ့ပြီးဖြစ်သည်။—၄ ရာ. ၆:၂၄-၂၉

အနူသည်တို့က ‘ရှုရိတပ်ကို ဘာဖြစ်လို့မသွားဘဲနေရမှာလဲ။ ငါတို့အကျိုးယုတ်စရာမရှိပါဘူး’ ဟုစဉ်းစားခဲ့ကြသည်။ မှောင်ရိပ်ခိုကာ ထိုညတွင် သူတို့စတင်ထွက်ခဲ့ကြသည်။ တပ်ဦးသို့ရောက်သောအခါ ဆိတ်ငြိမ်လျက်ရှိသည်။ အစောင့်တစ်ယောက်မျှမရှိ။ မြင်းများ၊ မြည်းများကိုချည်ထားသော်လည်း စစ်သားတစ်ယောက်မျှမရှိချေ။ အနူသည်လေးဦးသည် တဲတစ်တဲအတွင်း စူးစိုက်ကြည့်လိုက်သည်။ အတွင်း၌မည်သူမျှမရှိသော်လည်း အစားအသောက်တို့မှာ အလျှံပယ်ရှိနေသည်။ သူတို့သည် စားသောက်ကြသည်။ အနူသည်တို့သည် ရွှေငွေအဝတ်တန်ဆာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်း တွေ့ရှိကြသည်။ ယင်းတို့ကိုယူသွားပြီးလျှင် ဝှက်ထားကြကာ နောက်ထပ်ယူရန်ပြန်လာကြသည်။ တစ်တပ်လုံး စွန့်ပစ်ခံထားရခြင်းဖြစ်သည်။ ယေဟောဝါသည် ရှုရိလူတို့အား ဗိုလ်ခြေအသံကိုအံ့ဖွယ်နည်းဖြင့်ကြားစေခဲ့သည်။ သူတို့သည် တိုက်ခိုက်ခံရသည်ဟုယူဆကာ ကိုယ်လွတ်ရုန်းပြေးခဲ့ကြသည်။ ပစ္စည်းအားလုံးကို ထိုတွင်ထားရစ်ခဲ့ကြရာ မည်သူမဆိုယူသွားပေမည်။

အနူသည်များသည် တန်ဖိုးရှိပစ္စည်းများကိုယူသွားပြီး ဝှက်ထားခဲ့ကြသည်။ သို့သော် ရှမာရိမြို့တွင်းရှိလူတို့ငတ်မွတ်နေကြသည်ကို သတိရကာ သူတို့၏ကိုယ်ကိုကိုယ်သိစိတ် အနှောင့်အယှက်ပေးလာသည်။ တစ်ဦးကိုတစ်ဦးဤသို့ပြောကြသည်– “ငါတို့သည် ကောင်းမွန်စွာမပြုပါတကား။ ယခုနေ့သည် ကောင်းသောသတင်းကိုကြားပြောရသောနေ့ဖြစ်” သည်။ အနူသည်တို့သည် ရှမာရိမြို့သို့သုတ်သုတ်ပျာပျာပြန်ပြေးသွားကြပြီး သူတို့တွေ့ရှိသည့်ကောင်းသောသတင်းကို ကြားပြောခဲ့ကြသည်။—၄ ရာ. ၇:၁-၁၁

ကျွန်ုပ်တို့လည်း “ကောင်းသောသတင်းကိုကြားပြောရသောနေ့” ဟုခေါ်ဆိုနိုင်သည့်အချိန်တွင် အသက်ရှင်နေကြရသည်။ ‘ဤလောကစနစ်နိဂုံးပိုင်းနိမိတ်’ များထဲမှ ထူးခြားသောလက္ခဏာတစ်ရပ်ကိုပြညွှန်လျက် ယေရှုဤသို့မိန့်တော်မူခဲ့သည်– ‘လူမျိုးအပေါင်းတို့အတွက်သက်သေဖြစ်စေရန် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ရောက်လိမ့်မည်။’ (မ. ၂၄:၃၊ ၁၄) ယင်းက ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။

ကိုယ်ရေးကိုယ်တာစိုးရိမ်မှုများက ကျွန်ုပ်တို့ကိုဝန်ပိစေနိုင်

အနူသည်တို့သည် မိမိတို့တွေ့ရှိရာများကြောင့် အလွန်ပျော်ရွှင်ကြရာ ရှမာရိမြို့တွင်းရှိသူတို့ကို ခေတ္တမေ့လျော့ခဲ့ကြသည်။ မိမိတို့ရယူနိုင်သည့်အရာအပေါ် အာရုံရောက်ခဲ့ကြသည်။ ကျွန်ုပ်တို့လည်း အလားတူ ဖြစ်နိုင်ပါသလော။ “အစာခေါင်းပါးခြင်း” သည် ဤလောကစနစ်နိဂုံးပိုင်းအချိန်ကိုဖော်ပြသည့် စုပေါင်းနိမိတ်၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ (လု. ၂၁:၇၊ ၁၁) ယေရှုသည် မိမိတပည့်တို့ကို ‘သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ အစားအသောက်လွန်ကြူးခြင်း၊ လောကစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်’ မနေကြနှင့်ဟုသတိပေးခဲ့သည်။ (လု. ၂၁:၃၄သမ္မာကျမ်း) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် နေ့စဉ်အသက်တာနှင့်ဆိုင်သော ကိုယ်ရေးကိုယ်တာစိုးရိမ်ပူပန်မှုများက “ကောင်းသောသတင်းကိုကြားပြောရသောနေ့” တွင်အသက်ရှင်နေကြရသည်ကို မေ့လျော့သွားရန် ခွင့်မပြုမိစေဖို့ သတိပြုသင့်သည်။

ဘလက်စင်းအမည်ရှိသောခရစ်ယာန်တစ်ဦးသည် ကိုယ်ရေးကိုယ်တာကိစ္စများဖြင့် မိမိကိုယ်ကိုဝန်ပိစေရန် ခွင့်မပြုခဲ့ချေ။ သူသည် ရှေ့ဆောင်တစ်ဦးအဖြစ်အမှုဆောင်ခဲ့သည်၊ ကျောင်းကိုပြီးဆုံးအောင်တက်ခဲ့သည်၊ နောက်ဆုံးဗေသလအိမ်သားတစ်ဦးနှင့်လက်ထပ်ခဲ့ပြီး ဘီနင်ဗေသလမိသားစုဝင်တစ်ဦးဖြစ်ခဲ့သည်။ သူဤသို့ပြောသည်– “ကျွန်မကအိမ်မှုထိန်းသိမ်းသူတစ်ယောက်ပါ၊ ကျွန်မရဲ့အလုပ်ကို ကျွန်မတကယ်နှစ်သက်တယ်။” ယခု ဘလက်စင်းသည် အချိန်ပြည့်လုပ်ငန်းတွင် ၁၂ နှစ်အမှုဆောင်ခဲ့သည်ကို ပျော်ရွှင်စွာပြန်လည်သုံးသပ်နိုင်ပြီး ယနေ့ကျွန်ုပ်တို့အသက်ရှင်နေကြရသည့် “ကောင်းသောသတင်းကိုကြားပြောရသောနေ့” ကိုသူအာရုံစိုက်ခဲ့သည့်အတွက် ရွှင်လန်းလျက်ရှိသည်။

အချိန်စားသည့် အာရုံပျံ့လွင့်စရာတို့ကို သတိပြု

တပည့် ၇၀ ကိုစေလွှတ်ချိန်တွင် ယေရှုဤသို့မိန့်တော်မူခဲ့သည်– “စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများ စေလွှတ်ပေးရန် စပါးရှင်ထံ တောင်းလျှောက်ကြလော့။” (လု. ၁၀:၂) ရိတ်သိမ်းချိန်တွင်နှောင့်နှေးနေပါက သီးနှံများဆုံးရှုံးနိုင်သကဲ့သို့ ဟောပြောခြင်းလုပ်ငန်းကို လျစ်လျူရှုပါက အသက်များဆုံးရှုံးနိုင်သည်။ ထို့ကြောင့် ယေရှုဤသို့ထပ်ဆင့်မိန့်တော်မူခဲ့သည်– “လမ်းခရီးတွင် မည်သူ့ကိုမျှ ရပ်၍နှုတ်မဆက်ကြနှင့်။” (လု. ၁၀:၄) ‘နှုတ်ဆက်’ ဟူသောမူရင်းဘာသာစကားတွင် “ဟယ်လို” သို့မဟုတ် “မင်္ဂလာပါ” ဟုပြောခြင်းထက်မကအဓိပ္ပာယ်ရှိနိုင်သည်။ ယင်းသည် ကျွန်ုပ်တို့ မိတ်ဆွေတစ်ဦးနှင့်ဆုံသည့်အခါ ဖက်ယမ်းခြင်းနှင့် ရှည်လျားသောစကားစမြည်ပြောခြင်းလည်းပါဝင်နိုင်သည်။ ထို့ကြောင့် ယေရှုက မိမိနောက်လိုက်များကို မလိုအပ်သောအာရုံပျံ့လွင့်စရာတို့ကိုရှောင်ရန်နှင့် မိမိတို့အချိန်ကိုပညာရှိစွာအသုံးပြုဖို့ ညွှန်ကြားခဲ့သည်။ သူတို့ဟောပြောရမည့်သတင်းသည် အရေးတကြီးဖြစ်၏။

အာရုံပျံ့လွင့်စရာများကြောင့် အလဟဿကုန်ခန်းစေနိုင်သည့် အချိန်ပမာဏကိုစဉ်းစားကြည့်ပါ။ နှစ်များစွာတစ်လျှောက် ရုပ်မြင်သံကြားသည် နေရာများစွာတွင် အချိန်အဖြုန်းတီးဆုံးအရာဖြစ်သည်။ သို့သော် မိုဘိုင်းလ်ဖုန်း၊ ကိုယ်ပိုင်ကွန်ပျူတာတို့နှင့်ပတ်သက်၍ကော အသို့နည်း။ ဗြိတိန်တွင် အရွယ်ရောက်သူ ၁,၀၀၀ ကိုလေ့လာခဲ့ရာ “ဗြိတိန်တွင်နေထိုင်သူသာမန်လူတစ်ဦးသည် တစ်ရက်လျှင်တယ်လီဖုန်းလိုင်းကို ၈၈ မိနစ်၊ မိုဘိုင်းလ်ဖုန်းကိုနောက်ထပ် ၆၂ မိနစ်၊ အီး-မေးလ်ပို့ခြင်းတွင် ၅၃ မိနစ်နှင့် စာဖြင့်သတင်းပို့ခြင်းတွင် ၂၂ မိနစ်အသုံးပြုသည်” ကိုတွေ့ရှိခဲ့ရသည်။ စုစုပေါင်းအချိန်ပမာဏသည် အရန်ရှေ့ဆောင်တစ်ဦး နေ့စဉ်ဓမ္မအမှုတွင်အသုံးပြုသည့်အချိန်ထက် နှစ်ဆကျော်သည်။ ဖုန်း၊ အီး-မေးလ်နှင့် စာဖြင့်သတင်းပို့ခြင်းတို့တွင် သင်အချိန်မည်မျှအသုံးပြုနေသနည်း။

အန်းစ်နှင့် ဟီလ်ဒီဂါ့ဒ် ဇာလီဂါတို့သည် မိမိတို့အချိန်အသုံးပြုပုံနှင့်ပတ်သက်၍ ဂရုစိုက်ခဲ့ကြသည်။ နာဇီချွေးတပ်စခန်းနှင့် ကွန်မြူနစ်အကျဉ်းထောင်များတွင် သူတို့နှစ်ဦးနေခဲ့ရသောအချိန်များကိုပေါင်းသော် အနှစ် ၄၀ ကျော်သည်။ သူတို့သည် လွတ်လာခဲ့ပြီးနောက် မြေကြီးအသက်တာကုန်ဆုံးသည့်အထိ ရှေ့ဆောင်အဖြစ်အမှုဆောင်ခဲ့ကြသည်။

များစွာသောသူတို့သည် ဇာလီဂါတို့နှင့်စာအဆက်အသွယ်ပြုလုပ်လိုခဲ့ကြသည်။ မောင်နှံစုံသည် မိမိတို့၏နိုးနေချိန်အများစုကို စာဖတ်ခြင်းနှင့်စာများရေးခြင်းဖြင့် အသုံးပြုနိုင်သည်။ သို့သော် ဝိညာဉ်ရေးကိစ္စများကို မိမိတို့အသက်တာတွင် အဓိကဦးစားထားခဲ့သည်။

မှန်ပါသည်၊ ကျွန်ုပ်တို့အားလုံးသည် ကိုယ်ချစ်ရသူတို့ထံမှစာများ သို့မဟုတ် ဖုန်းများရရှိခြင်းကို တန်ဖိုးထားကြပြီး ယင်းတို့သည် ဘာမျှမမှားပါ။ ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာကို ကောင်းစွာအပြောင်းအလဲပြုလုပ်ခြင်းသည် အကျိုးရှိသည်။ သို့သော်လည်း သတင်းကောင်းဟောပြောရမည့် ယနေ့အချိန်တွင် အချိန်စားသည့်အာရုံပျံ့လွင့်စရာများကိုထိန်းချုပ်ရန် နိုးကြားနေခြင်းက ပညာရှိရာရောက်သည်။

သတင်းကောင်းကိုစေ့စေ့စပ်စပ်ဟောပြော

“ကောင်းသောသတင်းကိုကြားပြောရသောနေ့” တွင်အသက်ရှင်နေရခြင်းသည် ကောင်းချီးတစ်ရပ်ပင်။ အစပိုင်းတွင်အာရုံလွဲသွားခဲ့ကြသော အနူသည်လေးဦးကဲ့သို့ မဖြစ်ပါစေနှင့်။ “ငါတို့သည် ကောင်းမွန်စွာမပြုပါတကား” ဟုနောက်ပိုင်းသူတို့ကောက်ချက်ချခဲ့ကြသည်ကို သတိရပါ။ အလားတူပင် ကိုယ်ရေးကိုယ်တာကိစ္စများ သို့မဟုတ် အချိန်စားသည့်အာရုံပျံ့လွင့်ရာများက ဓမ္မအမှုတွင်အပြည့်အဝပါဝင်ခြင်းမှ အတားအဆီးဖြစ်ရန် ခွင့်ပြုခြင်းသည် မသင့်လျော်ပါ။

ယင်းနှင့်ပတ်သက်၍ လိုက်လျှောက်ရန်အလွန်ကောင်းသောစံနမူနာ ကျွန်ုပ်တို့တွင်ရှိသည်။ ပထမ အနှစ် ၂၀ မိမိ၏ဓမ္မအမှုကိုပြန်ပြောင်းသုံးသပ်ပြီးနောက် တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်– “ငါသည် . . . ခရစ်တော်၏သတင်းကောင်းကို စေ့စေ့စပ်စပ်ဟောပြောခဲ့ပြီ။” (ရော. ၁၅:၁၉) ပေါလုသည် မိမိ၏ဇွဲထက်သန်မှုလျော့နည်းသွားစေရန် ဘာကိုမျှခွင့်မပြုခဲ့ချေ။ ဤ “ကောင်းသောသတင်းကိုကြားပြောရသောနေ့” တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများအနေနှင့် သူ့ကဲ့သို့ဇွဲထက်သန်ကြပါစို့။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဘလက်စင်းသည် မိမိ၏အချိန်ပြည့်လုပ်ငန်းကို ကိုယ်ရေးကိုယ်တာကိစ္စများ ဝင်ရောက်နှောင့်ယှက်ရန် ခွင့်မပြုခဲ့

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ဇာလီဂါတို့သည် မိမိတို့အချိန်အသုံးပြုပုံနှင့်ပတ်သက်၍ဂရုစိုက်ခဲ့