မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့—ရွယ်တူချင်းဖိအားကို တွန်းလှန်ပါ

လူငယ်တို့—ရွယ်တူချင်းဖိအားကို တွန်းလှန်ပါ

လူငယ်တို့—ရွယ်တူချင်းဖိအားကို တွန်းလှန်ပါ

“လူအသီးသီးတို့အား မည်ကဲ့သို့ဖြေကြားရမည်ကို သိနိုင်မည်အကြောင်း သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ . . . ဖြစ်ပါစေ။”—ကော. ၄:၆

၁၊ ၂။ အများနဲ့မတူ တစ်မူထူးခြားတာကို လူငယ်တွေ ဘယ်လိုခံစားရသလဲ၊ ဘာကြောင့်လဲ။

“ရွယ်တူချင်းဖိအား” ဆိုတဲ့စကားကို သင်တို့ကြားဖူးရုံသာမက ဒီအခြေအနေကို သင်တို့ကိုယ်တိုင် ကြုံဖူးမှာဖြစ်တယ်။ တစ်ချိန်မဟုတ်တစ်ချိန်မှာ မှားတယ်လို့ သင်သိထားတဲ့အရာတစ်ခုကို ပြုလုပ်ဖို့ တစ်စုံတစ်ယောက်က သင့်ကို တိုက်တွန်းပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ သင်ဘယ်လိုခံစားရသလဲ။ အသက် ၁၄ နှစ်ရှိတဲ့ ခရစ္စတိုဖာက ဒီလိုပြောခဲ့တယ်– “တစ်ခါတလေမှာ အငွေ့ပျံပြီး ပျောက်သွားလိုက်ချင်တယ်၊ မဟုတ်ရင် တစ်မူထူးခြားမနေချင်လို့ ကျွန်တော့်ရဲ့အတန်းဖော်တွေလို လိုက်လုပ်မိတော့မယ်။”

သင့်ရွယ်တူချင်းတွေက သင့်အပေါ် အလွန်သြဇာလွှမ်းမိုးနေသလား။ လွှမ်းမိုးနေတယ်ဆိုရင် ဘာကြောင့် အဲဒီလိုဖြစ်တာလဲ။ တခြားသူတွေရဲ့ နှစ်သက်လက်ခံမှုကို သင်ရချင်လို့လား။ ဒီခံစားချက်က အမြဲမမှားပါဘူး။ အမှန်တော့ လူကြီးတွေတောင်မှ သူတို့ရဲ့ သက်တူရွယ်တူတွေရဲ့ နှစ်သက်လက်ခံမှုကို ရလိုကြတယ်။ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဘယ်သူမှ အပယ်ခံမဖြစ်ချင်ကြဘူး။ အမှန်တော့ ကောင်းတာလုပ်တိုင်း အမြဲချီးမွမ်း မခံရပါဘူး။ ယေရှုတောင် ဒီလိုကြုံခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်တော်က မှန်ရာကိုပဲ အမြဲလုပ်ခဲ့တယ်။ တချို့က ကိုယ်တော့်နောက်လိုက်ပြီး တပည့်ဖြစ်လာကြပေမဲ့ တခြားသူတွေကတော့ ဘုရားသခင့်သားတော်ကို မထီမဲ့မြင်ပြုပြီး “မရိုသေ” ခဲ့ကြဘူး။—ဟေရှာ. ၅၃:၃

ရွယ်တူချင်းတွေနဲ့တူလိုတဲ့ဆန္ဒ အလွန်သြဇာညောင်းနိုင်

၃။ သင့်ရွယ်တူချင်းတွေလုပ်တဲ့အတိုင်း လိုက်လုပ်တာက ဘာကြောင့် မှားသလဲ။

တခြားသူတွေရဲ့ နှစ်သက်လက်ခံမှုကိုရလိုတဲ့အတွက် ရွယ်တူချင်းတွေလုပ်တဲ့အတိုင်း လိုက်လုပ်ဖို့ သွေးဆောင်ခံရတဲ့အခါတွေ ရှိနိုင်တယ်။ ဒီလိုလုပ်မယ်ဆိုရင် မှားသွားနိုင်တယ်။ ခရစ်ယာန်တွေဟာ ‘နို့စို့သူငယ်များ၊ လှိုင်းပုတ်ခံရ၍ တိမ်းယိမ်းသူများ’ မဖြစ်သင့်ဘူး။ (ဧ. ၄:၁၄) ကလေးငယ်တွေက အလွယ်တကူ စိတ်ယိုင်သွားတတ်တယ်။ ဒါပေမဲ့ တစ်နေ့မှာ သင်ဟာ လူကြီးတစ်ဦးဖြစ်လာမှာဖြစ်တယ်။ ဒါကြောင့် ယေဟောဝါရဲ့စံနှုန်းတွေက သင့်အတွက် အကျိုးဖြစ်တယ်ဆိုတာ သင်ယုံကြည်တယ်ဆိုရင် သင့်ယုံကြည်ချက်အတိုင်း လုပ်ဆောင်ခြင်းအားဖြင့် အဲဒီအကျိုးကို ရယူပါ။ (တရား. ၁၀:၁၂၊ ၁၃) အဲဒီလိုမလုပ်ဘူးဆိုရင် သင့်ဘဝကို သင်မထိန်းချုပ်နိုင်ဖြစ်သွားမယ်။ တခြားသူတွေ ဖိအားပေးတဲ့အတိုင်း လိုက်လုပ်မယ်ဆိုရင် သင်က သူတို့ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်ဖြစ်သွားမယ်။—၂ ပေတရု ၂:၁၉ ကိုဖတ်ပါ။

၄၊ ၅။ (က) ဖိအားကို အာရုန် ဘယ်လို အလျှော့ပေးလိုက်လျောခဲ့သလဲ၊ ဒီကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။ (ခ) သင့်ရွယ်တူချင်းတွေက သင့်ကို ဖိအားပေးဖို့အတွက် ဘယ်နည်းလမ်းတွေ သုံးနိုင်သလဲ။

တစ်ခါတုန်းက မောရှေရဲ့အစ်ကို အာရုန်ဟာ သူ့အပေါင်းအဖော်တွေရဲ့ဖိအားကို အလျှော့ပေးလိုက်လျောခဲ့တယ်။ အစ္စရေးလူမျိုးက သူတို့ဝတ်ပြုဖို့ ရွှေနွားသငယ်ရုပ်လုပ်ပေးပါလို့ တိုက်တွန်းတဲ့အခါ သူလုပ်ပေးခဲ့တယ်။ တကယ်တော့ အာရုန်က သတ္တိကြောင်တဲ့သူတစ်ဦး မဟုတ်ဘူး။ အရင်က သူဟာ မောရှေနဲ့အတူ အီဂျစ်မှာ တန်ခိုးသြဇာအကြီးမားဆုံးဖြစ်တဲ့ ဖာရောကို ရင်ဆိုင်ခဲ့တယ်။ အဲဒီတုန်းက အာရုန်ဟာ ဘုရားသခင့်သတင်းစကားကို ရဲရဲရင့်ရင့် ပြောဆိုခဲ့တယ်။ ဒါပေမဲ့ အစ္စရေးအမျိုးသားချင်းတွေက သူ့ကို ဖိအားပေးလာတဲ့အခါ အာရုန် အလျှော့ပေးခဲ့တယ်။ ရွယ်တူချင်းဖိအားက အလွန်သြဇာညောင်းနိုင်ပါတယ်။ အီဂျစ်ဘုရင်ကို ရင်ဆိုင်ရတာထက် အပေါင်းအဖော်တွေရဲ့ ဖိအားကို တွန်းလှန်ရတာက အာရုန်အတွက် ပိုခက်ခဲ့တယ်။—ထွ. ၇:၁၊ ၂; ၃၂:၁-၄

ရွယ်တူချင်းဖိအားဆိုတာ လူငယ်တွေ၊ အမှားပြုလိုစိတ်ရှိတဲ့သူတွေပဲ ကြုံရတာမဟုတ်ဘူးဆိုတာ အာရုန်ရဲ့အဖြစ်အပျက်က ဖော်ပြတယ်။ ရွယ်တူချင်းဖိအားက သင်အပါအဝင် မှန်ရာကိုလုပ်လိုစိတ်ရှိတဲ့သူတွေအပေါ် အကျိုးသက်ရောက်နိုင်တယ်။ ရွယ်တူချင်းတွေက သင့်ကို စိန်ခေါ်ခြင်း၊ မမှန်မကန်ပြောဆိုခြင်း၊ မခံချင်အောင်ပြောဆိုခြင်းအားဖြင့် သင်အမှားလုပ်အောင် ဖိအားပေးနိုင်တယ်။ ရွယ်တူချင်းဖိအားက ဘယ်လိုပုံစံနဲ့ပဲလာပါစေ ရင်ဆိုင်ဖို့ခက်ပါတယ်။ ဒါကို အောင်မြင်စွာ တွန်းလှန်နိုင်ဖို့ ဦးဆုံး သင့်ဘာသာရေးယုံကြည်ချက်တွေကို သင်ကိုယ်တိုင် အခိုင်အမာယုံကြည်အောင် လုပ်ဖို့လိုတယ်။

“မည်သို့သောသူဖြစ်ကြောင်း ကိုယ်ကို စစ်ကြောလျက်နေကြလော့”

၆၊ ၇။ (က) သင့်ယုံကြည်ချက်တွေကို အခိုင်အမာယုံကြည်စိတ်ချအောင်လုပ်ဖို့ ဘာကြောင့်အရေးကြီးသလဲ၊ သင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ (ခ) သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေဖို့ မိမိကိုယ်ကို ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။

ရွယ်တူခြင်းဖိအားကိုတွန်းလှန်နိုင်ဖို့ ဦးဆုံး သင့်ယုံကြည်ချက်တွေနဲ့ စံနှုန်းတွေက မှန်ကန်တယ်ဆိုတာ အခိုင်အမာ ယုံကြည်စိတ်ချဖို့လိုတယ်။ (၂ ကောရိန္သု ၁၃:၅ ကိုဖတ်ပါ။) သင်ဟာ ရှက်ကြောက်တတ်တဲ့သူဖြစ်မယ်ဆိုရင်တောင် အခိုင်အမာယုံကြည်စိတ်ချမှုရှိခြင်းက သင့်ကို ရဲစွမ်းသတ္တိရှိစေတယ်။ (၂ တိ. ၁:၇၊ ၈) ဒါပေမဲ့ အကြောင်းအရာတစ်ခုကို မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေတယ်ဆိုရင်တော့ သတ္တိရှိတဲ့သူတောင် အဲဒီအတွက် ရပ်တည်ဖို့ ခက်ခဲနိုင်တယ်။ ဒါကြောင့် သမ္မာကျမ်းစာထဲက သင် သင်ယူသိရှိထားတဲ့အရာက တကယ့် အမှန်တရားဖြစ်တယ်ဆိုတာ ကိုယ်တိုင်သိအောင်လုပ်ပါ။ အခြေခံယုံကြည်ချက်က စပါ။ ဥပမာ၊ သင်က ဘုရားသခင်ရှိတယ်ဆိုတာကို ယုံကြည်ပြီး တခြားသူတွေက သူတို့ဘာကြောင့် ဘုရားသခင်ရှိတယ်ဆိုတာ ယုံကြည်ရတဲ့အကြောင်း ပြောတာကို ကြားဖူးပါလိမ့်မယ်။ ဒါကြောင့် မိမိကိုယ်ကို ဒီလိုမေးပါ– ‘ဘုရားသခင်တည်ရှိတယ်လို့ ငါဘာကြောင့် ယုံကြည်တာလဲ။’ မေးခွန်းမေးရတဲ့ရည်ရွယ်ချက်က သံသယစိတ်တွေပေါ်လာဖို့မဟုတ်ဘဲ သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေဖို့ဖြစ်တယ်။ အလားတူပါပဲ၊ သင့်ကိုယ်သင် ဒီမေးခွန်းတွေမေးပါ– ‘သမ္မာကျမ်းစာက ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုနဲ့ရေးထားတယ်ဆိုတာကို ငါဘယ်လိုသိရသလဲ။’ (၂ တိ. ၃:၁၆) ‘အခုအချိန်က “နောက်ဆုံးသောနေ့ရက်များ” ဖြစ်တယ်ဆိုတာကို ငါဘာကြောင့် ယုံကြည်တာလဲ။’ (၂ တိ. ၃:၁-၅) ‘ယေဟောဝါရဲ့စံနှုန်းတွေက ငါ့ရဲ့ကောင်းကျိုးအတွက် ဖြစ်တယ်ဆိုတာကို ငါဘာကြောင့် ယုံကြည်စိတ်ချတာလဲ။’—ဟေရှာ. ၄၈:၁၇၊ ၁၈

သင် မဖြေနိုင်မှာစိုးရိမ်တဲ့အတွက် ဒီမေးခွန်းတွေကိုမမေးဘဲ မနေပါနဲ့။ သင်ဟာ ကားတိုက်ခံရမှာကြောက်တဲ့အတွက် ကားလမ်းကိုမဖြတ်ဘဲနေမလား။ လမ်းစည်းကမ်းတွေကို အသေအချာလေ့လာပြီး သွားစရာရှိတာသွားနိုင်တယ်။ အလားတူပဲ ဘယ်နေရာမှာ ယုံကြည်ခြင်းအားနည်းနေတယ်ဆိုတာ သိအောင်လုပ်ပြီး ခိုင်ခံ့အောင်လုပ်ခြင်းက အကောင်းဆုံးဖြစ်တယ်။—တ. ၁၇:၁၁

၈။ တရားမဝင်လိင်ဆက်ဆံခြင်းကိုကြဉ်ရှောင်ပါဆိုတာက ပညာရှိလမ်းစဉ်ဖြစ်ကြောင်း ယုံကြည်စိတ်ချဖို့ သင် ဘယ်လိုလုပ်နိုင်တယ်ဆိုတာ ရှင်းပြပါ။

ဥပမာကို သုံးသပ်ကြည့်ပါ– သမ္မာကျမ်းစာက ‘တရားမဝင်လိင်ဆက်ဆံခြင်းအမှုမှ ရှောင်ပြေးကြလော့’ လို့ တိုက်တွန်းထားတယ်။ သင့်ကိုယ်သင် ဒီလိုမေးပါ– ‘ဒီပညတ်ကိုလိုက်နာခြင်းက ဘာကြောင့် ပညာရှိရာရောက်သလဲ။’ သင့်ရွယ်တူတွေ အဲဒီအကျင့်ကိုပြုလုပ်ရတဲ့ အကြောင်းရင်းတွေကို စဉ်းစားကြည့်ပါ။ အဲဒီအပြင် လူတစ်ယောက် တရားမဝင်လိင်ဆက်ဆံခြင်းက “မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား” ရာရောက်စေတဲ့ အကြောင်းရင်းတွေကိုလည်း စဉ်းစားကြည့်ပါ။ (၁ ကော. ၆:၁၈) အခု အဲဒီအကြောင်းရင်းတွေကို ဆန်းစစ်ကြည့်ပါ၊ ပြီးတဲ့နောက် မိမိကိုယ်ကို ဒီလိုမေးပါ– ‘ဘယ်လမ်းစဉ်က အကောင်းဆုံးလဲ။ လိင်အကျင့်ယိုယွင်းမှုမှာ ပါဝင်ခြင်းက တကယ်ပဲ တန်ရဲ့လား။’ နက်နက်နဲနဲထပ်တွေးကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ လိင်အကျင့်ယိုယွင်းခဲ့မယ်ဆိုရင် ငါ ဘယ်လိုခံစားရမလဲ။’ အစပိုင်းမှာတော့ သင့်ရွယ်တူချင်းတွေရဲ့ သဘောကျလက်ခံမှုကို ရရှိပါလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်း သင့်မိဘနဲ့၊ ဒါမှမဟုတ် အသင်းတော်မှာရှိတဲ့ ယုံကြည်သူချင်းတွေနဲ့ အတူရှိတဲ့အခါ သင်ဘယ်လိုခံစားရမလဲ။ ဘုရားသခင်ထံ သင်ဆုတောင်းတဲ့အခါ ဘယ်လိုခံစားရမလဲ။ သင့်ကျောင်းနေဖက်တွေရဲ့ သဘောကျလက်ခံမှုကိုရဖို့အတွက် ဘုရားသခင်ရှေ့ သန့်ရှင်းတဲ့ သင့်ရဲ့အနေအထားကို စွန့်လွှတ်လိုပါသလား။

၉၊ ၁၀။ သင့်ယုံကြည်ချက်တွေက မှန်တယ်ဆိုတာကို အခိုင်အမာယုံကြည်ခြင်းက ရွယ်တူတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘယ်လို ပိုပြီးယုံကြည်စိတ်ချမှုရှိစေနိုင်သလဲ။

သင်ဟာ ဆယ်ကျော်သက်တစ်ဦးဖြစ်မယ်ဆိုရင် သင့်ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” က အရင်ကထက် ဖွံ့ဖြိုးနေတဲ့အချိန်ဖြစ်တယ်။ (ရောမ ၁၂:၁၊ ၂ ကိုဖတ်ပါ။) အဲဒီအချိန်ကိုအသုံးပြုပြီး ယေဟောဝါသက်သေတစ်ဦးဖြစ်ရခြင်းက သင့်အတွက် ဘယ်လိုအဓိပ္ပာယ်ရှိတယ်ဆိုတာကို အလေးအနက်စဉ်းစားကြည့်ပါ။ အဲဒီလိုစဉ်းစားခြင်းက သင့်ယုံကြည်ချက်တွေမှန်တယ်ဆိုတာကို အခိုင်အမာယုံကြည်ဖို့ အကူအညီဖြစ်စေတယ်။ ဒီလိုဆိုရင် သင်ဟာ ရွယ်တူချင်းဖိအားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ချက်ချင်း တုံ့ပြန်နိုင်မှာဖြစ်တယ်။ သင်ဟာ ဒီလိုပြောခဲ့တဲ့ ခရစ်ယာန်ညီအစ်မငယ်လို ခံစားရပါလိမ့်မယ်– “ရွယ်တူချင်းဖိအားတွေကို တွန်းလှန်တဲ့အခါ ကျွန်မရဲ့ယုံကြည်ချက်တွေကို သူတို့ကိုပြောပြတယ်။ ကျွန်မရဲ့ဝတ်ပြုရေးက ‘အမည်ခံ’ ရုံလောက်ပဲမဟုတ်ဘူး။ ဒါက ကျွန်မရဲ့ စဉ်းစားတွေးခေါ်ပုံ၊ ပန်းတိုင်၊ ကိုယ်ကျင့်တရားနဲ့ ဘဝအသက်တာတစ်ခုလုံးရဲ့ အဓိကအရာဖြစ်တယ်။”

၁၀ မှန်တယ်လို့ သင်သိထားတဲ့အရာအတိုင်း ဆက်လုပ်ဆောင်ဖို့ ကြိုးစားအားထုတ်မှု လိုအပ်တယ်။ (လု. ၁၃:၂၄) ကြိုးစားရကျိုးနပ်ရဲ့လားလို့ သင်စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ ဒီအချက်ကို သတိရပါ– မှန်ရာကိုလုပ်ဖို့ သင့်ရဲ့စိတ်ပိုင်းဖြတ်ချက်က အားလျော့နေမယ် ဒါမှမဟုတ် ရှက်ရွံ့နေတဲ့ပုံထွက်နေမယ်ဆိုရင် တခြားသူတွေက အဲဒါကိုသတိပြုမိပြီး သင့်ကိုပိုဖိအားပေးနိုင်တယ်။ ဒါပေမဲ့ သင်က ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောတဲ့အခါ သင့်ရွယ်တူတွေဟာ အလျင်အမြန်ပဲ နောက်ဆုတ်သွားတာကို အံ့အားသင့်ဖွယ် တွေ့ရပါလိမ့်မယ်။—လုကာ ၄:၁၂၊ ၁၃ နဲ့နှိုင်းယှဉ်ပါ။

‘အဘယ်သို့ပြန်ပြောရမည်ကို ဆင်ခြင်တတ်၏’

၁၁။ ရွယ်တူချင်းဖိအားကိုရှောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခြင်းက ဘာကြောင့်အကျိုးရှိသလဲ။

၁၁ ရွယ်တူခြင်းဖိအားကိုတွန်းလှန်နိုင်တဲ့ အရေးပါတဲ့နောက်တစ်နည်းက ကြိုတင်ပြင်ဆင်ခြင်းဖြစ်တယ်။ (သု. ၁၅:၂၈ ကိုဖတ်ပါ။) ကြိုတင်ပြင်ဆင်ခြင်းဆိုတာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို ကြိုတင်စဉ်းစားထားခြင်းကို ဆိုလိုတယ်။ တစ်ခါတလေ အဲဒီလို အနည်းငယ်ကြိုတင်စဉ်းစားထားတာက ထိပ်တိုက်တွေ့စရာ အခြေအနေတွေကို ရှောင်နိုင်ဖို့ အကူအညီဖြစ်စေတယ်။ ဥပမာ၊ ရှေ့နားမှာ သင့်ကျောင်းနေဖက်အုပ်စုတစ်စု ဆေးလိပ်သောက်နေတာကို သင်တွေ့တယ်ဆိုပါစို့။ ဆေးလိပ်သောက်ဖို့ သင့်ကို သူတို့တွေ သွေးဆောင်နိုင်တယ်။ အဲဒီအခြေအနေကို ကြိုတင်မြင်တယ်ဆိုရင် သင် ဘာလုပ်နိုင်သလဲ။ နယပုံပြင် ၂၂:၃ က “သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏” လို့ဆိုတယ်။ တခြားလမ်းကနေ ရှောင်သွားခြင်းက ထိပ်တိုက်တွေ့စရာအခြေအနေကို ရှောင်နိုင်မှာဖြစ်တယ်။ ဒါက သတ္တိကြောင်တာမဟုတ်ဘဲ ပညာရှိတဲ့လုပ်ရပ်ဖြစ်တယ်။

၁၂။ ရွယ်တူချင်းဖိအားတွေကို တုံ့ပြန်တဲ့အခါ ဘယ်လိုပြန်ဖြေတာက အကောင်းဆုံးဖြစ်သလဲ။

၁၂ အခြေအနေကို ရှောင်လို့မရဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ။ ရွယ်တူချင်းတစ်ဦးက သင့်ကို “မင်း အခုထိ ရည်းစားမရှိသေးဘူးလား” လို့ ခနဲ့တဲ့တဲ့ မေးလာတယ်ဆိုပါစို့။ “လူအသီးသီးတို့အား မည်ကဲ့သို့ဖြေကြားရမည်ကို သိနိုင်မည်အကြောင်း သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ် ဖြစ်ပါစေ” ဆိုတဲ့ ကောလောသဲ ၄:၆ ပါတိုက်တွန်းချက်ကို လိုက်နာဖို့လိုတယ်။ ဒီကျမ်းချက်ဖော်ပြတဲ့အတိုင်း အခြေအနေပေါ်မူတည်ပြီး ဖြေဖို့လိုတယ်။ ကျမ်းစာကိုအခြေခံပြီး ရှည်ရှည်ဝေးဝေးရှင်းပြနေဖို့ မလိုဘူး။ ရိုးရှင်းပြီး တိကျပြတ်သားတဲ့ အဖြေတစ်ခုပေးလိုက်တာနဲ့ လုံလောက်နိုင်တယ်။ ဥပမာ၊ ရည်းစားမရှိသေးဘူးလားလို့ မေးတဲ့အခါ “မရှိဘူး” ဒါမှမဟုတ် “ဒါက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ” လို့ပဲ ပြန်ဖြေနိုင်တယ်။

၁၃။ ကဲ့ရဲ့ပြောဆိုတဲ့ ရွယ်တူချင်းတစ်ဦးကို တုံ့ပြန်ရာမှာ ပိုင်းခြားသိမြင်မှု ဘာကြောင့်လိုအပ်သလဲ။

၁၃ ရှည်ရှည်ဝေးဝေးရှင်းပြလို့ အကျိုးမရှိတဲ့အခါတွေမှာ ယေရှုက ခပ်တိုတိုပဲ ပြန်ဖြေလေ့ရှိတယ်။ ဟေရုဒ် ယေရှုကို မေးခွန်းမေးတဲ့အခါမှာတော့ ယေရှု တစ်ခွန်းမှပြန်မဖြေခဲ့ဘူး။ (လု. ၂၃:၈၊ ၉) မဆီမဆိုင်မေးခွန်းတွေကို ဖြေရှင်းတဲ့အကောင်းဆုံးနည်းက များသောအားဖြင့် ဆိတ်ဆိတ်နေခြင်းဖြစ်တယ်။ (သု. ၂၆:၄; ဒေ. ၃:၁၊) ဒါပေမဲ့ တစ်စုံတစ်ဦးက သင့်ရဲ့ လိင်ဆိုင်ရာကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး အစပိုင်းမှာ သင့်ကိုကဲ့ရဲ့ပြောဆိုခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သင့်ယုံကြည်ချက်တွေကို သူ အတော်အတန်စိတ်ဝင်စားတယ်ဆိုတာ သင် သတိပြုမိမယ်။ (၁ ပေ. ၄:၄) အဲဒီလိုအခြေအနေမှာ ကျမ်းစာကိုအခြေခံတဲ့ သင့်ရပ်တည်ချက်ကို သေသေချာချာရှင်းပြနိုင်တယ်။ အဲဒီလိုအခြေအနေမှာ ရှင်းပြဖို့ မတွန့်ဆုတ်ပါနဲ့။ “ခုခံပြောဆိုရန် အစဉ်အသင့်ရှိ” ပါ။—၁ ပေ. ၃:၁၅

၁၄။ တချို့အခြေအနေတွေမှာ ရွယ်တူချင်းတွေကို လိမ္မာပါးနပ်စွာ ဘယ်လို ပြန်ဖိအားပေးနိုင်သလဲ။

၁၄ တချို့အခြေအနေတွေမှာ သူတို့ကို ဖိအားပြန်ပေးနိုင်တယ်။ ဒါပေမဲ့ အကင်းပါးပါး လုပ်ဆောင်ဖို့လိုတယ်။ ဥပမာ၊ ကျောင်းနေဖက်တစ်ဦးက သင့်ကို စီးကရက်သောက်ဖို့ တိုက်တွန်းတဲ့အခါ “ငါမသောက်ဘူး” လို့ပြောပြီး ဒီလိုထပ်ပြောနိုင်တယ်– “မင်းက ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပဲ၊ ဘာဖြစ်လို့ ဆေးလိပ်ကြောင့် ကိုယ့်ကျန်းမာရေးကို ထိခိုက်ခံရတာလဲ။” ဖိအားက သူ့ဆီ ပြန်ရောက်သွားတယ်ဆိုတာ သတိထားမိသလား။ သင် ဘာကြောင့် ဆေးလိပ်မသောက်သလဲဆိုတာ ရှင်းပြစရာမလိုတော့ဘဲ သင့်ရွယ်တူချင်းက သူ ဘာကြောင့်ဒီလိုလုပ်နေရသလဲဆိုတာ စဉ်းစားပါလိမ့်မယ်။

၁၅။ သင့်ကိုဖိအားပေးတဲ့ ရွယ်တူချင်းတွေထံကနေ ဘယ်အချိန်မှာ ရှောင်ထွက်သွားတာက သင့်တော်သလဲ၊ ဘာကြောင့်လဲ။

၁၅ သင် ကြိုးစားတွန်းလှန်နေပေမဲ့ ဖိအားဆက်ပေးနေရင်ကော။ အဲဒီလိုအခြေအနေမှာ ရှောင်ထွက်သွားတာက အကောင်းဆုံးဖြစ်တယ်။ အဲဒီနေရာမှာ ဆက်ရှိနေလေ သင်ရေလိုက်ငါးလိုက်လုပ်မိဖို့ အခွင့်အရေးပိုများလေပဲ။ ဒါ့ကြောင့် အဲဒီနေရာကနေ ထွက်သွားပါ။ အရှုံးပေးလိုက်ရတယ်ဆိုတဲ့ ခံစားချက်နဲ့မဟုတ်ဘဲ ရှောင်ထွက်သွားနိုင်ပါတယ်။ တကယ်တော့ သင်က အခြေအနေကို ထိန်းချုပ်လိုက်တာဖြစ်တယ်။ သင်ဟာ ရွယ်တူချင်းတွေ ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်မဟုတ်ဘဲ ယေဟောဝါရဲ့စိတ်တော်ကို ရွှင်လန်းအောင် ပြုလုပ်ခြင်းဖြစ်တယ်။—သု. ၂၇:၁၁

အကျိုးပြုသောအကြံအစည်များ

၁၆။ ခရစ်ယာန်လို့အမည်ခံထားတဲ့သူတွေဆီကနေ ဖိအားတွေ ဘယ်လိုလာနိုင်သလဲ။

၁၆ တစ်ခါတစ်ရံ၊ ယေဟောဝါသက်သေလို့ အမည်ခံထားတဲ့ အခြားလူငယ်တွေက အကျိုးမပြုတဲ့လုပ်ဆောင်မှုတွေမှာပါဝင်ဖို့ ဖိအားပေးနိုင်တယ်။ ဥပမာ၊ သင်က အဲဒီလိုလူငယ်တစ်ဦး စီစဉ်တဲ့ မိတ်ဆုံပွဲတစ်ခုကိုရောက်သွားပြီး အဲဒီမှာ ကြီးကြပ်ပေးတဲ့လူကြီးတစ်ဦးမှ မရှိဘူးဆိုတာ သင်သိရတယ်ဆိုရင်ကော။ ဒါမှမဟုတ် ခရစ်ယာန်အမည်ခံထားတဲ့ လူငယ်တစ်ဦးက အရက်ယမကာတွေယူလာပြီး တချို့သူတွေက မူးနေကြတယ်ဆိုရင်ကော။ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သင့်ကိုယ်ကိုယ်ကိုယ်သိသောစိတ်နဲ့အညီ လုပ်ဆောင်ဖို့လိုတဲ့ အခြေအနေများစွာ ပေါ်လာနိုင်တယ်။ ဆယ်ကျော်သက်ခရစ်ယာန်တစ်ဦး ဒီလိုပြောခဲ့တယ်– “ကျွန်မနဲ့ကျွန်မညီမက မိုးမွှန်အောင်ဆဲဆိုတာတွေပါတဲ့ရုပ်ရှင်ကို ဆက်မကြည့်တော့ဘဲ ထွက်လာခဲ့တယ်။ အုပ်စုထဲက တခြားသူတွေက ဆက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်မတို့ရဲ့မိဘတွေက ကျွန်မတို့ရဲ့လုပ်ရပ်ကို ချီးမွမ်းခဲ့တယ်။ ဒါပေမဲ့ အုပ်စုထဲက တခြားသူတွေကတော့ ကျွန်မတို့ကြောင့် သူတို့တွေ အဆိုးမြင်ခံရတယ်ဆိုပြီး ကျွန်မတို့ကို စိတ်ဆိုးကြတယ်။”

၁၇။ မိတ်ဆုံပွဲတစ်ခုကို တက်ရောက်တဲ့အခါ ဘုရားသခင့်စံနှုန်းတွေအတိုင်း လိုက်နာနိုင်ဖို့ သင် ဘာလုပ်ဆောင်နိုင်သလဲ။

၁၇ အထက်ကအဖြစ်အပျက်အရ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်အတိုင်း လုပ်ဆောင်ခြင်းက သင့်ကို လူ့ဂွစာလို့ အမြင်ခံရစေနိုင်တယ်။ ဒါပေမဲ့ မှန်တယ်လို့ သိထားတဲ့အတိုင်း လုပ်ဆောင်ပါ။ ကြိုတင်ပြင်ဆင်ပါ။ သင် မိတ်ဆုံပွဲတစ်ခုကို သွားတဲ့အခါ အခြေအနေတွေက သင်ထင်ထားတဲ့အတိုင်း မဟုတ်ရင် ထွက်သွားဖို့ ကြိုတင်စီစဉ်ထားပါ။ (ဆာ. ၂၆:၄၊ ၅) ဒီလိုကြိုတင်စီစဉ်ထားတာက အကျိုးရှိစေတယ်။—သု. ၂၁:၅

‘အသက်ပျိုစဉ် ပျော်မွေ့လော့’

၁၈၊ ၁၉။ (က) ယေဟောဝါက သင့်ကို ပျော်ရွှင်စေလိုတော်မူကြောင်း သင် ဘယ်လိုယုံကြည်စိတ်ချနိုင်သလဲ။ (ခ) ရွယ်တူချင်းဖိအားကို တွန်းလှန်သူတွေကို ဘုရားသခင် ဘယ်လိုယူမှတ်သလဲ။

၁၈ ယေဟောဝါက ဘဝကိုပျော်မွေ့စေနိုင်တဲ့အစွမ်းနဲ့ သင့်ကို ဖန်ဆင်းထားပြီး သင့်ကို ပျော်ရွှင်စေလိုတော်မူတယ်။ (ဒေ. ၁၁:၉ ကိုဖတ်ပါ။) သင့်ရွယ်တူချင်းတွေ လုပ်နေတာတွေက “အပြစ်နှင့်ဆိုင်သောပျော်မွေ့ခြင်းကို ခဏခံစားခြင်း” မျှသာဖြစ်ကြောင်း သတိရပါ။ (ဟေဗြဲ ၁၁:၂၅) စစ်မှန်သောဘုရားသခင်က သင့်ကို အဲဒီထက် အဆပေါင်းများစွာသာလွန်တဲ့ ပျော်ရွှင်မှုကို ခံစားစေလိုတယ်။ ကိုယ်တော်က သင့်ကို ထာဝစဉ်ပျော်ရွှင်စေလိုတယ်။ ဒါကြောင့် ဘုရားသခင့်အမြင်မှာ မှားယွင်းတဲ့အရာတစ်ခုခုလုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ ယေဟောဝါ တောင်းဆိုတဲ့အရာတွေက ရေရှည်မှာ သင့်အတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာ အမြဲသတိရပါ။

၁၉ လူငယ်တစ်ဦးအနေနဲ့ ရွယ်တူချင်းတွေရဲ့ နှစ်သက်လက်ခံမှုကို ရခဲ့တယ်ဆိုရင်တောင် နှစ်တွေကြာလာတဲ့အခါ သူတို့ထဲက အများစုက သင့်နာမည်ကိုတောင် မှတ်မိကြတော့မှာ မဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။ ဒါပေမဲ့ သင်က ရွယ်တူချင်းတွေရဲ့ဖိအားတွေကို တွန်းလှန်မယ်ဆိုရင် ယေဟောဝါက အဲဒါကို သတိပြုမိပြီး သင်နဲ့ သင့်ရဲ့သစ္စာတည်ကြည်မှုကို အမြဲအမှတ်ရပါလိမ့်မယ်။ ကိုယ်တော်က “မိုးကောင်းကင်ပြတင်းပေါက်များကိုဖွင့်၍ လိုလျက်မနေရအောင် ကောင်းချီးမင်္ဂလာသွန်းလောင်း” ပါလိမ့်မယ်။ (မာလ. ၃:၁၀သမ္မာ) ဒါ့အပြင် သင့်ရွယ်တူချင်းတွေဆီကလာတဲ့ ဖိအားပေးမှုကို တွန်းလှန်ရာမှာ သင်လိုအပ်တဲ့ဘယ်အရာကိုမဆို ဖြည့်ဆည်းပေးဖို့ ကိုယ်တော်ရဲ့ သန့်ရှင်းသောစွမ်းအားတော်ကို ရက်ရောစွာ ပေးသနားပါလိမ့်မယ်။

သင် မှတ်မိသလား

• ရွယ်တူချင်းဖိအားက ဘယ်လောက်တောင် ပြင်းထန်သလဲ။

• ရွယ်တူချင်းဖိအားကို တွန်းလှန်ရာမှာ အခိုင်အမာယုံကြည်စိတ်ချမှုရှိခြင်းက ဘာကြောင့်အရေးပါသလဲ။

• ရွယ်တူချင်းဖိအားကို ရင်ဆိုင်ဖို့ သင် ဘယ်လိုကြိုတင် ပြင်ဆင်နိုင်သလဲ။

• သင့်ရဲ့သစ္စာရှိမှုကို ယေဟောဝါ တန်ဖိုးထားကြောင်း သင် ဘယ်လိုသိရသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါရုပ်ပုံ]

ရွှေနွားသငယ်ရုပ်လုပ်ဖို့ အာရုန် ဘာကြောင့် အလျှော့ပေးလိုက်လျောခဲ့တာလဲ

[စာမျက်နှာ ၁၀ ပါရုပ်ပုံ]

ကြိုတင်ပြင်ဆင်ထားပါ၊ သင် ပြောဆိုမယ့်အရာကို ကြိုတင်စဉ်းစားဆုံးဖြတ်ထားပါ