မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စွမ်းအားတော် ဦးဆောင်မှုကိုခံယူတဲ့ ဘုရင်မှတစ်ဆင့် ကောင်းချီးများခံစားပါ

ဘုရားသခင့်စွမ်းအားတော် ဦးဆောင်မှုကိုခံယူတဲ့ ဘုရင်မှတစ်ဆင့် ကောင်းချီးများခံစားပါ

ဘုရားသခင့်စွမ်းအားတော် ဦးဆောင်မှုကိုခံယူတဲ့ ဘုရင်မှတစ်ဆင့် ကောင်းချီးများခံစားပါ

‘ယေဟောဝါ၏စွမ်းအားတော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။’—ဟေရှာ. ၁၁:၂

၁။ တချို့သူတွေ ကမ္ဘာ့ပြဿနာတွေနဲ့ပတ်သက်ပြီး ဘယ်စိုးရိမ်မှုတွေအကြောင်း ပြောကြသလဲ။

“နိုင်ငံရေး၊ လူမှုရေးနဲ့ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးမှာ ပရမ်းပတာဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာ လူသားမျိုးနွယ်တွေ နောက်အနှစ် ၁၀၀ အထိ ဘယ်လိုတောင့်ခံထားနိုင်မလဲ။” ဒါက ၂၀၀၆ ခုနှစ်မှာ ရူပနက္ခတ္တဗေဒပညာရှင် စတီဗင် ဟော့ကင်း မေးခဲ့တဲ့ မေးခွန်းဖြစ်တယ်။ ဂျာနယ်တစ်စောင် (New Statesman) မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်က ဒီလိုဖော်ပြတယ်– “ကျွန်ုပ်တို့ဟာ ဆင်းရဲမွဲတေမှုကို မတိုက်ဖျက်နိုင်ခဲ့၊ ကမ္ဘာကြီးငြိမ်းချမ်းအောင် မလုပ်နိုင်ခဲ့ကြဘူး။ အဲဒါနဲ့ဆန့်ကျင်တဲ့အရာတွေကိုပဲ လုပ်ဆောင်ခဲ့ကြပုံပေါက်နေတယ်။ ကျွန်ုပ်တို့ မကြိုးစားလို့တော့ မဟုတ်ဘူး။ ကွန်မြူနစ်ဝါဒကနေ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်အထိ၊ နိုင်ငံပေါင်းချုပ်အသင်းကနေ နျူကလီးယားထိန်းချုပ်ဟန့်တားရေးအထိ ကျွန်ုပ်တို့ အမျိုးမျိုး ကြိုးစားခဲ့ကြပြီးပြီ။ ဒါ့အပြင် စစ်ပွဲကို ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာ ကျွန်ုပ်တို့သိထားကြတယ်လို့ ယူဆပြီး ‘စစ်ကို အဆုံးသတ်ဖို့ စစ်ပွဲပေါင်း’ များစွာကို ဆင်နွှဲခဲ့ကြတယ်။”

၂။ မကြာခင် ယေဟောဝါက မိမိရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးပိုင်ခွင့်ကို ကမ္ဘာတစ်ခွင် ဘယ်လိုပြသမလဲ။

အဲဒီလိုအပြောတွေက ယေဟောဝါရဲ့ကျေးကျွန်တွေအတွက် အထူးအဆန်းမဟုတ်ဘူး။ လူတွေကို မိမိဘာသာအုပ်ချုပ်နိုင်ဖို့ ဖန်ဆင်းထားတာမဟုတ်ဘူးလို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ယေ. ၁၀:၂၃) ယေဟောဝါတစ်ပါးတည်းသာ ကျွန်ုပ်တို့ကို အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ရှိသူဖြစ်တယ်။ အဲဒါကြောင့် ကိုယ်တော့်မှာ ကျွန်ုပ်တို့အတွက် စံနှုန်းတွေချမှတ်ပိုင်ခွင့်၊ ဘဝမှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိသင့်တယ်ဆိုတာကို သတ်မှတ်ပိုင်ခွင့်၊ အဲဒီရည်ရွယ်ချက်ကို လုပ်ဆောင်ဖို့ လမ်းညွှန်ပိုင်ခွင့်ရှိတယ်။ ဒါ့အပြင် မိမိဘာသာအုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ လူသားတွေရဲ့ အရာမထင်တဲ့လုပ်ဆောင်မှုအားလုံးကို အဆုံးသတ်ဖို့ မိမိရဲ့အခွင့်အာဏာကို ကိုယ်တော် မကြာမီ အသုံးပြုမှာဖြစ်တယ်။ တစ်ချိန်တည်းမှာ ကိုယ်တော်က မိမိရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ငြင်းပယ်တဲ့သူတွေကို ဖျက်ဆီးမှာဖြစ်တယ်၊ အဲဒီလိုငြင်းပယ်တဲ့အတွက် လူသားတွေဟာ အပြစ်၊ မစုံလင်မှုနဲ့ ‘ဤလောကစနစ်၏ဘုရားသခင်’ စာတန်ရဲ့ လက်အောက်မှာ ကျွန်ဖြစ်နေကြရတယ်။—၂ ကော. ၄:၄

၃။ မေရှိယနဲ့ပတ်သက်ပြီး ဟေရှာယ ဘယ်လိုကြိုဟောခဲ့သလဲ။

ကမ္ဘာသစ်မြေကြီးပရဒိသုမှာ ယေဟောဝါက လူသားတွေအပေါ် ကိုယ်တော်ရဲ့မေတ္တာပြည့်ဝတဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို မေရှိယနိုင်ငံတော်အားဖြင့် တင်ပြမှာဖြစ်တယ်။ (ဒံ. ၇:၁၃၊ ၁၄) မေရှိယဘုရင်နဲ့ပတ်သက်ပြီး ဟေရှာယ ဒီလိုပရောဖက်ပြုခဲ့တယ်– ‘ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။ ယေဟောဝါ၏စွမ်းအားတော်တည်းဟူသော ဉာဏ်ပညာကိုပေးသောစွမ်းအား၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကိုပေးသောစွမ်းအား၊ ယေဟောဝါကိုသိ၍ ကြောက်ရွံ့သောသဘောကိုပေးသောစွမ်းအားတော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။’ (ဟေရှာ. ၁၁:၁၊ ၂) “ယေရှဲအမျိုးအငုတ်၌အတက်” ဖြစ်တဲ့ ယေရှုခရစ် လူသားတွေကို အုပ်ချုပ်ရာမှာ အရည်အချင်းပြည့်မီစေဖို့ သန့်ရှင်းသောစွမ်းအားတော်ကို ယေဟောဝါ ဘယ်လိုနည်းနဲ့ အသုံးပြုခဲ့သလဲ။ ယေရှုရဲ့အုပ်ချုပ်မှုကနေ ဘယ်ကောင်းချီးတွေ ခံစားရမလဲ။ အဲဒီကောင်းချီးတွေကို ခံစားနိုင်ဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

အုပ်ချုပ်ရန် ဘုရားသခင် အရည်အချင်းပြည့်မီစေ

၄-၆။ ဘယ်အရေးပါတဲ့အသိပညာကြောင့် ယေရှုက ပညာရှိပြီး ထောက်ထားစာနာတဲ့ဘုရင်၊ ယဇ်ပုရောဟိတ်မင်းနဲ့ တရားသူကြီးအဖြစ် လုပ်ဆောင်နိုင်မှာလဲ။

ယေဟောဝါက အမှန်တကယ်ပညာရှိပြီး ထောက်ထားစာနာတဲ့ဘုရင်၊ ယဇ်ပုရောဟိတ်မင်းနဲ့ တရားသူကြီးရဲ့ လမ်းညွှန်မှုအားဖြင့် လက်အောက်ခံလူသားတွေကို စုံလင်တဲ့အဖြစ်ကို ရောက်စေလိုတယ်။ ဒါကြောင့် အဲဒီအရေးကြီးတဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ စွမ်းအားတော်အားဖြင့် အရည်အချင်းပြည့်မီတဲ့ ယေရှုခရစ်ကို ဘုရားသခင် ရွေးချယ်ခဲ့တယ်။ ယေရှုက ဘုရားသခင်အပ်နှင်းထားတဲ့တာဝန်တွေကို ကျေပွန်အောင်လုပ်ဆောင်နိုင်တဲ့ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါ။

ယေရှုက ဘုရားသခင်နဲ့ပတ်သက်တဲ့အသိပညာ အကြွယ်ဝဆုံးသူဖြစ်တယ်။ တစ်ပါးတည်းသောသားတော်ဟာ တခြားဘယ်သူထက်မဆို ခမည်းတော်အကြောင်း ကာလကြာရှည်စွာ၊ ဖြစ်နိုင်တာက နှစ်သန်းထောင်နဲ့ချီ သိကျွမ်းခဲ့သူဖြစ်တယ်။ အဲဒီအချိန်အတွင်းမှာ ယေရှုက ယေဟောဝါအကြောင်း အတွင်းကျကျသိကျွမ်းခဲ့တဲ့အတွက် ကိုယ်တော့်ကို “မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်” ဖြစ်တယ်လို့ ပြောနိုင်ခဲ့တယ်။ (ကော. ၁:၁၅) ယေရှုကိုယ်တိုင်က “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုလည်း မြင်ပြီ” လို့ပြောခဲ့တယ်။—ယော. ၁၄:၉

ယေဟောဝါပြီးရင် ယေရှုက လူသားတွေအပါအဝင် ဖန်ဆင်းရာအားလုံးအကြောင်းကို ကောင်းကောင်းသိတဲ့သူဖြစ်တယ်။ ကောလောသဲ ၁:၁၆၊ ၁၇ မှာ ဒီလိုဖတ်ရတယ်– “ကောင်းကင်နှင့် မြေကြီးပေါ်တွင် ရှိသမျှသော မြင်နိုင်သည့်အရာ၊ မမြင်နိုင်သည့်အရာ ခပ်သိမ်းသည် ကိုယ်တော် [ဘုရားသခင့်သားတော်] အားဖြင့် ဖန်ဆင်းခံကြရ၏။ . . . အရာခပ်သိမ်းသည် ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အတွက်လည်းကောင်း ဖန်ဆင်းခံကြရပြီ။ ထို့ပြင် ကိုယ်တော်သည် အရာခပ်သိမ်းတို့ထက်အလျင် ရှိနှင့်တော်မူ၏။ အရာခပ်သိမ်းတို့သည်လည်း ကိုယ်တော်အားဖြင့် တည်ရှိလာ၏။” ဒီအချက်ကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်ရဲ့ “ကျွမ်းကျင်လုပ်သား” ဖြစ်တဲ့ ယေရှုက တခြားအရာအားလုံးကို ဖန်ဆင်းရာမှာ ပါဝင်ခဲ့တယ်။ ဒါကြောင့် သေးငယ်တဲ့ အက်တမ်အမှုန်ကနေ အံ့ဖွယ်ကောင်းတဲ့ လူ့ဦးနှောက်အထိ စကြဝဠာတစ်ခုလုံးအကြောင်း ကိုယ်တော် ခရေစေ့တွင်းကျသိတယ်။ အမှန်ပါပဲ၊ ခရစ်တော်ကို ဉာဏ်ပညာအဖြစ် တင်စားထားတယ်။—သု. ၈:၁၂၊ ၂၂၊ ၃၀၊ ၃၁ကဘ။

၇၊ ၈။ ယေရှုရဲ့မြေကြီးဓမ္မအမှုဆောင်ချိန်မှာ ဘုရားသခင့်စွမ်းအားတော်က ဘယ်လိုကူညီပေးခဲ့သလဲ။

ယေရှုက ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်နဲ့ ခန့်အပ်ခံထားရသူဖြစ်တယ်။ ယေရှု ဒီလိုပြောခဲ့တယ်– ‘ယေဟောဝါ၏စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသောသူတို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကိုခန့်ထားတော်မူ၏။ ငါ့ကို စေလွှတ်တော်မူရခြင်းမှာ သုံ့ပန်းများ လွတ်မြောက်ခွင့်နှင့် မျက်မမြင်များ ပြန်မြင်ခွင့်အကြောင်းကို ဟောပြောရန်၊ နှိပ်စက်ခံရသူတို့အား လွတ်မြောက်စေရန်၊ ယေဟောဝါ၏ နှစ်သက်လက်ခံဖွယ်နှစ်ကာလအကြောင်းကို ဟောပြောရန်ဖြစ်၏။’ (လု. ၄:၁၈၊ ၁၉) ယေရှုနှစ်ခြင်းခံတဲ့အချိန်မှာ မေရှိယအဖြစ် မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း ဘုရားသခင်လုပ်ဆောင်စေလိုတဲ့အရာတွေအပါအဝင် လူသားဘဝမတိုင်မီက သင်ယူခဲ့ရာတွေကို သန့်ရှင်းသောစွမ်းအားတော်က ပြန်မှတ်မိစေခဲ့ပုံရတယ်။—ဟေရှာယ ၄၂:၁; လုကာ ၃:၂၁၊ ၂၂; ယောဟန် ၁၂:၅၀ တို့ကိုဖတ်ပါ။

ယေရှုက သန့်ရှင်းသောစွမ်းအားတော်ရဲ့ ကူညီထောက်မမှုရရှိထားခြင်း၊ စုံလင်တဲ့ စိတ်နဲ့ခန္ဓာကို ပိုင်ဆိုင်ထားခြင်းတို့ကြောင့် မြေကြီးပေါ်အသက်ရှင်ခဲ့သမျှထဲမှာ အကြီးမြတ်ဆုံးလူသားဖြစ်ရုံသာမက အကြီးမြတ်ဆုံးသွန်သင်သူလည်းဖြစ်ခဲ့တယ်။ အမှန်ပါပဲ၊ ကိုယ်တော့်စကားကို နားထောင်နေသူတွေက “ကိုယ်တော်၏သွန်သင်ပုံကို အလွန်အံ့သြ” ခဲ့ကြတယ်။ (မ. ၇:၂၈) တစ်ချက်အနေနဲ့ လူ့ပြဿနာတွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတွေဖြစ်တဲ့ အပြစ်၊ မစုံလင်မှုနဲ့ ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာကင်းမဲ့မှုတွေကို ယေရှု ထုတ်ဖော်ရှင်းပြခဲ့တယ်။ လူတွေရဲ့စိတ်ရင်းအမှန်ကို ကိုယ်တော်သိမြင်ခဲ့ပြီး အဲဒါနဲ့အညီ ဆက်ဆံခဲ့တယ်။—မ. ၉:၄; ယော. ၁:၄၇

၉။ ကိုယ်တော်ရဲ့မြေကြီးအမှုဆောင်ခြင်းအတွေ့အကြုံတွေကို သုံးသပ်ခြင်းက သင့်အုပ်စိုးရှင်အနေနဲ့ ယေရှုအပေါ် ယုံကြည်စိတ်ချမှုကို ဘယ်လိုတိုးများစေသလဲ။

ယေရှုက လူသားတစ်ဦးအနေနဲ့ အသက်ရှင်ခဲ့တယ်။ လူသားတစ်ဦးအဖြစ် ကိုယ်တော့်ဘဝအတွေ့အကြုံနဲ့ မစုံလင်တဲ့လူသားတွေနဲ့ လက်ပွန်းတတီးနေခဲ့တာတွေက ဘုရင်အဖြစ်အုပ်စိုးဖို့ ယေရှုကို အရည်အချင်းပြည့်မီစေတယ်။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “[ယေရှု]သည် အဘက်ဘက်တွင် မိမိ ‘ညီအစ်ကိုများ’ နှင့် တူညီနေရ၏။ ဤနည်းဖြင့် လူတို့၏အပြစ်များအတွက် အပြစ်ဖြေရာယဇ်ပူဇော်ရန် ဘုရားသခင်၏အမှုတော်ဆောင်ရာတွင် သနားကြင်နာသော သစ္စာရှိယဇ်ပုရောဟိတ်မင်းဖြစ်လာ၏။ စမ်းသပ်ခံရသောအခါ ကိုယ်တိုင်ဆင်းရဲဒုက္ခခံခဲ့ရသဖြင့် စမ်းသပ်မှုခံရသူများကို ကူညီမစနိုင်တော်မူ၏။” (ဟေဗြဲ ၂:၁၇၊ ၁၈) ယေရှုက “စမ်းသပ်ခံ” ခဲ့ရတဲ့အတွက် စုံစမ်းမှုခံနေရသူတွေကို ကိုယ်ချင်းစာနိုင်တယ်။ မြေကြီးပေါ် ဓမ္မအမှုဆောင်ချိန်အတွင်းမှာ ယေရှုရဲ့သနားကြင်နာမှုကို အထင်အရှားတွေ့မြင်ရတယ်။ ဖျားနာသူတွေ၊ မသန်စွမ်းသူတွေ၊ ဖိနှိပ်ခံရသူတွေနဲ့ ကလေးတွေတောင် ကိုယ်တော့်ထံ လွတ်လွတ်လပ်လပ်ချဉ်းကပ်ခဲ့ကြတယ်။ (မာ. ၅:၂၂-၂၄၊ ၃၈-၄၂; ၁၀:၁၄-၁၆) နှိမ့်ချမှုရှိသူတွေနဲ့ ဘုရားသခင့်အကြောင်း သင်ယူလိုစိတ်ပြင်းပြသူတွေလည်း ကိုယ်တော့်ထံ ဆွဲဆောင်ခံခဲ့ရတယ်။ ဒါပေမဲ့ မာနကြီးသူတွေ၊ ထောင်လွှားသူတွေနဲ့ “ဘုရားသခင်ကိုချစ်သည့်မေတ္တာမရှိ” သူတွေက ကိုယ်တော့်ကို ငြင်းပယ်၊ မုန်းတီးပြီး ဆန့်ကျင်ခဲ့ကြတယ်။—ယော. ၅:၄၀-၄၂; ၁၁:၄၇-၅၃

၁၀။ ကျွန်ုပ်တို့အပေါ်ထားရှိတဲ့ မေတ္တာကို ယေရှု ဘယ်နည်းနဲ့ ဖော်ပြခဲ့သလဲ။

၁၀ ယေရှုက ကျွန်ုပ်တို့အတွက် အသက်ကိုစွန့်ခဲ့တယ်။ ကျွန်ုပ်တို့အတွက်အသေခံဖို့ တလိုတလားရှိခြင်းက ယေရှုထက်ပိုကောင်းတဲ့ အုပ်စိုးရှင်မရှိဘူးဆိုတဲ့ အခိုင်လုံဆုံးအထောက်အထား ဖြစ်တယ်။ (ဆာလံ ၄၀:၆-၁၀ ကိုဖတ်ပါ။) “ကိုယ့်မိတ်ဆွေတို့အတွက် အသက်ကို စွန့်သောမေတ္တာထက် သာ၍ကြီးမြတ်သောမေတ္တာမရှိ” လို့ ခရစ်တော်ပြောခဲ့တယ်။ (ယော. ၁၅:၁၃) လူတွေဆီကရထားတဲ့ ငွေတွေနဲ့ ဇိမ်ကျနေတဲ့ မစုံလင်တဲ့လူသားအုပ်စိုးရှင်တွေလိုမဟုတ်ဘဲ ယေရှုက သူ့ရဲ့အသက်ကိုတောင် လူသားတွေအတွက် ပေးခဲ့တယ်။—မ. ၂၀:၂၈

ရွေးနုတ်ဖိုးရဲ့အကျိုးကျေးဇူးကို ယေရှုအသုံးပြု

၁၁။ ယေရှုကို ကျွန်ုပ်တို့ရဲ့ ရွေးနုတ်ရှင်အနေနဲ့ ဘာကြောင့် အပြည့်အဝယုံကြည်စိတ်ချနိုင်သလဲ။

၁၁ ယေရှုက ယဇ်ပုရောဟိတ်မင်းကြီးဖြစ်တယ်။ ဒါကြောင့် ရွေးနုတ်ဖိုးရဲ့အကျိုးကျေးဇူးတွေကို မစုံလင်တဲ့လူသားတွေအတွက် အသုံးပြုနိုင်တယ်။ မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း လုပ်ဆောင်ခဲ့ရာတွေက ကိုယ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း ရွေးနုတ်ရှင်အနေနဲ့ ကိုယ်တော်လုပ်ဆောင်ပေးမယ့်အရာတွေကို အကြိုအနေနဲ့ ပြသခြင်းဖြစ်တယ်။ ကျွန်ုပ်တို့သာသစ္စာရှိမယ်ဆိုရင် အဲဒီကောင်းချီးတွေကို ခံစားရမှာဖြစ်တယ်။ ဖျားနာသူတွေ၊ မသန်စွမ်းသူတွေကို ကိုယ်တော် ကုသပေးခဲ့တယ်၊ လူသေတွေကို ရှင်ပြန်ထမြောက်ပေးပြီး လူအုပ်ကိုအစာကျွေးခဲ့တယ်၊ သဘာဝစွမ်းအားတွေကိုတောင် ထိန်းချုပ်ခဲ့တယ်။ (မ. ၈:၂၆; ၁၄:၁၄-၂၁; လု. ၇:၁၄၊ ၁၅) ဒါက မိမိရဲ့တန်ခိုးနဲ့ အခွင့်အာဏာကို လူတွေအာရုံစိုက်လာအောင် ဟန်ရေးပြလုပ်ဆောင်ခြင်းမဟုတ်ဘဲ ကိုယ်တော်ရဲ့မေတ္တာနဲ့ သနားကြင်နာမှုကို ဖော်ပြဖို့ဖြစ်တယ်။ မိမိကိုကုသပေးဖို့ အသနားခံတဲ့ အနူရောဂါသည်တစ်ဦးကို “ငါအလိုရှိ၏” လို့ပြောခဲ့တယ်။ (မာ. ၁:၄၀၊ ၄၁) ယေရှုက အလားတူ သနားကြင်နာမှုမျိုးကို အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း ကမ္ဘာချီအတိုင်းအတာနဲ့ ပြသသွားမှာဖြစ်တယ်။

၁၂။ ဟေရှာယ ၁၁:၉ ဘယ်လိုပြည့်စုံလာမလဲ။

၁၂ လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ ခန့်က ယေရှုစတင်ခဲ့တဲ့ ဘုရားသခင်အကြောင်း သွန်သင်ပေးခြင်းအစီအစဉ်ကို ခရစ်တော်နဲ့ တွဲဖက်အုပ်ချုပ်သူတွေ ဆက်လုပ်ဆောင်သွားမှာဖြစ်တယ်။ အဲဒီအခါ ဟေရှာယ ၁၁:၉ မှာပါတဲ့ စကားတွေပြည့်စုံလာမှာဖြစ်တယ်– ‘ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ယေဟောဝါကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’ ကမ္ဘာဦးတုန်းက အာဒံကိုတာဝန်ပေးခဲ့သလိုပဲ ဒီပညာပေးအစီအစဉ်မှာလည်း ကမ္ဘာမြေကြီးနဲ့ မျိုးပေါင်းစုံလင်လှတဲ့သတ္တဝါတွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ပါဝင်မှာသေချာတယ်။ အနှစ်တစ်ထောင်အကုန်မှာ ကမ္ဘာဦး ၁:၂၈ မှာဖော်ပြထားတဲ့ ဘုရားသခင့်မူလရည်ရွယ်ချက် ပြန်ပြည့်စုံလာမှာဖြစ်ပြီး ရွေးနုတ်ဖိုးပူဇော်ရာယဇ်ရဲ့အကျိုးကို အပြည့်အဝခံစားရမှာဖြစ်တယ်။

တရားသူကြီးအဖြစ် အရည်အချင်းပြည့်မီ

၁၃။ ဖြောင့်မတ်ခြင်းတရားကို ချစ်မြတ်နိုးကြောင်း ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။

၁၃ ခရစ်တော်က “အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်ရန် ဘုရားသခင် ခန့်ထားတော်မူသောသခင်” ဖြစ်တယ်။ (တ. ၁၀:၄၂) ယေရှုက ဖြောင့်မတ်ခြင်းတရားနဲ့သစ္စာကို ခါးပန်းလို မြဲမြဲစည်းထားပြီး ယိုယွင်းဖောက်ပြန်ခြင်းနဲ့ကင်းတဲ့အရှင် ဖြစ်တယ်ဆိုတာသိထားလို့ အလွန်နှစ်သိမ့်မှုဖြစ်စေပါတယ်။ (ဟေရှာ. ၁၁:၅) လောဘကြီးမှု၊ အရေခြုံဟန်ဆောင်မှုနဲ့ တခြားဆိုးညစ်မှုတွေကို မုန်းတီးကြောင်း ကိုယ်တော် ဖော်ပြခဲ့ပြီး ဒုက္ခရောက်နေတဲ့သူတွေအပေါ် စာနာထောက်ထားမှုမရှိသူတွေကို ပြစ်တင်ပြောဆိုခဲ့တယ်။ (မ. ၂၃:၁-၈၊ ၂၅-၂၈; မာ. ၃:၅) ဒါ့အပြင် ယေရှုက “လူတို့၏စိတ်နှလုံးကို သိမြင်” တဲ့အတွက်ကြောင့် အပေါ်ယံအသွင်အပြင်နဲ့ ကိုယ်တော့်ကို မလှည့်စားနိုင်ကြောင်း တင်ပြခဲ့တယ်။—ယော. ၂:၂၅

၁၄။ ယခုအချိန်မှာ ယေရှုက ဖြောင့်မတ်ခြင်းနဲ့ တရားမျှတခြင်းကို ချစ်မြတ်နိုးကြောင်း ဘယ်လိုနည်းနဲ့ တင်ပြနေသလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးသင့်သလဲ။

၁၄ ယေရှုက သမိုင်းမှာ အကြီးကျယ်ဆုံးဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းကို ကြီးကြပ်ပေးနေခြင်းအားဖြင့် ဖြောင့်မတ်ခြင်းနဲ့ တရားမျှတမှုကို ချစ်မြတ်နိုးကြောင်း ဆက်ဖော်ပြလျက်ရှိတယ်။ ဒီလုပ်ငန်းကို ဘုရားသခင်စိတ်ကျေနပ်တဲ့အထိ လုပ်ဆောင်နေတာကို ရပ်တန့်သွားအောင် ဘယ်လူသား၊ ဘယ်လူ့အုပ်ချုပ်မှု၊ ဘယ်ဆိုးညစ်တဲ့ဝိညာဉ်သတ္တဝါကမှ မလုပ်နိုင်ဘူး။ ဒါကြောင့် အာမဂေဒုန်စစ်ပြီးသွားတဲ့အခါ ဘုရားသခင့်တရားမျှတခြင်း တစ်ကမ္ဘာလုံးကိုလွှမ်းမိုးမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဟေရှာယ ၁၁:၄; မဿဲ ၁၆:၂၇ တို့ကိုဖတ်ပါ။) မိမိကိုယ်ကို ဒီလိုမေးပါ– ‘ခရစ်ယာန်ဓမ္မအမှုမှာပါဝင်တဲ့အခါ လူတွေအပေါ် ယေရှုရဲ့သဘောထားမျိုး ငါတင်ပြသလား။ ငါ့ရဲ့ကျန်းမာရေး ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာအခြေအနေတွေကြောင့် ငါလုပ်ဆောင်နိုင်ရာတွေက အကန့်အသတ်ဖြစ်နေတယ်ဆိုရင်တောင် ယေဟောဝါကို ငါအတတ်နိုင်ဆုံး ပေးဆက်နေသလား။’

၁၅။ ဘယ်အချက်ကို စိတ်စွဲမှတ်ထားမယ်ဆိုရင် အတတ်နိုင်ဆုံးအမှုဆောင်ဖို့ အထောက်အကူပြုနိုင်သလဲ။

၁၅ ဟောပြောခြင်းလုပ်ငန်းက ဘုရားသခင်ရဲ့လုပ်ငန်းဖြစ်တယ်ဆိုတာကို စိတ်စွဲမှတ်ထားမယ်ဆိုရင် စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ဖို့ အထောက်အကူပြုမှာဖြစ်တယ်။ ဟောပြောဖို့ ကိုယ်တော်မိန့်မှာခဲ့တယ်၊ ဒီလုပ်ငန်းကို သားတော်ကနေတစ်ဆင့် ကိုယ်တော်ညွှန်ကြားနေတယ်၊ ဒီလုပ်ငန်းမှာ ပါဝင်နေတဲ့သူတွေကို သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကိုယ်တော်ကူညီထောက်မပေးနေတယ်။ စွမ်းအားတော်ရဲ့ဦးဆောင်လမ်းပြမှုကိုခံယူတဲ့ သားတော်နဲ့အတူ ဘုရားသခင့်လုပ်ဖော်ဆောင်ဖက်အနေနဲ့ အမှုဆောင်ရတဲ့အခွင့်ထူးကို သင် မြတ်နိုးပါသလား။ အများစုက “ပညာတတ်များမဟုတ်၊ သာမန်လူများ” ဖြစ်တယ်လို့ သတ်မှတ်ခံရတဲ့ ခုနစ်သန်းကျော်သောသူများကို နိုင်ငံပေါင်း ၂၃၆ နိုင်ငံမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာဖို့ လှုံ့ဆော်ပေးတဲ့အရှင်က ယေဟောဝါကလွဲလို့ ဘယ်သူဖြစ်နိုင်မှာလဲ။—တ. ၄:၁၃

ခရစ်တော်မှတစ်ဆင့် ကောင်းချီးခံစားရဖို့ ကြိုးစားပါ

၁၆။ ကမ္ဘာဦး ၂၂:၁၈ က ဘုရားသခင့်ကောင်းချီးအကြောင်း ဘာဖော်ပြသလဲ။

၁၆ ယေဟောဝါက အာဗြဟံကို ဒီလိုပြောခဲ့တယ်– ‘သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင်၏။’ (က. ၂၂:၁၈) ဒီအချက်က ဘုရားသခင်နဲ့ သားတော်အတွက် အမှုဆောင်ရခြင်းကို တန်ဖိုးထားလေးမြတ်သူတွေဟာ အမျိုးအနွယ်မေရှိယ ဆောင်ကြဉ်းပေးမယ့်ကောင်းချီးတွေကို ယုံကြည်စိတ်ချစွာ မျှော်လင့်နိုင်တယ်ဆိုတာ ဖော်ပြတယ်။ ယနေ့ သူတို့တွေဟာ အဲဒီကောင်းချီးတွေကို စိတ်ထဲထားပြီး ဘုရားသခင့်အမှုတော်မှာ အလုပ်များနေကြတယ်။

၁၇၊ ၁၈။ တရားဟောရာ ၂၈:၂ မှာ ယေဟောဝါရဲ့ ဘယ်ကတိတော်ကို ဖတ်ရသလဲ၊ အဲဒါက ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

၁၇ အာဗြဟံရဲ့ပကတိအမျိုးအနွယ်ဖြစ်တဲ့ အစ္စရေးလူမျိုးကို ဘုရားသခင် တစ်ခါက ဒီလိုပြောခဲ့တယ်– ‘သင်၏ဘုရားသခင် ယေဟောဝါ၏စကားတော်ကို နားထောင်လျှင် သင့်အပေါ်မှာ ကောင်းချီးမင်္ဂလာများ သက်ရောက်မည်။’ (တရား. ၂၈:၂) ယနေ့ ဘုရားသခင့်ကျေးကျွန်တွေကိုလည်း အဲဒီလိုပဲ ပြောနိုင်ပါတယ်။ ယေဟောဝါရဲ့ကောင်းချီးကို သင် ခံစားချင်တယ်ဆိုရင် ကိုယ်တော့်စကားကို ဆက် “နားထောင်” ဖို့လိုတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တော့်ကောင်းချီးတွေ “သင့်အပေါ်မှာ သက်ရောက်” ပါလိမ့်မယ်။ ဒါဆိုရင် “နားထောင်” ခြင်းမှာ ဘာပါဝင်ပါသလဲ။

၁၈ နားထောင်ခြင်းမှာ သမ္မာကျမ်းစာနဲ့ အဖွဲ့အစည်းထုတ်စာပေတွေမှာ ပြောထားတဲ့အချက်တွေကို လေးလေးနက်နက် သုံးသပ်ဆင်ခြင်ခြင်း ပါဝင်တယ်။ (မ. ၂၄:၄၅) ဘုရားသခင်နဲ့ ကိုယ်တော့်သားတော်ရဲ့စကားကို နာခံခြင်းလည်း ပါဝင်တယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “‘သခင်၊ သခင်’ ဟုငါ့ကို ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်။ ကောင်းကင်ဘုံရှိ ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်သောသူသာ ဝင်ရလိမ့်မည်။” (မဿဲ ၇:၂၁) ဒါ့အပြင် ဘုရားသခင့်စကားနားထောင်ခြင်းမှာ “လူ့အသွင်ဆုများ” ဖြစ်တဲ့ ခန့်အပ်ခံအကြီးအကဲများနဲ့ ဘုရားသခင်ဖွဲ့စည်းထားတဲ့ ခရစ်ယာန်အသင်းတော်ကို တလိုတလားနာခံခြင်း ပါဝင်တယ်။—ဧ. ၄:၈

၁၉။ ကောင်းချီးခံစားရဖို့ ဘာလုပ်နိုင်ပါသလဲ။

၁၉ “လူ့အသွင်ဆုများ” ထဲမှာ ခရစ်ယာန်အသင်းတော်တစ်ခုလုံးရဲ့ ကိုယ်စားလှယ်အနေနဲ့ လုပ်ဆောင်နေကြတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပါဝင်တယ်။ (တ. ၁၅:၂၊) ခရစ်တော်ရဲ့ညီတော်တွေအပေါ် ကျွန်ုပ်တို့ရဲ့သဘောထားက ရောက်လာတော့မယ့် ကြီးစွာသောဒုက္ခအတွင်း ဘယ်လိုတရားစီရင်ခံရမယ်ဆိုတာကို ပိုင်းဖြတ်ပေးတဲ့ အဓိကအချက်ဖြစ်တယ်။ (မ. ၂၅:၃၄-၄၀) ဒါကြောင့် ကောင်းချီးခံစားရနိုင်တဲ့နည်းတစ်နည်းက ဘုရားသခင်ရဲ့စွမ်းအားတော်ဖွားတွေကို သစ္စာရှိရှိထောက်မပေးခြင်းဖြစ်တယ်။

၂၀။ (က) “လူ့အသွင်ဆုများ” ရဲ့ အရေးကြီးတဲ့တာဝန်ကဘာလဲ။ (ခ) ဒီညီအစ်ကိုတွေကို တန်ဖိုးထားကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။

၂၀ “လူ့အသွင်ဆုများ” ထဲမှာ ဌာနခွဲကော်မတီဝင်တွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ၊ အသင်းတော်အကြီးအကဲတွေစတဲ့ သန့်ရှင်းသောစွမ်းအားတော်နဲ့ ခန့်အပ်ထားတဲ့သူအားလုံးလည်း ပါဝင်တယ်။ (တ. ၂၀:၂၈) ဒီညီအစ်ကိုတွေရဲ့ အဓိကတာဝန်က “ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏ သားတော်ကို တိကျမှန်ကန်စွာ သိကျွမ်းခြင်း၌လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ အဆင့်တည်းဟူသော ကြီးရင့်သူအဖြစ်သို့ ရောက်သည်အထိ” တည်ဆောက်ပေးဖို့ဖြစ်တယ်။ (ဧ. ၄:၁၃) သူတို့က ကျွန်ုပ်တို့အားလုံးလိုပဲ မစုံလင်သူတွေဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မေတ္တာပြည့်ဝတဲ့ထိန်းကျောင်းမှုကို တန်ဖိုးထားလေးမြတ်စိတ်နဲ့တုံ့ပြန်တဲ့အခါ ကျွန်ုပ်တို့ ကောင်းချီးခံစားကြရတယ်။—ဟေဗြဲ ၁၃:၇၊ ၁၇

၂၁။ ဘုရားသခင့်သားတော်ကိုနာခံဖို့ ဘာကြောင့်အရေးကြီးသလဲ။

၂၁ မကြာမီမှာ ခရစ်တော်က စာတန့်ဆိုးညစ်တဲ့စနစ်ကို ဖျက်ဆီးတော့မှာဖြစ်တယ်။ အဲဒီအချိန်ကျရန် ကျွန်ုပ်တို့ရဲ့အသက်က ယေရှုလက်ထဲမှာပဲရှိမှာဖြစ်တယ်၊ အကြောင်းကတော့ ကြိုဟောထားတဲ့ “လူအုပ်ကြီး” ကို “အသက်စမ်းရေသို့ပို့ဆောင်” ဖို့ ဘုရားသခင်က ယေရှုကို တာဝန်ခန့်အပ်ထားလို့ ဖြစ်တယ်။ (ဗျာ. ၇:၉၊ ၁၆၊ ၁၇) ဒါကြောင့် အခုအချိန်မှာ ယေဟောဝါရဲ့စွမ်းအားတော် ဦးဆောင်လမ်းပြမှုကိုခံယူတဲ့ဘုရင်ကို ကျေးဇူးတင်လေးမြတ်စိတ်နဲ့ တလိုတလားလက်အောက်ခံဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါစို့။

အောက်ဖော်ပြပါကျမ်းချက်တွေကနေ သင် ဘာသင်ယူသိရှိခဲ့သလဲ

ဟေရှာယ ၁၁:၁-၅

မာကု ၁:၄၀၊ ၄၁

တမန်တော် ၁၀:၄၂

ကမ္ဘာဦး ၂၂:၁၈

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

ယာဣရုရဲ့သမီးကို ယေရှုရှင်ပြန်ထမြောက်ပေးရာမှာ ကိုယ်တော့်ရဲ့ ထောက်ထားစာနာမှု ထင်ရှား

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

ယေရှုခရစ်က သမိုင်းမှာ အကြီးကျယ်ဆုံး ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးနေ