မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ အမှုဆောင်ရတာကို ကျွန်တော်ပျော်မွေ့

ယေဟောဝါရဲ့ အမှုဆောင်ရတာကို ကျွန်တော်ပျော်မွေ့

ယေဟောဝါရဲ့ အမှုဆောင်ရတာကို ကျွန်တော်ပျော်မွေ့

ဖရက်ဒ် ရာ့စ်ခ် ပြောပြသည်

ကျွန်တော့်အသက်တာအစောပိုင်းမှာ ‘ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ယေဟောဝါသည် အကျွန်ုပ်ကိုချီယူတော်မူမည်’ ဆိုတဲ့ ဆာလံ ၇၂:၁၀ မှာပါတဲ့ ဒါဝိဒ်ရဲ့စကားတွေ မှန်ကန်တယ်ဆိုတာ ကိုယ်တွေ့ခံစားခဲ့ရတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာ ပြောပြပါရစေ။

စီးပွားပျက်ကပ်ဆိုက်နေတဲ့ ၁၉၃၀ ပြည့်လွန်နှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ အဖေဘက်ကအဘိုးရဲ့ဝါစိုက်ခင်းမှာ ကျွန်တော် ကြီးပြင်းလာခဲ့တယ်။ ကျွန်တော့်အမေက ကျွန်တော့်ညီကိုမွေးရင်း အမေရော၊ ညီလေးပါ ဆုံးသွားတဲ့အတွက် အရမ်းစိတ်ထိခိုက်နေတဲ့အဖေက ကျွန်တော့်ကို မုဆိုးဖိုအဘိုးနဲ့ထားခဲ့ပြီး အလုပ်လုပ်ဖို့ အတော်ဝေးတဲ့မြို့တစ်မြို့ကို ထွက်သွားခဲ့တယ်။ နောက်ပိုင်း အဖေက သူနဲ့အတူနေဖို့ ကျွန်တော့်ကိုခေါ်ဖို့ ကြိုးစားပေမဲ့ အဆင်မပြေခဲ့ဘူး။

အဘိုးရဲ့သမီးကြီးတွေက အိမ်ကိစ္စအားလုံးကို စီမံခန့်ခွဲကြတယ်။ အဘိုးက ၀တ်ပြုရေးကိုစိတ်မဝင်စားပေမဲ့ သူ့သမီးတွေကတော့ ထက်သန်တဲ့ တောင်ပိုင်းနှစ်ခြင်းအသင်းသားတွေ ဖြစ်တယ်။ တနင်္ဂနွေနေ့တိုင်း ချာ့ခ်ျမတက်ရင် ရိုက်မယ်လို့ပြောလို့ ကျွန်တော် ချာ့ခ်ျတက်ခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်ကလေးဘဝတုန်းက ဝတ်ပြုရေးမှာ မပျော်မွေ့ခဲ့ဘူး။ ဒါပေမဲ့ ကျောင်းနဲ့အားကစားကြောင့်တော့ ပျော်ခဲ့ရတယ်။

ကျွန်တော့်ဘဝကိုပြောင်းလဲစေခဲ့တဲ့ လည်ပတ်မှု

ကျွန်တော့်အသက် ၁၅ နှစ်ဖြစ်တဲ့ ၁၉၄၁ ခုနှစ် တစ်ရက်မှာ အသက်ကြီးအမျိုးသားတစ်ဦးနဲ့ သူ့ဇနီး ကျွန်တော်တို့အိမ်ကို ရောက်လာတယ်။ သူ့ကိုယ်သူ “ငါက မင်းရဲ့ဦးလေး တယ်မာ့ဂျ် ရာ့စ်ခ်” လို့ မိတ်ဆက်တယ်။ သူ့အကြောင်းတစ်ခါမှမကြားဖူးပေမဲ့ သူနဲ့သူ့ဇနီးက ယေဟောဝါသက်သေတွေဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။ လူသားတွေဟာ ကမ္ဘာမြေပေါ်ထာဝစဉ်အသက်ရှင်ရမယ်ဆိုတဲ့ ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း သူရှင်းပြတယ်၊ အဲဒါက ကျွန်တော်ချာ့ခ်ျမှာကြားတာနဲ့ လုံးဝမတူဘူး။ မိသားစုဝင်အတော်များများက သူပြောတာကို လက်မခံတဲ့အပြင် မလေးမခန့်တောင်လုပ်ကြတယ်။ နောက်ပိုင်း သူတို့ကို အိမ်ထဲဝင်ခွင့်မပေးတော့ဘူး။ ဒါပေမဲ့ ကျွန်တော့်ထက်သုံးနှစ်ပဲကြီးတဲ့ ကျွန်တော့်ဒေါ်လေး မေရီက ကျမ်းစာအုပ်နဲ့ စာပေတွေကို လက်ခံခဲ့တယ်။

မေရီက ကျမ်းစာအမှန်တရားတွေ့ပြီလို့ ချက်ချင်းယုံကြည်ခဲ့ပြီး ၁၉၄၂ ခုနှစ်မှာ ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့တယ်။ “ကိုယ့်အိမ်သူအိမ်သားတို့သည် ကိုယ့်ရန်သူဖြစ်ကြလိမ့်မည်” လို့ ယေရှုကြိုပြောခဲ့တဲ့အတိုင်း သူကြုံတွေ့ခဲ့ရတယ်။ (မ. ၁၀:၃၄-၃၆) မိသားစုရဲ့ဆန့်ကျင်မှုက ပိုပြင်းထန်လာတယ်။ လူမှုရေးလုပ်ငန်းတွေမှာထင်ပေါ်သူဖြစ်တဲ့ မေရီရဲ့အစ်မတစ်ယောက်က မြို့တော်ဝန်နဲ့ပူးပေါင်းကြံစည်ပြီး ဦးလေး တယ်မာ့ဂျ်ကို ဖမ်းချုပ်ခဲ့တယ်။ တရားမဝင်ဖြန့်ဝေတယ်လို့ စွပ်စွဲခံရပြီး ပြစ်ဒဏ်စီရင်ခံခဲ့ရတယ်။

တရားသူကြီးလည်းဖြစ်တဲ့ မြို့တော်ဝန်က မြို့နယ်တရားရုံးမှာရှိတဲ့သူတွေကို “ဒီလူဖြန့်ဝေနေတဲ့စာပေတွေက အဆိပ်အတောက်လိုပဲ အန္တရာယ်ရှိတယ်” လို့ပြောကြောင်း မြို့ခံသတင်းစာမှာ ဖော်ပြထားတယ်။ ဦးလေးက အယူခံဝင်ပြီး အမှုနိုင်ခဲ့ပေမဲ့ အဲဒီအတောအတွင်း ထောင်ထဲမှာ ဆယ်ရက်နေခဲ့ရတယ်။

ဒေါ်လေးမေရီ ကူညီပေးခဲ့

မေရီက သူအသစ်တွေ့ရှိထားတဲ့ယုံကြည်ချက်အကြောင်း ကျွန်တော့်ကိုပြောပြရုံတင်မကဘူး၊ အိမ်နီးချင်းတွေကိုလည်း စပြီးသက်သေခံခဲ့တယ်။ ကမ္ဘာသစ်စာအုပ် *ကို လက်ခံခဲ့တဲ့ အမျိုးသားတစ်ဦးကို ကျမ်းစာသင်ပေးဖို့ သွားတဲ့အခါ ကျွန်တော်လိုက်သွားတယ်။ ဒီအမျိုးသားက အဲဒီစာအုပ်ကို ညလုံးပေါက်ဖတ်ခဲ့တဲ့အကြောင်း သူ့ရဲ့ဇနီးက ပြောပြတယ်။ ဘယ်ဘာသာရေးအဖွဲ့ထဲကိုမှ ကျွန်တော် အလျင်စလိုမဝင်ချင်ပေမဲ့ ကျွန်တော်သိရှိခဲ့တဲ့အရာတွေကို သဘောကျတယ်။ ဒါပေမဲ့ သက်သေခံတွေဟာ ဘုရားသခင့်လူမျိုးဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တာက ကျမ်းစာသွန်သင်ချက်တွေကြောင့်ပဲ မဟုတ်ဘူး။ သက်သေခံတွေကြုံတွေ့နေရတဲ့ ဆန့်ကျင်မှုတွေကြောင့်လည်းပါတယ်။

ဥပမာ၊ တစ်နေ့ မေရီနဲ့ကျွန်တော် ခြံထဲကနေ အိမ်အပြန်မှာ မေရီရဲ့ကျမ်းစာစာပေတွေ၊ ဓာတ်စက်နဲ့ ကျမ်းစာအသံသွင်းထားတဲ့ ဓာတ်ပြားတွေကို မေရီအစ်မတွေ မီးရှို့ဖျက်ဆီးထားတာကို တွေ့လိုက်ရတယ်။ ကျွန်တော် ဒေါသတကြီးစိတ်ဆိုးဆိုးနဲ့ပြောတဲ့အခါ မီးရှို့တဲ့အဒေါ်က “မင်းတို့တွေ တစ်ချိန်ကျရင် ငါတို့ကို ကျေးဇူးတင်လိမ့်မယ်” လို့ တင်တင်စီးစီးပြန်ပြောတယ်။

မေရီက သူတွေ့ရှိထားတဲ့အမှန်တရားကို မစွန့်လွှတ်ဘဲ အိမ်နီးချင်းတွေကိုဆက်ဟောတဲ့အတွက် ၁၉၄၃ ခုနှစ်မှာ အိမ်ကနေ နှင်ချခံရတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ဘုရားသခင်ရဲ့နာမက ယေဟောဝါဖြစ်တယ်ဆိုတာလောက်ပဲ သိတာမဟုတ်ဘူး၊ ဘုရားသခင်က မေတ္တာရှင်ဖြစ်တယ်၊ သနားကြင်နာတယ်၊ လူတွေကို မီးငရဲမှာမဖျက်ဆီးဘူးဆိုတာ သိနေပြီ။ အခုအချိန်အထိ ကျွန်တော် တစ်ခါမှအစည်းအဝေးမတက်ဖူးပေမဲ့ ယေဟောဝါမှာ မေတ္တာပြည့်ဝတဲ့အဖွဲ့အစည်းတစ်ခုရှိတယ်ဆိုတာလည်း သိနေပြီ။

နောက်ပိုင်းမှာ ကျွန်တော်မြက်ရိတ်နေတုန်း ကားတစ်စီးက ကျွန်တော့်နားမှာရပ်သွားပြီး ကားထဲမှာရှိတဲ့လူနှစ်ယောက်ထဲကတစ်ယောက်က ကျွန်တော့်ကို ဖရက်ဒ်လားဆိုပြီး မေးတယ်။ သူတို့က သက်သေခံတွေဆိုတာ ကျွန်တော်သိလိုက်ရတဲ့အခါ “ကျွန်တော် ကားပေါ်တက်လို့ရမလား၊ လွတ်လွတ်လပ်လပ်စကားပြောလို့ရတဲ့နေရာကို သွားရအောင်” လို့ ပြောလိုက်တယ်။ ကျွန်တော့်ကိုလာရှာဖို့ မေရီစီစဉ်လိုက်တာဖြစ်တယ်။ သူတို့ထဲကတစ်ယောက်က နယ်လှည့်အမှုဆောင် ရှီးလ်ဒ် ထွတ်ဂျန်ဖြစ်ပြီး ကျွန်တော်လိုအပ်နေတဲ့ လမ်းညွှန်မှုနဲ့ အားပေးမှုပေးခဲ့တယ်။ သက်သေခံတွေရဲ့ယုံကြည်ချက်တွေကို ကျွန်တော်ကာကွယ်ပြောဆိုတဲ့အတွက် မိသားစုဆန့်ကျင်မှုက အခု ကျွန်တော့်ဘက် မြားဦးလှည့်လာပြီ။

ကျွန်တော် ယေဟောဝါကို၀တ်ပြုဖို့ ဆုံးဖြတ်ထားရင် သူနဲ့အတူလာနေလို့ရတယ်လို့ မေရီက သူရောက်နေတဲ့ ဗာဂျီးနီးယားပြည်နယ်ကနေ စာလှမ်းရေးတယ်။ ကျွန်တော် သွားမယ်လို့ ချက်ချင်းဆုံးဖြတ်လိုက်တယ်။ ၁၉၄၃၊ အောက်တိုဘာလရဲ့ သောကြာနေ့ညနေခင်းတစ်ခုမှာ အရေးကြီးတဲ့ပစ္စည်းတချို့ကို သေတ္တာထဲထည့်ပြီး အိမ်နဲ့တော်တော်လှမ်းတဲ့သစ်ပင်တစ်ပင်မှာ ချည်ထားလိုက်တယ်။ စနေနေ့မှာ သေတ္တာကိုယူပြီး ဘေးအိမ်ရဲ့နောက်ဘက်လမ်းကြားကနေ ထွက်ပြီး မြို့ထဲကိုထွက်ခဲ့တယ်။ ရော့နော့်ခ်မြို့ကိုရောက်တော့ အက်ဒ်နာ ဖောက်စ်အိမ်မှာနေတဲ့ မေရီနဲ့ ပြန်တွေ့တယ်။

တိုးတက်လာ၊ နှစ်ခြင်းခံပြီး ဗေသလမှာအမှုဆောင်

အက်ဒ်နာက ခေတ်သစ်လုဒိလို့ခေါ်လို့ရတဲ့ သနားကြင်နာတတ်တဲ့ ကောင်းကင်အတန်းအစားတစ်ဦးဖြစ်တယ်၊ သူက အိမ်ကြီးတစ်အိမ်ကိုငှားထားပြီး ဒေါ်လေးမေရီအပြင် သူ့အစ်ကိုရဲ့မိန်းမနဲ့ သမီးနှစ်ယောက်ကိုပါ ခေါ်ထားတယ်။ ဒီမိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ဂလက်စ်နဲ့ ဂရေ့စ် ဂရက်ဂိုရီတို့က နောက်ပိုင်းမှာ ခရစ်ယာန်သာသနာပြုတွေ ဖြစ်လာတယ်။ ဂလက်စ်က အခုအသက် ၉၀ ကျော်ရှိပြီး ဂျပန်ဌာနခွဲမှာ သစ္စာရှိရှိအမှုဆောင်နေတုန်းပဲ။

အက်ဒ်နာရဲ့အိမ်မှာနေတုန်း ကျွန်တော် အစည်းအဝေးတွေကို ပုံမှန်တက်ပြီး အမှုဆောင်လုပ်ငန်းအတွက် လေ့ကျင့်မှုတွေရရှိခဲ့တယ်။ သမ္မာကျမ်းစာကို လွတ်လွတ်လပ်လပ်လေ့လာခွင့်ရပြီး အစည်းအဝေးတွေကို တက်ခွင့်ရလို့ ယေဟောဝါအကြောင်း သိချင်စိတ်ပိုများလာတယ်။ ၁၉၄၄၊ ဇွန် ၁၄ ရက်မှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ မေရီနဲ့ ဂရက်ဂိုရီညီအစ်မနှစ်ယောက်က ရှေ့ဆောင်စလုပ်ခဲ့ပြီး ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်းမှာ တာဝန်ကျခဲ့တယ်။ လစ်ဇဘတ်မှာ အသင်းတော်တစ်ခုဖြစ်လာအောင် သူတို့ ကူညီပေးခဲ့ကြတယ်။ ၁၉၄၆ ခုနှစ်အစောပိုင်းမှာ သူတို့နဲ့သိပ်မဝေးတဲ့ဒေသမှာ ကျွန်တော် ရှေ့ဆောင်စလုပ်ခဲ့တယ်။ အဲဒီနှစ်နွေရာသီမှာ ကျွန်တော်တို့တွေ အိုဟိုင်အိုပြည်နယ်၊ ကလိဗ်လန်မြို့မှာ ဩဂုတ် ၄-၁၁ အထိကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ဖို့ အတူသွားခဲ့ကြတယ်။

ဒီစည်းဝေးကြီးမှာ အဖွဲ့အစည်းရဲ့ဦးဆောင်သူဖြစ်တဲ့ နေသန်နောရ်က ဘရွက်ကလင်ဗေသလကိုတိုးချဲ့ဖို့ အစီအစဉ်ရှိကြောင်း ပြောခဲ့တယ်။ တိုးချဲ့မယ့်အထဲမှာ လူနေအဆောက်အဦနဲ့ ပုံနှိပ်စက်ရုံပါတယ်။ အဲဒီအတွက် လူငယ်ညီအစ်ကိုအများကြီး လိုအပ်တယ်။ အဲဒီနေရာမှာ ယေဟောဝါရဲ့အမှုဆောင်မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ လျှောက်လွှာတင်လိုက်ပြီး လအနည်းငယ်အကြာဖြစ်တဲ့ ၁၉၄၆၊ ဒီဇင်ဘာ ၁ ရက်မှာ ကျွန်တော် ဗေသလကိုရောက်သွားတယ်။

တစ်နှစ်လောက်ကြာပြီးတဲ့နောက် ပုံနှိပ်စက်ရုံကြီးကြပ်မှူး မက်စ် လာဆန်က မဂ္ဂဇင်းပို့တဲ့ဌာနမှာရှိတဲ့ ကျွန်တော့်စားပွဲရှေ့ရောက်လာပြီး ကျွန်တော် လုပ်ငန်းတော်ဌာနကို ပြောင်းရမယ်လို့ ပြောတယ်။ အဲဒီမှာ ကျမ်းစာမူတွေရဲ့ လက်တွေ့ကျမှုနဲ့ ဘုရားသခင့်အဖွဲ့အစည်းရဲ့လုပ်ဆောင်မှုတွေအကြောင်း အများကြီးသိရှိခဲ့ရတယ်၊ အထူးသဖြင့် ဌာနကြီးကြပ်မှူး တီ. ဂျေ. စူလီဗန်နဲ့အတူ တွဲအလုပ်လုပ်ရတဲ့အခါ ဖြစ်တယ်။

ကျွန်တော့်အဖေက ကျွန်တော်ရှိတဲ့ဗေသလကို အကြိမ်အတော်များများလာလည်ပတ်ခဲ့တယ်။ သူအသက်ကြီးလာတဲ့အခါ ဘာသာရေးကို စိတ်ဝင်စားလာတယ်။ ၁၉၆၅ ခုနှစ်၊ သူနောက်ဆုံးလည်ပတ်ချိန်မှာ “မင်းပဲ အဖေ့ဆီလာတော့၊ အဖေကတော့ မလာတော့ဘူး” လို့ပြောတယ်။ အဖေမဆုံးခင် ကျွန်တော် အဖေ့ဆီ အကြိမ်အနည်းငယ် သွားလည်ပတ်ခဲ့တယ်။ အဖေက သူ ကောင်းကင်သွားမယ်လို့ အခိုင်အမာပြောတယ်။ သူ ယေဟောဝါရဲ့မှတ်ဉာဏ်ထဲမှာရှိနေဖို့ ကျွန်တော်မျှော်လင့်တယ်။ အဲဒီလိုသာရှိခဲ့မယ်ဆိုရင် ရှင်ပြန်ထမြောက်ချိန်မှာ အဖေက သူမျှော်လင့်တဲ့နေရာမှာမဟုတ်ဘဲ ပြန်လည်တည်ထောင်ထားတဲ့ ပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ရှိနေမှာပါ။

အမှတ်ရဖွယ်စည်းဝေးကြီးများနဲ့ ဆောက်လုပ်ရေး

စည်းဝေးကြီးတွေက အမှတ်ရစရာ တိုးတက်မှုသမိုင်းမှတ်တိုင်တွေ ဖြစ်တယ်။ အထူးသဖြင့် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ နယူးယောက်မြို့က ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးဖြစ်တယ်။ ၁၉၅၈ ခုနှစ်မှာ ရန်ကီးအားကစားကွင်းနဲ့ ပိုလိုအားကစားကွင်းမှာ တစ်ပြိုင်တည်းကျင်းပပြီး အစီအစဉ်တစ်ခုမှာ ၁၂၃ နိုင်ငံက တက်ရောက်သူ ၂၅၃,၉၂၂ ယောက်ရှိခဲ့တယ်။ အဲဒီအစည်းအဝေးကြီးမှာ အဖြစ်အပျက်တစ်ခုကို ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ စည်းဝေးကြီးရုံးခန်းမှာ ကျွန်တော်ကူညီပေးနေတုန်း ညီအစ်ကိုနောရ် သုတ်သုတ်ပျာပျာနဲ့ရောက်လာပြီး “ဖရက်ဒ်၊ အနားမှာရှိတဲ့စားသောက်ခန်းမကြီးမှာစုရုံးနေတဲ့ ရှေ့ဆောင်တွေကို ဟောပြောချက်ပေးဖို့ ညီအစ်ကိုတစ်ယောက်ကို တာဝန်ပေးဖို့မေ့သွားတယ်။ မင်းအဲဒီကိုသွားရင်းနဲ့ စဉ်းစားမိတဲ့ အကြောင်းအရာကိုအခြေခံပြီး ဟောပြောချက်တစ်ခုပေးနိုင်မလား” လို့ ပြောတယ်။ အဲဒီကိုသွားနေရင်းနဲ့ ကျွန်တော်ဆုတောင်းလိုက်ရတာ အမောပဲ။

၁၉၅၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ နယူးယောက်စီးတီးမှာ အသင်းတော်အရေအတွက် သိသိသာသာတိုးများလာတဲ့အတွက် ငှားရမ်းထားတဲ့ဝတ်ပြုရာခန်းမတွေနဲ့ မလောက်တော့ဘူး။ ဒါကြောင့် ၁၉၇၀ ကနေ ၁၉၉၀ အတွင်း မန်ဟက်တန်မှာ အဆောက်အဦသုံးခုဝယ်ပြီး သင့်တော်တဲ့ဝတ်ပြုရာနေရာတွေဖြစ်အောင် ပြန်ပြင်ဆင်ခဲ့တယ်။ ကျွန်တော်က ဆောက်လုပ်ရေးကော်မတီရဲ့ သဘာပတိအဖြစ် လုပ်ဆောင်ခဲ့တယ်။ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ဝတ်ပြုရာခန်းမတွေတည်ဆောက်ဖို့ အသင်းတော်တွေ ငွေကြေးစုဆောင်းတာ၊ အဆောက်အဦ ဆောက်လုပ်တဲ့နေရာမှာ ပါဝင်လုပ်အားပေးတာတွေကို ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးခဲ့တဲ့ အမှတ်ရစရာတွေအများကြီးရှိတယ်။ ဒီနေ့အထိ အဲဒီခန်းမတွေကို အသုံးပြုနေဆဲဖြစ်တယ်။

ဘဝအပြောင်းအလဲများ

၁၉၅၇ ခုနှစ် တစ်နေ့၊ ဗေသလအိမ်ကနေ ပန်းခြံကိုဖြတ်ပြီး ပုံနှိပ်စက်ရုံကိုသွားနေတုန်း မိုးရွာလာတယ်။ ကျွန်တော့်ရှေ့မှာ ရွှေဝါရောင်ဆံပင်နဲ့ ချစ်စရာကောင်းတဲ့ ဗေသလအိမ်သားအသစ် ညီအစ်မငယ်လေးတစ်ယောက် သွားနေတယ်။ သူ့မှာထီးမပါတဲ့အတွက် ကျွန်တော်နဲ့အတူ ထီးဆောင်းဖို့ ပြောလိုက်တယ်။ အဲဒီနည်းနဲ့ မာဂျူရီနဲ့တွေ့ဆုံခဲ့ပြီး ကျွန်တော်တို့ ၁၉၆၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ကြတယ်။ အဲဒီအချိန်ကနေစပြီး မိုးရွာရွာ၊ နေပူပူ ပျော်ရွှင်စွာ အတူလျှောက်လှမ်းပြီး ယေဟောဝါရဲ့လုပ်ငန်းတော်ကို လုပ်ဆောင်ခဲ့တယ်။ ၂၀၁၀၊ စက်တင်ဘာမှာ ကျွန်တော်တို့ရဲ့နှစ် ၅၀ မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြတယ်။

ဟန်းနီးမွန်းကအပြန် သိပ်မကြာခင်မှာပဲ ညီအစ်ကို နောရ်က ကျွန်တော့်ကို ဂိလဒ်ကျောင်းမှာပို့ချဖို့ တာဝန်ပေးခဲ့တယ်။ တကယ့်ကို အခွင့်ထူးပါပဲ။ ၁၉၆၁ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အထိ အရင်သင်တန်းတွေထက်ပိုကြာတဲ့ သင်တန်းငါးခုကို စီစဉ်ပြီး ဌာနခွဲအမှုထမ်းတွေကို ဌာနခွဲစီမံခန့်ခွဲရေးအတွက် အဓိကထားလေ့ကျင့်ပေးခဲ့တယ်။ ၁၉၆၅ အကုန်မှာ သင်တန်းကာလက ငါးလပြန်ဖြစ်သွားပြီး ခရစ်ယာန်သာသနာပြုတွေကို လေ့ကျင့်ပေးတဲ့အစီအစဉ် ပြန်စခဲ့တယ်။

၁၉၇၂ ခုနှစ်မှာ ဂိလဒ်ကျောင်းကနေ စာပေးစာယူဌာနကို ပြောင်းခဲ့ရပြီး အဲဒီမှာကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တယ်။ မေးခွန်းနဲ့ပြဿနာအမျိုးမျိုးကို ဖြေရှင်းဖို့ ရှာဖွေလေ့လာမှုပြုလုပ်ရတာက သမ္မာကျမ်းစာသွန်သင်ချက်တွေကို ပိုနားလည်စေပြီး တခြားသူတွေကို ကူညီရာမှာ ကျမ်းစာမူတွေကို ဘယ်လိုသုံးရမယ်ဆိုတာ ပိုသိရှိလာစေတယ်။

အဲဒီနောက် ၁၉၈၇ ခုနှစ်မှာ ဌာနအသစ်ဖြစ်တဲ့ ဆေးရုံအချက်အလက်ဌာနမှာ အမှုဆောင်ရတယ်။ ဆရာဝန်တွေ၊ တရားသူကြီးတွေ၊ လူမှုဝန်ထမ်းတွေထံချဉ်းကပ်ပြီး သွေးနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကို ရှင်းပြနိုင်ဖို့ ဆေးရုံဆက်သွယ်ရေးကော်မတီမှာပါတဲ့ အကြီးအကဲတွေကို သင်တန်းတွေပေးခဲ့ရတယ်။ အခက်အခဲကြီးတစ်ခုက ဆရာဝန်တွေက မိဘတွေရဲ့ခွင့်ပြုချက်မတောင်းဘဲ သက်သေခံကလေးတွေကို သွေးသွင်းပေးတာ၊ သွေးသွင်းဖို့အတွက် တရားရုံးရဲ့ခွင့်ပြုချက်ယူတာတွေ ဖြစ်တယ်။

ဆရာဝန်တွေကို သွေးအစားထိုးကုသနည်းသုံးပေးဖို့ တောင်းဆိုတဲ့အခါ ဒီဆေးတွေမရနိုင်ဘူး၊ ဈေးအရမ်းကြီးတယ်လို့ ပြန်ပြောလေ့ရှိတယ်။ အဲဒီလိုတုံ့ပြန်တဲ့ ခွဲစိတ်ဆရာဝန်ကို “ကျေးဇူးပြု၍ ဆရာ့လက်ကို ခဏပြပါ” လို့ပြောလိုက်တယ်။ ဆရာဝန်က လက်ကိုဆန့်ပြတဲ့အခါ ကျွန်တော်က “ဆရာ့လက်က သွေးမသွင်းဘဲကုသတဲ့ အကောင်းဆုံးနည်းတစ်နည်းပါပဲ” လို့ ပြောလေ့ရှိတယ်။ ဒီလိုနည်းနဲ့ ဆရာဝန်ရဲ့ကျွမ်းကျင်မှုကို အထင်ကြီးလေးစားကြောင်းပြလိုက်ခြင်းက ခွဲစိတ်တဲ့အခါ သွေးထွက်အနည်းဆုံးဖြစ်အောင် ဂရုတစိုက်လုပ်ပေးဖို့ သူ့ကိုသတိပေးလိုက်ခြင်းဖြစ်တယ်။

လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လုံးလုံး ဆရာဝန်နဲ့ တရားသူကြီးတွေ ဒီအကြောင်းသိအောင် ကြိုးစားအားထုတ်ခဲ့တာတွေအပေါ် ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို ကောင်းကောင်းနားလည်လာတဲ့အခါ သူတို့ရဲ့သဘောထားတွေ တော်တော်ပြောင်းလဲသွားတယ်။ ဆေးသုတေသနပြုချက်ကနေ သွေးအစားထိုး ဆေးဝါးသုံးကုသနည်းက အကျိုးရှိတယ်၊ လူနာနဲ့ပူးပေါင်းဆောင်ရွက်မယ့် ဆရာဝန်တွေ၊ ဆေးရုံတွေရှိတယ်ဆိုတာ သူတို့သိလာကြတယ်။

၁၉၉၆ ခုနှစ်ကစပြီး ကျွန်တော်နဲ့ မာဂျူရီဟာ ဘရွတ်ကလင်ရဲ့မြောက်ဘက် မိုင် ၇၀ အကွာမှာရှိတဲ့ နယူးယောက်၊ ပက်တာစင်က ကင်းမျှော်စင်ပညာပေးဌာနမှာ အမှုဆောင်ခဲ့ကြတယ်။ လုပ်ငန်းတော်ဌာနမှာ ခဏအမှုဆောင်ခဲ့ပြီးတဲ့နောက် ဌာနခွဲအမှုထမ်းတွေနဲ့ နယ်လှည့်ကြီးကြပ်မှူးတွေကို အချိန်အတန်ကြာ သင်တန်းပို့ချခဲ့ရတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်လုံးလုံး စာပေးစာယူဌာနမှာ ကြီးကြပ်မှူးအနေနဲ့ ပြန်အမှုဆောင်ခဲ့တယ်။ ဒီဌာနက ဘရွတ်ကလင်ကနေ ပက်တာစင်ကိုရွှေ့ပြောင်းခဲ့တာ ဖြစ်တယ်။

ဇရာရဲ့စိန်ခေါ်ချက်များ

အသက် ၈၅ နှစ်ရောက်လာတဲ့အခါ ဗေသလတာဝန်တွေကို လုပ်ဆောင်ဖို့ ပိုပိုခက်လာတယ်။ ကင်ဆာရောဂါကို ကုနေရတာ ဆယ်နှစ်ကျော်ပြီ။ ကျွန်တော်က ယေဟောဝါ သက်တမ်းတိုးပေးခဲ့တဲ့ ဟေဇကိနဲ့တူတယ်လို ခံစားရတယ်။ (ဟေရှာ. ၃၈:၅) ကျွန်တော့်ဇနီးလည်း ကျန်းမာရေးမကောင်းဘူး၊ သူ့မှာ အယ်လ်ဇိုင်းမားရောဂါရှိတယ်။ မာဂျူရီဟာ ယေဟောဝါရဲ့ တကယ်တော်တဲ့အမှုဆောင်၊ လူငယ်တွေအတွက် အကြံဉာဏ်ကောင်းပေးသူ၊ ကျွန်တော့်အတွက် သစ္စာရှိတဲ့အထောက်အမ၊ အားကိုးရတဲ့ အဖော်အဖက်ဖြစ်တယ်။ သူက ကျမ်းစာကျောင်းသားကောင်းတစ်ဦးဖြစ်သလို တကယ်တော်တဲ့သွန်သင်သူလည်း ဖြစ်တယ်။ အမှန်တရားသိလာအောင် ကူညီပေးခဲ့သူတွေနဲ့လည်း အမြဲအဆက်အသွယ်ရှိတယ်။

ဒေါ်လေးမေရီဟာ ၂၀၁၀၊ မတ်လ သူ့အသက် ၈၇ နှစ်မှာ ကွယ်လွန်ခဲ့တယ်။ သူဟာ ကျမ်းစာသွန်သင်တဲ့နေရာမှာ တကယ်တော်ပြီး တခြားသူတွေ စစ်မှန်တဲ့ဝတ်ပြုရေးမှာပါဝင်လာဖို့ ကူညီပေးခဲ့တယ်။ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တယ်။ ကျွန်တော် ကျမ်းစာအမှန်တရားသိလာအောင်၊ သူ့လိုပဲ မေတ္တာရှင်ဘုရားသခင် ယေဟောဝါရဲ့ ကျေးကျွန်တစ်ဦးဖြစ်လာအောင် ကူညီပေးခဲ့တာတွေအတွက် သူ့ကို တကယ်ကျေးဇူးတင်တယ်။ မေရီကို အစ္စရေးမှာ ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် အမှုဆောင်ခဲ့တဲ့ သူ့ခင်ပွန်းနဲ့ကပ်လျက်နေရာမှာ မြှုပ်နှံခဲ့တယ်။ သူတို့ဟာ ယေဟောဝါရဲ့မှတ်ဉာဏ်မှာရှိနေပြီး ရှင်ပြန်ထမြောက်ဖို့ စောင့်နေတယ်ဆိုတာ ကျွန်တော် လုံးဝယုံကြည်စိတ်ချတယ်။

ယေဟောဝါရဲ့အမှုတော်ကိုဆောင်ခဲ့တဲ့ ၆၇ နှစ်ကျော်ကို ပြန်ပြောင်းကြည့်တဲ့အခါ ကျွန်တော်ခံစားခဲ့ရတဲ့ ကောင်းချီးများစွာအတွက် ကျေးဇူးတင်လို့မဆုံးဘူး။ ယေဟောဝါရဲ့အလိုတော်ကို ဆောင်ရာမှာ ကျွန်တော်ပျော်မွေ့ခဲ့တယ်။ ကိုယ်တော်ရဲ့မဟာကြင်နာမှုကို ယုံကြည်ကိုးစားပြီး ကိုယ်တော့်သားတော်ရဲ့ ဒီကတိတော်ပြည့်စုံတာကိုခံစားရဖို့ မျှော်လင့်နေပါတယ်– “ငါ့နာမကြောင့် အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ မြေယာများကို စွန့်သူတိုင်း အဆများစွာ ရမည့်အပြင် ထာဝရအသက်ကိုလည်း အမွေခံရလိမ့်မည်။”—မ. ၁၉:၂၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ၁၉၄၂ ခုနှစ်တွင် ထုတ်ဝေခဲ့၊ ယခု ပုံမနှိပ်တော့။

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

၁၉၂၈ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာမှာရှိတဲ့ အဘိုးရဲ့ဝါစိုက်ခင်းခြံမှာ

[စာမျက်နှာ ၁၉ ပါရုပ်ပုံ]

ဒေါ်လေးမေရီနဲ့ ဦးလေး တယ်မာ့ဂျ်

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

မေရီ၊ ဂလက်စ်နဲ့ ဂရေ့စ်

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

နှစ်ခြင်းခံတဲ့နေ့၊ ဇွန် ၁၄၊ ၁၉၄၄

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

ဗေသလလုပ်ငန်းတော်ဌာနမှာ

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

၁၉၅၈၊ ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးမှာ မေရီနဲ့အတူ

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

မာဂျူရီနဲ့ လက်ထပ်တဲ့နေ့

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

၂၀၀၈ ခုနှစ်တုန်းက