မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယဇ်ပူဇော်ပါ

ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယဇ်ပူဇော်ပါ

‘သင်တို့ပြုလေသမျှကို ယေဟောဝါ၏အမှုတော်ကဲ့သို့ စိတ်နှလုံးအကြွင်းမဲ့ ဆောင်ရွက်ကြလော့။’—ကော. ၃:၂၃

၁-၃။ (က) ယေရှုက မိမိရဲ့အသက်ကို ယဇ်အဖြစ်ပူဇော်လိုက်တဲ့အတွက် ယေဟောဝါကို ကျွန်ုပ်တို့ဘာမှပူဇော်စရာမလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ရှင်းပြပါ။ (ခ) ကျွန်ုပ်တို့ရဲ့ပူဇော်ရာယဇ်တွေနဲ့ပတ်သက်ပြီး ဘယ်မေးခွန်းပေါ်လာသလဲ။

ထမရာစုမှာ ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကြောင့် မောရှေပညတ် အဆုံးတိုင်သွားပြီဆိုတဲ့အချက်ကို မိမိရဲ့ကျေးကျွန်တွေကို ယေဟောဝါ ရှင်းရှင်းလင်းလင်းဖော်ပြခဲ့တယ်။ (ကော. ၂:၁၃၊ ၁၄) ဂျူးလူမျိုးတွေ နှစ်ရာနဲ့ချီပူဇော်ခဲ့တဲ့ တိရစ္ဆာန်တွေနဲ့ တခြားအရာတွေကိုပူဇော်ဖို့ ယေဟောဝါမတောင်းဆိုတော့ဘူး။ ‘ခရစ်တော်ထံပို့ဆောင်ပေးသောအထိန်း’ ဆိုတဲ့ ပညတ်တရားရဲ့ကဏ္ဍ ပြီးဆုံးသွားပြီ။—ဂလ. ၃:၂၄

ဒါကြောင့် ခရစ်ယာန်တွေဟာ ပူဇော်ရာယဇ်တွေအကြောင်း စိတ်ဝင်စားဖို့မလိုတော့ဘူးလို့ မဆိုလိုဘူး။ တမန်တော်ပေတရုက “ဘုရားသခင်လက်ခံတော်မူသော ဝိညာဏယဇ်များကို ပူဇော်” ဖို့ ပြောခဲ့တယ်။ (၁ ပေ. ၂:၅) တမန်တော်ပေါလုကလည်း ခရစ်ယာန်တစ်ဦးရဲ့ ဘဝအသက်တာကဏ္ဍတိုင်းဟာ ဘုရားသခင်ကိုပေးဆက်တဲ့ “ယဇ်” နဲ့တူတယ်လို့ ခိုင်းနှိုင်းခဲ့တယ်။—ရော. ၁၂:၁

ယေဟောဝါအတွက် ကျွန်ုပ်တို့ တစ်ခုခုပေးဆက်တဲ့အခါဖြစ်စေ၊ အမှုဆောင်ရာမှာပိုပါဝင်ဖို့ တစ်ခုခုကိုစွန့်လွှတ်လိုက်တဲ့အခါပဲဖြစ်စေ ဒါက ယေဟောဝါကို ယဇ်ပူဇော်နေခြင်းဖြစ်တယ်။ အစ္စရေးလူမျိုးပူဇော်တဲ့ယဇ်တွေကနေ ကျွန်ုပ်တို့သိရတာက ယေဟောဝါနှစ်သက်လက်ခံတဲ့ယဇ်ဖြစ်ကြောင်း သေချာအောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့အချက်ဖြစ်တယ်။

နေ့စဉ်အသက်တာမှာ ပူဇော်တဲ့ယဇ်တွေ

၄။ နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါ ဘယ်အချက်ကို သတိရဖို့လိုသလဲ။

နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကျွန်ုပ်တို့လုပ်ဆောင်ပုံက ယေဟောဝါကို ယဇ်ပူဇော်ခြင်းနဲ့ ပတ်သက်တယ်ဆိုတာကို နားလည်ဖို့ခက်နိုင်တယ်။ အိမ်မှုကိစ္စ၊ ကျောင်းစာ၊ သက်မွေးလုပ်ငန်း၊ ဈေးဝယ်ထွက်တာ စတဲ့အလုပ်တွေက ဘုရားသခင်နဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်နိုင်ပုံမပေါ်ဘူး။ ဒါပေမဲ့ သင်ဟာ ယေဟောဝါထံ နှစ်ခြင်းခံအပ်နှံပြီးသူ ဒါမှမဟုတ် တစ်ချိန်ချိန်မှာ ယေဟောဝါထံနှစ်ခြင်းခံအပ်နှံမယ်လို့ စိတ်ကူးထားသူဖြစ်မယ်ဆိုရင် သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေက ဘုရားသခင်နဲ့သင့်ဆက်ဆံရေးအပေါ် တကယ်အကျိုးသက်ရောက်နိုင်တယ်ဆိုတာ သတိရပါ။ ကျွန်ုပ်တို့က တစ်ရက်မှာ ၂၄ နာရီ ခရစ်ယာန်တွေဖြစ်တာကြောင့် အခြေအနေတိုင်းမှာ ကျမ်းစာမူတွေအတိုင်း လိုက်လျှောက်ဖို့လိုတယ်။ ဒါကြောင့် ပေါလုက ကျွန်ုပ်တို့ကို ဒီလိုအားပေးခဲ့တယ်– ‘သင်တို့ပြုလေသမျှကို လူ၏အမှုကဲ့သို့မဟုတ်ဘဲ ယေဟောဝါ၏ အမှုတော်ကဲ့သို့ စိတ်နှလုံးအကြွင်းမဲ့ ဆောင်ရွက်ကြလော့။’—ကောလောသဲ ၃:၁၈-၂၄ ကိုဖတ်ပါ။

၅၊ ၆။ ဘယ်လိုပြုမူကျင့်ကြံ၊ ဝတ်စားဖြီးလိမ်းရမယ်ဆိုတာ ဆုံးဖြတ်ရာမှာ ဘာကကူညီပေးမလဲ။

ကျွန်ုပ်တို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေက ဘုရားသခင့်အမှုတော်နဲ့ မသက်ဆိုင်ဘူး။ ဒါပေမဲ့ ပေါလုက “ယေဟောဝါ၏အမှုတော်ကဲ့သို့ စိတ်နှလုံးအကြွင်းမဲ့” လုပ်ပါလို့ ကျွန်ုပ်တို့ကို တိုက်တွန်းခဲ့တဲ့အတွက် အချိန်အခါမရွေး ဘယ်လိုပြုမူပြောဆိုသင့်တယ်ဆိုတာကို ပြန်စဉ်းစားစေတယ်။ ဒါကြောင့် ဒီကနေ ကျွန်ုပ်တို့ ဘာသင်ယူကြမလဲ။ ကျွန်ုပ်တို့က အမြဲတမ်း ခရစ်ယာန်ပီသစွာ ပြုမူပြောဆို၊ ဝတ်စားဖြီးလိမ်းနေသလား။ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့အပြုအမူ၊ အပြောအဆို၊ ဝတ်စားဖြီးလိမ်းပုံကြောင့် ကျွန်ုပ်တို့ဟာ ယေဟောဝါသက်သေပါလို့ ပြောဖို့ရှက်နေသလား။ ဘယ်တော့မှ အဲဒီလိုမဖြစ်သင့်ဘူး။ ဘုရားသခင်ရဲ့နာမကို လူတွေနှာခေါင်းရှုံ့စရာဖြစ်စေမဲ့လုပ်ရပ်မျိုး ကျွန်ုပ်တို့ လုပ်လိုကြမှာမဟုတ်ဘူး။—ဟေရှာ. ၄၃:၁၀; ၂ ကော. ၆:၃၊ ၄၊

‘ယေဟောဝါ၏အမှုတော်ကဲ့သို့ စိတ်နှလုံးအကြွင်းမဲ့’ လုပ်လိုတဲ့ဆန္ဒက အခြေအနေအမျိုးမျိုးအောက်မှာ ကျွန်ုပ်တို့ရဲ့စဉ်းစားတွေးခေါ်ပုံ၊ လုပ်ကိုင်ပုံအပေါ် ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။ သုံးသပ်နေစဉ်အတွင်း ယေဟောဝါကို အစ္စရေးလူမျိုးပူဇော်တဲ့ယဇ်တွေက အကောင်းဆုံးဖြစ်ဖို့လိုတယ်ဆိုတဲ့အချက်ကို သတိရပါ။—ထွ. ၂၃:၁၉

သင့်အသက်တာအပေါ် အကျိုးသက်ရောက်ပုံ

၇။ ဘုရားသခင်ထံ နှစ်ခြင်းခံအပ်နှံခြင်းမှာ ဘာပါဝင်သလဲ။

ယေဟောဝါထံ သင်နှစ်ခြင်းခံအပ်နှံတုန်းက သင်ဟာ ဆုံးဖြတ်ချက်ကောင်းတစ်ခု ချခဲ့တယ်။ သင့်အသက်တာတစ်ခုလုံးကို ကိုယ်တော့်အမှုဆောင်ရာမှာ အသုံးပြုမယ်လို့ ကတိပြုခဲ့တယ်။ ဒါက အခြေအနေတိုင်းမှာ ကိုယ်တော့်ကို သင့်ဘဝရဲ့ပထမနေရာမှာထားမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ (ဟေဗြဲ ၁၀:၇ ကိုဖတ်ပါ။) ကိစ္စရပ်တစ်ခုနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ရှုမြင်ပုံကို သိနားလည်အောင်ကြိုးစားပြီး ကိုယ်တော့်အလိုတော်နဲ့အညီ လုပ်ဆောင်တဲ့အခါ သင် ရလဒ်ကောင်းတွေရခဲ့တယ်ဆိုတာ သေချာတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ကျွန်ုပ်တို့ကို သွန်သင်ပေးတဲ့အရှင် ယေဟောဝါကို တုပတဲ့အတွက် ကျွန်ုပ်တို့ဟာ သန့်ရှင်းပြီး ပျော်ရွှင်တဲ့လူမျိုးဖြစ်တယ်။—ဝတ်. ၁၁:၄၄; ၁ တိ. ၁:၁၁

၈။ အစ္စရေးလူမျိုးပူဇော်တဲ့ယဇ်တွေက ယေဟောဝါအတွက် သန့်ရှင်းတယ်ဆိုတဲ့အချက်ကို သတိရဖို့ ဘာကြောင့်အရေးကြီးသလဲ။

အစ္စရေးလူမျိုးပူဇော်တဲ့ယဇ်တွေက သန့်ရှင်းတယ်လို့ ယေဟောဝါယူဆတယ်။ (ဝတ်. ၆:၂၅; ၇:၁) “သန့်ရှင်း” လို့ပြန်ဆိုတဲ့ ဟေဗြဲစကားလုံးက သီးသန့်ခွဲထားခြင်း ဒါမှမဟုတ် ဘုရားသခင်သာပိုင်ဆိုင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ကျွန်ုပ်တို့ပူဇော်တဲ့ယဇ်တွေကို ယေဟောဝါလက်ခံစေချင်တယ်ဆိုရင် ကျွန်ုပ်တို့က လောကမှာရှိတဲ့ မသန့်ရှင်းတဲ့အရာမှန်သမျှနဲ့ ကင်းကင်းရှင်းရှင်းနေရမှာ ဖြစ်တယ်။ ယေဟောဝါမုန်းတဲ့အရာတွေကို ကျွန်ုပ်တို့ချစ်လို့မရဘူး။ (၁ ယော. ၂:၁၅-၁၇ ကိုဖတ်ပါ။) ဆိုလိုတာက ဘုရားသခင့်အမြင်မှာ ကျွန်ုပ်တို့ကို မသန့်မရှင်းဖြစ်သွားစေနိုင်တဲ့ ဘယ်သူ့ကိုမဆို ဒါမှမဟုတ် ဘယ်အရာကိုမဆို ရှောင်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ (ဟေရှာ. ၂:၄; ဗျာ. ၁၈:၄) ကျွန်ုပ်တို့ကို မသန့်မရှင်းဖြစ်စေနိုင်တဲ့ ဒါမှမဟုတ် ကိုယ်ကျင့်တရားပျက်ပြားစေနိုင်တဲ့အရာတွေကို ဆက်မကြည့်ဘူး၊ အဲဒီအကြောင်းတွေကို ဆက်မစဉ်းစားဘူးဆိုတဲ့ အဓိပ္ပာယ်လည်းရှိတယ်။—ကော. ၃:၅၊ ၆

၉။ တခြားသူတွေကို ကျွန်ုပ်တို့ဆက်ဆံပုံက ဘာကြောင့်အရေးကြီးသလဲ။

ယုံကြည်သူချင်းတွေကို ပေါလု ဒီလိုအားပေးခဲ့တယ်– “ကောင်းမှုပြုခြင်း၊ သူတစ်ပါးအား ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင် အားရနှစ်သက်တော်မူ၏။” (ဟေဗြဲ ၁၃:၁၆) ဒါကြောင့် ကျွန်ုပ်တို့က ကောင်းတဲ့အလုပ်တွေကိုအမြဲလုပ်ပြီး တခြားသူတွေကိုကူညီတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေကို နှစ်သက်လက်ခံဖွယ်ယဇ်အဖြစ် ယေဟောဝါ ရှုမြင်ပါလိမ့်မယ်။ တခြားသူတွေကို မေတ္တာပါပါ စိတ်ဝင်စားမှုပြခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ခရစ်ယာန်စစ်တွေဖြစ်ကြောင်း တင်ပြကြတယ်။—ယော. ၁၃:၃၄၊ ၃၅; ကော. ၁:၁၀

ဝတ်ပြုရေးမှာပူဇော်တဲ့ယဇ်တွေ

၁၀၊ ၁၁။ ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းနဲ့ ဝတ်ပြုရေးကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲ။ ဒီအချက်က ဘာလုပ်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်သင့်သလဲ။

၁၀ တခြားသူတွေကို ကောင်းမှုပြုနိုင်တဲ့နည်းတစ်နည်းက ကျွန်ုပ်တို့ရဲ့ “မျှော်လင့်ခြင်းအကြောင်းဝန်ခံခြင်း” ဖြစ်တယ်။ သင် အခွင့်အရေးရတိုင်း သက်သေခံသလား။ ကျွန်ုပ်တို့က ‘ဘုရားသခင်၏နာမတော်ကို ကြေညာခြင်းဖြစ်သည့် နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အား အစဉ်မပြတ် ပူဇော်’ ဖို့လိုတယ်လို့ ပေါလုပြောခဲ့တယ်။ (ဟေဗြဲ ၁၀:၂၃; ၁၃:၁၅; ဟော. ၁၄:၂) သတင်းကောင်းဟောပြောဖို့ အချိန်ဘယ်လောက်အသုံးပြုတယ်၊ ဟောပြောနည်းကို တိုးတက်အောင် ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာ ပြန်သုံးသပ်ဖို့ ဒီအချက်က ကူညီပေးတယ်။ လုပ်ငန်းတော်အစည်းအဝေးမှာပါတဲ့ အပိုင်းအတော်များများက ဒီလိုလုပ်နိုင်ဖို့ ကူညီပေးတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့သတိရ,ရမယ့်အချက်က လယ်ကွင်းလုပ်ငန်းနဲ့ အလွတ်သဘောသက်သေခံခြင်းက “ချီးမွမ်းခြင်းယဇ်” ဖြစ်ပြီး ဝတ်ပြုရေးနဲ့သက်ဆိုင်တယ်ဆိုတဲ့အချက် ဖြစ်တယ်၊ ဒါကြောင့် ကျွန်ုပ်တို့ပူဇော်တဲ့ယဇ်က အကောင်းဆုံးဖြစ်သင့်တယ်။ ကျွန်ုပ်တို့ရဲ့ အခြေအနေချင်းက မတူကြဘူး၊ ဒါပေမဲ့ ယေဟောဝါအတွက်အမှုဆောင်ခြင်းအပေါ်ထားရှိတဲ့ ကျွန်ုပ်တို့ရဲ့သဘောထားက ဟောပြောခြင်းလုပ်ငန်းမှာ အချိန်ဘယ်လောက်ပါဝင်မယ်ဆိုတဲ့ အချက်အပေါ် အကျိုးသက်ရောက်လေ့ရှိတယ်။

၁၁ အိမ်မှာဖြစ်စေ၊ အသင်းတော်မှာဖြစ်စေ ယေဟောဝါကို ကျွန်ုပ်တို့ ပုံမှန်ဝတ်ပြုကြတယ်။ ဒီလိုလုပ်ဖို့ ကိုယ်တော်တောင်းဆိုတယ်။ ကျွန်ုပ်တို့က သတ္တမနေ့ကိုစောင့်ထိန်းဖို့မလိုတော့သလို ပွဲတော်တွေတက်ဖို့ ဂျေရုဆလင်မြို့ကိုသွားဖို့လည်း မလိုတော့ဘူး။ ဒါပေမဲ့ ဒီပညတ်တွေကနေ ကျွန်ုပ်တို့ သင်ယူစရာရှိသေးတယ်။ ကျွန်ုပ်တို့မှာ နေ့တိုင်း လုပ်စရာအလုပ်တွေရှိပေမဲ့ ကျမ်းစာလေ့လာဖို့၊ ဆုတောင်းဖို့နဲ့ အစည်းအဝေးတွေတက်ဖို့အတွက် အချိန်ပေးဖို့ ဘုရားသခင် တောင်းဆိုတယ်။ ဒါ့အပြင် အိမ်ထောင်ဦးစီးတွေမှာ မိသားစုနဲ့အတူ ကျမ်းစာလေ့လာရမယ့်တာဝန်ရှိတယ်။ (၁ သက်. ၅:၁၇; ဟေဗြဲ ၁၀:၂၄၊ ၂၅) ဒါကြောင့် ဝတ်ပြုရေးမှာ တိုးတက်အောင် ငါလုပ်နိုင်မလားဆိုပြီး မိမိကိုယ်ကိုမေးသင့်တယ်။

၁၂။ (က) ရှေးအချိန်ကပူဇော်တဲ့နံ့သာပေါင်းကို ဒီနေ့အချိန်မှာ ဘာနဲ့နှိုင်းယှဉ်နိုင်သလဲ။ (ခ) ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို နံ့သာပေါင်းကဲ့သို့ဖြစ်အောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

၁၂ ဘုရင်ဒါဝိဒ် ဒီလိုသီဆိုခဲ့တယ်– “ကျွန်တော့်ဆုတောင်းချက်တွေက အသေအချာပြင်ဆင်ထားတဲ့ အမွှေးနံ့သာတွေလို ကိုယ်တော့်ရှေ့မှာ နှစ်သက်ဖွယ်ဖြစ်ပါစေ။” (ဆာ. ၁၄၁:၂ကဘ) ကျွန်ုပ်တို့ ဘယ်နှစ်ကြိမ်ဆုတောင်းတယ်၊ ဘာတွေတောင်းတယ်ဆိုတာကို ပြန်ဆန်းစစ်သင့်တယ်။ ဗျာ. ကျမ်းက “သန့်ရှင်းသူတို့၏ဆုတောင်းချက်များ” ကို နံ့သာပေါင်းနဲ့ နှိုင်းယှဉ်ထားတယ်။ ဆိုလိုတာက နှစ်သက်လက်ခံဖွယ်ကောင်းတဲ့ဆုတောင်းချက်တွေက မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါထံ တက်သွားတယ်။ (ဗျာ. ၅:၈) ရှေးအစ္စရေးအချိန်က ယေဟောဝါကိုပူဇော်တဲ့ နံ့သာပေါင်းတွေကိုဖော်စပ်တဲ့အခါ အထူးဖော်စပ်နည်းအတိုင်း အတိအကျလုပ်ဆောင်ကြရတယ်။ ကိုယ်တော်ပေးတဲ့နည်းလမ်းအတိုင်း ဖော်စပ်ထားတဲ့နံ့သာပေါင်းကိုပဲ ယေဟောဝါလက်ခံတယ်။ (ထွ. ၃၀:၃၄-၃၇; ဝတ်. ၁၀:၁၊ ၂) အလားတူပဲ ယေဟောဝါသွန်သင်ညွှန်ကြားတဲ့အတိုင်း ဆုတောင်းမှသာ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ကိုယ်တော်နားထောင်မယ်လို့ ယုံကြည်စိတ်ချနိုင်တယ်။

ပေးပြီး ပြန်ရ

၁၃၊ ၁၄။ (က) ဧပဖြောဒိတ်နဲ့ ဖိလိပ္ပိအသင်းသားတွေ ပေါလုအတွက် ဘာလုပ်ပေးခဲ့သလဲ။ ပေါလု ဒါကို ဘယ်လိုယူမှတ်ခဲ့သလဲ။ (ခ) ဧပဖြောဒိတ်နဲ့ ဖိလိပ္ပိအသင်းသားတွေရဲ့ပုံသက်သေကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

၁၃ ကမ္ဘာချီလုပ်ငန်းကိုထောက်ပံ့ဖို့ ကျွန်ုပ်တို့လှူဒါန်းတဲ့ငွေက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အဲဒါက ယဇ်တစ်မျိုးနဲ့တူတယ်။ (မာ. ၁၂:၄၁-၄၄) ပထမရာစုတုန်းက ဖိလိပ္ပိအသင်းတော်ဟာ ပေါလုရဲ့လိုအပ်ရာတွေကို ကြည့်ရှုပြုစုဖို့ ဧပဖြောဒိတ်ကို ရောမမြို့ကိုလွှတ်လိုက်တယ်။ ဧပဖြောဒိတ်ဟာ အသင်းတော်က လက်ဆောင်အဖြစ်ပေးလိုက်တဲ့ ငွေကြေးတချို့ကို ပေါလုအတွက် ယူသွားပေးခဲ့တယ်။ ဖိလိပ္ပိအသင်းသားတွေ ပေါလုအပေါ် ရက်ရောမှုပြတာ ဒါဦးဆုံးအကြိမ်မဟုတ်ဘူး။ သူတို့တွေ ပေါလုကို လက်ဆောင်ပေးတာက ငွေရေးကြေးရေးအတွက် စိုးရိမ်စရာမလိုအောင်ပေးတာထက် အမှုဆောင်လုပ်ငန်းမှာ အချိန်ပိုပါဝင်နိုင်ဖို့ ကူညီပေးခြင်းဖြစ်တယ်။ ဒီလက်ဆောင်ကို ပေါလု ဘယ်လိုယူမှတ်ခဲ့သလဲ။ ပေါလုက ဒါကို “မွှေးကြိုင်သောရနံ့၊ ဘုရားသခင်နှစ်သက်အားရတော်မူသည့် လက်သင့်ခံနိုင်ဖွယ်သောယဇ်” လို့ ခေါ်ခဲ့တယ်။ (ဖိလိပ္ပိ ၄:၁၅-၁၉ ကိုဖတ်ပါ။) ဖိလိပ္ပိမြို့သားတွေပြသခဲ့တဲ့ ရက်ရောမှုအတွက် ပေါလု တကယ့်ကိုကျေးဇူးတင်လေးမြတ်ခဲ့ပြီး ယေဟောဝါလည်း ဒါကို နှစ်သက်ခဲ့တယ်။

၁၄ ယနေ့အချိန်မှာ ကမ္ဘာချီလုပ်ငန်းအတွက် ကျွန်ုပ်တို့ထည့်ဝင်လှူဒါန်းတာတွေကိုလည်း ယေဟောဝါ အလွန်နှစ်သက်တယ်။ ဘုရားသခင့်နိုင်ငံတော်ကို ဆက်ပြီးဦးစွာရှာမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး နေ့စဉ်လိုအပ်ရာတွေကို ကိုယ်တော်ပေးမယ်လို့ ကတိပြုထားတယ်။—မ. ၆:၃၃; လု. ၆:၃၈

ကျေးဇူးတင်လေးမြတ်ကြောင်းဖော်ပြပါ

၁၅။ ယေဟောဝါကို သင် ကျေးဇူးတင်တဲ့ အကြောင်းရင်းတချို့က ဘာတွေလဲ။

၁၅ ယေဟောဝါကို ကျွန်ုပ်တို့ ကျေးဇူးတင်စရာအကြောင်း များစွာရှိတယ်။ အသက်ရှင်ခွင့်ဆုကျေးဇူးအတွက် နေ့တိုင်း ယေဟောဝါကို ကျေးဇူးတင်သင့်တယ်။ ကျွန်ုပ်တို့ အသက်ဆက်နိုင်ဖို့ လိုအပ်ရာတွေဖြစ်တဲ့ စားဖို့၊ ဝတ်ဖို့၊ နေဖို့အပြင် ရှူဖို့လေကိုပါ ပေးထားတယ်။ ယုံကြည်ခြင်းနဲ့ အနာဂတ်မျှော်လင့်ချက်ရှိစေတဲ့ တိကျမှန်ကန်တဲ့ သမ္မာကျမ်းစာအသိပညာအတွက်လည်း ကိုယ်တော့်ကို ကျေးဇူးတင်သင့်တယ်။ ယေဟောဝါက ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်ဖြစ်တဲ့အပြင် ကျွန်ုပ်တို့လိုအပ်ရာတွေကို ထောက်ပံ့ပေးလို့ ကိုယ်တော့်ကိုဝတ်ပြုပြီး ချီးမွမ်းခြင်းယဇ်တွေကို ပူဇော်သင့်တယ်။—ဗျာ. ၄:၁၁ ကိုဖတ်ပါ။

၁၆။ ခရစ်တော်ရဲ့ရွေးနုတ်ဖိုးပူဇော်ရာယဇ်အတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်ုပ်တို့ ဘယ်လိုပြသကြသလဲ။

၁၆ ရှေ့ဆောင်းပါးမှာ ခရစ်တော်ရဲ့ရွေးနုတ်ဖိုးပူဇော်ရာယဇ်က လူသားတွေကို ဘုရားသခင်ပေးတဲ့ အဖိုးတန်ဆုကျေးဇူးတစ်ခုဖြစ်တယ်လို့ ဖော်ပြခဲ့တယ်။ ဒီဆုကျေးဇူးက ကျွန်ုပ်တို့ကို ဘုရားသခင် ဘယ်လောက်ထိချစ်တယ်ဆိုတာ ဖော်ပြတယ်။ (၁ ယော. ၄:၁၀) ဒီဆုကျေးဇူးအတွက် ကျေးဇူးတင်ကြောင်း ဘယ်လိုပြသကြမလဲ။ ပေါလု ဒီလိုပြောခဲ့တယ်– “ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက် နှိုးဆော်၏။ အကြောင်းမူကား တစ်ယောက်သောသူသည် လူခပ်သိမ်းအတွက် အသေခံသည်ဟု ငါတို့ယူမှတ်ကြ၏။” သူဒီလိုဆက်ပြောခဲ့တယ်– “ထိုသူသည် လူအပေါင်းတို့အတွက် အသေခံတော်မူသဖြင့် အသက်ရှင်သူတို့သည် ကိုယ့်အတွက် အသက်မရှင်တော့ဘဲ မိမိတို့အတွက် အသေခံတော်မူ၍ ထမြောက်တော်မူသော သခင်အတွက် အသက်ရှင်ကြမည်အကြောင်းဖြစ်၏။” (၂ ကော. ၅:၁၄၊ ၁၅) ဘုရားသခင်လုပ်ဆောင်ပေးရာတွေအတွက် တကယ်ကျေးဇူးတင်တယ်ဆိုရင် ကျွန်ုပ်တို့က ဘုရားသခင်နဲ့ကိုယ်တော့်သားတော်ကို ဂုဏ်တင်တဲ့နည်းနဲ့ အသက်ရှင်မှာဖြစ်တယ်လို့ ပေါလုပြောခဲ့တယ်။ နာခံမှုတင်ပြခြင်း၊ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာပါဝင်လိုတဲ့ ဆန္ဒရှိခြင်းအားဖြင့် ဘုရားသခင်နဲ့ခရစ်တော်ကိုချစ်ပြီး ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်ုပ်တို့ပြသကြတယ်။—၁ တိ. ၂:၃၊ ၄; ၁ ယော. ၅:၃

၁၇၊ ၁၈။ တချို့သူတွေက ယေဟောဝါကို ချီးမွမ်းခြင်းယဇ်ပူဇော်ရာမှာ ဘယ်လိုတိုးချဲ့ခဲ့ကြသလဲ။ ဥပမာပေးပါ။

၁၇ ဘုရားသခင်ကို သင် ပူဇော်တဲ့ချီးမွမ်းခြင်းယဇ်ကို ပိုကောင်းအောင် လုပ်နိုင်မလား။ လူအတော်များများက သူတို့အတွက် ယေဟောဝါလုပ်ပေးခဲ့တဲ့ ကောင်းမြတ်ရာတွေအကြောင်း စဉ်းစားခဲ့ကြတယ်၊ အဲဒီနောက် ဟောပြောခြင်းလုပ်ငန်းနဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ပိုလုပ်ဆောင်နိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လှုံ့ဆော်ခံခဲ့ကြရတယ်။ တချို့က နှစ်တိုင်း တစ်လ ဒါမှမဟုတ် ဒီထက်မက အရန်ရှေ့ဆောင်လုပ်ကြတယ်၊ တခြားသူတွေက မှန်မှန်ရှေ့ဆောင် လုပ်နိုင်ခဲ့ကြတယ်။ တချို့သူတွေက ယေဟောဝါကို ဝတ်ပြုရာမှာအသုံးပြုတဲ့ အဆောက်အအုံတွေဆောက်လုပ်ရာမှာ ကူညီပေးကြတယ်။ ဒါတွေက ကျေးဇူးတင်ကြောင်းဖော်ပြတဲ့ အထူးကောင်းမွန်တဲ့ နည်းလမ်းတွေဖြစ်တယ်။ ကျွန်ုပ်တို့က မှန်ကန်တဲ့သဘောထားနဲ့ အမှုဆောင်မယ်ဆိုရင် တစ်နည်းအားဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းဖော်ပြပြီး ကျေးဇူးတုံ့ပြန်မယ်ဆိုရင် ဘုရားသခင်အတွက် ကျွန်ုပ်တို့လုပ်ဆောင်ရာမှန်သမျှကို ကိုယ်တော်လက်ခံပါလိမ့်မယ်။

၁၈ ခရစ်ယာန်များစွာက ယေဟောဝါကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့ လှုံ့ဆော်ခံခဲ့ကြရတယ်။ အဲဒီထဲမှာ မိုရီးနာလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။ သူဟာ ကက်သလစ်ဘာသာဝင်တစ်ဦးအဖြစ် ကြီးပြင်းလာပေမဲ့ သူ့မှာ ဘုရားသခင်နဲ့ ဘဝရဲ့အဓိပ္ပာယ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေအများကြီးရှိတယ်။ သူဟာ ဒီမေးခွန်းတွေရဲ့အဖြေကို ကက်သလစ်သွန်သင်ချက်တွေနဲ့ အရှေ့တိုင်းအတွေးအခေါ်တွေမှာ ရှာဖွေခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာမှပဲ ဒီမေးခွန်းတွေရဲ့အဖြေကို ရှင်းရှင်းလင်းလင်း နားလည်လာတော့တယ်။ မိုရီးနာဟာ ကျမ်းစာကနေသူသိခဲ့ရတဲ့ အကြောင်းအရာတွေအတွက် ယေဟောဝါကို တကယ်ကျေးဇူးတင်တယ်၊ အကြောင်းကတော့ ဒါက သူ့ကို စစ်မှန်တဲ့ပျော်ရွှင်မှုပေးလို့ပဲ။ ဒါကြောင့် သူ့မှာရှိတဲ့အစွမ်းခွန်အားတွေကို ဘုရားသခင့်အမှုတော်မှာ အသုံးပြုခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုခဲ့တယ်။ နှစ်ခြင်းခံပြီးတာနဲ့ ချက်ချင်း အရန်ရှေ့ဆောင်စလုပ်ခဲ့တယ်၊ အခွင့်အရေးရတာနဲ့ မှန်မှန်ရှေ့ဆောင်လုပ်တယ်။ အခုဆိုရင် အနှစ် ၃၀ ရှိပြီ၊ အခုထိ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေဆဲပဲ။

၁၉။ ယေဟောဝါကိုပူဇော်တဲ့ သင့်ရဲ့ယဇ်တွေကို ပိုကောင်းအောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

၁၉ ယေဟောဝါရဲ့ကျေးကျွန်အတော်များများက ရှေ့ဆောင်မလုပ်နိုင်ကြဘူး။ ယေဟောဝါရဲ့အမှုတော်မှာ ကျွန်ုပ်တို့ ဘာပဲလုပ်နိုင်ပါစေ ကျွန်ုပ်တို့အားလုံး ကိုယ်တော့်ကို နှစ်သက်လက်ခံဖွယ်ယဇ် ပူဇော်နိုင်ပါတယ်။ ကျမ်းစာမူတွေအတိုင်း ပြုမူနေထိုင်ခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ယေဟောဝါကို အချိန်ပြည့်ကိုယ်စားပြုသူတွေဖြစ်ကြောင်း ဖော်ပြကြတယ်။ ဘုရားသခင်က မိမိရဲ့ရည်ရွယ်ချက်တွေကို ပြည့်စုံစေမယ်ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်ဖို့လိုတယ်။ သတင်းကောင်းဟောပြောရာမှာ ပါဝင်ခြင်းအားခြင့် အကျင့်ကောင်းပြကြတယ်။ ကျွန်ုပ်တို့အတွက် ယေဟောဝါ ပြုလုပ်ပေးရာမှန်သမျှအတွက် အမှန်ကျေးဇူးတင်ကြောင်း ဖော်ပြကြတယ်။ ဒါကြောင့် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ဆက်ပြီး ယဇ်ပူဇော်ကြစို့။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၇ ပါအကျဉ်းဖော်ပြချက်]

ယေဟောဝါရဲ့ကောင်းမြတ်မှုက သင့်ချီးမွမ်းခြင်းယဇ်ကို ပိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးသလား

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

အခွင့်အရေးရတိုင်း သင် သက်သေခံသလား