“လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်း အခွင့်ရှိပါ၏”
ဘဝအတ္ထုပ္ပတ္တိ
“လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်း အခွင့်ရှိပါ၏”
လူးအက်စ် ဒီးဒါ ပြောပြသည်
‘ငါ ဒီလိုမဆုံးဖြတ်ခဲ့မိရင် အကောင်းသား’ ဆိုပြီး သင့်ဘဝမှာ ဘယ်နှစ်ကြိမ်လောက်ပြောဖူးသလဲ။ ကျွန်မကတော့ အချိန်ပြည့်လုပ်ငန်းမှာ အနှစ် ၅၀ ပါဝင် ပြီးတဲ့နောက် ယေဟောဝါရဲ့လက်ယာတော်ဘက်မှာနေလို့ ဆိုးကျိုးခံစားရတယ်ဆိုတာ တစ်ခါမှမကြုံခဲ့ရဖူးဘူး။ ဘာကြောင့်လဲဆိုတာ ပြောပြပါရစေ။
၁၉၃၉ ခုနှစ်တုန်းက ကနေဒါနိုင်ငံ၊ ဆက်စ်ခက်ချဝမ်ပြည်နယ်ရဲ့ ကျေးလက်ဒေသမှာ ကျွန်မကို မွေးဖွားခဲ့ပြီး ညီအစ်မလေးယောက်၊ မောင်တစ်ယောက်နဲ့အတူ အဲဒီမှာ ကြီးပြင်းခဲ့တယ်။ မြက်ခင်းလွင်ပြင်ဒေသမှာနေတဲ့ စိုက်ပျိုးမွေးမြူရေးသမားဘဝက ပျော်ဖို့ကောင်းတယ်။ တစ်နေ့မှာ ယေဟောဝါသက်သေတွေ ကျွန်မအဖေဆီရောက်လာတဲ့အခါ ဘုရားသခင်မှာ နာမည်ရှိသလားဆိုပြီး သူတို့ကို ကျွန်မမေးခဲ့တယ်။ သူတို့က ဆာလံ ၈၃:၁၈ မှာပါတဲ့ ယေဟောဝါဆိုတဲ့နာမည်ကို ပြခဲ့တယ်။ ဒါကြောင့် ဘုရားသခင်နဲ့ သမ္မာကျမ်းစာအကြောင်း ကျွန်မ ပိုသိချင်ခဲ့တယ်။
အဲဒီနှစ်တွေတုန်းက စိုက်ပျိုးမွေးမြူရေးသမားတွေရဲ့ သားသမီးတွေဟာ အခန်းတစ်ခန်းပဲရှိတဲ့ ကျေးလက်ကျောင်းတွေမှာ တက်ကြရပြီး အဲဒီမှာ ခုနစ်တန်းအထိပဲရှိတယ်။ သူတို့တွေက ကျောင်းကိုရောက်ဖို့ မိုင်ပေါင်းများစွာ မြင်းစီး ဒါမှမဟုတ် လမ်းလျှောက်ကြရတယ်။ ကျောင်းဆရာ၊ ဆရာမတွေက ခရိုင်အတွင်းမှာရှိတဲ့ မိသားစုတွေနဲ့ အလှည့်ကျအတူနေပြီး မိသားစုတွေက သူတို့ရဲ့လိုအပ်ရာတွေကို အလှည့်ကျ တာဝန်ယူပေးရတယ်။ တစ်နှစ်မှာ ကျောင်းဆရာအသစ်ဖြစ်တဲ့ ဂျွန် ဒီးဒါကို ခေါ်ထားဖို့ ကျွန်မရဲ့မိဘတွေ အလှည့်ကျလာတယ်။
ဒီလူငယ်လည်း သမ္မာကျမ်းစာကို အရမ်းစိတ်ဝင်စားတယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။ တစ်ကြိမ်မှာ ကျွန်မအဖေထောက်ခံတဲ့ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ဝါဒအကြောင်း သူ့ရှေ့မှာ ကျွန်မ ချီးမွမ်းခန်းဖွင့်ခဲ့တယ်။ ဂျွန်က တည်တည်ငြိမ်ငြိမ်နဲ့ “လူလူချင်းကိုအုပ်ချုပ်ဖို့ ဘယ်လူသားမှာမှ အခွင့်အာဏာမရှိဘူး။ ဘုရားသခင်မှာပဲ ရှိတယ်” ဆိုပြီး ပြန်ပြောခဲ့တယ်။ အဲဒီကနေ ကျွန်မတို့ စိတ်ဝင်စားစရာအကြောင်း အတော်များများ ပြောဖြစ်ခဲ့ကြတယ်။
ဂျွန်ဟာ ၁၉၃၁ ခုနှစ်မှာ မွေးဖွားခဲ့လို့ စစ်ကြောင့်ကြုံရတဲ့ ဆင်းရဲခက်ခဲမှုတွေအကြောင်း ကြားဖူးနားဝရှိသူဖြစ်တယ်။ ၁၉၅၀ မှာ ကိုရီးယားစစ်ပွဲစဖြစ်တဲ့အခါ ဂျွန်က ခရစ်ယာန်ဘုန်းကြီးတွေကို စစ်ပွဲမှာ သူတို့ပါဝင်တာနဲ့ပတ်သက်ပြီး မေးခဲ့တယ်။ သူတို့အားလုံးက ခရစ်ယာန်တွေ စစ်ပွဲမှာပါဝင်လို့ရတယ်ဆိုပြီး ပြန်ဖြေခဲ့ကြတယ်။ နောက်ပိုင်းမှာ သူက ယေဟောဝါသက်သေတွေကို အလားတူမေးခွန်း ထပ်မေးခဲ့တယ်။ သူတို့က စစ်ပွဲနဲ့ဆာ. ၃၇:၃၊ ၄) ၁၉၅၇ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။
ပတ်သက်ပြီး အစောပိုင်းခရစ်ယာန်တွေရဲ့ ကျမ်းဆိုင်ရာရပ်တည်ချက်ကို ထောက်ပြခဲ့တယ်။ ၁၉၅၅ ခုနှစ်မှာ ဂျွန် နှစ်ခြင်းခံခဲ့တယ်။ နောက်တစ်နှစ်မှာ ကျွန်မလည်း နှစ်ခြင်းခံခဲ့တယ်။ ကျွန်မတို့နှစ်ဦးစလုံးက ယေဟောဝါကို တစ်သက်လုံး၊ အစွမ်းခွန်အားရှိသမျှနဲ့ အမှုဆောင်ချင်တယ်ဆိုတာ သိခဲ့ရတယ်။ (ကျွန်မတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့က များသောအားဖြင့် စည်းဝေးကြီးတွေနဲ့ တိုက်နေတတ်တယ်။ အိမ်ထောင်မင်္ဂလာကိုလေးမြတ်တဲ့ ထောင်နဲ့ချီတဲ့သူတွေအလယ်မှာ ရောက်ရှိနေတဲ့အတွက် ကျွန်မတို့ ပျော်ရွှင်တယ်။ ကျွန်မတို့ ဦးဆုံး အပြည်ပြည်ဆိုင်ရာစည်းဝေး တက်ဖူးတာက ၁၉၅၈ ခုနှစ်မှာ ဖြစ်တယ်။ ကျွန်မတို့ငါးယောက်က ဆက်စ်ခက်ချဝမ်ကနေ နယူးယောက်ကို ခရီးစထွက်ခဲ့ကြတယ်။ တစ်ပတ်လုံးလုံး နေ့ဘက်မှာ ကားမောင်းပြီး ညဆို တဲထိုးပြီး အိပ်ကြတယ်။ ပင်စီဗေးလ်နီးယား၊ ဗက်သလီဟင်မှာ ညီအစ်ကိုတစ်ဦးနဲ့တွေ့တဲ့အခါ သူက ကျွန်မတို့ကို သူ့အိမ်မှာညအိပ်ဖို့ ခေါ်ခဲ့လို့ အံ့ဩသွားတယ်။ သူ့ရဲ့စေတနာကြောင့် ကျွန်မတို့ နယူးယောက်မြို့ကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် ရောက်သွားတယ်။ ဒီစည်းဝေးကြီးမှာ ယေဟောဝါကိုအမှုဆောင်ခြင်းကနေ ရရှိတဲ့ပျော်ရွှင်မှုကို ထူးထူးခြားခြားခံစားခဲ့ရတယ်။ “လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်း အခွင့်ရှိပါ၏” လို့ ဆာလံဆရာ ရေးခဲ့တဲ့အတိုင်းပါပဲ။—ဆာ. ၁၆:၁၁။
ရှေ့ဆောင်လုပ်ငန်း
နောက်တစ်နှစ်အကြာဖြစ်တဲ့ ၁၉၅၉ ခုနှစ်မှာ ကျွန်မတို့ဟာ ဆက်စ်ခက်ချဝမ်ပြည်နယ်မှာရှိတဲ့ မြက်ခင်းဖုံးလွှမ်းနေတဲ့ တောင်ကုန်းတစ်ခုရဲ့ထိပ်မှာ နောက်တွဲယာဉ်အိမ်ငယ်လေးနဲ့နေပြီး ရှေ့ဆောင်လုပ်ခဲ့ကြတယ်။ အဲဒီကနေ မိုင်ပေါင်းအတော်ဝေးဝေးကို လှမ်းမြင်နိုင်ပြီး တချို့တွေက ကျွန်မတို့ဟောပြောတဲ့ရပ်ကွက် ဖြစ်တယ်။
တစ်နေ့မှာ ကျွန်မတို့ဆီကို ဌာနခွဲရုံးကနေ စိတ်လှုပ်ရှားစရာကောင်းတဲ့ စာတစ်စောင်ရောက်လာတယ်။ ကားပေါ်မှာအလုပ်လုပ်နေတဲ့ ဂျွန်ရှိရာကို ကျွန်မ ပြေးသွားခဲ့တယ်။ အဲဒီစာက အွန်တဲရီယိုပြည်နယ်၊ ရက်ဒ်လိတ်ခ်မှာ အထူးရှေ့ဆောင်လုပ်ဖို့ ဖိတ်ခေါ်တဲ့စာဖြစ်တယ်။ ဘယ်မှာရှိမှန်းမသိလို့ အဲဒီနေရာကို မြေပုံမှာ ကပျာကယာရှာခဲ့ကြတယ်။
ဒီဒေသက မြက်ခင်းလွင်ပြင်ကျယ်ဒေသနဲ့ တခြားစီပဲ။ အခု ကျွန်မတို့က သစ်တောအုပ်ကြီးတွေနဲ့ ရွှေတွင်းတွေနားမှာရှိတဲ့ မြို့ငယ်လေးတွေကို တွေ့ရတယ်။ ဦးဆုံးနေ့မှာ နေဖို့အခန်းလိုက်ရှာနေတုန်း မိန်းကလေးတစ်ယောက်က သူ့အိမ်နီးချင်းနဲ့ ကျွန်မတို့စကားပြောနေတာကို ကြားသွားတယ်။ သူက သူ့အမေဆီပြေးသွားပြီး ဒီအကြောင်းပြောပြလို့ သူ့အမေက ကျွန်မတို့ကို သူ့အိမ်မှာ တစ်ညတည်းခိုခွင့် ပေးခဲ့တယ်။ အိပ်ရာက မြေအောက်ခန်းမှာ ရှိတယ်။ နောက်တစ်နေ့မှာ အခန်းနှစ်ခန်းပါတဲ့ သစ်လုံးအိမ်တစ်အိမ်ကို ရှာတွေ့သွားတယ်၊ အဲဒီအိမ်မှာ ရေပိုက်စနစ်မရှိ၊ ဘာပရိဘောဂမှမရှိဘဲ ထင်းသုံးရတဲ့သံမီးဖိုတစ်ခုပဲရှိတယ်။ အဟောင်းဆိုင်ကနေ ပစ္စည်းနည်းနည်းပါးပါး ဝယ်ခဲ့ကြပြီး မကြာခင်မှာပဲ နေသားကျသွားတယ်။
အဲဒီဒေသရဲ့ မိုင် ၁၃၀ အတွင်းမှာ အသင်းတော်မရှိဘူး။ ရွှေတွင်းလုပ်သားအများစုက ဥရောပကနေလာကြပြီး သူတို့ရဲ့ဘာသာစကားနဲ့ ကျမ်းစာရနိုင်မလားလို့ မေးကြတယ်။ အချိန်တိုအတွင်းမှာ အရမ်းကောင်းတဲ့ ကျမ်းစာသင်အံမှု ၃၀ ရှိလာတယ်။ ခြောက်လအတွင်းမှာပဲ အသင်းတော်ငယ်လေးတစ်ခု ဖွဲ့စည်းနိုင်ခဲ့တယ်။
ကျွန်မတို့နဲ့ကျမ်းစာလေ့လာတဲ့ အမျိုးသမီးတစ်ဦးရဲ့ခင်ပွန်းက ခရစ်ယာန်ဘုန်းကြီးကို ဖုန်းဆက်ခေါ်ပြီး သူ့ဇနီးကို ကျမ်းစာဆက်မလေ့လာဖို့ ဖျောင်းဖျခိုင်းတယ်။ ကျွန်မတို့နဲ့တွေ့တဲ့အခါ ခရစ်ယာန်ဘုန်းကြီးက တခြားအရာတွေထက် ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်က အတူတူပဲဆိုတဲ့အချက်ကို ခင်ဗျားတို့သွန်သင်ပေးသင့်တယ်လို့ ပြောတယ်။ ကျမ်းစာလေ့လာနေတဲ့အမျိုးသမီးက ကက်သလစ်ကျမ်းစာကိုယူပြီး သူပြောတဲ့အကြောင်းကို ကျမ်းစာနဲ့ထောက်ပြဖို့ ခရစ်ယာန်ဘုန်းကြီးကို ပြောတယ်။ ခရစ်ယာန်ဘုန်းကြီးက ကျမ်းစာအုပ်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး ဘာမှထောက်ပြစရာမလိုဘူးလို့ ပြောတယ်။ အဲဒီခရစ်ယာန်ဘုန်းကြီးက ထွက်သွားရင်းနဲ့ ကျွန်မတို့ကို မောင်းထုတ်ဖို့၊ နောက်ဘယ်တော့မှ အိမ်ထဲအဝင်မခံဖို့ ယူကရိန်းစကားနဲ့ ပြောသွားတယ်။ ယူကရိန်းစကားကို ဂျွန် နားလည်တယ်ဆိုတာ သူမသိရှာဘူး။
အဲဒီနောက်ပိုင်း သိပ်မကြာခင်မှာ တိုက်နယ်လုပ်ငန်းအတွက် ဂျွန် လေ့ကျင့်ခံဖို့ ရက်ဒ်လိတ်ခ်ကနေ ကျွန်မတို့ထွက်လာခဲ့ကြတယ်။ နောက်တစ်နှစ်ခန့်အကြာ ခရိုင်စည်းဝေးကြီးမှာ ဂျွန် နှစ်ခြင်းဟောပြောချက်ပေးတဲ့အခါ နှစ်ခြင်းခံမယ့်သူတွေထဲမှာ အဲဒီအမျိုးသားကို တွေ့လိုက်ရတယ်။ သူဟာ ခရစ်ယာန်ဘုန်းကြီးနဲ့ တွေ့ပြီးတဲ့နောက်ပိုင်း သမ္မာကျမ်းစာကို ကိုယ်တိုင်စလေ့လာခဲ့တယ်။
နယ်လှည့်လုပ်ငန်းမှာ အလုပ်များ
တိုက်နယ်လုပ်ငန်းမှာပါဝင်ချိန်မှာ မိသားစုအတော်များများရဲ့အိမ်မှာ တည်းခိုခဲ့ရလို့ အရမ်းပျော်ရွှင်ခဲ့တယ်။ ကျွန်မတို့ကို တည်းခိုခွင့်ပေးတဲ့ မိသားစုတွေနဲ့ အရမ်းရင်းနှီးခဲ့တယ်။ တစ်ခါက ဆောင်းတွင်းမှာ အပူပေးစနစ်မရှိတဲ့ အပေါ်ထပ်အခန်းတစ်ခုမှာ ကျွန်မတို့တည်းခဲ့ရတယ်။ နံနက်စောစောမှာ အိမ်ရှင်ဖြစ်တဲ့ သက်ကြီးညီအစ်မက ခြေသံဖွဖွနင်းပြီး ကျွန်မတို့အခန်းမှာ မီးထည့်ထားတဲ့မီးဖိုငယ်လေး လာထားပေးတယ်။ ပြီးတဲ့နောက် ညီအစ်မက ကျွန်မတို့ မျက်နှာသစ်ဖို့ ရေနွေးထည့်ထားတဲ့ဇလုံတစ်ခု ယူလာပေးတယ်။ ညီအစ်မရဲ့ တိတ်ဆိတ်ညင်သာတဲ့ နည်းလမ်းတွေကနေ ကျွန်မ အများကြီးသင်ယူခဲ့တယ်။
နယ်လှည့်လုပ်ငန်းက ကျွန်မကို ယေဟောဝါနဲ့ ပိုနီးကပ်စေခဲ့တယ်။ အယ်လ်ဘာတာပြည်နယ်ရဲ့မြောက်ဘက်မှာရှိတဲ့ တိုက်နယ်တစ်ခုထဲမှာ သတ္တုတွင်းမြို့တစ်မြို့ပါတယ်၊ အဲဒီမြို့မှာ ညီအစ်မတစ်ယောက် နေတယ်။ သီးခြားဖြစ်နေတဲ့ ဒီညီအစ်မကို ယေဟောဝါရဲ့အဖွဲ့အစည်းက ဘယ်လိုသဘောထားသလဲ။ ကျွန်မတို့ ခြောက်လတစ်ခါ ဒီညီအစ်မဆီ လေယာဉ်နဲ့သွားပြီး မြို့ကြီးမှာရှိတဲ့အသင်းတော်မှာလိုပဲ သူနဲ့အတူတစ်ပတ်ကြာ အမှုဆောင်ထွက်ပြီး အစည်းအဝေးတွေ ပြုလုပ်ပေးတယ်။ ဒါက သိုးငယ်တစ်ကောင်ချင်းစီအပေါ် ယေဟောဝါပြတဲ့ သနားကြင်နာမှုကို သတိရစေတယ်။
ကျွန်မတို့ကို တည်းခိုခွင့်ပေးခဲ့တဲ့ မိသားစုအတော်များများနဲ့ အခုထိအဆက်အသွယ်ရှိသေးတယ်။ ဒါက ဂျွန် ကျွန်မကို ဦးဆုံးပေးခဲ့တဲ့လက်ဆောင်ကို သတိရစေတယ်၊ အဲဒါက စာရေးစက္ကူတွေပါတဲ့ ရောင်စုံဘူးဖြစ်တယ်။ ဒီလိုစာရေးစက္ကူတွေနဲ့ စာရေးပြီး မိတ်ဆွေတွေနဲ့ အမြဲဆက်သွယ်ရလို့ ကျွန်မတို့ ပျော်တယ်။ ဒီစာရေးစက္ကူဘူးလေးကို ကျွန်မ အမြတ်တနိုး တန်ဖိုးထားနေဆဲပဲ။
တိုရွန်တိုမြို့မှာရှိတဲ့ တိုက်နယ်တစ်ခုမှာ အမှုဆောင်နေတုန်း ကနေဒါဗေသလက ညီအစ်ကိုတစ်ဦးက ဗေသလမှာ လာအမှုဆောင်နိုင်မလားဆိုပြီး ဖုန်းဆက်မေးတယ်။ ဘယ်တော့လောက် အကြောင်းပြန်ရမလဲလို့မေးတော့ “ဖြစ်နိုင်မယ်ဆိုရင် မနက်ဖြန်သိချင်တယ်” လို့ ပြောတယ်။ နောက်တစ်နေ့မှာပဲ ကျွန်မတို့ ဒီတာဝန်ကိုလက်ခံလိုက်တယ်။
ဗေသလလုပ်ငန်း
တာဝန်တစ်ခုပြောင်းလဲတိုင်း ယေဟောဝါရဲ့လက်တော်ကလာတဲ့ ပျော်ရွှင်မှု တစ်မျိုးစီကို ခံစားရတယ်။ ၁၉၇၇ ခုနှစ်မှာ ကျွန်မတို့ ဗေသလကို ပြောင်းရွှေ့တဲ့အချိန်မှာလည်း အဲဒီအတိုင်းပဲ။ ကောင်းကင်အတန်းအစားတချို့နဲ့ ပေါင်းသင်းရလို့ သူတို့ရဲ့အရည်အသွေးတွေကိုသာမက သမ္မာကျမ်းစာအပေါ် သူတို့ရဲ့လေးမြတ်တန်ဖိုးထားမှုကိုပါ မြင်တွေ့ခွင့်ရခဲ့တယ်။
ဗေသလရဲ့လုပ်ရိုးလုပ်စဉ်တွေက ကျွန်မအတွက် အသစ်အဆန်းဖြစ်ပြီး ကျွန်မကို ပျော်ရွှင်စေတယ်။ ဥပမာ၊ ကျွန်မတို့ရဲ့အဝတ်အစားတွေကို ခရီးဆောင်သေတ္တာထဲမှာမဟုတ်တော့ဘဲ အဝတ်အံဆွဲထဲမှာ ထည့်ရတယ်၊ အသင်းတော်တစ်ခုတည်းမှာပဲ အတည်တကျနေရတယ်။ ကျွန်မရဲ့အလုပ်တာဝန်အပြင် ဗေသလကိုလာလည်တဲ့ ဧည့်သည်တွေကို လိုက်လံပြသရတာကလည်း ကျွန်မအတွက် ပျော်စရာကောင်းတဲ့အတွေ့အကြုံတစ်ခုပဲ။ ဗေသလရဲ့အလုပ်တာဝန်တွေအကြောင်း သူတို့ကိုရှင်းပြပြီး သူတို့ရဲ့မှတ်ချက်တွေကို ကြားရတယ်၊ သူတို့ရဲ့မေးခွန်းတွေကို ဖြေပေးရတယ်။
နှစ်တွေမြန်မြန်ဆန်ဆန် ကုန်လွန်လာခဲ့တာ ၁၉၉၇ ခုနှစ်ရောက်တော့ ဂျွန်က နယူးယောက်၊ ပက်တာစင်မှာ ဌာနခွဲကော်မတီဝင်တွေအတွက် သင်တန်းတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီနောက် ယူကရိန်းကိုပြောင်းနိုင်မလားဆိုပြီး ကမ်းလှမ်းခံရတယ်။ ဒီကိစ္စကို အသေအချာ ဆုတောင်းသုံးသပ်ဖို့ အားပေးခံရတယ်။ အဲဒီညနေမှာပဲ ကျွန်မတို့သွားမယ်လို့ အဖြေပေးလိုက်တယ်။
နောက်အပြောင်းအလဲတစ်ခု—ယူကရိန်း
၁၉၉၂ ခုနှစ်မှာ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်နဲ့ ၁၉၉၃ ခုနှစ်မှာ ယူကရိန်းနိုင်ငံ၊ ကီယက်ဗ်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွေကို ကျွန်မတို့ တက်ရောက်ခဲ့ကြတယ်။ ဒီစည်းဝေးကြီးတွေကြောင့် အရှေ့ဥရောပမှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ချစ်ခင်လာတယ်။ ကျွန်မတို့ရဲ့နေအိမ်အသစ်က ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့မှာရှိတဲ့ အိမ်ဟောင်းတစ်လုံးရဲ့ ဒုတိယထပ်ဖြစ်တယ်။ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ရင် ဥယျာဉ်အသေးစားလေးတစ်ခု၊ အနီရောင်ကြက်ဖကြီးတစ်ကောင်နဲ့ ကြက်မတစ်အုပ်ရှိတဲ့ ခြံတစ်ခြံကို လှမ်းမြင်ရတယ်။ ဆက်စ်ခက်ချဝမ်ကခြံတစ်ခုထဲ ရောက်နေသလိုမျိုး ခံစားရတယ်။ အဲဒီအိမ်မှာ ကျွန်မတို့ဆယ့်နှစ်ယောက် နေခဲ့ရတယ်။ နံနက်စောစောထ၊ မြို့ကိုဖြတ်ပြီး ဗေသလကိုသွားရတယ်။
ယူကရိန်းမှာနေရတာကို ကျွန်မတို့ ဘယ်လိုခံစားရသလဲ။ စမ်းသပ်မှုတွေ၊ ပိတ်ပင်မှုတွေနဲ့ ထောင်သွင်းအကျဉ်းချမှုတွေ ခံခဲ့ရဖူးတဲ့ ညီအစ်ကို၊ ညီအစ်မတွေအလယ်မှာ ရှိနေရခြင်းက ကျွန်မတို့ကို နှိမ့်ချမှုရှိစေတယ်။ သူတို့တွေက ခိုင်ခံ့တဲ့ယုံကြည်ခြင်းကို ဆက်ထိန်းထားခဲ့ကြတယ်။ ကျွန်မတို့ သူတို့ကိုချီးမွမ်းတဲ့အခါ “ကျွန်တော်တို့က ယေဟောဝါအတွက်လုပ်တာပါ” လို့ ပြန်ပြောကြတယ်။ သူတို့ပစ်ထားခံရတယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့
ရဘူး။ အခုအချိန်မှာတောင် တစ်စုံတစ်ဦးရဲ့ကြင်နာမှုအတွက် သင် ကျေးဇူးတင်ကြောင်းပြောတယ်ဆိုရင် “ယေဟောဝါကို ကျေးဇူးတင်ပါ” လို့ သူတို့ပြန်ပြောတယ်၊ သူတို့က ကောင်းမြတ်မှုအားလုံးရဲ့ ရင်းမြစ်ကို အသိအမှတ်ပြုကြတယ်။ယူကရိန်းနိုင်ငံမှာဆိုရင် အများစုက အစည်းအဝေးတွေကို လမ်းလျှောက်သွားကြတယ်၊ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး စကားစမြည်ပြောဖို့၊ အပြန်အလှန်အားပေးဖို့ အခွင့်အရေးရကြတယ်။ လမ်းလျှောက်တာ တစ်နာရီ ဒါမှမဟုတ် အဲဒီထက်မက ကြာနိုင်တယ်။ လဗီဖ်မြို့မှာ အသင်းတော် ၅၀ ကျော်ရှိပြီး အသင်းတော် ၂၁ ခုက ဝတ်ပြုရာခန်းမအများကြီးရှိတဲ့ အဆောက်အဦကြီးတစ်ခုကို အသုံးပြုကြတယ်။ တနင်္ဂနွေနေ့တွေမှာ အစည်းအဝေးတက်ဖို့ ညီအစ်ကို၊ ညီအစ်မတွေ တဖွဲဖွဲရောက်လာတဲ့မြင်ကွင်းက တကယ်ကြည့်လို့ကောင်းတယ်။
နူးညံ့သိမ်မွေ့ပြီး တခြားသူတွေကိုဂရုစိုက်တတ်တဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ ကျွန်မတို့ မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးသွားတယ်။ ကျွန်မ အခုထိကြုံနေရဆဲဖြစ်တဲ့ ဘာသာစကားအခက်အခဲတွေ့တဲ့အခါ သူတို့တွေက အရမ်းစိတ်ရှည်တယ်။ သူတို့ရဲ့မျက်လုံးတွေမှာ သူတို့ပြောချင်တဲ့စကားလုံးတွေကို မြင်ရလေ့ရှိတယ်။
ကျွန်မတို့ညီအစ်ကို၊ ညီအစ်မတွေကြားမှာရှိတဲ့ စစ်မှန်တဲ့ယုံကြည်စိတ်ချမှုကို ၂၀၀၃ ခုနှစ်တုန်းက ကီယက်ဗ်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတစ်ခုမှာ မြင်တွေ့ခဲ့ရတယ်။ ကျွန်မတို့က လူရှုပ်တဲ့ မြေအောက်ရထားစင်္ကြံတစ်ခုကို သွားနေတုန်း မိန်းကလေးတစ်ယောက် ကျွန်မတို့ဆီလာပြီး “ကျွန်မ လမ်းပျောက်နေလို့ပါ။ ကျွန်မအဘွားကိုလည်း ရှာမတွေ့ဘူး” လို့ ပြောတယ်။ မိန်းကလေးက ကျွန်မတို့ရဲ့ရင်ထိုးကတ်ကို မြင်ပြီး ကျွန်မတို့က သက်သေခံတွေဆိုတာ သူသိတယ်။ ဒီမိန်းကလေးက အရမ်းသတ္တိရှိပြီး မငိုဘူး။ ကျွန်မတို့နဲ့အတူလာတဲ့ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးရဲ့ဇနီးက ဒီမိန်းကလေးကို အားကစားရုံမှာရှိတဲ့ ပျောက်/တွေ့ဌာနကို ပို့ပေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူ့အဘွားနဲ့ပြန်တွေ့သွားတယ်။ ဒီလောက်ထောင်နဲ့ချီတဲ့လူအုပ်ကြားမှာ လမ်းပျောက်နေတာတောင်မှ ဘုရားသခင်ကိုယုံကြည်စိတ်ချကြောင်း သူ ဖော်ပြခဲ့တယ်။ ယေဟောဝါအပေါ်ထားရှိတဲ့ ဒီမိန်းကလေးရဲ့ ယုံကြည်စိတ်ချမှုက ကျွန်မရဲ့စိတ်ကို ထိမိခဲ့တယ်။
၂၀၀၁၊ မေလမှာကျင်းပတဲ့ ယူကရိန်းဌာနခွဲအသစ် အပ်နှံပွဲအတွက် နိုင်ငံအတော်များများက ညီအစ်ကို၊ ညီအစ်မတွေ ရောက်လာကြတယ်။ တနင်္ဂနွေနေ့မနက် အားကစားရုံမှာပေးတဲ့ ဟောပြောချက်ပြီးတဲ့နောက် ညီအစ်ကို၊ ညီအစ်မများစွာက ဗေသလအသစ်ကို လှည့်လည်ကြည့်ရှုဖို့ လမ်းလျှောက်လာကြတယ်။ မမေ့ပျောက်နိုင်တဲ့ မြင်ကွင်းပါပဲ။ တိတ်တိတ်ဆိတ်ဆိတ်၊ စည်းစနစ်တကျရှိတဲ့ အဲဒီညီအစ်ကို၊ ညီအစ်မတွေကို မြင်ရတာ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ ဒါက ကျွန်မကို ဘုရားသခင့်အမှုဆောင်ခြင်းကနေ ခံစားရတဲ့ပျော်ရွှင်မှုကို ပိုတန်ဖိုးထားလေးမြတ်စေတယ်။
ဆိုးရွားတဲ့အပြောင်းအလဲတစ်ခု
ဝမ်းနည်းစရာကောင်းတာက ဂျွန်မှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာ ၂၀၀၄ ခုနှစ်မှာ သိလိုက်ရတယ်။ ဆေးကုသမှုခံယူဖို့ ကနေဒါနိုင်ငံကို ကျွန်မတို့သွားခဲ့ကြတယ်။ ဓာတုကုထုံးက သူ့အတွက်အရမ်းပြင်းပြီး အပတ်အနည်းငယ်ကြာ အထူးကြပ်မတ်ကုသဆောင်မှာ နေခဲ့ရတယ်။ ကျေးဇူးတင်စရာကောင်းတာက သူ ပြန်သတိရလာတယ်။ သူ စကားမပြောနိုင်ပေမဲ့ သူ့မျက်လုံးက သူ့ဆီလာလည်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း အမြဲဖော်ပြတယ်။
ဒါပေမဲ့ သူ ဘယ်လိုမှပြန်မကောင်းနိုင်တော့ဘူး၊ အဲဒီနှစ်မှာပဲ သူ ဆုံးသွားရှာတယ်။ ကျွန်မဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားသလို ခံစားခဲ့ရတယ်။ ဂျွန်နဲ့ကျွန်မဟာ ယေဟောဝါကို အတူတကွအမှုဆောင်ရလို့ အရမ်းပျော်ရွှင်ခဲ့တယ်။ ကျွန်မ ဘာလုပ်ရမလဲ။ ယူကရိန်းနိုင်ငံကိုပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီမှာရှိတဲ့ ဗေသလမိသားစုနဲ့ အသင်းတော်ရဲ့ နွေးထွေးတဲ့မေတ္တာအတွက် ကျွန်မ အရမ်းကျေးဇူးတင်တယ်။
ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်တွေကြောင့် ဘဝမှာ နောင်တရတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ကျွန်မတို့ဘဝက အပေါင်းအသင်းကောင်းတွေနဲ့အတူ ပျော်မွေ့စရာ ဖြစ်ခဲ့တယ်။ ယေဟောဝါရဲ့ကောင်းမြတ်မှုတွေအကြောင်း သင်ယူစရာအများကြီးရှိသေးတယ်ဆိုတာ ကျွန်မသိတယ်၊ ကိုယ်တော့်အမှုတော်ကို ထာဝစဉ်ဆက်ထမ်းဆောင်ဖို့ ကျွန်မမျှော်လင့်တယ်၊ အကြောင်းကတော့ ယေဟောဝါရဲ့ လက်ယာတော်နားမှာ ကျွန်မ တကယ်ပျော်မွေ့လို့ပဲ။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
“ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်တွေကြောင့် ဘဝမှာ နောင်တရတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး”
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ဂျွန်နဲ့ လက်ထပ်တုန်းက
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အွန်တဲရီယိုပြည်နယ်၊ ရက်ဒ်လိတ်ခ်မှာ အထူးရှေ့ဆောင်လုပ်တုန်းက
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
၂၀၀၂ ခုနှစ်တုန်းက ယူကရိန်းနိုင်ငံမှာ ဂျွန်နဲ့အတူ