စာရှုသူများထံမှ မေးခွန်းလွှာ
ကမ္ဘာဦး ၆:၂၊ ၄ (ကဘ) မှာဖော်ပြထားတဲ့ ရေလွှမ်းမိုးဘေးမတိုင်ခင် ရှိခဲ့တဲ့ “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေ” ဆိုတာ ဘယ်သူတွေလဲ။
အထောက်အထားအရ ဒီအသုံးအနှုန်းက ဘုရားသခင်ရဲ့ နာမ်ဝိညာဉ်သားတွေကို ရည်ညွှန်းတယ်။ ဘာအထောက်အထားရှိသလဲ။
ပထမအခန်းငယ်မှာ ဒီလိုဖတ်ရတယ်– “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေက လူ့သမီးတွေ ချောမောလှပကြောင်း သတိပြုမိလာတယ်။ ဒါနဲ့ သူတို့နှစ်သက်သူတွေကို မယားအဖြစ်ယူကြတယ်။”—က. ၆:၂၊ ကဘ။
ဟေဗြဲကျမ်းစောင်တွေမှာဆိုရင် “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေ” နဲ့ “ဘုရားသခင်ရဲ့သားတွေ” ဆိုတဲ့ အသုံးအနှုန်းကို ကမ္ဘာဦး ၆:၂၊ ၄ (ကဘ); ယောဘ ၁:၆; ၂:၁; ၃၈:၇ (ကဘ) နဲ့ ဆာလံ ၈၉:၆ (ကဘ) မှာ တွေ့ရတယ်။ ဒီကျမ်းချက်တွေက “ဘုရားသခင်ရဲ့သားတွေ” နဲ့ပတ်သက်ပြီး ဘယ်လိုဖော်ပြသလဲ။
ယောဘ ၁:၆ (ကဘ) မှာဖတ်ရတဲ့ “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေ” က ဘုရားသခင်ရှေ့မှာ စုရုံးရောက်ရှိနေတဲ့ နာမ်ဝိညာဉ်သတ္တဝါတွေဆိုတာ ရှင်းနေပါတယ်။ သူတို့အထဲမှာ “မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာ” ခဲ့တဲ့ စာတန်လည်းပါတယ်။ (ယော. ၁:၇; ၂:၁၊ ၂) အလားတူပဲ ယောဘ ၃၈:၄-၇ (ကဘ) မှာလည်း ဘုရားသခင်က မြေကြီးကို “အုတ်မြစ်ချ” တဲ့အခါ “ဘုရားသခင်ရဲ့သားတွေအားလုံးကလည်း လက်ခုပ်လက်ဝါးတီးပြီး ဩဘာပေးကြတယ်” လို့ ဖတ်ရတယ်။ အဲဒီအချိန်မှာ လူသားတွေကို မဖန်ဆင်းရသေးတဲ့အတွက်ကြောင့် သူတို့တွေဟာ ကောင်းကင်တမန်တွေပဲဖြစ်ရမယ်။ ဆာလံ ၈၉:၆ မှာ ဖော်ပြထားတဲ့ ‘ဘုရားသခင့်သားတွေ’ ဟာ ကောင်းကင်မှာ ဘုရားသခင်နဲ့အတူရှိနေတဲ့ နာမ်ဝိညာဉ်သတ္တဝါတွေပဲ၊ လူတွေမဟုတ်ဘူး။
ဒါဆိုရင် ကမ္ဘာဦး ၆:၂၊ ၄ (ကဘ) မှာပါတဲ့ “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေ” ဆိုတာ ဘယ်သူတွေလဲ။ အထက်မှာဖော်ပြခဲ့တဲ့ ကျမ်းစာပါ အချက်အလက်တွေအရ သူတို့တွေက မြေကြီးပေါ်ကို ရောက်လာကြတဲ့ ဘုရားသခင့်နာမ်ဝိညာဉ်သားတွေ ဖြစ်တယ်လို့ ယုတ္တိရှိရှိ ကောက်ချက်ချရမှာဖြစ်တယ်။
ကောင်းကင်တမန်တွေ လိင်ဆက်ဆံဖို့ စိတ်ဝင်စားတယ်ဆိုတဲ့အချက်ကို တချို့က လက်ခံဖို့ အခက်တွေ့ကြတယ်။ မဿဲ ၂၂:၃၀ မှာပါတဲ့ ယေရှုရဲ့စကားတွေအရ ကောင်းကင်မှာ ထိမ်းမြားပေးစားခြင်း၊ လိင်ဆက်ဆံခြင်းမရှိဘူးလို့ ဖော်ပြတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တွေ လူသားကိုယ်ခန္ဓာတွေနဲ့ပေါ်လာတဲ့ အခါတွေရှိတယ်၊ လူတွေနဲ့တောင် အတူ စားသောက်ကြတယ်။ (က. ၁၈:၁-၈; ၁၉:၁-၃) ဒါကြောင့် အဲဒီလို လူသားကိုယ်ခန္ဓာမျိုးနဲ့ဆိုရင် အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံလို့ရနိုင်တယ်လို့ ကျိုးကြောင်းညီညွတ်စွာ ကောက်ချက်ချနိုင်ပါတယ်။
တချို့ကောင်းကင်တမန်တွေ အဲဒီလိုလုပ်ကြတယ်လို့ ယုံကြည်လက်ခံနိုင်တဲ့ ကျမ်းစာအခြေခံ အကြောင်းပြချက်တွေရှိပါတယ်။ ယုဒ ၆၊ ၇ မှာ သဘာဝနဲ့ဆန့်ကျင်တဲ့ လိင်ဆန္ဒရှိသူ သောဒုံမြို့သားတွေရဲ့အပြစ်ကို “မိမိတို့၏မူလအခွင့်အရာကို မစောင့်ရုံမက မိမိတို့နေသင့်ရာအရပ်ကို စွန့်ခွာသည့် ကောင်းကင်တမန်” တွေရဲ့အပြစ်နဲ့ နှိုင်းယှဉ်ထားတယ်။ ကောင်းကင်တမန်တွေနဲ့ သောဒုံမြို့သားတွေရဲ့ တူညီတဲ့အပြစ်ကတော့ “သဘာဝနှင့်ဆန့်ကျင်၍ မတရားမေထုန်ကို လွန်ကျူးစွာပြုပြီး သွေးသားအလိုသို့ လိုက်” ခြင်းဖြစ်တယ်။ ၁ ပေတရု ၃:၁၉၊ ၂၀ မှာလည်း “နောဧခေတ်” က နာခံမှုမရှိတဲ့ကောင်းကင်တမန်တွေအကြောင်း ဖော်ပြထားတယ်။ (၂ ပေ. ၂:၄၊ ၅) ဒါကြောင့် နောဧခေတ်က နာခံမှုမရှိတဲ့ကောင်းကင်တမန်တွေရဲ့လမ်းစဉ်ကို သောဒုံနဲ့ဂေါမောရမြို့သားတွေရဲ့အပြစ်နဲ့ နှိုင်းယှဉ်နိုင်တယ်။
ကမ္ဘာဦး ၆:၂၊ ၄ (ကဘ) မှာပါတဲ့ “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေ” ဆိုတာ လူသားကိုယ်ခန္ဓာနဲ့ပေါ်လာပြီး အမျိုးသမီးတွေနဲ့ လိင်အကျင့်ယိုယွင်းခဲ့ကြတဲ့ ကောင်းကင်တမန်တွေလို့ ကျွန်ုပ်တို့ပြောတာက ကျိုးကြောင်းညီညွတ်တဲ့ ကောက်ချက်တစ်ခုဖြစ်ပါတယ်။
၁ ပေ. ၃:၁၉) အဲဒါ ဘာကို ဆိုလိုတာလဲ။
သမ္မာကျမ်းစာမှာ ယေရှုက “ထောင်ကျနေသော နာမ်ဝိညာဉ်သတ္တဝါများထံသွား၍ ဟောပြော” တယ်လို့ ဖော်ပြထားတယ်။ (တမန်တော်ပေတရုက ဒီနာမ်ဝိညာဉ်သတ္တဝါတွေကို ‘နောဧခေတ်မှာ ဘုရားသခင် စိတ်ရှည်စွာစောင့်ဆိုင်းခဲ့တဲ့ နာခံမှုမရှိသူများ’ ဖြစ်တယ်လို့ ပြောခဲ့တယ်။ (၁ ပေ. ၃:၂၀) စာတန်ရဲ့ပုန်ကန်မှုမှာ ပူးပေါင်းပါဝင်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့တဲ့ နာမ်ဝိညာဉ်သတ္တဝါတွေကို ပေတရု ရည်ညွှန်းနေတယ်ဆိုတာ ရှင်းနေပါတယ်။ ယုဒကလည်း “မိမိတို့၏မူလအခွင့်အရာကို မစောင့်ရုံမက မိမိတို့နေသင့်ရာအရပ်ကို စွန့်ခွာ” တဲ့ ကောင်းကင်တမန်တွေကို ဘုရားသခင်က “တရားစီရင်ရာနေ့ကြီးအတွက် မှောင်မိုက်တွင် ထာဝရချည်နှောင်ထား” တယ်လို့ ပြောတယ်။—ယု. ၆။
နောဧခေတ်မှာ နာမ်ဝိညာဉ်သတ္တဝါတွေဟာ ဘယ်လိုနည်းနဲ့ နာခံမှုမရှိခဲ့ကြသလဲ။ ရေလွှမ်းမိုးဘေး မကျရောက်ခင်မှာ အဲဒီဆိုးညစ်တဲ့ နာမ်ဝိညာဉ်သတ္တဝါတွေဟာ လူသားကိုယ်ခန္ဓာအဖြစ် ပြောင်းလဲခဲ့ကြတယ်၊ သူတို့အတွက် ဘုရားသခင် အဲဒီလို မရည်ရွယ်ခဲ့ဘူး။ (က. ၆:၂၊ ၄) ဒါ့အပြင် ဒီကောင်းကင်တမန်တွေဟာ သဘာဝနဲ့ဆန့်ကျင်ပြီး အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံခဲ့ကြတယ်။ အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံဖို့ နာမ်ဝိညာဉ်သတ္တဝါတွေကို ဘုရားသခင် ဖန်ဆင်းခဲ့တာမဟုတ်ဘူး။ (က. ၅:၂) ဒီဆိုးညစ်တဲ့၊ နာခံမှုမရှိတဲ့ ကောင်းကင်တမန်တွေဟာ ဘုရားသခင်သတ်မှတ်ထားတဲ့အချိန်မှာ ဖျက်ဆီးခံရပါလိမ့်မယ်။ အခုအချိန်မှာတော့ ယုဒပြောသလိုပဲ သူတို့ဟာ “မှောင်မိုက်” မှာရှိနေတယ်၊ တစ်နည်းအားဖြင့် ထောင်ထဲမှာ ချုပ်နှောင်ခံထားရသလို ဖြစ်နေတယ်။
ယေရှုက “ထောင်ကျနေသော နာမ်ဝိညာဉ်သတ္တဝါများ” ကို ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ဟောပြောခဲ့သလဲ။ ယေရှုဟာ “နာမ်ဝိညာဉ်အဖြစ် အသက်ရှင်” ပြီးနောက်ပိုင်းမှာ အဲဒီလိုဟောပြောခဲ့တယ်လို့ ပေတရုရေးခဲ့တယ်။ (၁ ပေ. ၃:၁၈၊ ၁၉) ပေတရု သူ့ရဲ့ပထမစာကို မရေးခင်မှာ ယေရှုဟောပြောခဲ့တယ်ဆိုတာ ဖော်ပြဖို့ အဲဒီကျမ်းချက်ရဲ့ မူရင်းဂရိအရေးအသားမှာ အတိတ်ကာလသဏ္ဌာန်ကို အသုံးပြုထားတယ်။ ဒါကြောင့် ယေရှုဟာ ဆိုးညစ်တဲ့နာမ်ဝိညာဉ်သတ္တဝါတွေ ခံရမယ့် တရားစီရင်ချက်ပြစ်ဒဏ်အကြောင်းကို သူထမြောက်ပြီးနောက် တစ်ချိန်ချိန်မှာ ကြေညာခဲ့ပုံရတယ်။ ယေရှု သူတို့ကို မျှော်လင့်ချက်အကြာင်း မဟောခဲ့ဘူး။ တရားစီရင်ချက်အကြောင်းပဲ ဟောပြောတာဖြစ်တယ်။ (ယောန ၁:၁၊ ၂) ယေရှုဟာ သေတဲ့အထိ ယုံကြည်ခြင်းနဲ့ သစ္စာတည်ကြည်မှုကိုပြပြီး ပြန်ထမြောက်လာခြင်းက သူ့ကို မာရ်နတ် မချုပ်ကိုင်နိုင်ဘူးဆိုတာ သက်သေပြနေခြင်းဖြစ်တယ်၊ အဲဒါကြောင့် ယေရှုမှာ အဲဒီပြစ်ဒဏ်စီရင်ချက်ကို ကြေညာနိုင်တဲ့ အခြေခံအကြောင်းရင်းရှိတယ်။—ယော. ၁၄:၃၀; ၁၆:၈-၁၁။
အနာဂတ်မှာ ယေရှုဟာ စာတန်နဲ့ အဲဒီကောင်းကင်တမန်ဆိုးတွေကို ချည်နှောင်ပြီး တွင်းထဲပစ်ချမှာဖြစ်တယ်။ (လု. ၈:၃၀၊ ၃၁; ဗျာ. ၂၀:၁-၃) အဲဒီအချိန်အထိတော့ ဒီနာခံမှုမရှိတဲ့ကောင်းကင်တမန်တွေဟာ မှောင်မိုက်ထဲမှာ ရှိနေမှာဖြစ်ပြီး နောက်ဆုံးမှာ အပြီးသတ်ဖျက်ဆီးခံရမှာ သေချာတယ်။—ဗျာ. ၂၀:၇-၁၀။