စာရှုသူများထံမှ မေးခွန်းလွှာ
ယောဟန် ၁၁:၃၅ မှာဖော်ပြထားတဲ့အတိုင်း ယေရှုဟာ လာဇရုကို ပြန်ရှင်အောင် မလုပ်ပေးခင်မှာ ဘာကြောင့် မျက်ရည်ကျခဲ့သလဲ။
ကျွန်ုပ်တို့ချစ်ရတဲ့သူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါမှာ ကျွန်ုပ်တို့ သူ့ကို သတိရလို့ မျက်ရည်ကျတာက သဘာဝပါပဲ။ ယေရှုက လာဇရုကို ချစ်ခင်ပေမဲ့ လာဇရု သေဆုံးသွားလို့ မျက်ရည်ကျတာ မဟုတ်ဘူး။ ယောဟန်မှတ်တမ်းရဲ့ အထက်အောက်စကားအရ ယေရှုက လာဇရုရဲ့ မိသားစုနဲ့မိတ်ဆွေတွေကို စာနာသနားလို့ မျက်ရည်ကျတာဖြစ်တယ်။—ယော. ၁၁:၃၆။
လာဇရု ဖျားနေတဲ့အကြောင်း ယေရှုကြားတဲ့အခါ သူ့ကို ကုသပေးဖို့အတွက် ယေရှု ချက်ချင်းမသွားခဲ့ဘူး။ “လာဇရု ဖျားနာကြောင်း [ယေရှု] ကြားလျှင် မိမိရောက်ရှိရာအရပ်၌ နှစ်ရက်ဆက်၍ နေတော်မူ၏” လို့ ကျမ်းစာမှတ်တမ်းကဆိုတယ်။ (ယော. ၁၁:၆) ယေရှုဘာကြောင့် အချိန်ဆွဲနေတာလဲ။ အကြောင်းတစ်ခုရှိလို့ အဲဒီလိုလုပ်တာဖြစ်တယ်။ “ဤရောဂါသည် သေစေမည့်ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရန်ဖြစ်၏။ ဤရောဂါအားဖြင့် ဘုရားသခင်၏သားတော် ဘုန်းထင်ရှားလိမ့်မည်” လို့ ယေရှုပြောခဲ့တယ်။ (ယော. ၁၁:၄) ဒါကြောင့် ယေရှုက လာဇရုသေတာကို အသုံးချပြီး “ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေ” ဖို့ ရည်ရွယ်ထားတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေရှုဟာ သူ့မိတ်ဆွေကို သင်္ချိုင်းကနေ ပြန်အသက်ရှင် ထမြောက်စေခြင်းအားဖြင့် ကြီးကျယ်တဲ့အံ့ဖွယ်အမှုတစ်ခုကို လုပ်ပြတော့မယ်။
ယေရှု ဒီအကြောင်းကို သူ့တပည့်တွေနဲ့ ပြောတဲ့အခါမှာ သေခြင်းကို အိပ်ပျော်တာနဲ့ နှိုင်းယှဉ်ခဲ့တယ်။ ဒါကြောင့် ယေရှုက တပည့်တွေကို “သူ့ [လာဇရု] ကိုနှိုးရန် ငါသွားမည်” လို့ပြောခဲ့တယ်။ (ယော. ၁၁:၁၁) လာဇရုကို သေရာကနေ အသက်ပြန်ရှင်အောင်လုပ်တာက ယေရှုအတွက်တော့ မိဘတစ်ယောက်က တစ်မှေးအိပ်နေတဲ့ သူ့ကလေးကို ပြန်နှိုးတာနဲ့တူတယ်။ ဒါကြောင့် လာဇရုသေဆုံးသွားတာကို ယေရှုဝမ်းနည်းစရာ အကြောင်းမရှိဘူး။
ဒါဆိုရင် ယေရှုဘာကြောင့် မျက်ရည်ကျတာလဲ။ ဒီမှာလည်း ကျမ်းချက်ရဲ့အထက်အောက်စကားတွေက အဖြေပေးပါတယ်။ လာဇရုရဲ့အမ မာရိနဲ့တွေ့ပြီး မာရိရော တခြားသူတွေပါ ငိုနေတာကို မြင်ရတဲ့အခါမှာ ယေရှုဟာ ‘အလွန်စိတ်ညှိုးငယ်ပြီး စိတ်ပူပန်’ ခဲ့တယ်။ သူတို့ စိတ်ထိခိုက်နေတာကိုကြည့်ပြီး ယေရှုဟာ “အလွန်စိတ်ညှိုးငယ်” တဲ့အထိ ဖြစ်ခဲ့တယ်။ ဒါကြောင့် ယေရှု “မျက်ရည်ကျ” ခဲ့တယ်။ ယေရှုဟာ မိမိရဲ့မိတ်ဆွေတွေ အရမ်းစိတ်ထိခိုက်တာကို မြင်ရလို့ ဝမ်းနည်းခဲ့တယ်။—ယော. ၁၁:၃၃၊ ၃၅။
လာမယ့်ကမ္ဘာသစ်မှာ ယေရှုဟာ ကျွန်ုပ်တို့ချစ်ရတဲ့သူတွေကို ပြန်အသက်ရှင်အောင်၊ ပြန်ကျန်းမာလာအောင် လုပ်ပေးနိုင်တဲ့ အစွမ်းတန်ခိုးရှိတယ်ဆိုတာကို ဒီကျမ်းမှတ်တမ်းက ဖော်ပြတယ်။ ဒါ့အပြင် အဲဒီမှတ်တမ်းက သေခြင်းကြောင့် ချစ်ရသူတွေကို ဆုံးၡုံးရသူတွေအပေါ် ယေရှု စာနာထောက်ထားတယ်ဆိုတာလည်း ဖော်ပြတယ်။ ဒီမှတ်တမ်းကနေ ကျွန်ုပ်တို့သင်ယူနိုင်တဲ့ နောက်သင်ခန်းစာတစ်ခုက ချစ်ရသူတစ်ယောက်ယောက် သေဆုံးသွားလို့ ဝမ်းနည်းပူဆွေးနေသူတွေကို သနားစာနာသင့်တယ်ဆိုတဲ့အချက်ပဲ။
ယေရှုက လာဇရုကို အသက်ပြန်ရှင်အောင် လုပ်ပေးတော့မှာဖြစ်တယ်။ ဒါပေမဲ့ ယေရှုဟာ သူ့ရဲ့မိတ်ဆွေတွေကို တကယ်ချစ်ခင်ပြီး သနားစာနာတဲ့စိတ်ကြောင့် မျက်ရည်ကျခဲ့တယ်။ အဲဒီလိုပဲ ကျွန်ုပ်တို့ရဲ့ ထောက်ထားစာနာစိတ်က “ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေး” ဖို့ လှုံ့ဆော်ပေးမှာဖြစ်တယ်။ (ရော. ၁၂:၁၅) အဲဒီလိုဝမ်းနည်းတာက ထမြောက်ခြင်းမျှော်လင့်ချက်ကို မယုံကြည်ဘူးဆိုတဲ့သဘော မသက်ရောက်ပါဘူး။ ဒါကြောင့် ယေရှုဟာ လာဇရုကို အသက်ပြန်ရှင်အောင် လုပ်ပေးတော့မှာဖြစ်ပေမဲ့ တကယ်ဝမ်းနည်းပြီး မျက်ရည်ကျခြင်းအားဖြင့် သေခြင်းကြောင့် ချစ်ရသူတစ်ဦး ဆုံးၡုံးရသူတွေအပေါ် သနားစာနာမှု တင်ပြခဲ့တယ်၊ အဲဒါက ယေရှုပြခဲ့တဲ့ စံနမူနာကောင်းတစ်ခုပါပဲ။