မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်လိုနည်းနဲ့ ‘စိတ်ရှည်ရှည် စောင့်နေ’ နိုင်သလဲ

ဘယ်လိုနည်းနဲ့ ‘စိတ်ရှည်ရှည် စောင့်နေ’ နိုင်သလဲ

“စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်။”—မိ. ၇:၇၊ ကဘ။

၁။ ကျွန်ုပ်တို့ ဘာကြောင့် စိတ်မရှည်တော့တာ ဖြစ်နိုင်သလဲ။

ကောင်းကင်မှာ မေရှိယနိုင်ငံတော် စတင်တည်ထောင်တဲ့ ၁၉၁၄ ခုနှစ်မှာ စာတန့်စနစ်ရဲ့နောက်ဆုံးနေ့ရက်တွေ စတင်တယ်။ အဲဒီနှစ်မှာ ကောင်းကင်မှာ စစ်ဖြစ်တယ်၊ စစ်ပွဲရဲ့ရလဒ်ကတော့ ယေရှုက မာရ်နတ်နဲ့ နတ်ဆိုးတွေကို မြေကြီးပေါ် နှင်ချလိုက်တယ်။ (ဗျာဒိတ် ၁၂:၇-၉ ကိုဖတ်ပါ။) စာတန်က သူ့မှာ “အချိန်တို” ပဲရှိတော့တယ်ဆိုတာ သိတယ်။ (ဗျာ. ၁၂:၁၂) ဒါပေမဲ့ ဒီ “အချိန်တို” က အနှစ် ၁၀၀ နီးပါးရှိနေပြီဖြစ်လို့ နောက်ဆုံးသောနေ့ရက်တွေက အချိန်ကြာတယ်လို့ တချို့သူတွေ ထင်ကြတယ်။ စာတန့်စနစ်ကို ယေဟောဝါ အဆုံးသတ်ဖို့ စောင့်ဆိုင်းနေရတာကို ကျွန်ုပ်တို့ စိတ်မရှည်တော့ဘူးလား။

၂။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို အဖြေပေးမလဲ။

စိတ်မရှည်တာက ကျွန်ုပ်တို့အတွက် အန္တရာယ်ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ စိတ်မရှည်တော့ဘူးဆိုရင် သေချာမစဉ်းစားဘဲ အလျင်စလိုလုပ်မိနိုင်တယ်။ စိတ်ရှည်ခြင်းကို ကျွန်ုပ်တို့ ဘယ်လိုမွေးမြူနိုင်သလဲ။ ဒီဆောင်းပါးက အောက်ပါမေးခွန်းသုံးခုကို ဖြေဆိုပေးပြီး စိတ်ရှည်ခြင်းမွေးမြူနိုင်အောင် ကူညီပေးပါလိမ့်မယ်– (၁) ပရောဖက်မိက္ခာရဲ့စိတ်ရှည်ခြင်းကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ (၂) အဆုံးနီးပြီဆိုတာကို ဘယ်အဖြစ်အပျက်တွေက အချက်ပြမလဲ။ (၃) ယေဟောဝါရဲ့စိတ်ရှည်ခြင်းအတွက် ကျေးဇူးတင်ကြောင်း ကျွန်ုပ်တို့ ဘယ်လို ပြသနိုင်သလဲ။

မိက္ခာရဲ့စိတ်ရှည်ခြင်းကနေ ဘာသင်ယူနိုင်သလဲ

၃။ မိက္ခာခေတ်မှာ အစ္စရေးလူတွေရဲ့အခြေအနေ ဘယ်လိုရှိခဲ့သလဲ။

မိက္ခာ ၇:၂-၆ ကိုဖတ်ပါ။ အစ္စရေးလူတွေ ယေဟောဝါအပေါ် သစ္စာမဲ့တာက တဖြည်းဖြည်း ပိုဆိုးလာပြီး ဘုရင် အာခတ်အုပ်စိုးချိန်မှာ အဆိုးဆုံးအခြေအနေ ရောက်နေတာကို ယေဟောဝါရဲ့ပရောဖက် မိက္ခာ မြင်တွေ့ခဲ့ရတယ်။ မိက္ခာက သစ္စာမရှိတဲ့ အစ္စရေးလူတွေကို “ဆူးပင်၊” “ဆူးခြံ” နဲ့ နှိုင်းယှဉ်ခဲ့တယ်။ ဆူးပင် ဒါမှမဟုတ် ဆူးခြံကို ဝင်တိုက်မိသူ ဘယ်သူမဆိုဟာ ထိခိုက်ဒဏ်ရာရနိုင်သလိုပဲ သစ္စာမဲ့တဲ့အစ္စရေးလူမျိုးဟာ သူတို့နဲ့ဆက်ဆံသူ ဘယ်သူ့ကိုမဆို အန္တရာယ်ပေးတယ်။ မိသားစုဝင်တွေ တစ်ယောက်ကိုတစ်ယောက် မချစ်ကြတော့တဲ့အထိ အခြေအနေက အတော်ဆိုးရွားနေတယ်။ မိက္ခာက ဒီအခြေအနေကို သူမပြောင်းလဲနိုင်ဘူးဆိုတာ သိတယ်၊ ဒါကြောင့် ယေဟောဝါထံ စိတ်နှလုံးအပြည့်နဲ့ ဆုတောင်းခဲ့တယ်။ ပြီးတဲ့နောက် ဘုရားသခင် အရေးယူလုပ်ဆောင်ပေးမှာကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့တယ်။ ယေဟောဝါဟာ မိမိသတ်မှတ်ထားတဲ့အချိန်မှာ ဒီအခြေအနေကို ပြုပြင်ပြောင်းလဲပေးမယ်ဆိုတာ မိက္ခာ ယုံကြည်စိတ်ချတယ်။

၄။ ကျွန်ုပ်တို့မှာ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။

ကျွန်ုပ်တို့လည်း မိက္ခာလိုပဲ တစ်ကိုယ်ကောင်းဆန်တဲ့လူတွေကြားမှာ အသက်ရှင်နေရတယ်။ လူများစွာဟာ “ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်း မရှိသူ” တွေဖြစ်ကြတယ်။ (၂ တိ. ၃:၂၊ ၃) အလုပ်ဖော်တွေ၊ ကျောင်းနေဖက်တွေနဲ့ အိမ်နီးချင်းတွေက တစ်ကိုယ်ကောင်းစိတ်ဓာတ်တွေ ပြသတဲ့အခါ ကျွန်ုပ်တို့ စိတ်ပျက်ကြရတယ်။ ဒါပေမဲ့ ဘုရားသခင့်ကျေးကျွန်တချို့ဟာ အဲဒီထက်ဆိုးတဲ့ပြဿနာတွေနဲ့တောင် ရင်ဆိုင်ကြရတယ်။ ယေရှုက မိမိရဲ့နောက်လိုက်တွေဟာ မိသားစုရဲ့ ဆန့်ကျင်မှုကို ခံရကြမယ်လို့ ပြောခဲ့တယ်။ ယေရှုရဲ့စကားတွေက ကျွန်ုပ်တို့ဖတ်ခဲ့တဲ့ မိက္ခာ ၇:၆ မှာပါတဲ့ စကားတွေနဲ့ ဆင်တူတယ်။ ယေရှု ဒီလိုပြောတယ်– “အဖနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ အချင်းချင်းကွဲပြားစေရန် ငါလာ၏။ ကိုယ့်အိမ်သူအိမ်သားတို့သည် ကိုယ့်ရန်သူဖြစ်ကြလိမ့်မည်။” (မ. ၁၀:၃၅၊ ၃၆) ကျွန်ုပ်တို့နဲ့ ယုံကြည်ချက်ချင်းမတူတဲ့ မိသားစုဝင်တွေရဲ့ လှောင်ပြောင်မှု၊ ဆန့်ကျင်မှု ခံရတဲ့အခါမှာ တကယ်ခက်ခဲနိုင်တယ်။ ကျွန်ုပ်တို့ အဲဒီလို ကြုံတွေ့နေရတယ်ဆိုရင် မိသားစုဖိအားကြောင့် လက်မလျှော့သင့်ဘူး။ အဲဒီအစား ယေဟောဝါကို ဆက်သစ္စာရှိပြီး အခြေအနေတွေကို ပြုပြင်ပြောင်းလဲပေးဖို့ ကိုယ်တော့်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေရမှာဖြစ်တယ်။ ကိုယ်တော့်အကူအညီရဖို့ ကျွန်ုပ်တို့ မပြတ်ဆုတောင်းနေတယ်ဆိုရင် ကိုယ်တော့်အပေါ် ဆက်သစ္စာရှိဖို့ လိုအပ်တဲ့ခွန်အားနဲ့ ဉာဏ်ပညာ ရရှိပါလိမ့်မယ်။

၅၊ ၆။ မိက္ခာကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးခဲ့သလဲ။ ဒါပေမဲ့ ဘယ်ပရောဖက်ပြုချက် ပြည့်စုံတာကိုတော့ မိက္ခာ မမြင်တွေ့ခဲ့ရသလဲ။

မိက္ခာရဲ့စိတ်ရှည်မှုကို ယေဟောဝါ ဆုချခဲ့တယ်။ မင်းဆိုးအာခတ်နဲ့ သူ့ရဲ့အုပ်ချုပ်မှု အဆုံးသတ်သွားတာကို မိက္ခာ မြင်တွေ့ခဲ့ရတယ်။ အာခတ်ရဲ့သား ဟေဇကိ ဘုရင်ဖြစ်လာပြီး စင်ကြယ်တဲ့ဝတ်ပြုရေး ပြန်လည်တည်ထောင်တာကို သူမြင်တွေ့ခဲ့ရတယ်။ မြောက်ပိုင်း အစ္စရေးနိုင်ငံကို အာရှုရိတွေ ကျူးကျော်တိုက်ခိုက်ချိန်မှာ ရှမာရိနဲ့ပတ်သက်ပြီး သူရေးခဲ့တဲ့ ပရောဖက်ပြုချက် ပြည့်စုံတာကိုလည်း သူမြင်တွေ့ခဲ့ရတယ်။—မိ. ၁:၆

ဒါပေမဲ့ မိက္ခာဟာ ယေဟောဝါ သူ့ကို ရေးသားစေတဲ့ ပရောဖက်ပြုချက်တွေအားလုံး ပြည့်စုံတာကို မမြင်တွေ့ခဲ့ရဘူး။ ဥပမာ၊ မိက္ခာ ဒီလိုရေးခဲ့တယ်– “အဆုံးပိုင်းကာလမှာ ယေဟောဝါရဲ့အိမ်တော်တည်တဲ့တောင်ဟာ တောင်တွေရဲ့ထိပ်ဆုံးမှာ အခိုင်အမာတည်နေလိမ့်မယ်။ တောင်ကုန်းတွေရဲ့အထက်မှာ ချီးမြှောက်ခံရလိမ့်မယ်။ လူတွေက အဲဒီတောင်ပေါ်ကို တသီတတန်းကြီး တက်သွားလိမ့်မယ်။ လူမျိုးတွေက ‘လာကြ။ ယေဟောဝါရဲ့တောင်ပေါ်ကို၊ ယာကုပ်ရဲ့ဘုရားသခင့်အိမ်တော်ကို တက်သွားကြစို့’ . . . လို့ လမ်းသွားရင်း ပြောကြလိမ့်မယ်။” (မိ. ၄:၁၊ ၂ကဘ) ဒီပရောဖက်ပြုချက်မပြည့်စုံခင် အစောကြီးကတည်းက မိက္ခာ သေဆုံးသွားခဲ့တယ်။ မိက္ခာဟာ သူ့ပတ်ဝန်းကျင်ကလူတွေ ဘာပဲလုပ်နေပါစေ သေတဲ့အထိ ယေဟောဝါအပေါ် ဆက်သစ္စာရှိဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ သူ ဒီလိုရေးခဲ့တယ်– “လူအားလုံးက သူတို့ဘုရားရဲ့နာမည်နဲ့အညီ အသက်ရှင်ကြပေမဲ့ ငါတို့ကတော့ ငါတို့ဘုရားသခင် ယေဟောဝါရဲ့နာမည်နဲ့အညီ အစဉ်ထာဝရ အသက်ရှင်ကြမယ်။” (မိ. ၄:၅ကဘ) ကတိတော်အားလုံးကို ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ မိက္ခာ ယုံကြည်စိတ်ချလို့ ခက်ခဲချိန်တစ်လျှောက်မှာ စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့တယ်။ သစ္စာရှိပရောဖက်ဟာ ယေဟောဝါကို ယုံကြည်စိတ်ချခဲ့တယ်။

၇၊ ၈။ (က) ယေဟောဝါကို ယုံကြည်စိတ်ချဖို့ ကျွန်ုပ်တို့မှာ ဘာအကြောင်းကောင်း ရှိသလဲ။ (ခ) ဘာက အချိန်ကုန်မြန်တယ်လို့ ခံစားရစေမလဲ။

ကျွန်ုပ်တို့ဟာ မိက္ခာလို ယေဟောဝါကို ယုံကြည်စိတ်ချသလား။ သူ့လို ယုံကြည်စိတ်ချဖို့ အကြောင်းကောင်းတွေ ရှိပါတယ်။ မိက္ခာပရောဖက်ပြုချက် ပြည့်စုံတာကို ကျွန်ုပ်တို့ မြင်တွေ့နေရတယ်။ ဒီနောက်ဆုံးသောနေ့ရက်တွေမှာ လူမျိုး၊ အနွယ်၊ ဘာသာစကား အသီးသီးက သန်းနဲ့ချီတဲ့လူတွေဟာ “ယေဟောဝါရဲ့ အိမ်တော်တည်တဲ့တောင်” ကို လာနေကြတယ်။ သူတို့က အပြန်အလှန်တိုက်ခိုက်နေတဲ့ နိုင်ငံတွေကလာတယ်ဆိုရင်တောင် သူတို့ရဲ့ “ဓားတွေကို ထယ်သွားတွေဖြစ်အောင်” ထုလုပ်ကြပြီး “စစ်ပညာကိုလည်း သင်ကြတော့မှာ မဟုတ်ဘူး။” (မိ. ၄:၃ကဘ) ယေဟောဝါရဲ့ အေးချမ်းငြိမ်သက်တဲ့လူမျိုးအဝင် ဖြစ်ရတာဟာ တကယ့်အခွင့်ထူးပါပဲ။

ဒီစနစ်ဆိုးကို ယေဟောဝါ အဆုံးသတ်ဖို့ ကျွန်ုပ်တို့အားလုံး အလိုရှိကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ စိတ်ရှည်ဖို့ဆိုရင် ယေဟောဝါ စဉ်းစားသလို စဉ်းစားဖို့လိုတယ်။ ယေဟောဝါဟာ ယေရှုခရစ်အားဖြင့် လူသားတွေကို တရားစီရင်မယ့်နေ့ကိုလည်း သတ်မှတ်ပြီးပြီ။ (တ. ၁၇:၃၁) ဒါပေမဲ့ အဲဒီနေ့မရောက်ခင်မှာ လူသားအားလုံး “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာ” ကိုသင်ယူဖို့၊ သင်ယူတာတွေကိုကျင့်သုံးပြီး ကယ်တင်ခံရဖို့ ဘုရားသခင် အခွင့်အရေးပေးထားတယ်။ လူတွေရဲ့အသက်က အန္တရာယ်နဲ့ကြုံတွေ့နေရတယ်ဆိုတာ ကျွန်ုပ်တို့ သတိရဖို့လိုတယ်။ (၁ တိမောသေ ၂:၃၊ ၄ ကိုဖတ်ပါ။) မကြာခင်မှာ အဆုံးရောက်လာပါတော့မယ်။ လူတွေ တိကျမှန်ကန်တဲ့အသိပညာ ရရှိအောင် ကူညီပေးရာမှာ ကျွန်ုပ်တို့ အလုပ်များနေတယ်ဆိုရင် ကျန်ရှိနေတဲ့အချိန်တွေက ကုန်တာမြန်တယ်လို့ ခံစားရပါလိမ့်မယ်။ အဆုံးရောက်လာတဲ့အခါ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ အလုပ်များနေခဲ့ကြလို့ ဝမ်းသာရပါလိမ့်မယ်။

အဆုံးနီးပြီဆိုတာကို ဘယ်အဖြစ်အပျက်တွေက အချက်ပြမလဲ

၉-၁၁။ ၁ သက်သာလောနိတ် ၅:၃ ပြည့်စုံခဲ့သလား။ ဘာကြောင့်လဲဆိုတာ ရှင်းပြပါ။

၁ သက်သာလောနိတ် ၅:၁-၃ ကိုဖတ်ပါ။ မကြာခင်မှာ တိုင်းနိုင်ငံတွေဟာ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ပြောကြပါလိမ့်မယ်။ အဲဒီစကားကြောင့် လှည့်စားမခံရဖို့ဆိုရင် ကျွန်ုပ်တို့က ‘နိုးကြားပြီး သတိရှိနေ’ ဖို့လိုတယ်။ (၁ သက်. ၅:၆) ဒီအရေးကြီးတဲ့ကြေညာချက် ထွက်ပေါ်စေခဲ့တဲ့ အဖြစ်အပျက်တချို့ကို အခု ဆွေးနွေးကြည့်ကြပါစို့။

၁၀ ကမ္ဘာစစ်ကြီးနှစ်ခုပြီးသွားတဲ့အခါ တိုင်းနိုင်ငံတွေဟာ ငြိမ်းချမ်းရေးကို အလွန်လိုလားခဲ့ကြတယ်။ ပထမကမ္ဘာစစ်ပြီးသွားတဲ့အခါမှာ ငြိမ်းချမ်းရေးရအောင် လုပ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖွဲ့စည်းခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အခါမှာ ကုလသမဂ္ဂက ငြိမ်းချမ်းရေးလုပ်ပေးနိုင်မယ်လို့ လူတွေက မျှော်လင့်ခဲ့ကြတယ်။ အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဒီအဖွဲ့အစည်းနှစ်ခုကို အားကိုးခဲ့ကြတယ်။ ဥပမာ၊ ကုလသမဂ္ဂက ၁၉၈၆ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှစ်အဖြစ် ကြေညာခဲ့တယ်။ အဲဒီနှစ်မှာ နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင် အများအပြားဟာ အီတလီနိုင်ငံ၊ အစီစီမြို့မှာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းဖို့ ကက်သလစ်ချာ့ခ်ျရဲ့ ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြတယ်။

၁၁ ဒါပေမဲ့ အဲဒီကြေညာချက်နဲ့ တခြားကြေညာချက်တွေက ၁ သက်သာလောနိတ် ၅:၃ မှာပါတဲ့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံအောင် မလုပ်ပေးနိုင်ခဲ့ဘူး။ ဘာကြောင့်လဲ။ အကြောင်းကတော့ “မမျှော်လင့်သော ပျက်စီးခြင်းဘေး” မရောက်လာသေးလို့ပဲ။

၁၂။ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာသိရသလဲ။

၁၂ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ထူးခြားတဲ့ ကြေညာချက်ကို ဘယ်သူတွေက ကြေညာမလဲ။ ဒီနေရာမှာ ခရစ်ယာန်ဘောင်နဲ့ တခြားဘာသာရေးခေါင်းဆောင်တွေက ဘယ်အပိုင်းကနေ ပါဝင်ကြမလဲ။ အစိုးရတွေက ဘယ်လို ပါဝင်ပတ်သက်ကြမလဲ။ ဒါတွေကို သမ္မာကျမ်းစာမှာ မဖော်ပြထားဘူး။ ဒီကြေညာချက်ကို ဘယ်လိုပုံစံနဲ့ပဲ ကြေညာပါစေ၊ ဒီကြေညာချက်က ဘယ်လောက်ပဲ ယုံကြည်စိတ်ချရတဲ့ပုံပေါက်နေပါစေ ဒါက စစ်မှန်တဲ့ ‘ငြိမ်းချမ်းမှု၊ လုံခြုံမှု’ မဟုတ်ဘူးဆိုတာပဲ ကျွန်ုပ်တို့ သိရတယ်။ ဒီစနစ်ဟောင်းက စာတန့် ချုပ်ကိုင်မှုအောက်မှာ ရှိနေတုန်းပဲဖြစ်မယ်။ ဒီစနစ်က လုံးလုံး ပျက်စီးယိုယွင်းနေပြီး ဒီအတိုင်း ဆက်သွားနေဦးမှာပဲ။ ကျွန်ုပ်တို့က စာတန်ရဲ့ဝါဒဖြန့်မှုကို ယုံကြည်ပြီး ခရစ်ယာန်ကြားနေမှုကို ချိုးဖောက်မယ်ဆိုရင် တကယ်ဝမ်းနည်းရပါလိမ့်မယ်။

၁၃။ ကောင်းကင်တမန်တွေက ဘာကြောင့် ဖျက်ဆီးခြင်းလေကို ဆုပ်ကိုင်ထားသလဲ။

၁၃ ဗျာဒိတ် ၇:၁-၄ ကိုဖတ်ပါ။ ၁ သက်သာလောနိတ် ၅:၃ ပြည့်စုံဖို့ ကျွန်ုပ်တို့စောင့်မျှော်နေစဉ်မှာ တန်ခိုးကြီးတဲ့ကောင်းကင်တမန်တွေက ကြီးစွာသောဒုက္ခရဲ့ ဖျက်ဆီးခြင်းလေကို ဆုပ်ကိုင်ထားတယ်။ ကောင်းကင်တမန်တွေ ဘာကို စောင့်နေတာလဲ။ ဘိသိက်ခံရတဲ့ “ငါတို့ ဘုရားသခင်၏ကျွန်များ” ဟာ နောက်ဆုံးတံဆိပ်ခတ်ခြင်းကို ခံရမယ်လို့ တမန်တော်ယောဟန် ရေးခဲ့တယ်။ * နောက်ဆုံးတံဆိပ်ခတ်ခြင်း ပြီးဆုံးသွားတဲ့အခါ ကောင်းကင်တမန်တွေဟာ ဖျက်ဆီးခြင်းလေကို လွှတ်လိုက်မှာဖြစ်တယ်။ အဲဒီအခါ ဘာဖြစ်လာမလဲ။

၁၄။ မကြာခင် မဟာဗာဗုလုန် ဖျက်ဆီးခံရတော့မယ်ဆိုတာ ဘာက ဖော်ပြသလဲ။

၁၄ ကမ္ဘာ့အယူမှားဝတ်ပြုရေးအင်ပါယာဖြစ်တဲ့ မဟာဗာဗုလုန်ဟာ သူခံထိုက်တဲ့ ဖျက်ဆီးခြင်းကို ခံရမှာဖြစ်တယ်။ အဲဒီအချိန်ရောက်ရင် ဘယ်သူမှ သူ့ကို ကူညီနိုင်မှာမဟုတ်ဘူး။ သူ့ရဲ့အဆုံးက နီးနေပြီဆိုတာကို ကျွန်ုပ်တို့ မြင်တွေ့နေရပြီ။ (ဗျာ. ၁၆:၁၂; ၁၇:၁၅-၁၈; ၁၈:၇၊ ၈၊ ၂၁) ဘာသာရေးတွေနဲ့ သူတို့ရဲ့ခေါင်းဆောင်တွေ ပြစ်တင်ဝေဖန်ခံရတဲ့ သတင်းတွေက သူတို့ကို ထောက်မကူညီမယ့်သူ မရှိဘူးဆိုတာ အခုကတည်းက ဖော်ပြနေတယ်။ ဒီလိုအခြေအနေဖြစ်နေပေမဲ့ ဘာသာရေးခေါင်းဆောင်တွေက သူတို့မှာ တကယ်အန္တရာယ်ရှိနေတယ်ဆိုတာကို သတိမထားမိကြဘူး။ သူတို့ အကြီးအကျယ် လွဲမှားနေကြတယ်။ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြေညာပြီးတဲ့အခါမှာ စာတန့်စနစ်ရဲ့ နိုင်ငံရေးအစိတ်အပိုင်းက အယူမှားသာသာရေးဘက် ရုတ်တရက်လှည့်ပြီး အပြီးသတ်ဖျက်ဆီးပစ်မှာဖြစ်တယ်။ မဟာဗာဗုလုန်ဟာ ဘယ်တော့မှ ပြန်ပေါ်လာမှာမဟုတ်ဘူး။ ဒီအရေးပါလှတဲ့အဖြစ်အပျက်တွေကို စိတ်ရှည်ရှည်နဲ့စောင့်နေတာက စောင့်ရကျိုးနပ်မှာ သေချာပါတယ်။—ဗျာ. ၁၈:၈၊ ၁၀

ဘုရားသခင်ရဲ့စိတ်ရှည်ခြင်းအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြသနိုင်သလဲ

၁၅။ ယေဟောဝါ ဘာကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်သလဲ။

၁၅ လူတွေက ယေဟောဝါရဲ့နာမည်ကို ရှုတ်ချကြပေမဲ့ ကိုယ်တော်ဟာ မိမိလုပ်ဆောင်ရမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေတယ်။ စိတ်နှလုံးရိုးဖြောင့်သူ တစ်ယောက်ကိုမှ ကိုယ်တော် မပျက်စီးစေချင်ဘူး။ (၂ ပေ. ၃:၉၊ ၁၀) ကျွန်ုပ်တို့ကော အဲဒီလိုပဲလား။ အဆုံးမရောက်ခင်မှာ ယေဟောဝါရဲ့ စိတ်ရှည်ခြင်းကို ကျေးဇူးတင်ကြောင်း အောက်ပါနည်းတွေနဲ့ ဖော်ပြနိုင်ပါတယ်။

၁၆၊ ၁၇။ (က) မလှုပ်မရှားဖြစ်နေသူတွေကို ကျွန်ုပ်တို့ ဘာကြောင့် ကူညီပေးချင်စိတ် ရှိသင့်သလဲ။ (ခ) အခုအချိန်ဟာ မလှုပ်မရှားဖြစ်နေသူတွေ ဘာကြောင့် ယေဟောဝါထံ အရေးတကြီး ပြန်လှည့်လာရမယ့်အချိန် ဖြစ်သလဲ။

၁၆ မလှုပ်မရှားဖြစ်နေသူတွေကို ကူညီပါ။ ပျောက်နေတဲ့သိုးတစ်ကောင်ကို ပြန်တွေ့တဲ့အခါ ကောင်းကင်မှာ ဝမ်းမြောက်တယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၁၈:၁၄; လု. ၁၅:၃-၇) ယေဟောဝါဟာ မိမိကိုချစ်တဲ့သူတွေကို သိပ်ဂရုစိုက်တယ်၊ အခုအချိန် ကိုယ်တော့်အမှုတော်မှာ တက်တက်ကြွကြွ မပါဝင်တဲ့သူတွေကိုတောင် ဂရုစိုက်တယ်။ အဲဒီလိုလူတွေ အသင်းတော်ထဲပြန်လာအောင် ကျွန်ုပ်တို့ ကူညီပေးတယ်ဆိုရင် ယေဟောဝါနဲ့ ကောင်းကင်တမန်တွေ ပျော်ရွှင်အောင် ကျွန်ုပ်တို့ လုပ်ဆောင်နေတာဖြစ်တယ်။

၁၇ အခုအချိန်မှာ ဘုရားသခင့်အမှုတော်ကို တက်တက်ကြွကြွ မလုပ်ဆောင်သူတွေထဲမှာ သင်ပါဝင်နေသလား။ အသင်းတော်ထဲက တစ်ယောက်ယောက်က သင့်ကို စိတ်ထိခိုက်အောင် လုပ်လို့ သင် အစည်းအဝေးတွေ မတက်တော့တာ ဖြစ်နိုင်တယ်။ အဲဒီလိုနေလာခဲ့တာလည်း အချိန်အတော်ကြာနေပြီ ဖြစ်နိုင်တယ်။ ဒါကြောင့် သင့်ကိုသင် ဒီလိုမေးပါ– ‘ငါ့ဘဝက အခု ပိုအဓိပ္ပာယ်ရှိနေသလား၊ ငါပိုပျော်နေသလား။ ငါ့ကို စိတ်ထိခိုက်အောင်လုပ်တာ ယေဟောဝါလား၊ မစုံလင်တဲ့ လူသားတစ်ယောက်လား။ ယေဟောဝါက ငါ့ကို ထိခိုက်တဲ့အရာတစ်ခုခု လုပ်ဖူးသလား။’ ယေဟောဝါဟာ အမြဲပဲ ကျွန်ုပ်တို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ကျွန်ုပ်တို့က ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံထားတဲ့အတိုင်း အသက်မရှင်နေပေမဲ့ ကိုယ်တော့်ဆီကလာတဲ့ ကောင်းမြတ်တဲ့အရာတွေကို ကျွန်ုပ်တို့ ခံစားခွင့်ရထားတယ်။ (ယာ. ၁:၁၆၊ ၁၇) မကြာခင် ယေဟောဝါရဲ့နေ့ကြီး ရောက်လာပါတော့မယ်။ အခုအချိန်က ကျွန်ုပ်တို့ရဲ့ မေတ္တာရှင်ဖခင် ယေဟောဝါနဲ့ အသင်းတော်ထံ ပြန်လာရမယ့်အချိန်ပဲ။ ဒီနောက်ဆုံးနေ့ရက်တွေမှာ လုံခြုံတဲ့နေရာဆိုလို့ ဒီတစ်နေရာပဲ ရှိပါတယ်။—တရား. ၃၃:၂၇; ဟေဗြဲ ၁၀:၂၄၊ ၂၅

မလှုပ်မရှားဖြစ်နေသူတွေ ယေဟောဝါထံပြန်လှည့်လာစေဖို့ ယေဟောဝါရဲ့လူတွေ ကြိုးစားအားထုတ်ကြ (အပိုဒ် ၁၆၊ ၁၇ ကိုကြည့်ပါ)

၁၈။ ဦးဆောင်နေသူတွေကို ကျွန်ုပ်တို့ ဘာကြောင့် ထောက်ခံသင့်သလဲ။

၁၈ ဦးဆောင်နေသူတွေကို သစ္စာရှိရှိ ထောက်ခံပါ။ မေတ္တာရှိတဲ့သိုးထိန်း ယေဟောဝါက ကျွန်ုပ်တို့ကို လမ်းညွှန်ပေး၊ ကာကွယ်ပေးတယ်။ ကိုယ်တော်က မိမိရဲ့သားကို သိုးထိန်းချုပ်အဖြစ် ခန့်အပ်ထားတယ်။ (၁ ပေ. ၅:၄) အသင်းတော် ၁၀၀,၀၀၀ ကျော်မှာရှိတဲ့ အကြီးအကဲတွေဟာ ဘုရားသခင့်သိုးတစ်ကောင်ချင်းစီကို အချိန်ယူထိန်းကျောင်းတယ်။ (တ. ၂၀:၂၈) ဦးဆောင်နေသူတွေကို ကျွန်ုပ်တို့ သစ္စာရှိရှိထောက်ခံတာက ယေဟောဝါနဲ့ ယေရှု ကျွန်ုပ်တို့အတွက် လုပ်ဆောင်ပေးနေတာ အားလုံးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြနေတာဖြစ်တယ်။

၁၉။ ကျွန်ုပ်တို့ဟာ ဘယ်လိုနည်းနဲ့ နီးနီးကပ်ကပ် ရှိနေနိုင်သလဲ။

၁၉ ညီအစ်ကိုညီအစ်မတွေနဲ့ နီးနီးကပ်ကပ် နေပါ။ အဲဒါက ဘာကိုဆိုလိုသလဲ။ သေချာလေ့ကျင့်ထားတဲ့ စစ်တပ်တစ်တပ်မှာရှိတဲ့ စစ်သားတွေဟာ ရန်သူရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့အခါ တစ်ဦးနဲ့တစ်ဦး ပူးပူးကပ်ကပ် ရှိနေကြတယ်။ ဒီလိုနေရင် ရန်သူတွေ မထိုးဖောက်နိုင်ဘူး။ စာတန်ဟာ ဘုရားသခင့်လူတွေကို အရှိန်မြှင့်ပြီး တိုက်ခိုက်နေတယ်။ အခုအချိန်က ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုညီအစ်မတွေကို တိုက်ခိုက်ရမယ့်အချိန်မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် နေရမယ့်အချိန်၊ ညီအစ်ကိုညီအစ်မတွေရဲ့ မစုံလင်မှုတွေကို အမှတ်မထားရမယ့်အချိန်၊ ယေဟောဝါကို ယုံကြည်အားကိုးရမယ့်အချိန်ဖြစ်တယ်။

အခုအချိန်က တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်ရှိနေပြီး စာတန်နဲ့ နတ်ဆိုးတွေကို တိုက်လှန်ရမယ့်အချိန်ဖြစ် (အပိုဒ် ၁၉ ကိုကြည့်ပါ)

၂၀။ အခုအချိန်မှာ ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။

၂၀ ဒါကြောင့် ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ခိုင်ခံ့အောင်လုပ်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေကြစို့။ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်နဲ့ ဘိသိက်ခံတွေရဲ့ နောက်ဆုံးတံဆိပ်ခတ်ခြင်းကို စိတ်ရှည်ရှည် စောင့်နေကြစို့။ အဲဒီနောက်မှာ ကောင်းကင်တမန်လေးပါးဟာ ဖျက်ဆီးခြင်းလေကိုလွှတ်လိုက်ပြီး မဟာဗာဗုလုန် ဖျက်ဆီးခံရမှာဖြစ်တယ်။ ဒီအရေးပါတဲ့ အဖြစ်အပျက်တွေကို စောင့်နေချိန်မှာ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ဦးဆောင်ဖို့ တာဝန်ရထားသူတွေဆီကလာတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြပါစို့။ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် ရှိနေပြီး မာရ်နတ်နဲ့ နတ်ဆိုးတွေကို တိုက်လှန်ကြစို့။ “ယေဟောဝါကို စောင့်မျှော်နေသူအပေါင်းတို့၊ သတ္တိရှိပြီး စိတ်နှလုံးကိုခိုင်ခံ့စေကြပါ” ဆိုတဲ့ ဆာလံဆရာရဲ့ အကြံပြုချက်ကို လိုက်နာရမယ့်အချိန်က အခုအချိန်ပါပဲ။—ဆာ. ၃၁:၂၄ကဘ။

^ စာပိုဒ်၊ 13 ဘိသိက်ခံအဖွဲ့ဝင်တွေရဲ့ ကနဦးတံဆိပ်ခတ်ခြင်းနဲ့ နောက်ဆုံးတံဆိပ်ခတ်ခြင်းအကြောင်း ထပ်ဆင့်အချက်အလက်တွေအတွက် ဇန်နဝါရီ ၁၊ ၂၀၀၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၃၁ ကိုကြည့်ပါ။