ကျွန်ုပ်တို့ရဲ့ မော်ကွန်းတိုက်မှ
“ကျွန်တော်က လိပ်ခွံထဲက လိပ်နဲ့တူတယ်၊ ကျွန်တော်သွားလေရာမှာ ကျွန်တော့်အိမ် အမြဲပါတယ်
ဟောပြောသူ ၁၀,၀၀၀ ကျော်ဟာ ၁၉၂၉၊ ဩဂုတ်/စက်တင်ဘာလမှာ လုပ်ခဲ့တဲ့ ကိုးရက်ကြာ ကင်ပိန်းမှာ အမေရိကန်နိုင်ငံအနှံ့ လက်မလည်နိုင်အောင် အလုပ်များခဲ့ကြတယ်။ သူတို့ဟာ စာအုပ်နဲ့ စာအုပ်ငယ် နှစ်သိန်းခွဲလောက်ကို လူတွေလက်ထဲအရောက် ဝေငှခဲ့ကြတယ်။ အဲဒီနိုင်ငံတော်ကြေညာသူတွေထဲက တစ်ထောင်လောက်ဟာ ကော်လ်ပေါ်တာတွေဖြစ်တယ်။ သူတို့ရဲ့အရေအတွက် တကယ်တိုးများလာတယ်။ ၁၉၂၇ ကနေ ၁၉၂၉ အတွင်းမှာ ရှေ့ဆောင်အရေအတွက် သုံးဆတိုးလာတာ “မယုံနိုင်စရာပဲ” လို့ ဘူလ်လတင် * မှာဖော်ပြခဲ့တယ်။
၁၉၂၉ ခုနှစ် ကုန်ခါနီးမှာ စီးပွားပျက်ကပ်ဆိုက်ခဲ့တယ်။ ၁၉၂၉၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့မှာ နယူးယောက် စတော့ရှယ်ယာဈေးနှုန်းတွေ ထိုးကျသွားပြီး ကမ္ဘာတစ်ဝန်းလုံးမှာ စီးပွားရေးကပ်ဆိုးကြီး ကျရောက်ခဲ့တယ်။ ဘဏ်တွေ ဒေဝါလီ ခံကုန်တယ်။ စိုက်ပျိုးမွေးမြူရေးခြံတွေ အလုပ်မလုပ်တော့ဘူး။ စက်ရုံကြီးတွေ ပိတ်သွားတယ်။ သန်းနဲ့ချီတဲ့လူတွေ အလုပ်လက်မဲ့ဖြစ်သွားတယ်။ ၁၉၃၃ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ အပေါင်ဆုံးအိမ်အရေအတွက် တစ်ရက်ကို ၁,၀၀၀ ထိ ဖြစ်လာတယ်။
ဒီအကျပ်အတည်းကို အချိန်ပြည့်ဟောပြောသူတွေ ဘယ်လို ဖြေရှင်းနိုင်ခဲ့သလဲ။ ဖြေရှင်းနည်းတစ်ခုကတော့ မော်တော်ကားအိမ်ပေါ်မှာပဲ နေတာဖြစ်တယ်။ အိမ်ငှားခ၊ အခွန်အခ မပေးရတဲ့ မော်တော်ကားအိမ်၊ နောက်တွဲယာဉ်အိမ်က ရှေ့ဆောင်များစွာကို အကုန်အကျအနည်းဆုံးနဲ့ သူတို့ရဲ့အမှုဆောင်လုပ်ငန်းမှာ ပါဝင်စေနိုင်ခဲ့တယ်။ * စည်းဝေးကြီးတက်နေတဲ့အချိန်မှာတော့ မော်တော်ကားအိမ်က အခကြေးငွေ မပေးရတဲ့ဟိုတယ်ခန်း ဖြစ်သွားတယ်။ ရေပိုက်စနစ်၊ မီးဖို၊ ခေါက်သိမ်းလို့ရတဲ့အိပ်ရာနဲ့ အနွေးဓာတ်ပါတဲ့ သက်သောင့်သက်သာနေနိုင်တဲ့ အိမ်အကြောင်း ၁၉၃၄ ခုနှစ်ထုတ် ဘူလ်လတင်မှာ အသေးစိတ်အချက်အလက်တွေ ဖော်ပြထားတယ်။
ကမ္ဘာတစ်ဝန်းက ကြံရည်ဖန်ရည်ရှိတဲ့ ဟောပြောသူတွေဟာ ဘီးတွေပါတဲ့အိမ်တွေကို စဆောက်ခဲ့ကြတယ်။ “နောဧမှာ သင်္ဘောဆောက်တဲ့ အတွေ့အကြုံမရှိဘူး၊ ကျွန်တော်လည်း နောက်တွဲယာဉ်အိမ် မဆောက်ဖူးဘူး၊ ဘယ်လို ဆောက်ရမယ်ဆိုတာလည်း မသိဘူး” လို့ ဗစ်တာ ဘလက်ဝဲလ်က ပြောပြတယ်။ ဒါပေမဲ့ သူဆောက်ခဲ့တယ်။
အေဗရီနဲ့ လိုဗင်ယာ ဘရစ္စတိုမှာ မော်တော်ကားအိမ်တစ်လုံးရှိတယ်။ “ကျွန်တော်က လိပ်ခွံထဲက လိပ်နဲ့တူတယ်၊ ကျွန်တော်သွားလေရာမှာ ကျွန်တော့်အိမ် အမြဲပါတယ်” လို့ အေဗရီက ပြောခဲ့တယ်။ အဲဒီလင်မယားက ဟာဗီနဲ့ အဲန် ကွန်ရိုးတို့နဲ့အတူ ရှေ့ဆောင်လုပ်တယ်၊ ဟာဗီနဲ့ အဲန် ကွန်ရိုးတို့မှာ ကတ္တရာသုတ်ထားတဲ့စက္ကူနဲ့ ကာထားတဲ့ မော်တော်ကားအိမ်တစ်လုံးရှိတယ်။ အိမ်ကိုရွှေ့ပြောင်းတဲ့အခါတိုင်းမှာ စက္ကူစတွေက ပြုတ်ပြုတ်ကျတယ်။ “အရင်က ဘယ်သူမှ ဒီလို နောက်တွဲယာဉ်မျိုးကို မမြင်ဖူးဘူး” လို့အေဗရီက ပြောပြတယ်။ ဒါပေမဲ့ ကွန်ရိုးတို့ဇနီးမောင်နှံနဲ့ သူတို့ရဲ့သားနှစ်ယောက်ဟာ “တွေ့ဖူးသမျှမှာ အပျော်ရွှင်ဆုံး မိသားစုပဲ” လို့ အေဗရီက ပြောခဲ့တယ်။ “ကျွန်တော်တို့မှာ လိုနေတယ်ဆိုတာ မရှိဘူး။ ယေဟောဝါရဲ့အမှုတော်နဲ့ ကိုယ်တော့် မေတ္တာပါစောင့်ရှောက်မှုအောက်မှာ တကယ့်ကို လုံခြုံတယ်လို့ ခံစားခဲ့ရတယ်” လို့ ဟာဗီ ကွန်ရိုးက ရေးခဲ့တယ်။ အဲဒီမိသားစုဝင်လေးယောက်ဟာ နောက်ပိုင်းမှာ ဂိလဒ်ကျောင်းတက်ပြီး ပီရူးမှာ သာသနာပြုတွေအဖြစ် ခန့်အပ်ခံခဲ့ရတယ်။
ဘက်တိုင်နိုစ် မိသားစုလည်း မိသားစုလိုက် ရှေ့ဆောင်လုပ်ခဲ့ကြတယ်။ ဂျူစတိုနဲ့ ဗင်စင်ဇာဟာ သူတို့မိဘတွေဖြစ်တော့မယ်ဆိုတာ သိတဲ့အခါမှာ သူတို့ရဲ့ အေဖို့ဒ် ထရပ်ကားကို “ဟိုတယ်ကောင်းတစ်လုံးနဲ့တူ” တဲ့အိမ်တစ်လုံးအဖြစ် ပုံစံပြောင်းခဲ့ကြတယ်။ သူတို့ရဲ့သမီးလေး
နဲ့အတူ သူတို့မြတ်နိုးတဲ့ ရှေ့ဆောင်အလုပ်ကို ဆက်လုပ်ပြီး အမေရိကန်နိုင်ငံမှာရှိတဲ့ အီတလီလူမျိုးတွေကို ဟောပြောကြတယ်။လူများစွာဟာ သတင်းကောင်းကို နားထောင်ကြတယ်၊ ဒါပေမဲ့ ဆင်းရဲသားတွေနဲ့ အလုပ်လက်မဲ့တွေက ကျမ်းစာစာပေတွေအတွက် အလှူငွေပေးစရာ မရှိကြဘူး။ အဲဒီအစား သူတို့က စာပေတွေကို သူတို့မှာရှိတဲ့ပစ္စည်းတွေနဲ့ လဲကြတယ်။ ရှေ့ဆောင်နှစ်ယောက်က စိတ်ဝင်စားသူတွေပေးတဲ့ ပစ္စည်း ၆၄ မျိုးကို စာရင်းလုပ်ထားတယ်။ အဲဒီစာရင်းက “ရိက္ခာသိုလှောင်ရုံက ကုန်ပစ္စည်းစာရင်းနဲ့တူ” တယ်။
ဖရက် အဲန်ဒါစင်ဟာ ကျွန်ုပ်တို့ရဲ့စာအုပ်တွဲတစ်တွဲကို လိုချင်တဲ့ စိုက်ပျိုးရေးသမားတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက စာအုပ်ကို သူ့အဘွားရဲ့ မျက်မှန်နဲ့ လဲခဲ့တယ်။ နောက်ခြံတစ်ခြံကိုရောက်သွားတဲ့အခါ လူတစ်ယောက်က ကျွန်ုပ်တို့ရဲ့စာပေတွေကို စိတ်ဝင်စားပေမဲ့ “စာဖတ်ဖို့ မျက်မှန်မရှိဘူး” လို့ပြောတယ်။ ဒါပေမဲ့ အဲဒီလူဟာ စိုက်ပျိုးရေးသမားဆီက ညီအစ်ကိုရလာတဲ့မျက်မှန်နဲ့ စာဖတ်နိုင်ခဲ့တယ်၊ အဲဒီလူက စာအုပ်တွေနဲ့ မျက်မှန်အတွက် အလှူငွေတွေပေးတယ်။
ဟားဗတ် အက်ဘော့ဟာ သူ့ကားပေါ်မှာ ကြက်ခြင်း တင်ထားတယ်။ စာအုပ်နဲ့ ကြက် သုံးလေးကောင်လောက် လဲပြီးတဲ့အခါမှာ သူ ဈေးကိုသွားပြီး ရောင်းတယ်၊ ပြီးတော့ ဓာတ်ဆီဖြည့်တယ်။ “သုံးစရာပိုက်ဆံ လုံးဝမရှိတဲ့အခါမျိုး ရှိခဲ့သလား။ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လုပ်ခဲ့ကြတယ်။ ကားမှာ ဓာတ်ဆီရှိတယ်ဆိုရင် ကျွန်တော်တို့ ဆက်သွားတယ်၊ ကျွန်တော်တို့ ယေဟောဝါကို ယုံကြည်အားကိုးခဲ့ကြတယ်” လို့ သူပြောတယ်။
ယေဟောဝါကို ယုံကြည်အားကိုးမှုနဲ့ သူတို့ရဲ့ ခိုင်မာတဲ့စိတ်ပိုင်းဖြတ်ချက်ကြောင့် အဲဒီခက်ခဲတဲ့နှစ်တွေတစ်လျှောက်မှာ သူတို့ ဆက်ရပ်တည်နိုင်ခဲ့ကြတယ်။ မိုးသက်မုန်တိုင်းတစ်ခုကြားမှာ မက်စ်ဝဲလ်နဲ့ အမ်မီ လူးဝစ်ဟာ သူတို့ကားထဲကနေ သီသီလေး လွတ်သွားတယ်၊ သစ်ပင်က နောက်တွဲယာဉ်ပေါ် ကျိုးကျပြီး နောက်တွဲယာဉ်က ထက်ပိုင်းပြတ်သွားတယ်။ “ဒါတွေက အတားအဆီးမဖြစ်ခဲ့ဘူး။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ လက်လျှော့ဖို့ ကျွန်တော်တို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး။ လုပ်စရာတွေအများကြီး ရှိသေးတယ်။ အဲဒါတွေကို ကျွန်တော်တို့ လုပ်ချင်တယ်” လို့မက်စ်ဝဲလ်က ရေးခဲ့တယ်။ စိတ်ဓာတ်မကျဘဲ မိတ်ဆွေတွေရဲ့အကူအညီနဲ့ သူတို့ရဲ့မော်တော်ကားအိမ်ကို ပြန်ဆောက်ခဲ့ကြတယ်။
ခက်ခဲကျပ်တည်းတဲ့ ကျွန်ုပ်တို့အချိန်မှာလည်း အဲဒီလို ကိုယ်ကျိုးစွန့်စိတ်ဓာတ်မျိုးကို သန်းနဲ့ချီတဲ့ ထက်သန်တဲ့ ယေဟောဝါသက်သေမှာ တွေ့ရပါတယ်။ အစောပိုင်းတုန်းက အဲဒီရှေ့ဆောင်တွေလိုပဲ ကျွန်ုပ်တို့ဟာ ဟောပြောခြင်းလုပ်ငန်းကို လုပ်စရာမလိုတော့ဘူးလို့ ယေဟောဝါ ပြောတဲ့အချိန်အထိ ဆက်ဟောပြောနေဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။
^ စာပိုဒ်၊ 3 အခုအချိန်မှာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု လို့ခေါ်တယ်။
^ စာပိုဒ်၊ 5 အဲဒီအချိန်တုန်းက ရှေ့ဆောင်အများစုမှာ ဝမ်းစာရှာအလုပ် မလုပ်ကြဘူး။ သူတို့က ကျမ်းစာစာပေတွေကို လျှော့ထားပေးတဲ့နှုန်းနဲ့ရပြီး အဲဒီစာပေတွေကို ဝေငှလို့ရတဲ့ အလှူငွေနဲ့ အသုံးစရိတ်လုပ်ကြတယ်။