မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်တို့သည် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်’

သင်တို့သည် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်’

‘[ယေရှုက] “သင်တို့သည် မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။’—တ. ၁:၇၊ ၈

၁၊ ၂။ (က) အကြီးမြတ်ဆုံးသက်သေက ဘယ်သူလဲ။ (ခ) ယေရှုဆိုတဲ့နာမည်က ဘာအဓိပ္ပာယ်လဲ၊ ဂျူးတွေ ဘုရားသခင့်မျက်နှာသာပြန်ရဖို့ ယေရှု ဘာလုပ်ခဲ့သလဲ။

ယေရှု ရုံးတင်စစ်ဆေးခံနေရချိန်မှာ ရောမဘုရင်ခံ ပုန္တိပိလတ်ကို “အမှန်တရားကို သက်သေခံရန် ငါသည် ဖွားမြင်ခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ” လို့ သတ္တိရှိရှိ ပြောခဲ့တယ်။ (ယောဟန် ၁၈:၃၃–၃၇ ကိုဖတ်ပါ။) နှစ်တွေကြာပြီးနောက်မှာ တမန်တော်ပေါလုက ယေရှုကို “ပုန္တိပိလတ်မင်းထံ ကောင်းစွာသက်သေခံ” သူလို့ ခေါ်ခဲ့တယ်။ (၁ တိ. ၆:၁၃) ကျွန်ုပ်တို့ဟာ စာတန်ချုပ်ကိုင်ထားပြီး မုန်းတီးမှုတွေပြည့်နေတဲ့လောကမှာ အသက်ရှင်နေကြရတယ်။ ဆက်သက်သေခံဖို့ဆိုရင် “သစ္စာရှိ၍ စစ်မှန်သောသက်သေ” ဖြစ်တဲ့ ယေရှုလိုပဲ ကျွန်ုပ်တို့ ရဲစွမ်းသတ္တိရှိဖို့လိုတယ်။—ဗျာ. ၃:၁၄

ဂျူးအားလုံးကို ယေဟောဝါရဲ့သက်သေလို့ခေါ်တယ်၊ ဒါပေမဲ့ ယေရှုကတော့ သက်သေအားလုံးထဲမှာ အကြီးမြတ်ဆုံးသက်သေပဲ။ (ဟေရှာ. ၄၃:၁၀) ယေရှုကိုမမွေးခင်မှာ ကောင်းကင်တမန်က သူ့ရဲ့မွေးစားဖခင် ယောသပ်ကို ဒီလိုပြောခဲ့တယ်– “ထိုသားကို ယေရှုဟု အမည်ပေးရမည်။ ထိုသူသည် သူ၏လူမျိုးကို အပြစ်တရားမှ ကယ်တင်လိမ့်မည်။” (မ. ၁:၂၀၊ ၂၁) ယေရှုရဲ့နာမည်က ဟေဗြဲလို “ယေဟောဝါက ကယ်တင်ခြင်းဖြစ်တယ်” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ ယေဟောဝါက ယေရှုကိုသုံးပြီး လူတွေကို အပြစ်နဲ့သေခြင်းကနေ ကယ်တင်မှာဖြစ်တယ်။ ယေရှုက ဂျူးတွေကို ယေဟောဝါရဲ့မျက်နှာသာ ပြန်ရဖို့ဆိုရင် သူတို့ရဲ့အပြစ်တွေအတွက် နောင်တယူဖို့လိုတယ်လို့ ပြောခဲ့တယ်။ (မ. ၁၀:၆; ၁၅:၂၄; လု. ၁၉:၁၀) ယေရှုက ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခဲ့တယ်။ မာကုဒီလိုရေးခဲ့တယ်– “ယေရှုသည် ဘုရားသခင်၏သတင်းကောင်းကို ဟောပြောလျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍ ‘ချိန်းချက်တော်မူရာအချိန် ကျပြီ။ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးပြီ။ နောင်တရကြလော့။ သတင်းကောင်းကို ယုံကြည်ကြလော့’ ဟုဟောပြောတော်မူ၏။” (မာ. ၁:၁၄၊ ၁၅) ယေရှုဟာ ထက်ထက်သန်သန်၊ သတ္တိရှိရှိ ဟောပြောခဲ့တယ်။ သူဟာ ဩဇာအာဏာရှိတဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေကိုတောင် သတ္တိရှိရှိ ပြစ်တင်ရှုတ်ချခဲ့တယ်၊ အဲဒါကြောင့် ဂျူးဘာသာရေးခေါင်းဆောင်တွေက သူ့ကို သတ်ပစ်လိုက်တာဖြစ်တယ်။—မာ. ၁၁:၁၇၊ ၁၈; ၁၅:၁-၁၅

“ဘုရားသခင်၏ အံ့ဖွယ်အမှုများ”

၃။ ယေရှု သေဆုံးပြီးသုံးရက်မြောက်မှာ ဘာဖြစ်ခဲ့သလဲ။

ယေရှု ရက်ရက်စက်စက် အသတ်ခံရပြီး သုံးရက်အကြာမှာ အံ့ဩစရာအဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့တယ်။ သူ့ကို ယေဟောဝါက လူ့ခန္ဓာကိုယ်နဲ့မဟုတ်ဘဲ နာမ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ ထမြောက်စေခဲ့တယ်။ (၁ ပေ. ၃:၁၈) ယေရှုဟာ တပည့်တွေရှေ့မှာ ကိုယ်ယောင်ထင်ရှားပြခြင်းအားဖြင့် သူ ရှင်ပြန်ထမြောက်လာပြီဆိုတာကို သက်သေပြခဲ့တယ်။ ရှင်ပြန်ထမြောက်တဲ့နေ့မှာပဲ တပည့်တွေရှေ့မှာ အနည်းဆုံးငါးကြိမ် ကိုယ်ယောင်ထင်ရှားပြခဲ့တယ်။—မ. ၂၈:၈-၁၀; လု. ၂၄:၁၃-၁၆၊ ၃၀-၃၆; ယော. ၂၀:၁၁-၁၈

၄။ တပည့်တွေရှေ့မှာ ယေရှု ကိုယ်ယောင်ထင်ရှားပြတဲ့အခါ ဘာဖြစ်ခဲ့သလဲ၊ သူတို့ကို ဘာလုပ်ဖို့ မိန့်မှာခဲ့သလဲ။

ယေရှု ငါးကြိမ်မြောက် ကိုယ်ယောင်ထင်ရှားပြတဲ့အချိန်မှာ တမန်တော်တွေနဲ့ တခြားသူတွေ စုဝေးနေကြတယ်။ အဲဒီအခါမှာ သူက ကျမ်းစာမှာကြိုဟောထားတဲ့ သူ့ရဲ့သေခြင်းနဲ့ ထမြောက်ခြင်းအကြောင်း တပည့်တွေနားလည်အောင် ရှင်းပြခဲ့တယ်။ အဲဒီအရေးကြီးတဲ့ စည်းဝေးပြီးတဲ့နောက်မှာ ယေရှုက တပည့်တွေ ဘာလုပ်ရမလဲဆိုတာကို ပြောပြခဲ့တယ်။ ယေရှုက “နာမတော်ကိုအမှီပြု၍ နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ဂျေရုဆလင်မြို့မှစ၍ လူအမျိုးမျိုးတို့အား ဟောပြောရမည်။ သင်တို့သည်လည်း ဤအကြောင်းအရာများ၏ သက်သေဖြစ်ကြလိမ့်မည်” လို့ ပြောခဲ့တယ်။—လု. ၂၄:၄၄-၄၈

၅၊ ၆။ (က) ယေရှုရဲ့တပည့်တွေဟာ ဘယ်သူ့ရဲ့ သက်သေလဲ။ (ခ) ယေရှုရဲ့တပည့်တွေဟာ ဘာအကြောင်း သက်သေခံရမလဲ။

ရက် ၄၀ ကြာပြီးနောက် ယေရှု နောက်ဆုံးအကြိမ် ကိုယ်ယောင်ထင်ရှားပြတဲ့အခါကျမှ တမန်တော်တွေဟာ ယေရှုရဲ့ နောက်မိန့်မှာချက်တစ်ခုကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့ကြတယ်။ ယေရှုက “သင်တို့သည် . . . ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်” လို့ မိန့်မှာခဲ့တယ်။ (တ. ၁:၈) တပည့်တွေက အစ္စရေးတွေဖြစ်လို့ ယေဟောဝါရဲ့သက်သေတွေ ဖြစ်ပြီးသားပဲ။ အခု သူတို့ဟာ ယေရှုရဲ့သက်သေတွေ ဖြစ်ရတော့မယ်။ အဲဒါ ဘာကိုဆိုလိုတာလဲ။

ယေရှုရဲ့တပည့်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ အနာဂတ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်ကို လူတွေသိအောင် ဆက်ဟောပြောနေ (အပိုဒ် ၅၊ ၆ ကိုကြည့်ပါ)

ယေဟောဝါက ယေရှုကိုသုံးပြီး လူသားတွေကို ကယ်တင်မယ်ဆိုတဲ့အကြောင်း လူတွေသိအောင် သူတို့ စတင်ကြေညာရတော့မယ်။ ဒီကယ်တင်ခြင်းနည်းလမ်းက အရင်က အစ္စရေးတွေကို ယေဟောဝါ ကယ်တင်ခဲ့တဲ့နည်းလမ်းထက် ပိုသာတယ်။ ယေရှုခရစ်ရဲ့ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းက လူတွေကို အပြစ်နဲ့သေခြင်းကနေ လွတ်မြောက်စေနိုင်တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ယေရှုရဲ့တပည့်တွေ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတုန်းက သူတို့ဟာ “ဘုရားသခင်၏အံ့ဖွယ်အမှုများ” ကိုစတင် သက်သေခံခဲ့ကြတယ်။ အဲဒီသတင်းကို ကြားသူများစွာက နောင်တရပြီး ယေရှုရဲ့ယဇ်ပူဇော်သကာကို ယုံကြည်ခဲ့ကြ၊ နှစ်ခြင်းခံခဲ့ကြတယ်။ ထမြောက်ပြီးဖြစ်တဲ့ ယေရှုဟာ ကောင်းကင်မှာ အခွင့်အာဏာရခဲ့တယ်၊ ယေဟောဝါက မြေကြီးပေါ်မှာရှိတဲ့ လူများစွာရဲ့အသက်ကို ကယ်တင်ဖို့ ယေရှုကို အသုံးပြုခဲ့တယ်။—တ. ၂:၅၊ ၁၁၊ ၃၇-၄၁

“လူများအတွက် ရွေးနုတ်ဖိုး”

၇။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဖြစ်ပျက်ခဲ့တာတွေက ဘာကိုဖော်ပြသလဲ။

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဖြစ်ပျက်ခဲ့တာတွေက ယေရှုရဲ့ ပြည့်ဝစုံလင်တဲ့ ပူဇော်သကာကို ရွေးနုတ်ဖိုးအဖြစ် ယေဟောဝါ လက်ခံတယ်ဆိုတာ ဖော်ပြတယ်။ အဲဒီရွေးနုတ်ဖိုးက လူသားတွေကို အပြစ်ကနေ လွတ်မြောက်စေမှာဖြစ်တယ်။ (ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၄) ယေရှုက မိမိဟာ “လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်” ဖို့ ရောက်လာတယ်လို့ ရှင်းပြခဲ့တယ်။ (မ. ၂၀:၂၈) ဂျူးတွေပဲ ရွေးနုတ်ဖိုးကနေ အကျိုးခံစားရသလား။ မဟုတ်ပါဘူး။ ရွေးနုတ်ဖိုးက “လောက၏အပြစ်ကို ဖယ်ရှား” ပေးမှာဖြစ်တယ်။ ဘုရားသခင့်အလိုတော်က ‘လူအမျိုးမျိုး ကယ်တင်ခံရဖို့’ ဖြစ်တယ်။—ယော. ၁:၂၉; ၁ တိ. ၂:၄-၆

၈။ ယေရှုရဲ့ အစောပိုင်းတပည့်တွေဟာ ဘာကြောင့် ယေရှုအကြောင်း ဆက်သက်သေခံနိုင်ခဲ့တာလဲ၊ သူတို့ ဘယ်လောက်အထိ လုပ်ဆောင်ပြီးမြောက်ခဲ့သလဲ။

ယေရှုရဲ့ အစောပိုင်းတပည့်တွေဟာ ယေရှုအကြောင်း ရဲစွမ်းသတ္တိရှိရှိ ဆက်သက်သေခံခဲ့ကြတယ်။ သူတို့ ဘာကြောင့် အဲဒီလို လုပ်နိုင်ခဲ့တာလဲ။ သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းခွန်အားနဲ့ မဟုတ်ဘူး။ ဆက်သက်သေခံနိုင်အောင် လိုအပ်တဲ့ရဲစွမ်းသတ္တိရှိဖို့ ယေဟောဝါဆီမှာ သန့်ရှင်းသောစွမ်းအားတော် တောင်းခံခဲ့ကြတယ်။ (တမန်တော် ၅:၃၀–၃၂ ကိုဖတ်ပါ။) တပည့်တွေ ယေရှုအကြောင်း သက်သေခံခဲ့တာ ၂၇ နှစ်ကြာပြီးနောက်မှာ “သတင်းကောင်းနှင့်ဆိုင်သော အမှန်တရား” ကို “ကောင်းကင်အောက် အရပ်ရပ်” မှာရှိတဲ့ ဂျူးနဲ့ လူမျိုးခြားတွေကို ဟောပြောပြီးနေပြီ။—ကော. ၁:၅၊ ၂၃

၉။ ကြိုဟောထားတဲ့အတိုင်းပဲ ခရစ်ယာန်အသင်းတော်မှာ ဘာဖြစ်ပျက်ခဲ့သလဲ။

စိတ်မကောင်းစရာက အချိန်တွေကုန်လွန်လာတဲ့အခါ အသင်းတော်သားတွေဟာ အမှန်တရားမဟုတ်တာတွေကို စတင်သွန်သင်ပေးခဲ့ကြတယ်။ (တ. ၂၀:၂၉၊ ၃၀; ၂ ပေ. ၂:၂၊ ၃; ယု. ၃၊ ၄) နောက်ဆုံးမှာတော့ အဲဒီဆရာအတုအယောင်တွေဟာ အသင်းတော်တစ်ခုလုံးကို ပျက်စီးစေခဲ့တယ်။ ဒီအယူဖောက်ပြန်မှုက “လောကစနစ် နိဂုံးပိုင်း” အထိ ဆက်ရှိနေမယ်လို့ ယေရှု ကြိုပြောခဲ့တယ်။ (မ. ၁၃:၃၇-၄၃) ၁၉၁၄၊ အောက်တိုဘာလမှာ ယေဟောဝါက ယေရှုကို လူသားတွေကိုအုပ်ချုပ်မယ့် ဘုရင်အဖြစ် ခန့်အပ်ခဲ့တယ်။ အဲဒီအချိန်မှာ စာတန့်လောကရဲ့ “နောက်ဆုံးသောနေ့ရက်များ” စတင်ခဲ့တယ်။—၂ တိ. ၃:၁

၁၉၁၄ ခုနှစ်ကတည်းက ယေဟောဝါဟာ ယေရှုကို ဘုရင်အဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့အကြောင်း တခြားသူတွေကို ကျွန်ုပ်တို့ ပြောပြကြတယ်

၁၀။ (က) ဘိသိက်ခံခရစ်ယာန်တွေဟာ ဘယ်ရက်စွဲအကြောင်း ဟောပြောခဲ့ကြသလဲ။ (ခ) ၁၉၁၄၊ အောက်တိုဘာလမှာ ဘာဖြစ်ပျက်ခဲ့သလဲ၊ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

၁၀ ၁၉၁၄၊ အောက်တိုဘာလမတိုင်ခင် အနှစ် ၃၀ ကျော်လောက်မှာ ဘိသိက်ခံခရစ်ယာန်တွေက အဲဒီအရေးပါတဲ့နေ့စွဲမှာ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်မယ်လို့ စတင်ကြေညာခဲ့ကြတယ်။ သူတို့ရဲ့သိနားလည်မှုက ဒံယေလကျမ်းမှာပါတဲ့ သစ်ပင်ကြီးနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်အပေါ် အခြေခံထားတယ်။ အဲဒီသစ်ပင်ကြီး ခုတ်လှဲခံရတယ်၊ ‘ခုနစ်ကာလ’ ကြာပြီးနောက်မှာ ပြန်ကြီးထွားလာမယ်။ (ဒံ. ၄:၁၆ကဘ) ယေရှုက မိမိဘုရင်ဖြစ်ပြီ၊ နောက်ဆုံးသောနေ့ရက်တွေ စတင်ပြီဆိုတာကို တပည့်တွေသိရှိနိုင်အောင် ကူညီပေးမယ့် နိမိတ်တစ်ခုအကြောင်း ရှင်းပြခဲ့တယ်။ ၁၉၁၄ ခုနှစ်မှာ စတင်ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့အဖြစ်အပျက်တွေက ယေရှုဘုရင်ဖြစ်ပြီဆိုတာကို သက်သေပြနေတယ်။ (မ. ၂၄:၃၊ ၇၊ ၁၄; လု. ၂၁:၂၄) ယနေ့အချိန်မှာ ကျွန်ုပ်တို့ ဟောပြောနေတဲ့ “ဘုရားသခင်၏အံ့ဖွယ်အမှုများ” ထဲမှာ ယေဟောဝါက ယေရှုကို ၁၉၁၄ ခုနှစ်မှာ ဘုရင်အဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့အကြောင်းလည်း ပါတယ်။

၁၁၊ ၁၂။ (က) ၁၉၁၉ ခုနှစ်မှာ ဘာဖြစ်ခဲ့သလဲ။ (ခ) ၁၉၃၅ ခုနှစ်မှာ ဘာထင်ရှားလာသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၁ ၁၉၁၄ ခုနှစ်မှာ ယေရှုခရစ် ဘုရင်ဖြစ်လာတဲ့အခါ မိမိရဲ့ ဘိသိက်ခံနောက်လိုက်တွေကို အယူမှားဘာသာဖြစ်တဲ့ “မဟာဗာဗုလုန်” ကနေ စတင်လွတ်မြောက်စေခဲ့တယ်။ (ဗျာ. ၁၈:၂၊) ၁၉၁၉ ခုနှစ်မှာ ပထမကမ္ဘာစစ်ပြီးတာနဲ့ ဘိသိက်ခံတွေဟာ ကမ္ဘာတစ်ဝန်းမှာ ဟောပြောဖို့ ပိုလွတ်လပ်လာတယ်။ သူတို့တွေဟာ ကယ်တင်နိုင်စွမ်းရှိတဲ့ ရွေးနုတ်ဖိုးနဲ့ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းအကြောင်း သက်သေခံခဲ့ကြတယ်။ ရလဒ်အနေနဲ့ ထောင်နဲ့ချီတဲ့လူတွေဟာ အမှန်တရားကိုသိလာပြီး ခရစ်တော်နဲ့အတူ ကောင်းကင်မှာ ဘုရင်အဖြစ် ဘိသိက်ပေး ခန့်အပ်ခံခဲ့ရတယ်။

၁၂ ၁၉၃၅ ခုနှစ်မှာ ခရစ်တော်ဟာ မိမိရဲ့ “အခြားသိုး” တွေကို စတင်စုသိမ်းခဲ့တယ်ဆိုတာ ထင်ရှားလာတယ်။ အခုချိန်မှာ ကမ္ဘာတစ်ဝန်းမှာ အခြားသိုးတွေ သန်းနဲ့ချီ ရှိနေပြီ။ သူတို့တွေဟာ ဘိသိက်ခံတွေနဲ့အတူ ရဲစွမ်းသတ္တိရှိတဲ့ ခရစ်တော်ရဲ့ပုံသက်သေကို တုပပြီး တခြားသူတွေကို သက်သေခံနေကြတယ်။ အခြားသိုးတွေလည်း ယေရှုရဲ့ပူဇော်သကာကပဲ သူတို့ကို ကယ်တင်နိုင်တယ်ဆိုတာ ယုံကြည်ကြတယ်။ သူတို့က သက်သေခံခြင်းလုပ်ငန်းမှာ ဆက်လုပ်ဆောင်ပြီး သူတို့ရဲ့အသက်တာကို ယေဟောဝါနှစ်သက်တဲ့ နည်းလမ်းအတိုင်း အသုံးပြုမယ်ဆိုရင် “ကြီးစွာသောဒုက္ခ” မှာ အသက်ရှင်လွတ်မြောက်ပြီး ဘုရားသခင့်ကမ္ဘာသစ်မှာ နေထိုင်ရမယ်ဆိုတာ သိကြတယ်။—ယော. ၁၀:၁၆; ဗျာ. ၇:၉၊ ၁၀၊ ၁၄

သတင်းကောင်းကို ရဲရဲရင့်ရင့်သက်သေခံကြ

၁၃။ ယေဟောဝါသက်သေတွေဖြစ်တဲ့ကျွန်ုပ်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားကြသလဲ။ ပထမရာစုခရစ်ယာန်တွေကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

၁၃ ယေဟောဝါလုပ်ဆောင်ခဲ့တဲ့ “အံ့ဖွယ်အမှုများ” အကြောင်း၊ အနာဂတ်နဲ့ပတ်သက်တဲ့ ကိုယ်တော့်ကတိတွေအကြောင်း တခြားသူတွေကို သက်သေခံရတာက အခွင့်ထူးဖြစ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်ကို ဆက်လုပ်ဖို့ အမြဲတော့ မလွယ်ကူဘူး။ လူတွေက ကျွန်ုပ်တို့ရဲ့သတင်းကို ငြင်းပယ်တာ၊ ဒါမှမဟုတ် ကျွန်ုပ်တို့ကို နှိပ်စက်ညှဉ်းဆဲတာတွေတောင် လုပ်ကြမယ်။ အဲဒီလို ကြုံတွေ့ရတယ်ဆိုရင် တမန်တော်ပေါလုနဲ့ အပေါင်းပါတွေကို တုပနိုင်ပါတယ်။ ပေါလု ဒီလိုပြောခဲ့တယ်– “ငါတို့၏ဘုရားသခင်အားဖြင့် သတ္တိမွေးလျက် ဘုရားသခင်၏သတင်းကောင်းကို သင်တို့အား အလွန်ကြိုးစားအားထုတ်၍ ဟောပြောခဲ့ကြ၏။” (၁ သက်. ၂:၂) ကျွန်ုပ်တို့ နှစ်ခြင်းခံတဲ့အချိန်တုန်းက ပြုခဲ့တဲ့ကတိကို ဆက်စောင့်ထိန်းရမှာဖြစ်တယ်။ ကျွန်ုပ်တို့ဟာ စာတန့်စနစ် “ဖျက်ဆီး” ခံရမယ့်အချိန်မှာ ယေဟောဝါကို ဆက်သစ္စာရှိချင်ကြပါတယ်။ (ဟေရှာ. ၆:၁၁) ဒီအလုပ်ကို ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ မလုပ်နိုင်ပါဘူး။ ပထမရာစုက ခရစ်ယာန်တွေလိုပဲ ကျွန်ုပ်တို့ဟာ ယေဟောဝါဆီမှာ သန့်ရှင်းသောစွမ်းအားတော်ရဖို့ တောင်းခံရမှာဖြစ်တယ်၊ အဲဒါမှ “သာမန်ထက်ထူးကဲသောတန်ခိုး” ကိုရရှိမယ်။—၂ ကောရိန္သု ၄:၁၊ ကိုဖတ်ပါ။ လု. ၁၁:၁၃

ယေဟောဝါရဲ့အမှုတော်မှာ ဆက်ပါဝင်နိုင်ဖို့ ကိုယ်တော့် သန့်ရှင်းသောစွမ်းအားတော် တောင်းခံဖို့လိုတယ်

၁၄၊ ၁၅။ (က) ပထမရာစုတုန်းက ခရစ်ယာန်တွေ ဘယ်လို ဆက်ဆံခံခဲ့ရသလဲ၊ သူတို့ကို ပေတရု ဘယ်လို အားပေးခဲ့သလဲ။ (ခ) ယေဟောဝါသက်သေဖြစ်လို့ နှိပ်စက်ညှဉ်းပန်းခံရတယ်ဆိုရင် ဘာကိုသတိရသင့်သလဲ။

၁၄ အခုချိန်မှာ သူတို့ကိုယ်သူတို့ ခရစ်ယာန်လို့ပြောတဲ့သူတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ သူတို့က ဘုရားသခင် ရွံမုန်းတာတွေကိုလုပ်ကြပြီး ကိုယ်တော့်မျက်နှာသာ မရကြဘူး။ (တိ. ၁:၁၆) ပထမရာစုတုန်းကလည်း လူအများစုဟာ ဘုရားသခင်နှစ်သက်တဲ့နည်းနဲ့ မကိုးကွယ်ခဲ့ကြဘူး။ အဲဒီအချိန်တုန်းကဆိုရင် ခရစ်ယာန်စစ်တွေဟာ လူတွေရဲ့မုန်းတီးမှုကို ခံခဲ့ကြရတယ်။ အဲဒီခရစ်ယာန်တွေကို အားပေးဖို့အတွက် တမန်တော်ပေတရုက “သင်တို့သည် ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ရှုတ်ချခံနေရလျှင် ပျော်ရွှင်ကြ၏” လို့ပြောခဲ့တယ်။ သူတို့ ဘာကြောင့် ပျော်ရွှင်နိုင်တာလဲ။ အကြောင်းကတော့ သူတို့ဟာ ဘုရားသခင့်နှစ်သက်မှုနဲ့ သန့်ရှင်းသောစွမ်းအားတော် ရရှိထားလို့ပဲ။—၁ ပေ. ၄:၁၄

၁၅ အခုချိန်မှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ “ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ရှုတ်ချခံနေ” ရသလား။ ခံနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ယေဟောဝါအကြောင်းပဲ သက်သေခံနေတာမဟုတ်ဘူး၊ ယေရှုဟာ ဘုရားသခင့်နိုင်ငံတော်ဘုရင်ဖြစ်တယ်လို့လည်း သက်သေခံနေကြလို့ပဲ။ ယေရှုလည်း ယေဟောဝါရဲ့သက်သေဖြစ်လို့ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ ယေရှုက ဆန့်ကျင်သူတွေကို “ငါ့ခမည်းတော်၏နာမနှင့် ငါရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ” လို့ပြောခဲ့တယ်။ (ယော. ၅:၄၃) ဒါကြောင့် သက်သေခံလို့ သင့်ကို လူတွေနှိပ်စက်ညှဉ်းပန်းတယ်ဆိုရင် ဘုရားသခင် သင့်ကိုနှစ်သက်တယ်၊ သင့်မှာ သန့်ရှင်းသောစွမ်းအားတော် ရှိတယ်ဆိုတာကို သတိရပါ။

သက်သေခံလို့ သင့်ကို လူတွေနှိပ်စက်ညှဉ်းပန်းတယ်ဆိုရင် ဘုရားသခင် သင့်ကိုနှစ်သက်တယ်၊ သင့်မှာ သန့်ရှင်းသောစွမ်းအားတော် ရှိတယ်ဆိုတာကို သတိရပါ

၁၆၊ ၁၇။ (က) ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လို ခံစားကြရသလဲ။ (ခ) သင် ဘယ်လို စိတ်ပိုင်းဖြတ်ထားသလဲ။

၁၆ ကမ္ဘာတစ်ဝန်းမှာ အမှန်တရားကို လက်ခံလာသူများစွာ ရှိတယ်ဆိုတာကိုလည်း သတိရပါ။ ခဏခဏ ဟောပြောနေရတဲ့ဒေသမှာ နေထိုင်တယ်ဆိုရင်တောင် ကျွန်ုပ်တို့ ဟောပြောတဲ့သတင်းကို နားထောင်ချင်သူတွေ ရှိပါသေးတယ်။ ဒါကြောင့် စိတ်ဝင်စားသူတွေကို တွေ့တဲ့အခါ ပြန်လည်ပတ်မှုလုပ်ဖို့၊ ကျမ်းစာသင်ပေးဖို့ ကြိုးစားကြပါစို့။ အဲဒီအခါမှာ ယေဟောဝါကို သိလာအောင် သူတို့ကို ကူညီပေးနိုင်မယ်၊ ဒါမှသာ သူတို့ရဲ့အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတဲ့အထိ တက်လှမ်းနိုင်မယ်။ ဒီလုပ်ငန်းမှာ ပါဝင်တဲ့အခါ သင် ဘယ်လိုခံစားရသလဲ။ တောင်အာဖရိကနိုင်ငံမှာ ယေဟောဝါသက်သေဖြစ်တာ အနှစ် ၆၀ ကျော်ပြီဖြစ်တဲ့ စေရီ ဒီလိုပြောတယ်– “ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်သကာကြောင့် စကြဝဠာ အချုပ်အချာအာဏာရှင် ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေး ရရှိနိုင်လို့ ကျွန်မ တကယ်ကျေးဇူးတင်တယ်။ ကြီးမြတ်တဲ့ကိုယ်တော့်နာမည်ကို ကြေညာခွင့်ရလို့ ကျွန်မ ပျော်တယ်။” သူနဲ့ သူ့ခင်ပွန်း မာတီနပ်စ်ဟာ သူတို့ရဲ့သားသမီးသုံးယောက်နဲ့ တခြားသူ အများကြီးကို ယေဟောဝါကိုဝတ်ပြုသူဖြစ်လာအောင် ကူညီပေးခဲ့ကြတယ်။ သူ ဒီလိုဆက်ပြောတယ်– “တခြား ဘယ်အလုပ်ကမှ ဒီအလုပ်လောက် ကျေနပ်မှုမပေးနိုင်ဘူး။ ယေဟောဝါက ကျွန်မတို့အားလုံး အသက်ကယ်လုပ်ငန်းမှာ ဆက်လုပ်ဆောင်နိုင်ဖို့ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် လိုအပ်တဲ့ ခွန်အားကိုပေးတယ်။”

ကမ္ဘာတစ်ဝန်းမှာ ကျွန်ုပ်တို့ဟောပြောတဲ့ သတင်းကိုနားထောင်ပြီး အမှန်တရားကို လက်ခံလာသူ များစွာရှိတယ်

၁၇ ကျွန်ုပ်တို့က နှစ်ခြင်းခံပြီးသည်ဖြစ်စေ၊ မခံရသေးသည်ဖြစ်စေ ယေဟောဝါသက်သေတွေနဲ့အတူ ပေါင်းသင်းခွင့်ရလို့ ကျေးဇူးတင်သင့်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကိုယ်တော့်လူတွေနဲ့အတူ စေ့စေ့စပ်စပ် ဆက်သက်သေခံပါ၊ စာတန့်စနစ်နဲ့ ကင်းကင်းရှင်းရှင်း နေပါ။ အဲဒီလိုလုပ်တာက သင် ကိုယ်စားပြုနေတဲ့ မေတ္တာရှင် ကောင်းကင်ဖခင် ယေဟောဝါကို ဂုဏ်တင်ရာရောက်ပါလိမ့်မယ်။