မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိခင် တစ်ဦးအနေနှင့် တာဝန်ကျေပွန်စေရန် ကြိုးစားခြင်း

မိခင် တစ်ဦးအနေနှင့် တာဝန်ကျေပွန်စေရန် ကြိုးစားခြင်း

မိခင် တစ်ဦးအနေနှင့် တာဝန်ကျေပွန်စေရန် ကြိုးစားခြင်း

နေ့ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးအများစုသည် အိမ်ပြင်ထွက်အလုပ်လုပ်ကြသည်။ စက်မှုထွန်းကားသောနိုင်ငံများတွင် အမျိုးသမီးများစွာသည် အမျိုးသားများနီးပါးတမျှ အိမ်ပြင်ထွက် အလုပ်လုပ်ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးသမီးတို့သည် မိသားစုကိုထောက်ပံ့ရန် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တွင် နာရီပေါင်းများစွာ ပင်ပင်ပန်းပန်းလုပ်ကိုင်ကြရသည်။

အမျိုးသမီးများစွာသည် ငွေရရန်အလုပ်လုပ်ဖို့လိုအပ်မှုနှင့် မိသားစုနှင့်အိမ်ကို ကြည့်ရှုစောင့်ရှောက်လိုစိတ်စပ်ကြား မဝေခွဲနိုင်ဖြစ်နေကြသည်။ ထိုအမျိုးသမီးတို့သည် အစားအစာ၊ အဝတ်အထည်နှင့် နေစရာအတွက် ငွေရှာရသည့်ပြင် ချက်ပြုတ်၊ လျှော်ဖွပ်၊ အိမ်သန့်ရှင်းရေးတို့ကိုပါ လုပ်ဆောင်ကြရသည်။

ထို့ပြင် ခရစ်ယာန်မိခင်တို့သည် မိမိတို့၏ကလေးများ ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိစေဖို့ ကြိုးစားသွန်သင်ပေးကြသည်။ “ပွင့်ပွင့်လင်းလင်းပြောရရင် အလုပ်နဲ့မိသားစုတာဝန်တွေကို မျှမျှတတလုပ်ဆောင်ဖို့ အရမ်းခက်တယ်၊ အထူးသဖြင့် ကလေးငယ်ရှိမယ်ဆိုရင်ပေါ့” ဟု သမီးငယ်နှစ်ဦးရှိသောမိခင် ခရစ္စတီးနားက ဝန်ခံသည်။ “ကလေးတွေလိုအပ်တဲ့ အာရုံစိုက်မှုအားလုံးကိုပေးဖို့ဆိုတာ မလွယ်ဘူး။”

မိခင်များ အိမ်ပြင်ထွက်အလုပ်လုပ်ရန် အဘယ်အရာက တွန်းအားပေးသနည်း။ အဘယ်စိန်ခေါ်ချက်များကို သူတို့ရင်ဆိုင်ရသနည်း။ မိခင်တစ်ဦးအနေနှင့် တာဝန်ကျေပွန်ဖို့ ကြိုးစားရာတွင် အိမ်ပြင်ထွက်အလုပ်လုပ်ဖို့ လိုအပ်ပါသလော။

မိခင်များအလုပ်လုပ်ရသည့်အကြောင်းရင်း

မိခင်များစွာအတွက်မှာ အချိန်ပြည့်အလုပ်တစ်ခုရှိဖို့ မဖြစ်မနေလိုအပ်သည်။ အချို့တွင် မိသားစုလိုအပ်သောငွေကြေးကို ဝိုင်းဝန်းထောက်ပံ့ပေးသည့် အိမ်ထောင်ဖက်မရှိကြပါ။ အခြားမောင်နှံစုံတို့မှာမူ မိသားစု၏အခြေခံလိုအပ်ရာအတွက် တစ်ဦးတည်း၏လုပ်စာဖြင့် မလောက်ငကြောင်း တွေ့ရှိကြသည်။

အချိန်ပြည့်အလုပ်လုပ်သော မိခင်အားလုံးသည် ငွေကြေးလိုအပ်ချက်ကြောင့်သာ အလုပ်လုပ်ကြခြင်းမဟုတ်ပါ။ အတော်များများမှာ မိမိသည်တန်ဖိုးရှိသည်ဟူသောစိတ်ကိုတိုးမြှင့်ရန် အိမ်ပြင်ထွက်အလုပ်လုပ်ကြသည်။ အချို့မှာ ငွေကြေးလွတ်လွတ်လပ်လပ်သုံးစွဲနိုင်ရန် သို့မဟုတ် ဇိမ်ခံပစ္စည်းများအတွက် အကုန်အကျခံရန် အလုပ်လုပ်ခြင်းဖြစ်ပေမည်။ များစွာသောသူတို့မှာ မိမိ၏အလုပ်တွင်ကျွမ်းကျင်ကြပြီး ယင်းတွင်ပျော်မွေ့ကြ၍ဖြစ်သည်။

မိခင်အချို့အား အိမ်ပြင်ထွက်အလုပ်လုပ်စေသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ရွယ်တူချင်းဖိအား ဖြစ်နိုင်သည်။ အလုပ်လုပ်သောမိခင်များသည် ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုတို့ မပြတ်ခံစားရသည်ကို အများစုက အသိအမှတ်ပြုကြသည့်တိုင် အလုပ်ထွက်မလုပ်သူတို့ကို နားလည်မှုလွဲကြလေ့ရှိပြီး ပြောင်လှောင်ကြသည့်အထိပင်။ “‘အိမ်ရှင်မတစ်ယောက်ပါပဲ’ လို့တခြားသူတွေကို ရှင်းပြဖို့ဆိုတာ မလွယ်ဘူး” ဟုအမျိုးသမီးတစ်ဦး ဝန်ခံခဲ့သည်။ “မင်းရဲ့အသက်တာကို အလဟသဖြစ်အောင်လုပ်နေတာဆိုပြီး တချို့သူတွေက စကားတွေ၊ အမူအရာတွေနဲ့ ပြကြတယ်” ဟုသူပြောသည်။ နှစ်နှစ်အရွယ်သမီး၏မိခင်ဖြစ်သော ရေဗက္ကဤသို့ပြော၏– “အမျိုးသမီးတွေဟာ ကလေးတွေကိုကြည့်ရှုပြုစုသင့်တယ်လို့ အသိအမှတ်ပြုကြတဲ့ လူ့အသိုင်းအဝိုင်းမှာ နေရတာဖြစ်ပေမဲ့လည်း အလုပ်ထွက်မလုပ်တဲ့မိခင်တွေကို အဆင့်အတန်းနိမ့်တဲ့သူတွေအဖြစ် ရှုမြင်ခံရတယ်လို့ ကျွန်မခံစားရတယ်။”

စိတ်ကူးနှင့် အဖြစ်မှန်

ကမ္ဘာ့အချို့ဒေသများတွင် သတင်းမီဒီယာများက “အတော်ဆုံးအမျိုးသမီး” ဆိုသည်မှာ သူရွေးချယ်သောအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် အောင်မြင်မှုရှိသူ—ဝင်ငွေကောင်းပြီး အပြစ်ဆိုဖွယ်မရှိဝတ်စားဆင်ယင်ကာ မိမိကိုယ်ကို လုံးလုံးယုံကြည်စိတ်ချသူဟု ပုံဖော်ကြသည်။ သူအိမ်သို့ပြန်ရောက်သည့်အခါ ကလေးများ၏ပြဿနာများကိုဖြေရှင်းပေး၊ ခင်ပွန်း၏အမှားများကို ပြုပြင်ပေး၊ အိမ်တွင်းရှိ မည်သည့်အခက်အခဲကိုမဆို ကိုင်တွယ်ဖြေရှင်းပေးနိုင်စွမ်းရှိသူဖြစ်သည်။ အမျိုးသမီးအနည်းငယ်သာ ထိုပုံဖော်ထားသည့်အတိုင်း နေထိုင်နိုင်ကြသည်ကို နားလည်နိုင်ပါသည်။

လက်တွေ့မှာမူ၊ အမျိုးသမီးများရရှိသောအလုပ်များမှာ ငြီးငွေ့ဖွယ်ကောင်းသည့်ပြင် လုပ်ခအနည်းငယ်သာ ရရှိကြသည်။ အလုပ်ထွက်လုပ်သောမိခင်များသည် မိမိတို့၏အစွမ်းအစကို အလုပ်တွင်အပြည့်အဝအသုံးမပြုနိုင်ကြောင်း တွေ့ရသည့်အခါ စိတ်ဓာတ်ကျကြသည်။ စာအုပ်တစ်အုပ် (Social Psychology) ၌ ဤသို့ဆိုထား၏– “တန်းတူတိုးတက်နေသော်လည်း အမျိုးသားများသည် လစာပိုများပြီး အခွင့်အရာပိုကြီးသောအလုပ်များကို ဆက်၍ရရှိကြသည်။ သို့ဖြစ်၍ မိမိတို့၏အလုပ်ပေါ်မူတည်၍ မိမိတန်ဖိုးကိုမြှင့်တင်ရန် ကြိုးစားသောအမျိုးသမီးတို့သည် သိသိသာသာထိခိုက်ကြသည်။” စပိန်သတင်းစာ (El País) တွင်ဤသို့ဆို၏– “အမျိုးသမီးများသည် စိတ်ဖိစီးမှုနှင့်ဆက်နွှယ်သော စိုးရိမ်ပူပန်မှုဒဏ်ကို အမျိုးသားများထက် သုံးဆပို၍ခံရနိုင်စရာရှိကြောင်း ခန့်မှန်းရရှိသည်၊ အကြောင်းမှာ အများစုသည် အလုပ်နှစ်ခု—အလုပ်တွင်ရော အိမ်တွင်ပါ လုပ်ဆောင်ရသောကြောင့်ဖြစ်သည်။”

ခင်ပွန်းသည်များ အကူအညီပေးနိုင်ပုံ

ခရစ်ယာန်မိခင်တစ်ဦးသည် အလုပ်ထွက်လုပ်သင့်သည်၊ မလုပ်သင့်ဆိုသည်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သည်။ သို့သော် အိမ်ထောင်သည်ဖြစ်မည်ဆိုလျှင် ခင်ပွန်းနှင့်အတူ ထိုကိစ္စကိုဆွေးနွေးတိုင်ပင်ပြီး ပါဝင်ပတ်သက်သောအခြေခံအကြောင်းရင်းအားလုံးကို အသေအချာချင့်ချိန်ပြီးမှသာ ဆုံးဖြတ်ချက်ချသင့်သည်။—သု. ၁၄:၁၅

မောင်နှံစုံသည် ငွေကြေးလိုအပ်ချက်ကြောင့် နှစ်ဦးစလုံး အချိန်ပြည့်အလုပ်လုပ်ဖို့ ဆုံးဖြတ်ကြမည်ဆိုလျှင် အသို့နည်း။ ထိုကိစ္စမျိုးတွင် ပညာရှိသောခင်ပွန်းသည် သမ္မာကျမ်းစာပါ ဤဆုံးမစကားကို အထူးအာရုံစိုက်ပေမည်– “ယောက်ျားတို့ . . . အသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့၊ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကိုပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစု [“ထောက်ထား၍ လေးမြတ်၊” သမ] ကြလော့။” (၁ ပေတရု ၃:၇) ခင်ပွန်းသည် ဇနီး၏ကာယပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်း အကန့်အသတ်ရှိမှုကို အကင်းပါးပါးသိခြင်းဖြင့် လေးမြတ်မှုတင်ပြသည်။ ဖြစ်နိုင်သည့်အခါတိုင်း သူသည် ဇနီးသည်၏အိမ်မှုကိစ္စများကို အကူအညီပေးပေမည်။ ယေရှုကဲ့သို့ပင် ခင်ပွန်းဖြစ်သူသည် နိမ့်ကျသောအလုပ်များကို နှိမ့်ချစွာလုပ်ဆောင်ရန် တလိုတလားရှိမည်ဖြစ်ပြီး သိက္ခာကျစေသည့်အလုပ်များကို မလုပ်ဘဲရှောင်မည်မဟုတ်ပါ။ (ယောဟန် ၁၃:၁၂-၁၅) ယင်းအစား ယင်းအလုပ်များသည် အလုပ်ကြိုးစားသောဇနီးကို ချစ်မြတ်နိုးကြောင်း တင်ပြနိုင်သည့် အခွင့်အရေးတစ်ခုအဖြစ် သူယူမှတ်ပေမည်။ ထိုသို့သောအကူအညီပေးမှုကို ဇနီးသည် အလွန်လေးမြတ်တန်ဖိုးထားမည်ဖြစ်သည်။—ဧဖက် ၅:၂၅၊ ၂၈၊ ၂၉

နှစ်ဦးစလုံးအလုပ်ထွက်လုပ်ကြလျှင် အိမ်တွင်ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးသည်မှာ ရှင်းနေပါသည်။ ယင်းအချက်ကို စပိန်သတင်းစာ (Abc) တွင် အလေးပေးဖော်ပြထားသည်။ မိသားစုအကြောင်းလေ့လာရေးဌာနကကြီးမှူးပြုလုပ်သည့် လေ့လာမှုတစ်ခုနှင့်ပတ်သက်၍ဖော်ပြထားသော ဆောင်းပါးက စပိန်တွင် လင်မယားကွာရှင်းမှုနှုန်း မြင့်တက်လာရခြင်းမှာ “ဝတ်ပြုရေးနှင့် ကိုယ်ကျင့်တရားစံနှုန်းများကျဆင်းလာခြင်း” ကြောင့်သာမဟုတ်ဘဲ အခြားအချက်နှစ်ချက်ဖြစ်သော “အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ခြင်းနှင့် အိမ်မှုကိစ္စများကို အမျိုးသားများ ဝိုင်းဝန်းကူညီမှုမရှိခြင်း” တို့ကြောင့်လည်းဖြစ်သည်ဟု ဝေဖန်ထားသည်။

ခရစ်ယာန်မိခင်တစ်ဦး၏ အရေးကြီးသောအခန်းကဏ္ဍ

သားသမီးတို့အား လေ့ကျင့်သွန်သင်ပေးရမည့်တာဝန်ကို ဖခင်တို့အား ယေဟောဝါ အဓိကပေးခဲ့သော်လည်း ခရစ်ယာန်မိခင်တို့ကိုလည်း အရေးကြီးသောတာဝန် အပ်နှင်းထားကြောင်း မိခင်ဖြစ်သူတို့ သိထားကြသည်—အထူးသဖြင့် ကလေးနို့စို့အရွယ်တွင်ဖြစ်သည်။ (သု. ၁:၈; ဧဖက် ၆:၄) ယေဟောဝါ၏ပညတ်ကို မိမိတို့၏ကလေးများစိတ်တွင် စွဲမှတ်စေရန် သွန်သင်ပေးဖို့ ညွှန်ကြားချက်ပေးချိန်တွင် ဣသရေလလူမျိုးမိခင်ရော၊ ဖခင်ကိုပါ မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ ဤအလုပ်သည် အချိန်နှင့် စိတ်ရှည်မှုလိုကြောင်း ကိုယ်တော်သိတော်မူပြီး အထူးသဖြင့် ကလေး၏ဥပဓိရုပ်ကို ပုံသွင်းပေးချိန်နှစ်များအတွင်း ဖြစ်သည်။ ယင်းကြောင့် မိဘတို့သည် မိမိတို့၏ကလေးများကို အိမ်တွင်၊ ခရီးသွားချိန်တွင်၊ အိပ်ရာထချိန်တွင်၊ အိပ်ချိန်တို့တွင် လေ့ကျင့်ပေးသင့်သည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။—တရားဟောရာ ၆:၄-၇

ဘုရားသခင့်နှုတ်မြွက်စကားက “အမိပေးသောတရားကို မပယ်နှင့်” ဟု သားသမီးတို့အားပညတ်ပေးချိန်တွင် မိခင်များ၏အခန်းကဏ္ဍသည် အရေးပါကြောင်း၊ ဂုဏ်ရှိကြောင်းကို အလေးပေးဖော်ပြခြင်းဖြစ်သည်။ (သု. ၆:၂၀) အိမ်ထောင်သည်အမျိုးသမီးတစ်ဦးသည် သားသမီးများအတွက် စည်းမျဉ်းများမထုတ်မီ ခင်ပွန်းနှင့်အရင် တိုင်ပင်ပေမည်။ သို့သော် ထိုအခန်းငယ်အရ မိခင်များသည် စည်းမျဉ်းများထုတ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြသည်။ ဘုရားသခင်ကိုကြောက်ရွံ့သောမိခင် သွန်သင်ပေးသည့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာစည်းမျဉ်းများကို နာခံလိုက်လျှောက်သော သားသမီးတို့သည် ကြီးစွာအကျိုးရှိမည်။ (သု. ၆:၂၁၊ ၂၂) သားငယ်နှစ်ယောက်ရှိသောမိခင် ထရေဇာက သူအိမ်ပြင်ထွက်အလုပ်မလုပ်သည့်အကြောင်းကို ဤသို့ရှင်းပြခဲ့၏– “ကျွန်မရဲ့ကလေးတွေ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူတွေအဖြစ် ပြုစုပျိုးထောင်ပေးဖို့ဟာ ကျွန်မအတွက် အရေးအကြီးဆုံးအလုပ်ပါ။ ဒီအလုပ်ကို အကောင်းဆုံးနည်းနဲ့ ကျွန်မလုပ်ဆောင်ချင်ပါတယ်။”

တစ်မူထူးခြားစွာလုပ်ဆောင်ခဲ့ကြသော မိခင်များ

ဣသရေလဘုရင် လေမွေလသည် မိခင်ဖြစ်သူ၏ဝတ္တရားကျေပွန်စွာ ကြိုးပမ်းအားထုတ်မှုများမှ အမှန်အကျိုးရရှိခဲ့သည်။ ထိုမိခင်၏ သားကို “ဆုံးမသွန်သင်သောတရားစကား” သည် ဘုရားသခင်၏မှုတ်သွင်းခံ နှုတ်မြွက်စကားတော်တွင်ပင် ပါဝင်ခဲ့သည်။ (သု. ၃၁:၁; ၂ တိမောသေ ၃:၁၆) အရည်အချင်းရှိဇနီးသည်နှင့်ပတ်သက်၍ ထိုမိခင်၏ဖော်ပြချက်က အိမ်ထောင်ဖက်ကိုပညာရှိရှိရွေးချယ်ရန် သားဖြစ်သူတို့ကို အထောက်အကူပြုဆဲဖြစ်သည်။ အကျင့်ယိုယွင်းမှု၊ သောက်ကြူးမှုနှင့်ပတ်သက်သော သူ၏သတိပေးချက်တို့သည် မှတ်တမ်းတင်ချိန်ကကဲ့သို့ ယနေ့အချိန်နှင့်လည်း ဆီလျော်အပ်စပ်ဆဲဖြစ်သည်။—သု. ၃၁:၃-၅၊ ၁၀-၃၁

ပထမရာစုတွင် ဥနိတ်အမည်ရှိသောမိခင်တစ်ဦး သားဖြစ်သူတိမောသေအား အောင်မြင်စွာသွန်သင်ခဲ့သည်ကို တမန်တော်ပေါလု ချီးမွမ်းခဲ့သည်။ သူ၏မယုံကြည်သူခင်ပွန်းသည် ဂရိနတ်ဘုရားများကို ကိုးကွယ်ခဲ့ဖွယ်ရှိသောကြောင့် ဥနိတ်သည် “ဓမ္မကျမ်းစာ” ကို တိမောသေယုံကြည်လာစေရန် သွေးဆောင်ဖို့လိုအပ်ခဲ့သည်။ ဥနိတ်သည် တိမောသေကို အဘယ်အချိန်မှစ၍ ကျမ်းစာသင်ပေးခဲ့သနည်း။ မှုတ်သွင်းခံမှတ်တမ်းက “ငယ်သောအရွယ်မှစ၍”—တစ်နည်းအားဖြင့်ဆိုရလျှင် တိမောသေနို့စို့အရွယ်မှစ၍ဟု ဆိုထားသည်။ (၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅) သူ၏သွန်သင်ပေးမှုအပြင် သူကိုယ်တိုင်၏ယုံကြည်ခြင်း၊ ပုံသက်သေတို့ဖြင့် တိမောသေအား အနာဂတ်ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် ပြင်ဆင်ပေးခဲ့ကြောင်း ထင်ရှားသည်။—ဖိလိပ္ပိ ၂:၁၉-၂၂

တည်ကြည်သော ဘုရားသခင့်ကျေးကျွန်များကို ဧည့်ဝတ်ပြုခဲ့ကြသည့် မိခင်များကိုလည်း သမ္မာကျမ်းစာတွင် ဖော်ပြထားပြီး သူတို့သည် ကလေးများအတွက် အလွန်ကောင်းမွန်သောစံပြများဖြစ်ကြပေမည်။ ဥပမာ၊ ရှုနင်မြို့မှအမျိုးသမီးတစ်ဦးသည် ပရောဖက်ဧလိရှဲကို သူ၏အိမ်တွင် ပုံမှန်တည်းခိုစေခဲ့သည်။ နောက်ပိုင်း ဧလိရှဲသည် သူ၏သားကို သေရာမှ ရှင်ပြန်ထမြောက်ပေးခဲ့သည်။ (၄ ဓမ္မရာဇဝင် ၄:၈-၁၀၊ ၃၂-၃၇) ကျမ်းရေးသူမာကု၏မိခင် မာရိ၏ပုံနမူနာကိုလည်း သုံးသပ်ကြည့်ပါ။ အစောပိုင်းတပည့်များ စုဝေးရာနေရာအဖြစ်အသုံးပြုရန် ယေရုရှလင်မြို့ရှိ သူ၏အိမ်ကို အသုံးပြုခွင့်ပေးခဲ့ဖွယ်ရှိသည်။ (တမန်တော် ၁၂:၁၂) မာကုသည် မိမိအိမ်သို့ ပုံမှန်လာကြသော တမန်တော်များ၊ အခြားခရစ်ယာန်များနှင့် ပေါင်းသင်းခဲ့ခြင်းမှ အကျိုးရရှိခဲ့မည်မှာ သေချာသည်။

ရှင်းနေသည်မှာ ယေဟောဝါ၏မူများကို မိမိတို့၏ကလေးများအား ကြိုးစားသွတ်သွင်းပေးနေကြသည့် တည်ကြည်သူအမျိုးသမီးများကို ကိုယ်တော် အလွန်တန်ဖိုးထားတော်မူ၏။ ထိုအမျိုးသမီးများ၏တည်ကြည်မှု၊ အိမ်ကို ဘုရားသခင်အားကြောက်ရွံ့သည့်ဝန်းကျင်ဖြစ်အောင် ကြိုးစားတည်ဆောက်နေမှုတို့ကြောင့် ကိုယ်တော် သူတို့ကို အလွန်ချစ်မြတ်နိုးတော်မူ၏။—၂ ဓမ္မရာဇဝင် ၂၂:၂၆; သု. ၁၄:၁

တာဝန်အကျေပွန်ဆုံးသော ရွေးချယ်မှု

သမ္မာကျမ်းစာပါပုံနမူနာများ ဖော်ပြသည့်အတိုင်း မိသားစု၏ ကာယရေး၊ ဝတ်ပြုရေး၊ စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ချက်များကို ကောင်းစွာကြည့်ရှုစောင့်ရှောက်ခြင်းက ထူးမြတ်သောအကျိုးကျေးဇူးများကို ဖြစ်စေပါသည်။ သို့သော် ယင်းသို့ပြုလုပ်ရန်မှာ မလွယ်ကူပါ။ အိမ်တွင် မိခင်တစ်ဦး၏အလုပ်သည် အလုပ်ခွင်တွင် အခွင့်အာဏာရှိသောအလုပ်ထက် ပို၍အားစိုက်ဖို့ လိုအပ်ပုံရသည်။

မှန်ပါသည်၊ ခင်ပွန်း၏ညွှန်ကြားမှုရရှိပြီးနောက် မိခင်တစ်ဦးသည် မိမိ၏ဝမ်းစာရှာလုပ်ငန်းကိုကန့်သတ်ရန် ရွေးချယ်မည်ဆိုလျှင် မိသားစုဘဝပုံစံကိုရိုးရှင်းဖို့ လိုကောင်းလိုမည်ဖြစ်ပြီး မိမိ၏အမြင်ကို နားမလည်ကြသူတချို့၏ ကဲ့ရဲ့ပြောင်လှောင်မှုကို ခံနိုင်ရည်ရှိဖို့လိုပေမည်။ သို့သော် အကျိုးကျေးဇူးများမှာ မိမိအနစ်နာခံခဲ့သည်ထက် ပို၍ရရှိနိုင်ပါသည်။ ပါခီတွင် ကလေးသုံးယောက်ရှိပြီး အချိန်ပိုင်းအလုပ်လုပ်ဖို့ လိုအပ်ခဲ့သည်။ သူဤသို့ပြောပြ၏– “ကလေးတွေကျောင်းကနေ အိမ်ပြန်ရောက်ချိန်မှာ သူတို့နဲ့စကားပြောဖော်ရှိဖို့အတွက် ကျွန်မ အိမ်ပြန်ရောက်နေချင်တယ်။” သူ၏ကလေးများ အဘယ်အကျိုးရရှိသနည်း။ “ကလေးတွေအိမ်စာလုပ်တဲ့အခါ ကျွန်မကူညီပေးတယ်၊ ပြဿနာဖြစ်တဲ့အခါ ချက်ချင်းဖြေရှင်းပေးနိုင်ခဲ့တယ်” ဟုသူပြော၏။ “သူတို့နဲ့နေ့တိုင်းအချိန်သုံးရတဲ့အတွက် ကောင်းတဲ့ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်ထိန်းနိုင်ခဲ့တယ်။ ကလေးတွေနဲ့ဒီလိုအချိန်သုံးရတာ ကျွန်မတန်ဖိုးထားလွန်းတဲ့အတွက် အချိန်ပြည့်အလုပ် ကမ်းလှမ်းခံရတာကိုတောင် ငြင်းပယ်ခဲ့တယ်။”

အိမ်ပြင်ထွက်အလုပ်လုပ်သည့်အချိန်ကို လျှော့ချနိုင်မည်ဆိုလျှင် မိသားစုအကျိုးဖြစ်စေကြောင်း ခရစ်ယာန်မိခင်များစွာ တွေ့ရှိခဲ့ကြသည်။ “အလုပ်ထွက်လိုက်တဲ့အခါ မိသားစုမှာ ပြဿနာတွေ ပိုပြီးနည်းသွားသလိုပဲ” ဟုအစပိုင်းတွင်ဖော်ပြခဲ့သော ခရစ္စတီးနားကပြောသည်။ “ကလေးတွေနဲ့စကားပြောဖို့အချိန်ရှိလာတယ်၊ ကျွန်မခင်ပွန်းကိုလည်း လက်တွေ့ကျကျ အများကြီးကူညီပေးနိုင်ခဲ့တယ်။ သမီးတွေကိုသွန်သင်ပေးရတာ၊ သူတို့တွေသင်ယူပြီး တိုးတက်တာကိုတွေ့ရတာဟာ ပျော်စရာပါ။” ခရစ္စတီးနား၏စိတ်ထဲတွင် မှတ်မှတ်ရရအဖြစ်အပျက်တစ်ခု ထင်ကျန်ခဲ့သည်။ “သမီးအကြီးတုန်းက လမ်းလျှောက်တတ်အောင် ကလေးထိန်းဌာနက သင်ပေးခဲ့တယ်၊ ဒါပေမဲ့ သမီးငယ်ကိုတော့ အိမ်မှာ ကျွန်မကိုယ်တိုင်သင်ပေးခဲ့တယ်။ ပထမခြေလှမ်းစလှမ်းပြီး ကျွန်မလက်ထဲ လဲကျလာတယ်။ အဲ့ဒီအခိုက်အတန့်ဟာ တကယ့်ကိုကျေနပ်ပီတိဖြစ်စေတယ်။”

သုံးသပ်ရမည့် နောက်အချက်တစ်ချက်မှာ မိခင်အလုပ်လျော့လိုက်သည့်အခါ ငွေကြေးနစ်နာမှုမှာ မျှော်လင့်ထားသည်ထက် ပို၍နည်းခြင်းဖြစ်သည်။ “ကလေးထိန်းခနဲ့ လမ်းစရိတ်အတွက် ကျွန်မလစာထဲက အတော်များများကုန်ကျခဲ့တယ်” ဟုခရစ္စတီးနားရှင်းပြသည်။ “ကျွန်မတို့ရဲ့အခြေအနေကို အသေအချာဆန်းစစ်ကြည့်တဲ့အခါ ကျွန်မအလုပ်လုပ်တာက အိမ်အတွက် အပိုဝင်ငွေများများစားစား မရဘူးဆိုတာကို သိလာတယ်။”

အချို့မောင်နှံစုံသည် မိမိတို့၏အခြေအနေကို ဆင်ခြင်သုံးသပ်ပြီးနောက် ဇနီးဖြစ်သူ မိသားစုကို အချိန်ပြည့်ကြည့်ရှုပြုစုခြင်း အကျိုးကျေးဇူးများသည် အနစ်နာခံလိုက်ရသည့် မည်သည့်ငွေကြေးအတွက်မဆို ပို၍အလေးသာသည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ “ကျွန်တော်တို့ရဲ့ကလေးနှစ်ယောက်ကို ကြည့်ရှုပြုစုဖို့ ကျွန်တော့်ဇနီး အိမ်မှာနေနိုင်တာကို ကျွန်တော်ဝမ်းသာတယ်” ဟုခရစ္စတီးနား၏ခင်ပွန်း ပေါလ်ကပြောသည်။ “ကျွန်တော့်ဇနီး အလုပ်ထွက်လုပ်တုန်းကဆိုရင် ကျွန်တော်တို့နှစ်ယောက်စလုံး စိတ်ဖိစီးမှုပိုခံစားရတယ်။” ထိုမောင်နှံစုံ ထိုသို့ဆုံးဖြတ်သောကြောင့် သမီးငယ်နှစ်ဦးအပေါ် အဘယ်အကျိုးဖြစ်ခဲ့သနည်း။ “ပိုပြီးလုံခြုံတယ်လို့ သူတို့ခံစားရရုံသာမကဘူး၊ သူတို့ရဲ့အစောပိုင်းနှစ်တွေမှာ မကောင်းတဲ့သြဇာလွှမ်းမိုးမှုကနေ အတော်လေးကာကွယ်မှုရခဲ့တယ်” ဟုပေါလ်ပြောသည်။ မိမိတို့၏ကလေးများကို တတ်နိုင်သရွေ့အချိန်ပေးခြင်းသည် အလွန်အရေးကြီးသည်ဟု ထိုမောင်နှံအဘယ်ကြောင့် ယူမှတ်ကြသနည်း။ ပေါလ်ဤသို့အဖြေပေး၏– “မိဘတွေက ကိုယ့်ကလေးတွေရဲ့စိတ်နှလုံးကို ဩဇာမညောင်းဘူးဆိုရင် တခြားသူတွေသြဇာညောင်းသွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။”

ရှင်းနေသည်မှာ မောင်နှံစုံတိုင်းသည် မိမိတို့၏အခြေအနေကို ဆန်းစစ်သင့်သည်၊ အခြားသူတို့၏ဆုံးဖြတ်ချက်များကို မည်သူကမျှ အပြစ်မတင်သင့်ပါ။ (ရောမ ၁၄:၄; ၁ သက်သာလောနိတ် ၄:၁၂) သို့သော် မိခင်တစ်ဦး အချိန်ပြည့်အလုပ်ထွက်မလုပ်ခြင်းကြောင့် မိသားစုခံစားရသည့် အကျိုးကျေးဇူးများစွာကို ဆင်ခြင်သုံးသပ်ခြင်းသည် ကောင်းပါသည်။ ယင်းနှင့်ပတ်သက်၍ အစပိုင်းတွင်ဖော်ပြခဲ့သော ထရေဇာက မိမိ၏ခံစားချက်ကို ဤသို့အကျဉ်းချုပ်ပြောသည်– “ကိုယ့်ရဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့၊ သွန်သင်ဖို့ တတ်နိုင်သလောက်အချိန်အသုံးပြုတာထက် ပိုပြီးတာဝန်ကျေတဲ့အရာ မရှိဘူး။”—ဆာလံ ၁၂၇:၃

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ခရစ်ယာန်မိခင်များသည် မိမိတို့၏ ကလေးများအား လေ့ကျင့်သွန်သင်ပေးသည့် အရေးကြီးသောအလုပ်တွင် ပါဝင်ဆောင်ရွက်ကြ