“ကိုကိုမြစ်ကိုရောက်ရင်တော့ ညာဘက်ကွေ့လိုက်ပါ”
နီကာရာဂွာမှ စာတစ်စောင်
“ကိုကိုမြစ်ကိုရောက်ရင်တော့ ညာဘက်ကွေ့လိုက်ပါ”
“လေးဘီးကားတစ်စီးလိုမယ်၊ ဝန်ချီစက်နဲ့ ဓာတ်ဆီအပိုတွေ သယ်သွားရလိမ့်မယ်။ ရွှံ့တွေက ကားဝင်ရိုးအထိရှိနိုင်တယ်။ ကိုကိုမြစ်ကိုရောက်ရင်တော့ ညာဘက်ကွေ့လိုက်ပါ။”
ခရစ်ယာန်သာသနာပြုအဖော်တစ်ယောက်ရဲ့ အဲဒီစကားတွေက ကျွန်တော့်ရဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုကို မလျော့နည်းစေခဲ့ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါကြောင့် နီကာရာဂွာမြောက်ပိုင်းက ဝမ်ဘလန်ရွာလေးမှာ ခရစ်ယာန်စည်းဝေးပွဲတစ်ခုတက်ဖို့ အင်္ဂါနေ့မနက်မှာ ခရီးစထွက်ခဲ့တယ်။
ဟောင်းနေပေမဲ့ အကြမ်းခံတဲ့ ထရပ်ကားနဲ့ မနက်မိုးမလင်းခင် စထွက်လာခဲ့တယ်။ ပန်အမေရိကန်လို့ခေါ်တဲ့ ချောမွတ်နေတဲ့အဝေးပြေးလမ်းမကြီးတစ်လျှောက် မောင်းလာခဲ့တာ ဟီနိုတာဂါမြို့ကို ရောက်တဲ့အထိပဲ။ အဲဒီမြို့လည်းရောက်ရော ဖာအို ဒါမှမဟုတ် အကျည်းတန်ဆိုပြီး ဒေသခံလူတွေခေါ်တဲ့ မြေနီလမ်းပေါ် မောင်းရတော့တယ်။ မြို့ထဲကမထွက်ခင် ဘုရားသခင်၏အံ့ဖွယ်အမှုလို့ အမည်ပေးထားတဲ့စတိုးဆိုင်နဲ့ ရှင်ပြန်ထမြောက်ခြင်းလို့ အမည်ပေးထားတဲ့ဆိုင်ကို သတိပြုမိတယ်။
လမ်းက မြွေလိမ်မြွေကောက်နဲ့ တောင်တက်တောင်ဆင်းလမ်းဖြစ်တယ်။ ချောက်ကမ်းပါးနဲ့ လျှိုမြောင်တွေတစ်လျှောက် ဖြည်းဖြည်းလေးမောင်းရတယ်။ တိမ်ဖုံးနေတဲ့တောင်တစ်လုံးပေါ်က ချိုင့်ဝှမ်းထဲမှာရှိတဲ့ ရေအိုင်ရှည်တစ်ခုဘေးကနေလည်း ဖြတ်ခဲ့ရတယ်။ အပင်တွေမှာတွယ်ကပ်နေတဲ့ သစ်ခွပင်တွေနဲ့ တွဲလဲကျနေတဲ့ စပိန်ရေညှိသစ်ကပ်ပင်တွေကို မြူတွေကြားမှာ တွေ့ခဲ့ရတယ်။
လမ်းကွေ့ကျဉ်းကျဉ်းလေးတစ်ခုမှာ လမ်းအလယ်ကမောင်းလာတဲ့ကားတစ်စီးနဲ့ တိုက်မိတော့မလို့၊ သီသီကလေးပဲလွတ်သွားတယ်။ အဲဒီကားရဲ့အိပ်ဇောပိုက်ကနေ မီးခိုးတွေထွက်လာပြီး တာယာတွေကြောင့် ကျောက်တုံးတွေ လွင့်စင်ကုန်တယ်။ နီကာရာဂွာက ဘတ်စကားတွေရဲ့ ယာဉ်မောင်းထိုင်ခုံဘေးက မှန်ပြတင်းတွေမှာ အောင်နိုင်သူ၊ ကင်းမြီးကောက်၊ စပါးအုံးမြွေ၊ မုဆိုးစတဲ့ ဒေါသကြီးတဲ့ယာဉ်မောင်းတွေရဲ့ အမည်ပြောင်တွေကို ကပ်ထားတာ အထင်အရှားတွေ့နိုင်တယ်။
နေ့လယ်ပိုင်းလောက်မှာ ပန်တက်စ်မာလွင်ပြင်ကို ဖြတ်မောင်းခဲ့တယ်။ အဲဒီမှာ ပြောင်နေအောင်လှည်းထားတဲ့ ခြံဝင်းထဲက သစ်သားအိမ်တစ်လုံးကိုလည်း ဖြတ်ခဲ့တယ်။ အဖိုးအိုတစ်ယောက်က ခုံတန်းရှည်ပေါ်မှာ ထိုင်နေပြီး ခွေးတစ်ကောင်က သစ်ပင်အောက်မှာ အိပ်နေတယ်။ သစ်သားဘီးတွေတပ်ထားတဲ့နွားလှည်းနဲ့တွဲထားတဲ့ နွားနှစ်ကောင်လည်း ရှိတယ်။ အဲဒီမြင်ကွင်းက ပန်းချီကားတစ်ချပ်လိုပါပဲ။ မြို့လေးတစ်မြို့ရောက်တော့ ကျောင်းဆင်းလာတဲ့ ကလေးအုပ်ကြီးကို တွေ့ရတယ်။ နက်ပြာရောင်ကျောင်းဝတ်စုံဝတ်ထားတဲ့ သူတို့တွေက လမ်းမကြီးမှာ ပြည့်နေလိုက်တာ ကမ်းခြေကိုလာရိုက်တဲ့ လှိုင်းတွေလိုပဲ။
ဝီဝီလီမြို့ကိုရောက်တဲ့အချိန်မှာတော့ နေက ချစ်ချစ်တောက်ပူနေပြီး ကိုကိုမြစ်ကို ဦးဆုံးအကြိမ် မြင်တွေ့လိုက်ရတယ်။ ရေစုန်စီးဆင်းနေတဲ့ ဒီဧရာမမြစ်ကြီးက မြို့ရဲ့အထင်ကရမြစ်ဖြစ်တယ်။ ကျွန်တော့်ကိုပြောခဲ့တဲ့ ခရစ်ယာန်သာသနာပြုရဲ့စကားအတိုင်း ညာဘက်ကွေ့လိုက်ပြီး ဝမ်ဘလန်ရွာကိုရောက်ဖို့ အန္တရာယ်များတဲ့ ၂၃ မိုင်ခရီးကိုနှင်ခဲ့ရတယ်။
ကျောက်ပေါတဲ့ လမ်းကြမ်းတွေအပြင် စမ်းချောင်းရှစ်ခုကိုးခုကိုလည်း ဖြတ်မောင်းခဲ့ရတယ်။ ခြောက်သွေ့နေတဲ့မြောင်းတွေကို ရှောင်နေရတဲ့အတွက် အရမ်းဖုန်ထသွားတယ်။ ဖုန်ထူလွန်းလို့ ဒေသခံတွေပြောသလို “ဖုန်တွေကိုစားလိုက်ရ” သလိုပဲ။ နောက်ဆုံး သစ်ပင်တွေအုပ်မိုးနေတဲ့ ချိုင့်ဝှမ်းနက်ထဲက ဝမ်ဘလန်ရွာ၊ ခရီးဆုံးပန်းတိုင်ကို ရောက်ရှိသွားတယ်။
နောက်တစ်နေ့မနက် ၄:၃၀ မှာ အားလုံးနိုးနေကြပုံပဲ။ ကြက်ဖတွေရဲ့ မရပ်မနားတွန်သံကြောင့် ကျွန်တော်အစောကြီးနိုးသွားတာနဲ့ အိပ်ရာထပြီး လမ်းလျှောက်ထွက်ခဲ့တယ်။ တောင်ပေါ်လေညင်းက ကျောက်မီးဖိုမှာဖုတ်တဲ့ ပြောင်းဖူးမုန့်ရနံ့ သင်းနေတာပဲ။
ဒေသခံပန်းချီဆရာတစ်ယောက်ဆွဲထားတဲ့ ရောင်စုံပရဒိသုပုံတွေက နေရာအနှံ့ပဲ။ လမ်းထောင့်တွေက စတိုးဆိုင်တွေမှာ ကိုလာအအေးမျိုးစုံကို ကြော်ငြာထားတယ်။ ပိုစတာတွေမှာလည်း လွန်ခဲ့တဲ့အစိုးရသုံးဖွဲ့ရဲ့ကတိသစ္စာတွေကို ရေးထားတုန်းပဲ။ အိမ်သာတွေကိုတော့ အုတ်ခံပြီး သွပ်ကာထားတယ်။
လူတွေကို အက်ဒ်ယော့စ်ဆိုပြီး နီကာရာဂွာလိုနှုတ်ဆက်တဲ့အခါ သူတို့က ပြုံးပြပြီး ရင်းရင်းနှီးနှီးစကားပြန်ပြောကြတယ်။ ဒါပေမဲ့ ဒေသခံသယ်ယူပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့ မြင်းနဲ့လားတွေရဲ့ ခွာသံတွေကြောင့် စကားအကျယ်ကြီးပြောရတယ်။
သောကြာနေ့ ညနေပိုင်းရောက်တော့ စည်းဝေးပွဲနှစ်ရက်အတွက် ညီအစ်ကိုညီအစ်မတွေ ရောက်လာကြတယ်။ တချို့ကလည်း ခြေကျင်နဲ့၊ တချို့ကလည်း မြင်းတို့၊ ထရပ်ကားတို့နဲ့ လာခဲ့ကြတယ်။ တချို့ကလေးတွေဆို ပလပ်စတစ်ဖိနပ်နဲ့ ခြောက်နာရီကြာ လမ်းလျှောက်ခဲ့ကြတယ်။ မြစ်တွေထဲမှာ မိုင်းဗုံးတွေထောင်ထားပေမဲ့ စွန့်စားပြီးဖြတ်ကူးခဲ့ကြတယ်။ ငြိမ်သက်နေတဲ့ရေထဲမှာ မျှော့တွေရှိပေမဲ့လည်း မကြောက်မရွံ့ဖြတ်လျှောက်ခဲ့ကြတယ်။ ဝေးလံတဲ့ဒေသက တချို့ဆို ဝက်ဆီထမင်းနည်းနည်းလောက်ပဲ ယူခဲ့ကြတယ်။ သူတို့အားလုံး ဘာလို့ဒီကိုလာခဲ့ကြတာလဲ။
ပိုကောင်းတဲ့အနာဂတ် ရောက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ကို အားသစ်လောင်းဖို့။ ကျမ်းစာရှင်းပြချက်တွေကို နားထောင်ဖို့။ ဘုရားသခင်ရဲ့စိတ်တော်ကို ရွှင်လန်းစေဖို့ပဲဖြစ်တယ်။
စနေနေ့ ရောက်လာပြီ။ သွပ်မိုးအောက်က သစ်သားခုံတန်းတွေနဲ့ ပလပ်စတစ်ခုံတွေမှာ ပရိသတ် ၃၀၀ ကျော်ထိုင်နေကြတယ်။ မိခင်တွေက သူတို့ကလေးတွေကို နို့ချိုတိုက်ကျွေးနေကြတယ်။ တစ်ဖက်ခြံက ဝက်အော်သံတွေ၊ ကြက်ဖတွန်သံတွေကလည်း ညံလို့ပဲ။
အပူချိန် တဖြည်းဖြည်းတက်လာပြီး မကြာခင်မှာပဲ မခံနိုင်လောက်အောင် ပူလာတော့တယ်။ ဒါပေမဲ့ ပရိသတ်တွေက ရရှိလာတဲ့သွန်သင်ချက်နဲ့ ညွှန်ကြားချက်တွေကို အာရုံစိုက်နားထောင်ကြတယ်။ ဟောပြောသူနဲ့အတူ ကျမ်းချက်တွေကို လိုက်ဖွင့်ဖတ်တယ်၊ သီချင်းတွေဆိုတယ်၊ ဆုတောင်းချက်တွေကို တရိုတသေနားထောင်ကြတယ်။
စည်းဝေးလည်းပြီးရော ကလေးတွေနဲ့အတူ ကျွန်တော်တို့ စိမ်ပြေးလိုက်တမ်းဆော့တယ်။ ပြီးတဲ့နောက် သူတို့မှတ်ထားတဲ့မှတ်စုတွေကို ပြန်သုံးသပ်ကြတယ်။ ကျွန်တော့်ကွန်ပျူတာထဲက ကြယ်နဲ့ဂလက်ဆီပုံတွေကိုလည်း ဖွင့်ပြတယ်။ ကလေးတွေကော၊ သူတို့မိဘတွေပါ သိပ်ပျော်ကြတယ်။
စည်းဝေးပွဲက မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားလို့ ယောက်တိုင်းပြန်သွားကြပြီ။ နောက်တစ်နေ့မနက်မှာ ကျွန်တော်လည်း ပြန်လာတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ကြည်နူးဖွယ်အမှတ်ရစရာတွေ အပြည့်ပဲ၊ မိတ်ဆွေသစ်တွေကိုလည်း အရမ်းချစ်မြတ်နိုးမိတယ်။ ဒါကြောင့် သူတို့ကို အတုယူဖို့၊ ဘယ်လိုရောင့်ရဲရမယ်၊ ဘုရားသခင်ကို ဘယ်လိုစောင့်မျှော်ရမယ်ဆိုတာတွေကို သင်ယူဖို့ ကျွန်တော်သန္နိဋ္ဌာန်ချမိတော့တယ်။
[စာမျက်နှာ ၁၇ ပါပုံများ]
ဝမ်ဘလန်ရွာတွင်ကျင်းပသော စည်းဝေးပွဲကို တက်ရောက်ရန် မိသားစုများသည် မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ကြ