ဘုရားသခင့်နာမတော်၏အသံထွက်သည် မသေချာသော်လည်း အဘယ်ကြောင့်အသုံးပြုသင့်သနည်း
စာရှုသူများအမေး
ဘုရားသခင့်နာမတော်၏အသံထွက်သည် မသေချာသော်လည်း အဘယ်ကြောင့်အသုံးပြုသင့်သနည်း
ရှေးခေတ်ဟေဗြဲဘာသာစကားဖြင့် ဘုရားသခင့်နာမတော်၏ အသံထွက်အတိအကျကို ယနေ့ မည်သူမျှမသိကြတော့ပေ။ သို့သော် မူရင်းကျမ်းစာသားတွင် ဘုရားသခင့်နာမတော် အကြိမ် ၇,၀၀၀ ခန့်ပါရှိသည်မှာ မှတ်သားဖွယ်ဖြစ်သည်။ ယေရှုသည် မြေကြီးပေါ်ရှိစဉ် ဘုရားသခင့်နာမတော်ကို ဖော်ပြခဲ့ပြီး ထိုနာမတော်သန့်ရှင်းမြင့်မြတ်ခြင်းအတွက် ဆုတောင်းရန် တပည့်များကို ညွှန်ကြားခဲ့သည်။ (မဿဲ ၆:၉; ယောဟန် ၁၇:၆) ထို့ကြောင့် ဘုရားသခင့်နာမတော်အသုံးပြုခြင်းသည် ခရစ်ယာန်များအတွက် အလွန်အရေးပါသည်ဟူသောအချက်မှာ သေချာ၏။ သို့ဆိုလျှင် နာမတော်၏မူရင်းအသံထွက်သည် ယနေ့ အဘယ်ကြောင့် မသေမချာဖြစ်နေရသနည်း။ အဓိကအကြောင်းရင်းနှစ်ရပ်ရှိသည်။
ပထမ၊ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်၌ ဂျူးများအကြားတွင် ဘုရားသခင့်နာမတော်ကို အသံထွက်ခေါ်ဆိုခြင်းသည် မှားသည်ဟူသော အယူသီးသည့်ထုံးစံတစ်ခု ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ကျမ်းစာဖတ်သောအခါ ဘုရားသခင့်နာမတော်နေရာတွင် “သခင်” [“Lord”] ဟူ၍ အစားထိုးအသံထွက်ကြသည်။ ဤနည်းဖြင့် ရာစုနှစ်များစွာကြာလာသောအခါ ဘုရားသခင့်နာမတော်အသံထွက်ကို မေ့လျော့သွားကြသည်။
ဒုတိယ၊ ရှေးခေတ်ဟေဗြဲဘာသာစကားတွင် သရမပါဘဲ ဗျည်းများကိုသာ ရေးခဲ့ကြသည်။ စာဖတ်သောအခါ သရသံများကို မိမိဘာသာဖြည့်စွက်၍ ဖတ်ရသည်။ နောက်ပိုင်းတွင် ဟေဗြဲစကားလုံးများ၏အသံထွက်ကို လုံးလုံးမေ့ပျောက်မသွားစေရန် စနစ်တစ်ခု တီထွင်ခဲ့သည်။ ဟေဗြဲကျမ်းစာရှိစကားလုံးတိုင်းတွင် သရအမှတ်များကို ထည့်သွင်းပေးခြင်းဖြစ်သည်။ သို့သော် ဘုရားသခင့်နာမတော်နေရာတွင်မူ “သခင်” [“Lord”] ဟူ၍အစားထိုးအသံထွက်ရန် စာရှုသူအတွက် သရအမှတ်များ ထည့်သွင်းခြင်း သို့မဟုတ် သရအမှတ်များလုံးဝမထည့်ခြင်းပင် ပြုခဲ့ကြသည်။
နောက်ဆုံးတွင် ကျမ်းစာသား၌ တက်တြာဂရမ်မီတန်ဟူသော ဗျည်းလေးလုံးသာကျန်ရှိတော့သည်။ အဘိဓာန်တစ်ခုက ယင်းကို “Yhwh [ယဟဝဟ] သို့မဟုတ် Jhvh ဟူ၍အက္ခရာလှယ်ရေးထားသော ဘုရားသခင့်နာမတော်ဖြစ်လာသည့် ဟေဗြဲအက္ခရာလေးလုံး” ဟုအနက်ဖွင့်ထားသည်။ မြန်မာဘာသာစကားတွင်မူ အကျွမ်းတဝင်ရှိပြီး အများလက်ခံထားသော နာမတော်သည် “ယေဟောဝါ” ဖြစ်၏။
သို့သော် အချို့ပညာရှင်များက “ယာဝေး” ဟူသည့်အသံထွက်ကို ပိုနှစ်သက်ကြသည်။ ယင်းသည် မူရင်းအသံထွက်နှင့် ပိုနီးစပ်ပါသလော။ မည်သူမျှ သေချာမသိနိုင်ပါ။ အခြားပညာရှင်များကမူ ထိုအသံထွက်ကို အသုံးမပြုသင့်ကြောင်း ဖော်ပြကြသည်။ မှန်ပါသည်၊ ကျမ်းစာအမည်များကို ယနေ့ခေတ်သုံးဘာသာစကားဖြင့် အသံထွက်ကြည့်သောအခါ မူရင်းဟေဗြဲအသံထွက်အတိုင်း မဟုတ်သော်လည်း ယင်းကို မည်သူမျှ စောဒကမတက်ကြပေ။ အကြောင်းမှာ ကျွန်ုပ်တို့၏ဘာသာစကားတွင် ထိုအမည်များကို ရင်းနှီးနေပြီး မှတ်မိလွယ်သောကြောင့် ဖြစ်သည်။ ယေဟောဝါ၏နာမတော်လည်း အလားတူပင်ဖြစ်သည်။
ပထမရာစုခရစ်ယာန်များကို ဘုရားသခင့်နာမတော်အဖို့ လူမျိုးတစ်မျိုးဟူ၍ ခေါ်ဆိုခဲ့သည်။ သူတို့သည် အခြားသူများကို ထိုနာမတော်အကြောင်း ဟောပြောပြီး ထိုနာမတော်ကိုခေါ်ရန် အားပေးခဲ့ကြသည်။ (တမန်တော် ၂:၂၁; ၁၅:၁၄; ရောမ ၁၀:၁၃-၁၅) ထို့ကြောင့် ကျွန်ုပ်တို့ မည်သည့်ဘာသာစကားကိုပြောဆိုပါစေ ဘုရားသခင့်နာမတော်ကို အသုံးပြုရန်၊ ထိုနာမတော်၏အဓိပ္ပာယ်ကို လေးမြတ်ရန်နှင့် ယင်းနှင့်အညီ အသက်ရှင်နေထိုင်ရန် ဘုရားသခင်အတွက် အရေးကြီးကြောင်း ရှင်းနေပါသည်။
[စာမျက်နှာ ၃၁ ပါအကြောင်းအရာ အကျဉ်းချုပ်]
မူရင်းကျမ်းစာသားတွင် ဘုရားသခင့်နာမတော် အကြိမ် ၇,၀၀၀ ခန့်ပါရှိသည်မှာ မှတ်သားဖွယ်ဖြစ်