မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငရဲနှင့်ပတ်သက်၍ ယေရှု အဘယ်အရာသွန်သင်ခဲ့သနည်း

ငရဲနှင့်ပတ်သက်၍ ယေရှု အဘယ်အရာသွန်သင်ခဲ့သနည်း

ငရဲနှင့်ပတ်သက်၍ ယေရှု အဘယ်အရာသွန်သင်ခဲ့သနည်း

“သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲမီးထဲသို့ မျက်စိနှစ်ဖက်စုံနှင့်ချခြင်းကိုခံရသည်ထက် မျက်စိတစ်ဖက်နှင့် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်စားသော် သာ၍ကောင်း၏” ဟုယေရှုမိန့်တော်မူသည်။ —မာကု ၉:၄၇၊ ၄၈

နောက်တစ်ကြိမ်တွင် ယေရှုသည် ဆိုးညစ်သူတို့အား ‘ကျိန်ခြင်းကိုခံရသောသူတို့၊ စာတန်နှင့်သူ၏တမန်တို့အဖို့ ပြင်ဆင်သော ထာဝရမီးထဲသို့ ငါ့ထံမှခွာသွားကြလော့’ ဟု ပြောဆိုမည့် တရားစီရင်ရာကာလအကြောင်း မိန့်ဆို၏။ ထိုသူတို့သည် “ထာဝရ အပြစ်ဒဏ်ခံရာသို့ . . . သွားကြလတ္တံ့” ဟုလည်းမိန့်ဆိုခဲ့သည်။ —မဿဲ ၂၅:၄၁၊ ၄၆

ရုတ်တရက်ကြည့်လျှင် ယေရှု၏အထက်ပါစကားများသည် မီးငရဲအယူဝါဒကို ထောက်ခံအားပေးနေသည်ဟု ယူမှတ်စေနိုင်သည်။ သို့သော် “သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟူ၍ ရှင်းလင်းစွာဆိုထားသော သမ္မာကျမ်းစာကိုဆန့်ကျင်ရန် ယေရှုမရည်ရွယ်သည်မှာ သေချာပါသည်။—ဒေ. ၉:၅

သို့ဆိုလျှင် လူတစ်ဦး “ငရဲမီးထဲသို့” ချပစ်ခံရသည့်အကြောင်း ယေရှုမိန့်ဆိုသောအခါ အဘယ်အရာကိုဆိုလိုနေသနည်း။ ယေရှု၏သတိပေးချက်ထဲမှ “ထာဝရမီး” ဟူသည် ပကတိမီးလော သို့မဟုတ် ပုံဆောင်ချက်လော။ ဆိုးညစ်သူသည် အဘယ်သဘောဖြင့် “ထာဝရအပြစ်ဒဏ်ခံရာသို့” သွားရမည်နည်း။ ထိုမေးခွန်းတစ်ခုစီကို သုံးသပ်ကြည့်ကြစို့။

လူတစ်ဦး “ငရဲမီးထဲသို့” ချပစ်ခံရသည့်အကြောင်း ယေရှုမိန့်ဆိုသောအခါ အဘယ်အရာကိုဆိုလိုနေသနည်း။ မာကု ၉:၄၈ မှ “ငရဲ” ဟုပြန်ဆိုသော မူရင်းဂရိစကားလုံးမှာ ဂေဟင်နာဖြစ်သည်။ ထိုစကားလုံးသည် ဟေဗြဲစကားလုံး ဂေဟိန္နုံမှဆင်းသက်လာပြီး “ဟိန္နုံချိုင့်ဝှမ်း” ဟုအဓိပ္ပာယ်ရသည်။ ဟိန္နုံချိုင့်ဝှမ်းသည် ရှေးခေတ်ယေရုရှလင်မြို့ပြင်တွင် တည်ရှိသည်။ ဣသရေလရှင်ဘုရင်များလက်ထက်တွင် ယင်းသည် ဘုရားသခင်ပြစ်တင်ရှုတ်ချထားသော ရွံရှာဖွယ်ဓလေ့ဖြစ်သည့် ကလေးများကိုယဇ်ပူဇော်သည့်နေရာဖြစ်၏။ ဘုရားသခင်သည် မှားယွင်းသောဝတ်ပြုရေး၏ ထိုဓလေ့ကို ပြုကျင့်သူတို့အား ပြစ်ဒဏ်စီရင်မည်ဟုမိန့်ဆိုသည်။ ထို့ကြောင့် ဟိန္နုံချိုင့်ဝှမ်းသည် “ကွပ်မျက်ရာချိုင့်” ဟုခေါ်တွင်လာမည်ဖြစ်ပြီး ထိုနေရာတွင် “ဤလူမျိုးအသေကောင်တို့” ကို မသင်္ဂြိုဟ်ဘဲပစ်ချကြရမည်ဖြစ်၏။ (ယေရမိ ၇:၃၀-၃၄) သို့ဖြင့် ဟိန္နုံချိုင့်ဝှမ်းသည် သက်ရှိများကို ညှဉ်းဆဲသည့်နေရာမဟုတ်ဘဲ အသေကောင်များကို စွန့်ပစ်သောနေရာဖြစ်လာမည်ဟု ယေဟောဝါကြိုဟောခဲ့သည်။

ယေရှုခေတ်တွင် ယေရုရှလင်မြို့သားများသည် ဟိန္နုံချိုင့်ဝှမ်းကို အမှိုက်ကျင်းအဖြစ် အသုံးပြုခဲ့ကြ၏။ ရာဇဝတ်ကောင်အချို့၏အလောင်းများကို ထိုကျင်းထဲပစ်ချပြီး အမှိုက်သရိုက်နှင့်လူသေကောင်များကို မီးကျွမ်းလောင်ဖို့ အဆက်မပြတ်မီးတောက်လောင်နေစေသည်။

မသေနိုင်သောပိုး၊ မငြိမ်းနိုင်သောမီးအကြောင်း ယေရှုမိန့်ဆိုသည့်အခါ ဟေရှာယ ၆၆:၂၄ ကို ရည်ညွှန်းနေခြင်းဖြစ်နိုင်သည်။ “[ဘုရားသခင်ကို] ပြစ်မှားသောသူတို့၏ အသေကောင်များ” အကြောင်း ပြောဆိုရာတွင် “သူတို့၏ပိုးသည် မသေနိုင်ရာ။ သူတို့၏မီးသည်လည်း မငြိမ်းနိုင်ရာ” ဟုဟေရှာယမိန့်ဆိုသည်။ ဟေရှာယကျမ်းမှ ထိုစကားများသည် သင်္ဂြိုဟ်မခံထိုက်သော လူသေကောင်များကို မသင်္ဂြိုဟ်ဘဲ ထိုချိုင့်ထဲပစ်ချခြင်းကို ရည်ညွှန်းနေကြောင်း ယေရှုနှင့်သူ၏ပရိသတ်တို့ ကောင်းစွာသိကြသည်။

ထို့ကြောင့် ယေရှုသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်မရှိသော သေခြင်းကို ဖော်ပြရန် ဟိန္နုံချိုင့်ဝှမ်း သို့မဟုတ် ဂေဟင်နာကို ပုံဆောင်သဘောဖြင့် အသုံးပြုခဲ့သည်။ ဘုရားသခင်သည် “ကိုယ်ခန္ဓာနှင့်အသက်ကိုပါ ဂေဟင်နာတွင် ဖျက်ဆီးနိုင်” ကြောင်း ယေရှုသတိပေးသောအခါ ထိုအချက်ကို ရှင်းလင်းစွာဖော်ပြနေခြင်းဖြစ်၏။ (မဿဲ ၁၀:၂၈ကဘ) ဂေဟင်နာသည် ထာဝစဉ်ညှဉ်းဆဲခြင်းကိုမဟုတ်ဘဲ ထာဝရသေခြင်းကို ပုံဆောင်သည်။

ယေရှု၏သတိပေးချက်ထဲမှ “ထာဝရမီး” ဟူသည် ပကတိမီးလော သို့မဟုတ် ပုံဆောင်ချက်လော။ မဿဲ ၂၅:၄၁ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားမှ “ထာဝရမီး” သည် “[စာတန်]နှင့် သူ၏တမန်တို့အဖို့ပြင်ဆင်ထား” ကြောင်း သတိပြုပါ။ ပကတိမီးသည် နာမ်ဝိညာဉ်သတ္တဝါများကို လောင်ကျွမ်းစေနိုင်မည်ဟု သင်ထင်သလော။ သို့မဟုတ် ယေရှုသည် “မီး” ဟူသောအသုံးအနှုန်းကို ပုံဆောင်သဘောအရ အသုံးပြုခြင်းလော။ ထိုမိန့်ဆိုချက်တွင်ပင် ဖော်ပြသော “သိုး” နှင့် “ဆိတ်” တို့သည် ပကတိ,တိရစ္ဆာန်ကိုမဟုတ်ဘဲ လူနှစ်မျိုးနှစ်စားကိုပုံဆောင်သော ရုပ်လုံးဖော်ရေးသားချက်ဖြစ်သည်မှာ ရှင်းနေပါသည်။ (မဿဲ ၂၅:၃၂၊ ၃၃) ထို့ကြောင့် ယေရှုပြောဆိုနေသည့် ဆိုးညစ်သူများကို လုံးဝကျွမ်းလောင်စေသော ထာဝရမီးသည် ပုံဆောင်ချက်ဖြစ်သည်။

ဆိုးညစ်သူသည် အဘယ်သဘောဖြင့် “ထာဝရအပြစ်ဒဏ်ခံရာသို့” သွားရမည်နည်း။ ဘာသာပြန်ကျမ်းအများစုက မဿဲ ၂၅:၄၆ တွင် “အပြစ်ဒဏ်” ဟူသောစကားလုံးကို အသုံးပြုသော်လည်း မူရင်းဂရိစကားလုံး ကိုလာစင်၏အဓိပ္ပာယ်မှာ “အပင်များ၏ကြီးထွားမှုကို စစ်ဆေးခြင်း” သို့မဟုတ် မလိုအပ်သောအကိုင်းအခက်များကို ချိုင်ပေးခြင်း၊ ဖြတ်တောက်ခြင်းဖြစ်သည်။ ထို့ကြောင့် သိုးကဲ့သို့သောသူများသည် ထာဝရအသက်ရရှိကြစဉ် နောင်တမယူသော ဆိတ်ကဲ့သို့သောသူများသည် “ထာဝရအပြစ်ဒဏ်ခံ” ရမည်၊ တစ်နည်းအားဖြင့် အသက်ရှင်ခြင်းမှ ထာဝရဖြတ်တောက်ခံကြရမည်။

သင်မည်သို့ထင်သနည်း

လူတို့တွင် မသေနိုင်သောဝိညာဉ်ရှိသည်ဟု ယေရှု တစ်ခါမျှမသွန်သင်ပါ။ သို့သော် သေလွန်သူတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုမူ မကြာခဏသွန်သင်လေ့ရှိသည်။ (လုကာ ၁၄:၁၃၊ ၁၄; ယောဟန် ၅:၂၅-၂၉; ၁၁:၂၅) လူတို့၏ဝိညာဉ်သည် မသေနိုင်ဟူ၍ ကိုယ်တော်ယုံကြည်ပါက သေလွန်သူတို့ ရှင်ပြန်ထမြောက်မည့်အကြောင်းကို အဘယ်ကြောင့် မိန့်ဆိုမည်နည်း။

ဘုရားသခင်သည် လူဆိုးများကို ထာဝစဉ်ရက်စက်စွာညှဉ်းဆဲမည်ဟု ယေရှု တစ်ခါမျှမသွန်သင်ခဲ့ပါ။ ယင်းအစား ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏’ ဟုယေရှုမိန့်ဆိုခဲ့သည်။ (ယောဟန် ၃:၁၆) မိမိကိုမယုံကြည်သူတို့ သေဆုံးရမည်ဟူသည့်သဘောဖြင့် ယေရှု အဘယ်ကြောင့်မိန့်ဆိုခဲ့သနည်း။ သူတို့သည် မီးငရဲတွင် ညှဉ်းဆဲခံရင်း ထာဝစဉ်အသက်ရှင်နေမည်ဟု ကိုယ်တော်ယူဆပါက ထိုသို့ဆိုမည်မဟုတ်ပေ။

ထို့ကြောင့် မီးငရဲဟူသည် ညှဉ်းဆဲရာအရပ်ဖြစ်သည်ဟူသောအယူဝါဒမှာ ကျမ်းစာကို အခြေမခံပါ။ ယင်းအစား ခရစ်ယာန်သွန်သင်ချက်အဖြစ် လုပ်ကြံဖန်တီးထားသော တိတ္ထိတို့၏ယုံကြည်ချက်ဖြစ်သည်။ ( စာမျက်နှာ ၆ မှ “မီးငရဲ၏သမိုင်းကြောင်းအကျဉ်းချုပ်” လေးထောင့်ကွက်ကို ကြည့်ပါ။) ဘုရားသခင်သည် လူတို့ကို မီးငရဲတွင် ထာဝစဉ်ညှဉ်းဆဲမည်မဟုတ်ပါ။ သို့ဆိုလျှင် ငရဲနှင့်ပတ်သက်သောအမှန်တရားကို သိရှိခြင်းက ဘုရားသခင်အပေါ်ထားရှိသော သင့်ခံစားချက်ကို မည်သို့သက်ရောက်မှုရှိနိုင်သနည်း။

[စာမျက်နှာ ၆ ပါလေးထောင့်ကွက်]

 မီးငရဲ၏သမိုင်းကြောင်းအကျဉ်းချုပ်

အယူမှားယုံကြည်ချက်များတွင် အရင်းခံ– ရှေးအီဂျစ်လူမျိုးများသည် မီးငရဲကိုယုံကြည်ကြ၏။ ဘီစီ ၁၃၇၅ တွင်ရေးသားခဲ့သော စာအုပ်တစ်အုပ် (Ȧm-Ṭuat) တွင် “မီးငရဲထဲ ဇောက်ထိုးပစ်ချခံရမည့်သူများ၊ . . . မီးငရဲမှ မလွတ်မြောက်နိုင်မည့်သူများ၊ . . . မီးတောက်များထဲမှ ထွက်မပြေးနိုင်မည့်သူများအကြောင်း” ဖော်ပြထားသည်။ လွန်ခဲ့သောအနှစ် ၁,၉၀၀ ခန့်တွင် အသက်ရှင်ခဲ့သည့် ဂရိအတွေးအခေါ်ပညာရှင်ပလူတာ့ခ်သည် ငရဲတွင်ရှိနေသူများအကြောင်း ဤသို့ရေးခဲ့၏– “[သူတို့သည်] ကြောက်မက်ဖွယ် ညှဉ်းဆဲ ခံရခြင်း၊ အရှက်တကွဲအကျိုးနည်းခြင်း၊ နှိပ်စက်ခံရ၍ မချိမဆံ့ဝေဒနာခံစားရခြင်းကြောင့် တစာစာငိုကြွေး နေကြသည်။”

ယုဒဘာသာတွင် ပျံ့နှံ့ခဲ့– အက်ဆင်းဟုခေါ်သောဂျူးဂိုဏ်းသည် “ဝိညာဉ် ထာဝရမသေနိုင်” ဟုယုံကြည်ကြောင်း ပထမရာစုမှ သမိုင်းပညာရှင်ဂျိုစီဖတ်စ်က ဆိုသည်။ “ယင်းသည် ဂရိတို့၏ရှုမြင်ပုံနှင့်တူသည်။ . . . လူဆိုးတို့၏ဝိညာဉ်သည် ထာဝရပြစ်ဒဏ်ပေးသောအရပ်၊ ကြောက်မက်ဖွယ်မှောင်မိုက်အရပ်တွင် ချုပ်နှောင်ခံရသည်ဟု ဂရိတို့ ယုံကြည်ကြောင်း” သူဆက်ဖော်ပြသည်။

“ခရစ်ယာန်ဘာသာထဲ” ဝင်ရောက်လာ– အေဒီဒုတိယရာစု၌ ပေတရု၏အပေါကလစ်ကျမ်းတွင် လူဆိုးများအကြောင်း ဤသို့ဆိုသည်– “သူတို့အတွက် မငြိမ်းနိုင်သော မီးသည် အစဉ်ထာဝရတောက်လောင်လျက်ရှိသည်။ ဒေါသ နတ်သားအီဇီယယ်သည် တစ်ကိုယ်လုံးနီးပါး မီးလောင်ကျွမ်းနေသော ယောက်ျားမိန်းမတို့ကိုဆောင်ခဲ့၍ မှောင်မိုက်ငရဲထဲ ပစ်ချပြီး သူတို့ကို နှိပ်စက်ညှဉ်းဆဲနေသည်။” ထိုရာစုတွင်ပင် အန္တိအုတ်မြို့သား စာရေးဆရာသီအောဖလပ်စ်သည် လူဆိုးများအား အပြစ်ပေးခြင်းနှင့်ပတ်သက်၍ ဂရိပရောဖက်မ  စီဘိုင် ကြိုဟောသည်ကို ဤသို့ကိုးကားသည်– “သင်တို့ကို မီးလောင်ကျွမ်းလိမ့်မည်၊ နေ့စဉ်မီးလောင်ကျွမ်းနေလိမ့်မည်။” ယင်းသည် “လူတိုင်းအတွက် မှန်ကန်သည်၊ မျှတဖြောင့်မတ်သည်၊ အကျိုးရှိသည်” ဟုပြောသောသီအောဖလပ်စ်၏ စကားများထဲမှဖြစ်သည်။

အလယ်ခေတ်တွင် ကြမ်းတမ်းရမ်းကားမှုအတွက် ဆင်ခြေပေးရန် မီးငရဲကိုအသုံးပြုခဲ့– ပရိုတက်စတင့် ၃၀၀ နီးပါးကို နှက်တိုင်တင်မီးရှို့ခြင်းကြောင့် “သွေးစွန်းသောမေရီ” ဟုအမည်တွင်သော အင်္ဂလန်ဘုရင်မ ပထမမြောက်မေရီ (၁၅၅၃-၁၅၅၈) ဤသို့ဆို၏– “တိတ္ထိတို့၏ဝိညာဉ်များသည် တမလွန်ဘဝတွင် မီးငရဲ၌ ထာဝရကျွမ်းလောင်မည်ဖြစ်ရာ သူတို့ကို ကမ္ဘာပေါ် မီးရှို့သတ်ခြင်းအားဖြင့် ဘုရားသခင်၏လက်စားချေခြင်းကို တုပခြင်းထက် ပိုကောင်းသည့်အရာမရှိနိုင်ပါ။”

လက်ရှိအဓိပ္ပာယ်ဖွင့်ဆိုချက်– မကြာသေးမီနှစ်များက ဘာသာရေးဂိုဏ်းဂဏအချို့သည် ငရဲနှင့်ပတ်သက်သော သူတို့၏သွန်သင်ချက်များကို ပြင်ဆင်ခဲ့ကြ၏။ ဥပမာ၊ အင်္ဂလန် ချာ့ခ်ျ၏အယူဝါဒဆိုင်ရာအဖွဲ့က ၁၉၉၅ ခုနှစ်တွင် ဤသို့ဆိုသည်– “ငရဲဟူသည် ထာဝရညှဉ်းဆဲရာအရပ်မဟုတ်ချေ၊ ဘုရားသခင်ကို လုံးဝငြင်းပယ်သူတို့ ရွေးချယ်သော ပြောင်းလဲ၍မရနိုင်သည့်လမ်းဆုံးဖြစ်ပြီး အဆုံး၌ လုံးဝမတည်ရှိတော့ခြင်းဖြစ်သည်။”

[စာမျက်နှာ ၇ ပါလေးထောင့်ကွက်/ ရုပ်ပုံ]

“မီးအိုင်” ကား အဘယ်နည်း

ဗျာ. ၂၀:၁၀ တွင် စာတန်သည် “မီးအိုင်” ထဲချပစ်ခံရပြီး “နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသောဝေဒနာကိုခံ” ရလတ္တံ့ဟု ဖော်ပြထားသည်။ စာတန် ထာဝစဉ်ညှဉ်းဆဲခံရရန်မှာ ဘုရားသခင်သည် သူ့ကိုမဖျက်ဆီးဘဲ အသက်ဆက်ရှင်နေ စေရပေမည်၊ သို့သော် ယေရှုသည် ‘စာတန်ကိုဖျက်ဆီး’ မည်ဟု ကျမ်းစာဆိုသည်။ (ဟေဗြဲ ၂:၁၅) မီးအိုင်သည် “ဒုတိယသေခြင်း” ကိုပုံဆောင်သည်။ (ဗျာ. ၂၁:၈) ယင်းသည် အာဒံ၏အပြစ်ကြောင့် သေခြင်း၊ တစ်နည်းအားဖြင့် ရှင်ပြန်ထမြောက်နိုင်သောသေခြင်းကို မဆိုလိုပါ။ (၁ ကောရိန္သု ၁၅:၂၁၊ ၂၂) “မီးအိုင်” မှ လူတို့ထွက်မြောက်လာမည့်အကြောင်း ကျမ်းစာမဖော်ပြသောကြောင့် “ဒုတိယသေခြင်း” သည် ရှင်ပြန်ထမြောက်ခြင်းမရှိသော သေခြင်းတစ်မျိုးကို ဆိုလိုသည်။

“မီးအိုင်” ထဲမှလူတို့သည် အဘယ်သဘောမျိုးဖြင့် ထာဝရညှဉ်းဆဲခံရသနည်း။ တစ်ခါတစ်ရံ၊ တစ်စုံတစ်ဦးကို “ညှဉ်းဆဲရန်” ဟူသည် “ထိန်းချုပ်နှိပ်ကွပ်ရန်” ဟူ၍ ဆိုလိုနိုင်သည်။ ယေရှုသည် နတ်ဆိုးများနှင့်ရင်ဆိုင်ရသောအခါ သူတို့က “အချိန်မရောက်မီ အကျွန်ုပ်တို့ကို [အနက်ဆုံးသောအရပ်တွင် ထိန်းချုပ်နှိပ်ကွပ်] ညှဉ်းဆဲခြင်းငှာ ကြွလာတော်မူသလော” ဟုအော်ဟစ်၍လျှောက်ကြ၏။ (မဿဲ ၈:၂၉; လုကာ ၈:၃၀၊ ၃၁) ထို့ကြောင့် “မီးအိုင်” ထဲ “ညှဉ်းဆဲ” ခံရသူအားလုံးသည် ထာဝရ နှိပ်ကွပ်ခြင်း သို့မဟုတ် “ဒုတိယသေခြင်း” ကိုခံရမည်။