မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုပျော်ရွှင်မှု၏သော့ချက်များ

ဆယ်ကျော်သက်များကို လူကြီးဘဝအတွက် ပြင်ဆင်ပေးခြင်း

ဆယ်ကျော်သက်များကို လူကြီးဘဝအတွက် ပြင်ဆင်ပေးခြင်း

“အရင်တုန်းက သားတွေနဲ့စကားပြောရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။ ကျွန်တော် ပြောတာကို သူတို့ဂရုစိုက်နားထောင်ပြီး ချက်ချင်းတုံ့ပြန်တတ်တယ်။ အခု ဆယ်ကျော်သက်အရွယ်ရောက်လာတော့ ကိစ္စတိုင်းအတွက် စကားများရတယ်။ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ကိစ္စတွေကိုတောင် သူတို့စောဒကတက်လာတယ်။ ‘ကျမ်းစာအကြောင်းပြောဖို့ တကယ်လိုအပ်လို့လား’ လို့ မေးခွန်းထုတ်လာကြတယ်။ တခြားမိသားစုတွေမှာ ဒီလိုဖြစ်တာတွေကိုတွေ့ခဲ့ပေမဲ့ ကျွန်တော့် မိသားစုမှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်သားတွေ ဒီအရွယ်မရောက်ခင်တုန်းက တစ်ခါမှမတွေးမိဘူး။”—ရယ်ဂျီ။ *

သင်သည် မြီးကောင်ပေါက်အရွယ်တစ်ဦးကို ပြုစုပျိုးထောင်ပေးနေရသလော။ သို့ဆိုလျှင် သင်သည် သင့်ကလေးကြီးထွားမှု၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးအပိုင်းနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။ သို့သော် ယင်းသည် စိတ်ပျက်စရာအကောင်းဆုံးအပိုင်းလည်း ဖြစ်နိုင်သည်။ အောက်ပါအခြေအနေများကို သင်အကျွမ်းဝင်ပုံရသလော။

  • သင့်သား ငယ်ရွယ်စဉ်က သူသည် သင်္ဘောဆိပ်တွင်ချည်ထားသော သင်္ဘောကဲ့သို့ သင်နှင့်တတွဲတွဲပင်။ ယခု ဆယ်ကျော်သက်အရွယ်ရောက်လာသည်နှင့် ကြိုးကိုဆွဲကာ ရွက်လွှင့်ရန် အားသန်နေတော့သည်။ ထို့ပြင် သင်္ဘောပေါ်သို့ သင့်ကိုမခေါ်လိုဟုလည်း သင်ခံစားနေရသည်။

  • သင့်သမီး ကလေးဘဝက သူသည် သင့်ကိုအကုန်ပြောပြ၏။ ယခု ဆယ်ကျော်သက်အရွယ်ရောက်လာသောအခါ သူ၏သူငယ်ချင်းများနှင့် ‘ဝိုင်းဖွဲ့’ ကာ သင့်ကိုလည်း အဖွဲ့ဝင်အဖြစ် လက်မခံလိုဟု သင်ခံစားနေရသည်။

သင့်မိသားစုတွင် အလားတူဖြစ်ပျက်နေပါက သင့်ကလေးသည် ပြုပြင်ပြောင်းလဲ၍မရတော့သော သူပုန်တစ်ဦးဖြစ်သွားပြီဟု အလျင်အမြန်ကောက်ချက်မချလိုက်ပါနှင့်။ သို့ဆိုလျှင် အဘယ်အရာဖြစ်ပျက်နေသနည်း။ ထိုမေးခွန်းကိုဖြေဆိုရန် သင့်ကလေး၏ဖွံ့ဖြိုးမှုတွင် မြီးကောင်ပေါက်အရွယ်သည် မည်မျှအရေးပါကြောင်း သုံးသပ်ကြည့်ကြစို့။

မြီးကောင်ပေါက်အရွယ်—အရေးပါသော ဘဝအလှည့်အပြောင်းတစ်ခု

မွေးဖွားချိန်မှစ၍ ကလေးတစ်ဦး၏ အသက်တာတွင် အရာရာတိုင်းကို ဦးဆုံးအကြိမ်လုပ်ဖူးခြင်းသာဖြစ်သည်။ အနည်းငယ်ကို ဖော်ပြရမည်ဆိုလျှင် လှမ်းလိုက်သော ဦးဆုံးခြေလှမ်း၊ ပြောလိုက်သော ဦးဆုံးစကားလုံး၊ ကျောင်းတက်ရသော ဦးဆုံးနေ့စသည်တို့ဖြစ်သည်။ ထိုအလှည့်အပြောင်းတစ်ခုဆီကိုရောက်တိုင်း မိဘတို့ အလွန်ပျော်ရွှင်ကြသည်။ ထိုအရာတိုင်းသည် မိဘတို့တွေ့မြင်လိုသည့် ကြီးထွားဖွံ့ဖြိုးမှု၏သက်သေပင်ဖြစ်သည်။

မြီးကောင်ပေါက်အရွယ်ရောက်လာခြင်းသည်လည်း အလှည့်အပြောင်းတစ်ခုဖြစ်သည်။ သို့သော် မိဘအချို့အတွက် ယင်းသည် ကိုင်တွယ်ရခက်သောအဆင့်ဖြစ်နိုင်သည်။ သူတို့၏ခံစားချက်ကို နားလည်ပေးနိုင်ပါသည်။ နာခံမှုရှိသော ကလေးတစ်ဦးအဖြစ်မှ သုန်မှုန်မှိုင်တွေသော ဆယ်ကျော်သက်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို မည်သည့်မိဘက ကြိုက်နှစ်သက်ပါမည်နည်း။ သို့တိုင် မြီးကောင်ပေါက်အရွယ်သည် သင့်ကလေး ဖွံ့ဖြိုးမှု၏ အရေးပါသောအပိုင်းဖြစ်သည်။ မည်သည့်နည်းဖြင့်နည်း။

အချိန်တန်သောအခါ “ယောက်ျားသည် ကိုယ်မိဘကိုစွန့် . . . လိမ့်မည်” ဟုကျမ်းစာဖော်ပြသည်။ (ကမ္ဘာဦး ၂:၂၄) မြီးကောင်ပေါက်အရွယ်၏ အဓိကဖြစ်စဉ်က ထိုဝမ်းနည်းဝမ်းသာဖွယ်နေ့အတွက် သင့်သားသမီးကို ပြင်ဆင်ပေးသည်။ ထိုအချိန်တွင် သင့်သားသမီးသည် တမန်တော်ပေါလုနည်းတူ ဤသို့ပြောဆိုနိုင်သင့်သည်– “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်ကဲ့သို့ ပြောဆိုတတ်၏။ သူငယ်ကဲ့သို့ တွေးတောတတ်၏။ သူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်တတ်၏။ ယခု လူလားမြောက်သောအခါ၌မူကား သူငယ်၏စရိုက်များကို ငါဖျောက်ပစ်၏။”—၁ ကောရိန္သု ၁၃:၁၁

အမှန်အားဖြင့် သင့်သားသမီးသည် ဆယ်ကျော်သက်အရွယ်အတွင်း ထိုသို့ဖြစ်လာရန် ကြိုးစားနေခြင်းဖြစ်၏။ ကလေးစရိုက်များကို ဖယ်ရှားကာ အိမ်ခွဲနေနိုင်လောက်သည့်အထိ ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်သော၊ ရင့်ကျက်သော၊ တာဝန်ယူတတ်သော လူလားမြောက်သူတစ်ဦးဖြစ်ရန် သူ သင်ယူနေသည်။ အကိုးအကားစာအုပ်တစ်အုပ်က မြီးကောင်ပေါက်အရွယ်ကို “ရှည်လျားသောနှုတ်ဆက်ခွဲခွာချိန်” အဖြစ်ဖော်ပြသည်။

သို့သော် သင့်သားသမီး “ငယ်” သည် ကိုယ့်အားကိုယ်ကိုးသူဖြစ်လာမည်ဟူသည့် အတွေးက လောလောဆယ် သင့်ကိုသံသယဝင်စေပေမည်။ သင်ဤသို့မေးပေမည်–

  • “ငါ့သားက သူ့အခန်းကိုတောင် သန့်သန့်ရှင်းရှင်းထားဖို့ တာဝန်မယူတတ်တာ တိုက်ခန်းတစ်ခန်းကို သူဘယ်လိုထိန်းသိမ်းနိုင်မှာလဲ။”

  • “ငါ့သမီးက သတ်မှတ်ထားချိန်အတွင်းမှာတောင် အိမ်ပြန်မလာတတ်တာ ဘယ်လိုအလုပ်မြဲမှာလဲ။”

ထိုအတွေးများဖြင့် စိတ်ပူနေပါက ဤအချက်ကို သတိရပါ– ကိုယ့်အားကိုယ်ကိုးခြင်းဟူသည် သင့်သားသမီး ဖြတ်လျှောက်သွားသော တံခါးဝမဟုတ်ပါ။ သူခရီးနှင်နေသည့်လမ်းဖြစ်ပြီး ထိုခရီးဆုံးရန် နှစ်နှင့်ချီ၍ကြာသည်။ ယခုလောလောဆယ်တွင်မူ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ” ကြောင်း သင်သိထားသည်။—သု. ၂၂:၁၅

သို့သော် ကောင်းစွာလမ်းညွှန်ပေးခြင်းဖြင့် သင့်ကလေးသည် မြီးကောင်ပေါက်အရွယ်မှ ‘အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်စွမ်း’ ရှိသော လူလားမြောက်သူအဖြစ် ကြီးပြင်းလာပါလိမ့်မည်။—ဟေဗြဲ ၅:၁၄

အောင်မြင်ရန် သော့ချက်များ

သင်၏ဆယ်ကျော်သက်အရွယ်သားသမီးသည် တာဝန်သိသိဖြင့် အသိစိတ်ရှိရှိပြုမူပါက သူ့ကို လွတ်လပ်မှုပိုပေးနိုင်မည်လော

သင်၏မြီးကောင်ပေါက်အရွယ်သားသမီးအား အရွယ်ရောက်သူတစ်ဦးဖြစ်လာဖို့ ပြင်ဆင်ပေးရန် ပညာရှိဆုံးဖြတ်ချက်များကို သူ့ဘာသာသူချနိုင်သည့်အထိ သူ၏ “စဉ်းစားဆင်ခြင်နိုင်စွမ်း” တိုးတက်လာအောင် ကူညီပေးဖို့လိုအပ်သည်။ * (ရောမ ၁၂:၁၊ ၂) အောက်ပါကျမ်းစာမူများက ထိုသို့ပြုလုပ်နိုင်ရန် သင့်ကို ကူညီပေးပါလိမ့်မည်။

ဖိလိပ္ပိ ၄:၅– “သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့။” သင်၏ဆယ်ကျော်သက်အရွယ်ကလေးသည် အိမ်ပြန်ချိန်နောက်ဆုတ်ပေးရန်စသည်ဖြင့် အရာတစ်ခုကို တောင်းဆိုသည်။ ယင်းကို သင်ချက်ချင်းငြင်းလိုက်၏။ ထိုအခါ “အဖေတို့က သားကို ကလေးလိုပဲ ဆက်ဆံတယ်” ဟု မြီးကောင်ပေါက်အရွယ်ကလေးက ညည်းညူသည်။ “မင်းက ကလေးလိုလုပ်နေတာကိုး” ဟုသင်ပြန်မပြောမီ ဤအချက်ကိုစဉ်းစားကြည့်ပါ– ဆယ်ကျော်သက်များသည် သူတို့ရသင့်သည်ထက် ပို၍လွတ်လပ်မှုတောင်းဆိုတတ်ပြီး မိဘများကလည်း သူတို့ပေးသင့်သလောက် လွတ်လပ်မှုမပေးလိုကြပေ။ သူ့အား ပို၍လွတ်လပ်မှုပေးရန် မကြာမကြာစဉ်းစားပေးနိုင်မည်လော။ အနည်းဆုံး သင့်ဆယ်ကျော်သက်အရွယ်သားသမီး၏ ရှုမြင်ပုံကို စဉ်းစားပေးပါလေ။

ဤအရာကိုကြိုးစားကြည့်ပါ– သင့်မြီးကောင်ပေါက်အရွယ်သားသမီးအား လွတ်လပ်မှုအနည်းငယ် တိုးပေးနိုင်သည့် ကဏ္ဍတစ်ခုနှစ်ခုကို ချရေးကြည့်ပါ။ ဤလွတ်လပ်မှုကို အစမ်းသဘောဖြင့် တိုးပေးခြင်းဖြစ်ကြောင်း၊ ယင်းကို တာဝန်သိသိဖြင့် ကိုင်တွယ်အသုံးပြုနိုင်ပါက အချိန်တန်သော် ပို၍ရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက ပေးထားသောလွတ်လပ်မှုများကို ပြန်ရုပ်သိမ်းမည်ဖြစ်ကြောင်း သူ့ကို ရှင်းပြပါ။—မဿဲ ၂၅:၂၁

ကောလောသဲ ၃:၂၁– “အဖဖြစ်သူတို့၊ သားသမီးများ ဒေါသထွက်ရန် မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် စိတ်ပျက်အားငယ်ကြလိမ့်မည်။” မိဘအချို့သည် သူတို့၏ဆယ်ကျော်သက်အရွယ်သားသမီးကို အထိန်းအချုပ်လွန်ကြသည်။ မိမိတို့ရှိစေလိုသောလမ်းကြောင်းပေါ်တွင် ရှိနေစေရန် သူ့ကိုမျက်စိဒေါက်ထောက်ကြည့်ကြသည်။ မည်သူနှင့်ပေါင်းရမည်ကို ရွေးပေးပြီး ဖုန်းပြောလျှင်လည်း တိတ်တဆိတ်နားထောင်ကြသည်။ သို့သော် ထိုနည်းများက ထင်သလိုဖြစ်မလာစေပေ။ ထိုသို့အကျဉ်းချထားခြင်းဖြင့် သူသည် ထိုအခြေအနေများမှလွတ်လမ်းကို ပို၍ရှာလာပေမည်၊ သူ၏သူငယ်ချင်းများကို သင် အမြဲအပြစ်ရှာဝေဖန်ပါက သူတို့ကို သူပို၍ကာကွယ်ပေးလာပေမည်၊ ဖုန်းပြောခြင်းကို တိတ်တဆိတ်နားထောင်ခြင်းကလည်း သင်မသိနိုင်သောအခြားနည်းများဖြင့် ဆက်သွယ်ရန် သူ့ကိုလှုံ့ဆော်ပေးပေမည်။ သူ့ကိုထိန်းချုပ်နိုင်ရန် ပို၍ကြိုးပမ်းလေ နောက်ဆုံး ပို၍မထိန်းချုပ်နိုင်လေသာ ဖြစ်ပေမည်။ သင်၏ဆယ်ကျော်သက်အရွယ်သားသမီးသည် သင်နှင့်အတူနေထိုင်စဉ် ဘယ်တော့မျှ မိမိဘာသာ ဆုံးဖြတ်ချက်မချတတ်လာလျှင် အိမ်ခွဲသွားပြီးနောက် မည်သို့ချတတ်လာပါမည်နည်း။

ဤအရာကိုကြိုးစားကြည့်ပါ– နောက်တစ်ကြိမ် သင့်ဆယ်ကျော်သက်အရွယ်သားသမီးနှင့် ကိစ္စတစ်ခုအကြောင်း ပြောဆိုချိန်တွင် သူ၏ရွေးချယ်မှုများက သူ့အပေါ် မည်သို့အကျိုးသက်ရောက်နိုင်ကြောင်း ဆင်ခြင်နိုင်ရန် ကူညီပေးပါ။ ဥပမာ၊ သူ၏သူငယ်ချင်းများကို ဝေဖန်မည့်အစား “တကယ်လို့ [အမည်] က ဥပဒေချိုးဖောက်လို့ အဖမ်းခံရတယ်ဆိုရင် တခြားသူတွေက သားကို ဘယ်လိုမြင်လာကြမလဲ” ဟုမေးပါ။ သူ၏ရွေးချယ်မှုများသည် သူ့ကို နာမည်ကောင်းရစေသကဲ့သို့ နာမည်ပျက်စေနိုင်ကြောင်း သူသိမြင်လာရန် ကူညီပေးပါ။—သု. ၁၁:၁၇၊ ၂၂; ၂၀:၁၁

ဧဖက် ၆:၄– ‘သားသမီးများကို စိတ်ဆိုးစေရန် မပြုကြနှင့်။ ယေဟောဝါဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူလျက်နေကြလော့။’ မူရင်းဂရိစကားတွင် “စိတ်သဘောတော်အတိုင်း” မွေးမြူခြင်းဟူသောစကားစုသည် စိတ်ပိုင်းဆိုင်ရာကို တည့်မတ်ပေးရန်ကြိုးစားသည့်ဖြစ်စဉ်ကို ရည်ညွှန်း၏။ ယင်းတွင် အချက်အလက်များကို သိစေခြင်းထက်မကပါဝင်သည်။ ထို့ကြောင့် သားသမီးတို့အား ကိုယ်ကျင့်တရားဆိုင်ရာအသိစိတ်နှင့်အညီ ပြုမူတတ်ရန် ထိန်းကျောင်းပဲ့ပြင်ပေးခြင်းကို ဆိုလိုသည်။ အထူးသဖြင့် သင့်သားသမီး မြီးကောင်ပေါက်အရွယ်ရောက်လာသောအခါ ထိုသို့ပြုရန် လိုအပ်သည်။ “သင့်သားသမီးတွေ ကြီးပြင်းလာလေ သင့်ချဉ်းကပ်ပုံကို ပြောင်းလဲဖို့နဲ့ သူတို့နဲ့ကျိုးကြောင်းဆင်ခြင်ဖို့ ပိုလိုအပ်လာလေပဲ” ဟု အန္ဒြေအမည်ရှိဖခင်တစ်ဦးဆို၏။—၂ တိမောသေ ၃:၁၄

ဤအရာကိုကြိုးစားကြည့်ပါ– ပြဿနာတစ်ရပ်ပေါ်ပေါက်ပါက သင်၏ဆယ်ကျော်သက်အရွယ်သားသမီးနှင့် နေရာလဲကြည့်ရန် ကြိုးစားပါ။ ထို့နောက် သင်သာ သူ၏သားသမီးဖြစ်မည်ဆိုလျှင် သင့်ကို သူမည်သို့အကြံပေးမည်နည်းဟု မေးကြည့်ပါ။ သူ့ အယူအဆကို ထောက်ခံသည့် သို့မဟုတ် မထောက်ခံသည့် အကြောင်းပြချက်များကို ကိုယ်တိုင်သုတေသနပြုစေပါ။ တစ်ပတ်အတွင်းတွင် ထိုအကြောင်းအရာကို ပြန်ဆွေးနွေးပါ။

ဂလာတိ ၆:၇– “လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။” ကလေးတစ်ဦးအား အခန်းတွင်းသို့ဝင်စေခြင်း သို့မဟုတ် သူအလွန်ကြိုက်နှစ်သက်သည့်အရာများကို ပေးမလုပ်ခြင်းစသည့် အပြစ်ပေးသည့်နည်းဖြင့် သွန်သင်ပေးနိုင်သည်။ သို့သော် မြီးကောင်ပေါက်တစ်ဦးကိုမူ ဖြစ်ပေါ်လာမည့်အကျိုးဆက်များဖြင့် သွန်သင်ပေးရန် သင်ပို၍တွေးတောသင့်သည်။—သု. ၆:၂၇

ဤအရာကိုကြိုးစားကြည့်ပါ– သူ၏အကြွေးများကို ဆပ်ပေးခြင်း သို့မဟုတ် အတန်းတွင် အဆင့်ကျသည့်အတွက် သူ၏ဆရာကို အကြောင်းပြချက်ပေးခြင်းတို့ ပြုလုပ်ခြင်းဖြင့် သူ၏အခက်အခဲကို မဖြေရှင်းပေးပါနှင့်။ အကျိုးဆက်ကို သူ့အားခံစားစေပါ၊ သို့ဖြင့် တစ်သက်တာလုံးအတွက် မှတ်သားလောက်ဖွယ် သင်ခန်းစာရရှိပေမည်။

မိဘတစ်ဦးအနေဖြင့် သင်၏မြီးကောင်ပေါက်အရွယ် သားသမီးသည် ပြေးလမ်းပေါ်ရှိလေယာဉ်ကဲ့သို့ပင် ချက်ချင်းအရှိန်မြှင့်ကာ လူကြီးဘဝသို့ ချောမောစွာ အလျင်အမြန်ကူးပြောင်းသွားခြင်းမျိုး သင်ဖြစ်စေလိုပေမည်။ သို့သော် လူကြီးဘဝသို့ကူးပြောင်းခြင်းသည် ထိုမျှချောမောလေ့မရှိပေ။ သို့တိုင် သင့်ကလေး၏မြီးကောင်ပေါက်အရွယ်က သင့်အား “သူငယ်ကို မိမိသွားရမည်လမ်းအတိုင်း သွန်သင်ပဲ့ပြင်” ပေးရန် အံ့ဖွယ်အခွင့်အရေး ရရှိစေပါလိမ့်မည်။ (သု. ၂၂:၆) ကျမ်းစာမူများသည် ပျော်ရွှင်သောမိသားစုဘဝ တည်ဆောက်နိုင်ရန် အခြေခံအုတ်မြစ်ကောင်းပင်ဖြစ်ပေသည်။

^ အပိုဒ်၊ 3 အမည်ပြောင်းထားသည်။

^ အပိုဒ်၊ 19 သင့်ကလေးကို ယောက်ျားလေးအဖြစ် ကျွန်ုပ်တို့ရည်ညွှန်းမည်ဖြစ်သော်လည်း ဆွေးနွေးထားသောမူများသည် မိန်းကလေးများနှင့်လည်း သက်ဆိုင်ပါသည်။

မိမိကိုယ်ကိုမေးပါ . . .

ငါ့ရဲ့ မြီးကောင်ပေါက်အရွယ်သားသမီး အိမ်ခွဲသွားတဲ့ အချိန်ကျရင် ဒါတွေကို လုပ်နိုင်ပါ့မလား–

  • မှန်မှန်ကန်ကန် ရွေးချယ်ဆုံးဖြတ်နိုင်မလား

  • တခြားသူတွေနဲ့ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်သွယ်နိုင်မလား

  • တစ်ကိုယ်ရေကျန်းမာရေးကို ဂရုစိုက်နိုင်မလား

  • ကိုယ်ပိုင်ငွေကြေးကို စီမံခန့်ခွဲနိုင်မလား

  • အိမ် ဒါမှမဟုတ် အခန်းကို သန့်သန့်ရှင်းရှင်း ထိန်းသိမ်းထားနိုင်မလား

  • ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနိုင်မလား