မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာသည် ကျွန်ုပ်တို့ခေတ်အတွက် အဘယ်ကြောင့်လက်တွေ့ကျ

ကျမ်းစာသည် ကျွန်ုပ်တို့ခေတ်အတွက် အဘယ်ကြောင့်လက်တွေ့ကျ

ကျမ်းစာသည် ကျွန်ုပ်တို့ခေတ်အတွက် အဘယ်ကြောင့်လက်တွေ့ကျ

‘ကျမ်းစာရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် . . . အကျိုးရှိ၏။’—၂ တိမောသေ ၃:၁၆

ရာစုနှစ်များတစ်လျှောက် သမ္မာကျမ်းစာသည် ယဉ်ကျေးမှုအသီးသီးမှလူတို့ကို သူတို့၏ဘဝလမ်းစဉ်များ ပိုမိုကောင်းမွန်လာစေရန် ပြုပြင်ပြောင်းလဲဖို့ စေ့ဆော်ပေးခဲ့ပြီ။ ထိုသို့ထိရောက်မှုရှိရခြင်းမှာ ကျမ်းစာတွင်ပါသော ဉာဏ်ပညာသည် ဘုရားသခင်ထံမှလာသောကြောင့်ဖြစ်၏ဟု အထက်ပါကျမ်းချက်က ရှင်းပြသည်။ ကျမ်းစာကို လူတို့ရေးခဲ့သော်လည်း ယင်းသည် ဘုရားသခင်၏အတွေးအခေါ်များကို ဖော်ပြပေးသည်။ “သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို လူတို့ပရောဖက်ပြုခြင်းဖြစ်၏” ဟုကျမ်းစာရှင်းပြသည်။—၂ ပေတရု ၁:၂၁

ကျမ်းစာသည် အနည်းဆုံးနည်းနှစ်နည်းကြောင့် လက်တွေ့ကျလမ်းညွှန်စာအုပ်ဖြစ်၏။ ပထမ၊ ယင်းသည် ပိုမိုကောင်းမွန်သောဘဝလမ်းစဉ်တွင် အဘယ်အရာပါဝင်ကြောင်း အရှိကိုအရှိအတိုင်းရှုမြင်စေသည်။ ဒုတိယ၊ ယင်းသည် ပို၍ကောင်းမွန်သောဘဝရရှိနိုင်ရန် လိုအပ်သောပြောင်းလဲမှုများလုပ်ဆောင်ဖို့ လူတို့ကိုလှုံ့ဆော်ပေးနိုင်သော တန်ခိုးရှိသည်။ ထိုကဏ္ဍနှစ်ရပ်ကို သုံးသပ်ကြည့်ကြစို့။

လက်တွေ့ကျသောပန်းတိုင်များကို ထိုးထွင်းသိမြင်ပါ

“ငါသည် သင့်ကို ထိုးထွင်းသိမြင်နိုင်စွမ်းပေးမည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကိုအကြံပေးမည်” ဟုကျမ်းစာတွင် ဘုရားသခင်ကတိပြုသည်။ (ဆာလံ ၃၂:၈ကဘ) ဘုရားသခင်သည် အကြံဉာဏ်ကိုသာမက အခြေအနေကို အတွင်းကျကျ သိမြင်နိုင်စွမ်းဖြစ်သော ထိုးထွင်းသိမြင်မှုကိုပါ ပေးထားကြောင်း သတိပြုပါ။ အဘယ်ပန်းတိုင်များသည် အမှန်အကျိုးရှိကြောင်း ထိုးထွင်းသိမြင်ခြင်းက တန်ဖိုးမဲ့သောလိုက်စားမှုများတွင် ကျွန်ုပ်တို့၏ဘဝကို မဖြုန်းတီးမိစေရန် ကာကွယ်ပေးနိုင်သည်။

ဥပမာ၊ လူများစွာ၏ အဓိကဘဝပန်းတိုင်မှာ ဘဝတွင် ထင်ပေါ်ကျော်ကြားရန်၊ ကြီးပွားရန်ဖြစ်သည်။ အကြံပေးလမ်းညွှန်စာအုပ်များကလည်း ထင်ပေါ်ကျော်ကြားရန် သို့မဟုတ် ချမ်းသာရန် အခြားသူတို့အား မည်သို့တစ်ပတ်ရိုက်ရမည်ကို ဖော်ပြသည်။ သို့သော် ကျမ်းစာကဤသို့ဆို၏– ‘လူတို့သည် အချင်းချင်းငြူစူဘက်ပြိုင်ကြောင်းကို ငါသိမြင်၏။ ထိုအမှုအရာသည် အချည်းနှီးအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။’ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။” (ဒေ. ၄:၄သမ္မာ; ၅:၁၀) ထိုအကြံဉာဏ်သည် ယနေ့ခေတ်မှ ကျွန်ုပ်တို့အတွက် လက်တွေ့ကျပါသလော။

ကျမ်းစာအကြံဉာဏ်၏လက်တွေ့ကျပုံကို သိနိုင်ရန် ဂျပန်နိုင်ငံမှ အာကီနိုရီ၏ဖြစ်ရပ်ကို သုံးသပ်ကြစို့။ သူသည် အကြိတ်အနယ်ကြိုးစားယှဉ်ပြိုင်ပြီးနောက် ထိပ်တန်းတက္ကသိုလ်တစ်ခုမှဘွဲ့ယူ၍ နာမည်ကြီးလုပ်ငန်း၌ အလုပ်လုပ်မည်ဟူသောပန်းတိုင်ကို အောင်မြင်စွာဆွတ်ခူးနိုင်ခဲ့သည်။ သူ့အတွက် အရာရာအဆင်ပြေနေပုံရသည်။ သို့သော် သူ၏အောင်မြင်မှုက သူမျှော်လင့်ခဲ့သော ပျော်ရွှင်မှုမရရှိစေပါ။ ယင်းအစား စိတ်ဖိစီးမှုနှင့် မောပန်းနွမ်းလျမှုတို့ကြောင့် ကျန်းမာရေးချို့တဲ့လာသည်။ အလုပ်ခွင်မှမိတ်ဆွေများကလည်း သူ့ကို နှစ်သိမ့်ပေးခြင်းမရှိသလောက်ပင်။ ထို့ကြောင့် သူ စိတ်ဓာတ်ကျကာ အရက်စွဲလာပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရန်ပင် စဉ်းစားခဲ့သည်။ ထို့နောက် သူသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာခဲ့သည်။ သင်ယူသိရှိခဲ့ရာများကြောင့် ဘဝတွင် အရေးကြီးသောအရာနှင့်ပတ်သက်သည့် သူ၏ရှုမြင်ပုံ ပြောင်းလဲသွားသည်။ မကြာမီ၊ စိတ်ဖိစီးမှုကြောင့်ခံစားရသောရောဂါများ ပျောက်ကင်းသွားသည်။ သူ့စိတ်တွင် မာန်မာနနှင့်ရည်မှန်းချက်ကြီးခြင်းတို့ ပြည့်နေမည့်အစား ‘ကျန်းမာသောနှလုံးသည် အသက်ရှင်စေသည်’ ဟူသောကျမ်းစကား၏မှန်ကန်မှုကို မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရသည်။—သု. ၁၄:၃၀

ဘဝတွင် လက်တွေ့အကျဆုံးပန်းတိုင်မှာ အဘယ်အရာဖြစ်သည်ဟု သင်ထင်သနည်း။ အဘယ်အောင်မြင်မှုက သင့်ကို အမှန်တကယ်ပျော်ရွှင်စေမည်နည်း။ သာယာသောအိမ်ထောင်ကို ပိုင်ဆိုင်ခြင်းလော။ သင့်သားသမီးများ၏ဘဝကို အစကောင်းစေခြင်းလော။ မိတ်ဆွေများစွာ ဖွဲ့ခြင်းလော။ ဘဝတွင် ပျော်ပျော်နေခြင်းလော။ ယင်းတို့အားလုံးသည် အလွန်ကောင်းသောပန်းတိုင်များဖြစ်သည်။ သို့သော် ယင်းတို့ကို ဘဝ၏အဓိကရည်ရွယ်ချက်များအဖြစ် မရှုမြင်သင့်ကြောင်း ကျမ်းစာတိုက်တွန်းသည်။ ဘဝကိုကျေနပ်ရောင့်ရဲစေသော အခြေခံလိုအပ်ချက်ကို ကျမ်းစာက ထိုးထွင်းသိမြင်မှုရှိစွာ ဤသို့ဆိုသည်– “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။” (ဒေ. ၁၂:၁၃) ထိုတာဝန်ကို ကျွန်ုပ်တို့လျစ်လျူရှုပါက ဘဝသည် အဓိပ္ပာယ်မဲ့ပြီး စိတ်ပျက်စရာဖြစ်လာမည်ပင်။ သို့ရာတွင် “ယေဟောဝါကိုကိုးစားသောသူသည် ပျော်ရွှင်၏” ဟုကျမ်းစာအာမခံသည်။—သု. ၁၆:၂၀ကဘ။

ကျမ်းစာသည် လူတို့ကို ပြုပြင်ပြောင်းလဲရန် စေ့ဆော်ပေးပုံ

‘ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏’ ဟုတမန်တော်ပေါလုရေးခဲ့သည်။ ကျမ်းစာသည် ထက်သောသန်လျက်ကဲ့သို့ လူတစ်ဦး၏ စိတ်နှလုံးအကြံအစည်များကို ထိုးထွင်းသိမြင်နိုင်၏။ (ဟေဗြဲ ၄:၁၂) ကျမ်းစာသည် လူတို့၏အသက်ရှင်နေထိုင်ပုံကို ပြောင်းလဲစေနိုင်သော တန်ခိုးရှိသည်၊ အကြောင်းမှာ မိမိတို့သည် အဘယ်လူစားမျိုးဖြစ်ကြောင်းကို မိမိတို့စိတ်အထင်အတိုင်းမဟုတ်ဘဲ အမှန်အတိုင်းသိမြင်စေရန် ကူညီပေးသောကြောင့်ဖြစ်၏။ ထိုအခါ စိတ်ရင်းမှန်သူများသည် မိမိတို့ပြုပြင်ပြောင်းလဲဖို့လိုကြောင်း သိမြင်လာပေလိမ့်မည်။ ဥပမာ၊ ရှေးခေတ်မှကောရိန္သုအသင်းတော်တွင် တစ်ချိန်က သူ့ဥစ္စာကိုခိုးသူ၊ သောက်ကြူးသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူများဖြစ်ခဲ့သော ခရစ်ယာန်တို့နှင့်ပတ်သက်၍ ပေါလုဤသို့ဆိုသည်– “သင်တို့ထဲမှအချို့သည် ယခင်က ထိုသို့သောသူများ ဖြစ်ကြ၏။ သို့သော် . . . ငါတို့ဘုရားသခင်၏ စွမ်းအားတော်အားဖြင့် . . . သင်တို့သည် ဆေးကြောသန့်စင်ခြင်းခံရ. . .ကြပြီ။” (၁ ကောရိန္သု ၆:၉-၁၁) ယနေ့လည်း ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော်သည် တက်ကြွလှုပ်ရှားပြီး တန်ခိုးရှိဆဲဖြစ်သည်၊ လိုအပ်သောပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လူတို့ကို စေ့ဆော်ပေးနိုင်သည်။

ဥရောပတွင်နေထိုင်သော မာရိုသည် ကြမ်းတမ်းရမ်းကားသူ၊ ဆေးလိပ်သောက်သူ၊ ဆေးခြောက်ရောင်းသူဖြစ်၏။ တစ်ကြိမ်တွင် ရဲသားတစ်ဦးက သူ၏မူးယစ်ဆေးများကို သိမ်းလိုက်သောအခါ သူအလွန်ဒေါသထွက်ပြီး ရဲသားကိုဆဲဆိုကာ ရဲ၏ကားကိုဖျက်ဆီးပစ်ခဲ့သည်။ ထို့ပြင် မာရိုသည် အလုပ်လက်မဲ့ဖြစ်ပြီး အကြွေးနစ်နေသည်။ ပြဿနာများကို သူ့ဘာသာသူမဖြေရှင်းနိုင်ကြောင်း သိသောကြောင့် ကျမ်းစာလေ့လာရန် သဘောတူခဲ့သည်။ သူတိုးတက်လာသည်နှင့်အမျှ သူ့အသွင်အပြင်မှာ သန့်ရှင်းလာသည်၊ မူးယစ်ဆေးသုံးစွဲရောင်းဝယ်သည်ကို ရပ်တန့်လိုက်ပြီး ကြမ်းတမ်းရမ်းကားမှုများကိုလည်း စွန့်ခဲ့သည်။ သူ၏အကျင့်ဟောင်းကို သိရှိသူများသည် အံ့အားသင့်ကာ “ခင်ဗျားက မာရိုမှဟုတ်ရဲ့လား” ဟုမေးကြသည်။

ဘဝလမ်းစဉ်ဟောင်းကို လုံးဝပြောင်းလဲပြီး စစ်မှန်သောကျေနပ်ရောင့်ရဲမှုရှာတွေ့ကာ အသက်ရှင်ရသည်ကိုပျော်မွေ့ရန် အာကီနိုရီနှင့်မာရိုကဲ့သို့သောပုဂ္ဂိုလ်များအား အဘယ်အရာက လှုံ့ဆော်ပေးသနည်း။ ကျမ်းစာလေ့လာရာမှသိရှိလာသည့် ဘုရားသခင်နှင့်ပတ်သက်သောအသိပညာက လှုံ့ဆော်ပေးခြင်းဖြစ်၏။ လက်ရှိဘဝတွင် ပျော်ရွှင်နိုင်ရန်နှင့် အနာဂတ်တွင် ထာဝရအသက်ရမည့်မျှော်လင့်ချက်ရှိရန် လိုအပ်သောလက်တွေ့ကျလမ်းညွှန်ချက်ကို ဘုရားသခင်သာ ပေးနိုင်သည်။ ယေဟောဝါဘုရားသခင်သည် ဖခင်တစ်ဦးသဖွယ် ကျွန်ုပ်တို့အား ကျမ်းစာမှတစ်ဆင့် ဤသို့ဆိုသည်– “ငါ့သား ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင် သင့်အသက်နှစ်ပေါင်းများလိမ့်မည်။ . . . လျှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။ ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထားလော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။” (သု. ၄:၁၀-၁၃) ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထံမှ လမ်းညွှန်ချက်ထက် သာ၍လက်တွေ့ကျသောလမ်းညွှန်ချက် ရှိနိုင်ပါဦးမည်လော။

[စာမျက်နှာ ၇ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

ယနေ့အတွက် လက်တွေ့ကျလမ်းညွှန်

မျက်မှောက်ခေတ်ဘဝကဏ္ဍအသီးသီးတွင် ကျွန်ုပ်တို့ကိုလမ်းညွှန်နိုင်သော အခြေခံကျ၍လက်တွေ့ကျသောမူများကို ကျမ်းစာတွင် ဖော်ပြထားသည်။ အောက်ပါတို့မှာ နမူနာအချို့ဖြစ်၏–

အခြားသူတို့နှင့် ဆက်ဆံရေးကောင်းမွန်ခြင်း

“ထို့ကြောင့် သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”—မဿဲ ၇:၁၂

“သင်တို့တွင် အငယ်ဆုံးသောသူကဲ့သို့ ကျင့်ကြံသူသည် ကြီးမြတ်သောသူဖြစ်၏။”—လုကာ ၉:၄၈

“ဧည့်သည်ဝတ်ကို ပြုမြဲပြုကြလော့။” —ရောမ ၁၂:၁၃

အကျင့်ဆိုးများကို အောင်မြင်ကျော်လွှားခြင်း

“ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” —သု. ၁၃:၂၀

“စပျစ်ရည်သောက်ကြူးသောသူ . . . တို့ကို အပေါင်းအဖော်မလုပ်နှင့်။”—သု. ၂၃:၂၀

“စိတ်တိုသောသူကို မိတ်ဆွေ မဖွဲ့နှင့်။”—သု. ၂၂:၂၄

ခိုင်မြဲသောအိမ်ထောင်ကို တည်ဆောက်ခြင်း

“သင်တို့အသီးသီးသည် ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ကိုယ့်ဇနီးကို ချစ်ကြလော့။ ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေ သင့်၏။”—ဧဖက် ၅:၃၃

“သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။ တစ်ဦးနှင့် တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။”—ကောလောသဲ ၃:၁၂၊ ၁၃

သားသမီးများကို ကူညီခြင်း

“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။” —သု. ၂၂:၆

‘အဖဖြစ်သူတို့၊ သားသမီးများကို စိတ်ဆိုးစေရန် မပြုကြနှင့်။ ယေဟောဝါဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူလျက်နေကြလော့။’—ဧဖက် ၆:၄

အငြင်းပွားမှုများကိုရှောင်ခြင်း

“ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုနှိုးဆော်တတ်၏။”—သု. ၁၅:၁

“အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။” —ရောမ ၁၂:၁၀

မိတ်ဆွေများဖြစ်လျှင်ပင် သဘောတူညီမှုစာချုပ်ချုပ်ဆိုခြင်းက စီးပွားရေးနှင့်ဆိုင်သောအငြင်းပွားမှုများကို ရှောင်ရှားနိုင်လေ့ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏ကျေးကျွန်ယေရမိက “စာချုပ်ကိုလည်းစီရင်၍ တံဆိပ်ခတ်ပြီးမှ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏” ဟုရေးခဲ့သည်။—ယေရမိ ၃၂:၁၀

အပြုသဘောမွေးမြူခြင်း

“မှန်ကန်သောအရာရှိသမျှ၊ . . . ချစ်ဖွယ်သောအရာရှိသမျှ၊ အသရေရှိသောအရာရှိသမျှ၊ မွန်မြတ်သောအရာရှိသမျှ၊ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို ဆက်၍ဆင်ခြင်သုံးသပ်ကြလော့။”—ဖိလိပ္ပိ ၄:၈

ကျမ်းစာသည် အပျက်သဘောရှိခြင်း၊ “မိမိတို့၏ဘဝအခြေအနေကို မကျေမနပ် ညည်းညူမြည်တမ်း” ခြင်းကို အားမပေးပါ။ ယင်းအစား “မျှော်လင့်ခြင်း၌ ဝမ်းမြောက်ကြလော့” ဟုအားပေးထားသည်။—ယုဒ ၄၊ ၁၆; ရောမ ၁၂:၁၂

ထိုအကြံဉာဏ်ကောင်းများကို လိုက်နာခြင်းသည် ယခု လောလောဆယ်တွင် ငြိမ်သက်မှု၊ ကျေနပ်ရောင့်ရဲမှုခံစားစေရုံ သာမက ဘုရားသခင့်တောင်းဆိုချက်ကို ပြည့်မီစေပြီး ကိုယ်တော့်ကောင်းချီး ခံစားရစေသည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်[မြေကြီး]ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဟုကျမ်းစာဆိုသည်။—ဆာလံ ၃၇:၂၉

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အာကီနိုရီ စီးပွားရေးသမားဖြစ်ခဲ့စဉ် (ဘယ်ဘက်ပုံ) ယခု၊ ဇနီးနှင့်အတူ ကျမ်းစာအမှန်တရားကို ပျော်ရွှင်စွာဝေမျှနေ