သင့်ကို နေ့စဉ်စကားပြောဆိုရန် ဘုရားသခင်အား သင် အခွင့်ပေးပါသလော
သင်သည် မှန်ကို အကြိမ်မည်မျှ ကြည့်သနည်း။ ကျွန်ုပ်တို့အများစုသည် နေ့စဉ် မှန်ကြည့်သောအကျင့်ရှိပြီး အကြိမ်ပေါင်းများစွာ ကြည့်ကောင်းကြည့်ကြပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏ရုပ်သွင် မည်သို့ရှိသည်ကို သိလိုသောကြောင့် ဖြစ်၏။
သမ္မာကျမ်းစာ ဖတ်ရှုခြင်းကို မှန်ကြည့်ခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။ (ယာကုပ် ၁:၂၃-၂၅) ကျမ်းစာတွင် မှတ်တမ်းတင်ထားသော သတင်းတရားသည် ကျွန်ုပ်တို့ အမှန်တကယ် အဘယ် လူစားမျိုးဖြစ်ကြောင်း သိမြင်စေနိုင်သည့်အစွမ်း ရှိသည်။ ယင်းသည် “လူ့အပြင်ပန်းနှင့် အတွင်းသဘောကို . . . ခွဲခြား၍ ထွင်းဖောက်တတ်၏။” (ဟေဗြဲ ၄:၁၂) တစ်နည်းဆိုရလျှင် ကျွန်ုပ်တို့သည် အပြင်ပန်းအရ အဘယ်လူစားမျိုး ဖြစ်ပုံရပြီး အတွင်း၌မူ အဘယ်လူစားမျိုး ဖြစ်နေသည်ကို ခွဲခြားပေးသည်။ ကျမ်းစာသည် မှန်ကဲ့သို့ပင် မည်သည့်နေရာတွင် ပြုပြင်ပြောင်းလဲဖို့လိုကြောင်း ဖော်ပြသည်။
ကျွန်ုပ်တို့ မည်သည့်နေရာတွင် ပြုပြင်ပြောင်းလဲဖို့ လိုသည်ကိုသာမက မည်သို့ ပြုပြင်ပြောင်းလဲနိုင်သည်ကိုလည်း ကျမ်းစာက ဖော်ပြသည်။ တမန်တော်ပေါလု ဤသို့ရေးသည်– ‘ကျမ်းစာရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန် ဆုံးမခြင်းတို့တွင် အကျိုးရှိ၏။’ (၂ တိမောသေ ၃:၁၆၊ ၁၇) ထိုတွင်ဖော်ပြထားသော အကျိုးကျေးဇူး လေးခုအနက် သုံးခုဖြစ်သော အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဆုံးမခြင်းတို့သည် ကျွန်ုပ်တို့၏သဘောထားနှင့် လုပ်ရပ်တို့တွင် ပြုပြင်ပြောင်းလဲခြင်း ပါဝင်ကြောင်း သတိပြုပါ။ ကျွန်ုပ်တို့၏ရုပ်သွင် သန့်ရှင်းသပ်ရပ်နေမနေ သိနိုင်ရန် မှန်ကို ပုံမှန်ကြည့်ဖို့ လိုလျှင် သမ္မာကျမ်းစာကို ပုံမှန်ဖတ်ရှုရန် သာ၍ပင် အရေးကြီးလှသည်။
အစ္စရေးလူမျိုးကို ဦးဆောင်ရန် ယောရှုကို ခန့်အပ်ချိန်တွင် ယေဟောဝါဘုရားသခင် ဤသို့မိန့်ဆိုသည်– “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလို့ငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။” (ယောရှု ၁:၈) မှန်ပါသည်၊ ယောရှုသည် အောင်မြင်မှု ရနိုင်ရန် သမ္မာကျမ်းစာကို “နေ့ညမပြတ်” ပုံမှန်ဖတ်ရှုဖို့ လိုသည်။
ကျမ်းစာကို ပုံမှန်ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဆာလံကျမ်း အခန်းကြီးတစ်တွင်လည်း ဤသို့ဖော်ပြသည်– ‘မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ယေဟောဝါ၏ တရားတော်ကို မွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် [ပျော်ရွှင်]၏။ အကြောင်းမူကား ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကို သီး၍ အရွက် မညှိုးနွမ်းတတ်သော အပင်နှင့် တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်မည်။’ (ဆာလံ ၁:၁-၃) ကျွန်ုပ်တို့သည် ထိုပုဂ္ဂိုလ်နည်းတူ အမှန်ဖြစ်လိုလှ၏။
လူများစွာသည် ကျမ်းစာကို နေ့စဉ်ဖတ်ရှုသည့်အကျင့် မွေးကြသည်။ ကျမ်းစာကို အဘယ်ကြောင့် နေ့စဉ်ဖတ်ရှုကြောင်း အမေးခံရသော ခရစ်ယာန်တစ်ဦးက ဤသို့ဖြေသည်– “တစ်နေ့တာအတွင်း ဘုရားသခင်ဆီ ကျွန်တော် အကြိမ်ကြိမ် ဆုတောင်းတဲ့အခါ ကိုယ်တော် နားထောင်မှာကို မျှော်လင့်တယ်ဆိုရင် ကိုယ်တော် စကားပြောတာကို နားထောင်ဖို့လည်း ကျမ်းစာကို နေ့စဉ်ဖတ်ရှုသင့်တယ် မဟုတ်လား။ မိတ်ဆွေကောင်းဖြစ်ချင်ရင် ကိုယ်ကပဲ ဒိုင်ခံပြောနေမဲ့အစား အပြန်အလှန် ပြောဆိုရမယ်။” ကျမ်းစာ ဖတ်ရှုခြင်းသည် ဘုရားသခင် စကားပြောသည်ကို နားထောင်ခြင်းနှင့် တူသည်ဟု သူဆိုလိုနေခြင်း ဖြစ်၏။ အကြောင်းမှာ ထိုသို့ဖတ်ရှုခြင်းဖြင့်သာ ကိစ္စရပ်များအပေါ် ကိုယ်တော်၏ ရှုမြင်ပုံကို သိရှိရသောကြောင့် ဖြစ်၏။
စိန်ခေါ်ချက်ကို အောင်မြင်ကျော်လွှားခြင်း
သင်သည် ကျမ်းစာဖတ်ရှုသည့် အစီအစဉ်ကို စတင်ရန် ကြိုးစားနှင့်ပြီး ဖြစ်ပေမည်။ ကျမ်းစာတစ်အုပ်လုံးကို အစအဆုံး ဖတ်ရှုပြီးပြီလော။ ယင်းက ကျမ်းစာပါ အကြောင်းအရာများနှင့် အကျွမ်းတဝင်ဖြစ်စေသော အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ သို့သော် အချို့က ကျမ်းစာတစ်အုပ်လုံးကို အစအဆုံး ဖတ်ရှုရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး အတန်ကြာသော် ဆက်မဖတ်ဖြစ်တော့ပေ။ သင်သည် ထိုစိန်ခေါ်ချက်ကို ရင်ဆိုင်နေရသလော။ ကျမ်းစာတစ်အုပ်လုံးကို အပြီးဖတ်သည့်ပန်းတိုင်သို့ ရောက်ရန် သင် အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။ အောက်ပါအကြံပြုချက်နှစ်ခုကို ကြိုးစားလုပ်ဆောင်ကြည့်ပါ။
သင်၏ နေ့စဉ်လုပ်ငန်းဆောင်တာတွင် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်ကို ပါဝင်စေပါ။ နေ့စဉ် ကျမ်းစာဖတ်ရှုရန် သင် အနှစ်သက်ဆုံးဖြစ်မည့် အချိန်ကို ရွေးချယ်ပါ။ အရန်အစီအစဉ်တစ်ခုကိုလည်း ရေးဆွဲပါ။ အကြောင်းရင်းအချို့ကြောင့် သင်နှစ်သက်သောအချိန်တွင် ကျမ်းစာကို မဖတ်ဖြစ်ခဲ့လျှင် အရန်သတ်မှတ်ထားချိန်တွင် ဖတ်ရှုပါ၊ သို့မှသာ ကျမ်းစာ မဖတ်ရှုဘဲ တစ်နေ့တာ ကုန်လွန်သွားသည့်အဖြစ်မျိုး ရောက်မည်မဟုတ်ပါ။ ဤနည်းဖြင့် သင်သည် ရှေးခေတ်ဗေရိမြို့သားများ၏ ပုံနမူနာကို တုပနိုင်ပါလိမ့်မည်။ သူတို့နှင့်ပတ်သက်၍ ကျမ်းစာ ဤသို့ဆိုသည်– “[သူတို့သည်] အလွန်ကြည်ဖြူလိုလားသောစိတ်နှင့် [ဘုရားသခင့်] စကားတော်ကို ခံယူ၍ ကြားနာရသည့်အရာများ မှန်မမှန်သိမြင်ရန် နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်ကြ၏။”—တမန်တော် ၁၇:၁၁။
သတ်သတ်မှတ်မှတ် ပန်းတိုင်တစ်ခု ထားပါ။ ဥပမာ၊ သင်သည် ကျမ်းစာကို အခန်းကြီးသုံးခန်းမှ ငါးခန်းအထိ နေ့စဉ်ဖတ်လျှင် တစ်အုပ်လုံးကို တစ်နှစ်အတွင်း အပြီးဖတ်နိုင်သည်။ နောက်စာမျက်နှာများတွင်ပါသော ဇယားက ယင်းကို မည်သို့လုပ်ဆောင်နိုင်ကြောင်း ဖော်ပြသည်။ ထိုအစီအစဉ်ကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ပါလေ။ “နေ့စွဲ” ဟူသော ခေါင်းစဉ်အောက်တွင် အခန်းကြီး အပိုင်းတစ်ပိုင်းစီအား သင် ဖတ်ရှုမည့်အချိန်ကို သတ်မှတ်ပါ။ ထို့နောက် သင်ဖတ်ရှုခဲ့သောအပိုင်းများကို ဖတ်ရှုပြီးကြောင်း သိနိုင်ရန် ဖော်ပြထားသော လေးထောင့်ကွက်တွင် အမှတ်အသား ပြုပါ။ ထိုသို့ပြုခြင်းက သင့်ဖတ်ရှုမှု အခြေအနေကို သိရှိစေပါလိမ့်မည်။
ကျမ်းစာတစ်အုပ်လုံးကို ဖတ်ရှုပြီးပြီဆိုလျှင် မရပ်တန့်လိုက်ပါနှင့်။ နှစ်စဉ်၊ ကျမ်းစာတစ်အုပ်လုံးကို အပြီးဖတ်ရာတွင် ထိုဇယားကိုပင် ထပ်မံအသုံးပြုနိုင်သည်။ နောက်တစ်ကြိမ်တွင် အခြားအပိုင်းများမှ စတင်ဖတ်ရှုနိုင်ပေသည်။ သို့မဟုတ် သင်သည် ကျမ်းစာကို အေးအေးဆေးဆေး ဖတ်ရှုလိုလျှင် အပိုင်းတစ်ခုစီကို နှစ်ရက် သို့မဟုတ် သုံးရက် အချိန်ယူ၍ ဖတ်ရှုနိုင်သည်။
ကျမ်းစာဖတ်သည့်အခါတိုင်း သင့်ဘဝနှင့်သက်ဆိုင်သော၊ ယခင်က သင်လုံးဝသတိမပြုမိသော အကြောင်းအရာအသစ်များကို တွေ့ရှိပါလိမ့်မည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား “ဤလောက၏ ဇာတ်ကွက်သည် ပြောင်းလဲလျက်ရှိ” ပြီး ကျွန်ုပ်တို့၏ဘဝနှင့် အခြေအနေများသည်လည်း အမြဲပြောင်းလဲနေသောကြောင့် ဖြစ်၏။ (၁ ကောရိန္သု ၇:၃၁) ထို့ကြောင့် သမ္မာကျမ်းစာတည်းဟူသော မှန်ကို နေ့စဉ်ကြည့်ရှုရန် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားပါ။ ဤနည်းဖြင့် သင့်ကို နေ့စဉ်စကားပြောဆိုရန် ဘုရားသခင်အား သင်အခွင့်ပေးနေကြောင်း စိတ်ချနိုင်ပါသည်။—ဆာလံ ၁၆:၈။