ယေရှုနှင့်တပည့်များ ဟောပြောခဲ့သည့် တရားဟောရာနေရာ
ယေရှုနှင့်တပည့်များ ဟောပြောခဲ့သည့် တရားဟောရာနေရာ
‘ထို့နောက် ကိုယ်တော်သည် ဂါလိလဲပြည်တစ်ဝန်းလုံးတွင် ခရီးလှည့်လည်၍ တရားဟောရာနေရာများ၌ သွန်သင်လေ၏။ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောတော်မူ၏။’ —မဿဲ ၄:၂၃။
ယေရှုကို တရားဟောရာနေရာတွင် တွေ့ရ၏ဟု ခရစ်ဝင်ကျမ်းမှတ်တမ်း၌ ကြိမ်ဖန်များစွာ ဖော်ပြထားသည်။ ယေရှုသည် မိမိကြီးပြင်းလာခဲ့သည့် နာဇရက်မြို့တွင်ဖြစ်စေ၊ နားခိုရာနေရာဖြစ်သည့် ကပေရနောင်မြို့တွင်ဖြစ်စေ၊ ဓမ္မအမှုဆောင်ချိန် သုံးနှစ်ခွဲကာလအတွင်း လည်ပတ်ရောက်ရှိခဲ့သည့် မြို့ရွာအသီးသီးတွင်ဖြစ်စေ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ရန် တရားဟောရာနေရာကို ရွေးချယ်တတ်သည်။ မိမိ၏ဓမ္မအမှုဆောင်ချိန်ကို ပြန်ပြောင်းတွေးတော၍ ယေရှု ဤသို့မိန့်ဆိုခဲ့၏– ‘ငါသည် ဂျူးတို့စည်းဝေးရာ တရားဟောရာနေရာနှင့် ဝတ်ပြုရာအိမ်တော်တွင် မပြတ်သွန်သင်ခဲ့ပြီ။’—ယောဟန် ၁၈:၂၀။
ထိုနည်းတူ ယေရှု၏တမန်တော်များနှင့် တခြားကနဦးခရစ်ယာန်များလည်း ဂျူးလူမျိုးတို့၏ တရားဟောရာနေရာများတွင် သွန်သင်ပေးတတ်ကြသည်။ သို့သော် ဂျူးတို့သည် တရားဟောရာနေရာများတွင် မည်သို့လာရောက် ဝတ်ပြုခဲ့ကြသနည်း။ ယေရှုခေတ်ရှိ အဆိုပါဝတ်ပြုရာနေရာများသည် မည်သည့်ပုံစံရှိသနည်း။ အသေးစိတ် လေ့လာကြည့်ကြစို့။
ဂျူးတို့၏အသက်တာတွင် အရေးပါသောအရာ။ ဂျူးအမျိုးသားများသည် ဝတ်ပြုရာအိမ်တော်တွင် ကျင်းပသည့် ပွဲများကို တက်ရောက်ရန် ဂျေရုဆလင်မြို့သို့ တစ်နှစ်လျှင်သုံးကြိမ် သွားရောက်ကြသည်။ သို့သော် သူတို့၏ နေ့စဉ်ဝတ်ပြုရေးအတွက်မူ ပါလက်စတိုင်းတွင် နေထိုင်သည်ဖြစ်စေ၊ တိုင်းတစ်ပါးရှိ ဂျူး
ရပ်ကွက်များတွင် နေထိုင်သည်ဖြစ်စေ ဒေသခံတရားဟောရာနေရာသို့ သူတို့ သွားရောက်ကြသည်။တရားဟောရာနေရာကို မည်သည့်အချိန်တွင် စတင်အသုံးပြုခဲ့ကြသနည်း။ ယေဟောဝါဘုရားသခင်၏ ဝတ်ပြုရာအိမ်တော်ပျက်စီးနေချိန် တစ်နည်းအားဖြင့် ဗာဗုလုန်နိုင်ငံသို့ ဂျူးများ ပြည်နှင်ဒဏ်ပေးခံရချိန် (ဘီစီ ၆၀၇-၅၃၇) လောက်တွင်ဖြစ်သည်ဟု အချို့က ယူဆကြသည်။ သို့မဟုတ် ဂျူးများ ဗာဗုလုန်နိုင်ငံမှ ပြန်ရောက်ပြီး မကြာမီ ယဇ်ပုရောဟိတ်ဧဇရက ဘုရားသခင့်ပညတ်တော်အကြောင်း ပိုမိုသိရှိနားလည်လာရန် ကြိုးစားဖို့ တိုက်တွန်းခဲ့ချိန်တွင် ဖြစ်နိုင်သည်။—ဧဇရ ၇:၁၀; ၈:၁-၈; ၁၀:၃။
“တရားဟောရာနေရာ” ၏မူရင်းစကားလုံးမှာ “လူအစုအဝေး” သို့မဟုတ် “အသင်းတော်” ဟုအဓိပ္ပာယ်ရသည်။ ဟေဗြဲကျမ်းစာစောင်များကို ဂရိဘာသာဖြင့် ပြန်ဆိုထားသော စက်ပ်တွားဂျင့်ကျမ်းတွင် ထိုသို့အသုံးပြုထားသည်။ အတန်ကြာသော် ထိုစကားလုံးသည် ဝတ်ပြုကိုးကွယ်ရေးအတွက် လူတို့စုဝေးသည့် အဆောက်အအုံကို ရည်ညွှန်းသည်။ အေဒီ ပထမရာစု၌ ယေရှုလည်ပတ်ခဲ့သော မြို့တိုင်းလိုလိုတွင် တရားဟောရာနေရာများ ရှိခဲ့သည်။ မြို့ကြီးများတွင် တရားဟောရာနေရာများစွာရှိပြီး ဂျေရုဆလင်မြို့တွင် ပိုများသည်။ အဆိုပါအဆောက်အအုံများသည် မည်သည့်ပုံစံရှိသနည်း။
ရိုးရှင်းသော တရားဟောရာနေရာ။ ဂျူးတို့သည် တရားဟောရာနေရာကို ဆောက်လုပ်ရန် အများအားဖြင့် မြင့်သောနေရာများကို ရှာဖွေပြီး ဝင်ပေါက်ကို (၁) ဂျေရုဆလင်မြို့သို့ မျက်နှာမူထားသည့် အဆောက်အအုံပုံစံ ရေးဆွဲကြသည်။ သို့သော် ထိုပုံစံအတိုင်း အမြဲ မဆောက်လုပ်နိုင်သောကြောင့် ပုံစံကို အနည်းငယ် အပြောင်းအလဲလုပ်နိုင်ပုံရသည်။
တရားဟောရာနေရာကို ဆောက်လုပ်ပြီးသောအခါ ၎င်းပုံစံသည် ရိုးရှင်းပြီး ပရိဘောဂလည်း များများမရှိချေ။ သို့သော် အရေးပါသောအရာတစ်ခုမှာ ကျမ်းလိပ်များ ထည့်သောသေတ္တာ (၂) ဖြစ်ပြီး ယင်းကို ဂျူးတို့ အလွန်တန်ဖိုးထားကြသည်။ အစည်းအဝေးကျင်းပချိန်၌ သယ်ရလွယ်ကူသော ထိုသေတ္တာကို သတ်မှတ်ထားသော နေရာတွင် ထားပြီး အစည်းအဝေးပြီးနောက် လုံခြုံစိတ်ချရသော အခန်းတွင် ပြန်ထားကြသည် (၃)။
တရားဇရပ်မှူးများနှင့် အထင်ကရဧည့်သည်များသည် သေတ္တာအနီး၊ ပရိသတ်ဘက်သို့ မျက်နှာမူထားသော ရှေ့ဆုံးနေရာများတွင် (၄) ထိုင်ကြသည်။ (မဿဲ ၂၃:၅၊ ၆) ခန်းမအလယ်နားရှိ စင်မြင့်ပေါ်တွင် ဟောပြောသူအတွက် စားပွဲနှင့် ခုံတစ်လုံးရှိသည် (၅)။ စင်မြင့်ဘက်သို့ မျက်နှာမူထားသော နေရာသုံးနေရာတွင် ပရိသတ်ထိုင်ရန် ခုံတန်းရှည်များ (၆) ချထားသည်။
ပုံမှန်အားဖြင့် တရားဟောရာနေရာကို ဒေသခံအသင်းတော်က စီမံခန့်ခွဲပြီး ထောက်ပံ့ပေးသည်။ ဆင်းရဲချမ်းသာမရွေး အားလုံး၏ စေတနာအလျောက် ထည့်ဝင်သော အလှူငွေများဖြင့် တရားဟောရာနေရာကို ပြုပြင်ထိန်းသိမ်းကြသည်။ ထိုတရားဟောရာနေရာတွင် အစည်းအဝေးများကို မည်သို့ကျင်းပကြသနည်း။
တရားဟောရာနေရာတွင် ဝတ်ပြုကိုးကွယ်မှု။ တရားဟောရာနေရာရှိ ကိုးကွယ်မှုအစီအစဉ်တွင် ချီးမွမ်းခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ရှုခြင်းအပြင် သွန်သင်ခြင်းနှင့် ဟောပြောခြင်းတို့ ပါဝင်သည်။ ပရိသတ်သည် ဂျူးတို့၏ ယုံကြည်ကြောင်း ဝန်ခံချက်ဖြစ်သော ရှီမာကို အလွတ်ရွတ်ဆိုခြင်းဖြင့် စတင်ကြသည်။ ရှီမာသည် အလွတ်ရွတ်ဆိုရသော ကျမ်းချက်များအနက် ပထမဆုံးကျမ်းချက်၏ ဦးဆုံးစကားလုံးကို ယူထားခြင်းဖြစ်သည်။ ထိုကျမ်းချက်မှာ ‘အိုဣသရေလအမျိုး၊ နားထောင်လော့ [Shema]။ ငါတို့၏ဘုရားသခင် ယေဟောဝါသည် တစ်ဆူတည်းသော ထာဝရဘုရားသခင်ဖြစ်တော်မူ၏’ ဟူ၍ဖြစ်သည်။—တရားဟောရာ ၆:၄။
ထို့နောက် မောရှေ ရေးသားသည့် ကျမ်းစာစောင် ငါးစောင်ဖြစ်သော တိုရာကျမ်းကို ဖတ်ရှုပြီး ရှင်းပြသည်။ ထိုကျမ်းငါးစောင်မှာ သမ္မာကျမ်းစာ၏ ပထမဆုံးကျမ်းစာစောင်များ ဖြစ်သည်။ (တမန်တော် ၁၅:၂၁) ထို့ပြင် ပရောဖက်များ (ဟာပ်သရာစ်) ရေးခဲ့သော ကျမ်းစာစောင်များမှ ကောက်နုတ်ချက်များကို ဖတ်ရှုပြီးနောက် ယင်းတို့ကို ရှင်းပြကာ လိုက်နာကျင့်သုံးနိုင်ပုံကို ဖော်ပြသည်။ တစ်ခါတစ်ရံ ဧည့်ဟောပြောသူများက ထိုအစီအစဉ်ပိုင်းကို ဦးဆောင်ကြ သည်။ ယေရှုလည်း ထိုသို့ပြုလုပ်ခဲ့ကြောင်း လုကာ ၄:၁၆-၂၁ တွင် ဖော်ပြထားသည်။
ထိုအချိန်တွင် ယေရှုကိုင်ထားသော ကျမ်းလိပ်သည် ယနေ့ခေတ် ကျမ်းစာများကဲ့သို့ အခန်းကြီး၊ အခန်းငယ် အမှတ်အသားများ မပါချေ။ ထို့ကြောင့် ယေရှုသည် ရှာလိုသောကျမ်းချက်ကို မတွေ့မချင်း ဘယ်ဘက်လက်ဖြင့် ကျမ်းလိပ်ကိုဖွင့်ရင်း ညာဘက်လက်ဖြင့် ကျမ်းလိပ်,လိပ်နေပုံကို ကျွန်ုပ်တို့ မြင်ယောင်ကြည့်နိုင်သည်။ ကျမ်းချက်ဖတ်ပြီးနောက် ကျမ်းလိပ်၏အစပိုင်းသို့ရောက်အောင် ပြန်လိပ်ပေးရသည်။
အများအားဖြင့် မူရင်းဟေဗြဲကျမ်းလိပ်ကို ဖတ်ရှုပြီး အာရမိတ်စကားနှင့် ဘာသာပြန်ပေးသည်။ ဂရိဘာသာစကားပြောသည့် ပရိသတ်များအတွက် စက်ပ်တွားဂျင့်ကျမ်းကို အသုံးပြုကြသည်။
နေ့စဉ်အသက်တာတွင် အရေးကြီးသောအရာ။ သို့ဖြစ်၍ ဂျူးတို့၏ နေ့စဉ်အသက်တာတွင် အရေးကြီးသောအရာမှာ တရားဟောရာနေရာဖြစ်ပြီး ယင်းကို ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုကြ၏။ ထိုနေရာသည် တခြားအဆောက်အအုံများနှင့် တွဲလျက်ဖြစ်နိုင်သည် သို့မဟုတ် အဆောက်အအုံများ စုဝေးနေသော ခြံဝင်းတစ်ခုထဲတွင် ရှိနိုင်သည်။ တစ်ခါတစ်ရံ ထိုနေရာတွင် အမှုစစ်ဆေးသည့်အပြင် ရပ်ကွက်အစည်းအဝေးများ ကျင်းပလေ့ရှိသည်။ မိတ်ဆုံစားပွဲများကိုပင် တွဲလျက်ရှိသော ထမင်းစားခန်းများတွင် ပြုလုပ်ကြသည်။ တရားဟောရာနေရာဝင်းထဲတွင် ခရီးသည်များ တည်းခိုရန် နေရာများလည်းရှိသေးသည်။
မြို့တိုင်းနီးပါးတွင် တရားဟောရာနေရာကိုပင် စာသင်ကျောင်းအဖြစ် အသုံးပြုကြသည်။ ဖယောင်းသင်ပုန်းပေါ်တွင် ဆရာရေးထားသော စာလုံးကြီးများကို သင်အံနေသည့် ကျောင်းသားငယ်များ အပြည့်ရှိသောအခန်းကို ကျွန်ုပ်တို့ မြင်ယောင်ကြည့်နိုင်သည်။ ရှေးခေတ်ဂျူးတို့ စာတတ်မြောက်ရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ထိုသို့သောစာသင်ကျောင်းများ ရှိသောကြောင့်ဖြစ်သည်။ သာမန်လူတန်းစားများပင် ကျမ်းစာစောင်များနှင့် အကျွမ်းတဝင်ရှိကြသည်။
သို့သော် တရားဟောရာနေရာ၏ အဓိကရည်ရွယ်ချက်မှာ ဝတ်ပြုကိုးကွယ်မှု မှန်မှန်ပြုလုပ်ရန် ဖြစ်သည်။ ပထမရာစုခရစ်ယာန်များ၏ အစည်းအဝေးများသည် ဂျူးတို့၏ တရားဟောရာနေရာတွင် ပြုလုပ်သော အစည်းအဝေးများနှင့် တူညီချက် များစွာရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။ ခရစ်ယာန်အစည်းအဝေးများ ကျင်းပရသည့် ရည်ရွယ်ချက်မှာ ဆုတောင်းခြင်း၊ ချီးမွမ်းသီချင်းဆိုခြင်း၊ သမ္မာကျမ်းစာကို ဖတ်ရှုဆွေးနွေးခြင်းအားဖြင့် ယေဟောဝါဘုရားသခင်အား ထိုနည်းတူ ဝတ်ပြုကိုးကွယ်ရန်ဖြစ်၏။ ဆင်တူချက်များမှာ ထိုမျှမကချေ။ ဝတ်ပြုရာနေရာနှစ်မျိုးစလုံးတွင် စေတနာအလျောက် ထည့်ဝင်သော အလှူငွေများဖြင့် လိုအပ်မှုအမျိုးမျိုးနှင့် ကုန်ကျစရိတ်များကို ဖြေရှင်းကြသည်။ သမ္မာကျမ်းစာ ဖတ်ရှုဆွေးနွေးခွင့်ကိုလည်း ဓမ္မဆရာအတန်းအစားကသာ ရရှိခြင်းမဟုတ်ပါ။ ထိုဝတ်ပြုရာနေရာနှစ်မျိုးစလုံးတွင် တာဝန်ရှိအသက်ကြီးသူများက အစည်းအဝေးများကို စီစဉ်ညွှန်ကြားပေးကြသည်။
ယနေ့ ယေဟောဝါသက်သေများသည် ယေရှုနှင့် ပထမရာစုခရစ်ယာန်များ၏ စံနမူနာကို လိုက်လျှောက်ရန် ကြိုးစားကြသည်။ သူတို့၏ဝတ်ပြုရာခန်းမရှိ အစည်းအဝေးများသည် ရှေးခေတ်တရားဟောရာနေရာရှိ အစည်းအဝေးများနှင့် အသွင်အပြင်အချို့ တူညီကြသည်။ ထို့ထက်ကား အမှန်တရားကို ချစ်မြတ်နိုးသူများသည် “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်” ရန်ရည်ရွယ်ချက်ဖြင့် စုဝေးခဲ့ကြသည်။ ယနေ့ခေတ် သက်သေခံများလည်း ထိုရည်ရွယ်ချက်အတိုင်း စုဝေးကြသည်။—ယာကုပ် ၄:၈။
[စာမျက်နှာ ၁၆၊ ၁၇ ပါရုပ်ပုံ]
ဤရုပ်ပုံသည် ပထမရာစုရှိ ဂါမ်လားတရားဟောရာနေရာကို အခြေခံပြီး ရေးဆွဲထား
[စာမျက်နှာ ၁၈ ပါရုပ်ပုံ]
တရားဟောရာနေရာရှိ စာသင်ကျောင်းများတွင် အသက် ၆ နှစ်ခန့်မှ ၁၃ နှစ်အရွယ်ရှိ ယောက်ျားလေးများကို စာသင်ပေး