မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှည့်ဖြား မခံပါနဲ့

အလှည့်ဖြား မခံပါနဲ့

အလှည့်ဖြား မခံပါနဲ့

ဒွန်ခီအိုတီဆိုတာ  ၁၆  ရာစုက စပိန်စာရေးဆရာ မီဂယ်လ် ဒီဆာဗင်တီးစ်  ဖန်တီးတဲ့  ဂန္ထဝင်မြောက်  ဝတ္ထုထဲက နာမည်ကြီး ဇာတ်ကောင်တစ်ကောင်ရဲ့ နာမည်ပါ။ ဒွန် ခီအိုတီက ဒဏ္ဍာရီပုံပြင်တွေကို အရမ်းဖတ်တာ။ ဘယ်လိုပုံပြင်တွေလည်းဆိုရင်  တဖိတ်ဖိတ်တောက်နေတဲ့  ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ပြီး  ဒုက္ခရောက်နေတဲ့မိန်းမပျိုတွေကို  ကယ်တင်တဲ့ သူရဲကောင်းတွေအကြောင်းပါ။  မကြာခင်မှာပဲ  အရမ်းသတ္တိရှိတဲ့  သူရဲကောင်းတစ်ယောက်အဖြစ်  သူ့ကိုယ်သူ  စတင်ယူမှတ်လာတယ်။ အဲဒီ၀တ္ထုရဲ့ နာမည်ကြီး အပိုင်းတစ်ပိုင်းမှာ ဒွန် ခီအိုတီဟာ လေရဟတ်တွေကို အန္တရာယ်ရှိတဲ့ လူ့ဘီလူးကြီးတွေအဖြစ် ရှုမြင်ပြီး တိုက်ခိုက်ခဲ့တယ်။ အဲဒီလူ့ဘီလူးကြီးတွေကို သတ်ဖြတ်တာက ဘုရားသခင့်အကျိုးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ သူ့ကိုယ်သူယူဆပေမဲ့ နောက်ဆုံးမှာတော့ အရှက်တကွဲ အကျိုးနည်းခဲ့ရတယ်။

ဒွန် ခီအိုတီဆိုတာ စိတ်ကူးယဉ်ဝတ္ထုထဲက ဇာတ်ကောင်သာဖြစ်ပေမဲ့ လှည့်ဖြားခံရခြင်းက ရယ်စရာတော့မဟုတ်ဘူး။ ဥပမာ၊ အရက်ကို စိတ်ကြိုက်သောက်နိုင်တယ်လို့ ထင်ထားပေမဲ့ နောက်ဆုံးမှာတော့ ကျန်းမာရေးကိုထိခိုက်ပြီး မိသားစုဘဝကို ပြိုလဲစေခဲ့တဲ့သူအကြောင်း စဉ်းစားကြည့်ပါ။ အားရှိပြီး ကျန်းမာနေတယ်လို့  ထင်ပေမဲ့  တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သေတွင်းပို့နေတဲ့ အစာငတ်ခံစိတ်ရောဂါ ခံစားနေရသူအကြောင်းကိုလည်း စဉ်းစားကြည့်ပါ။

ကျွန်ုပ်တို့လည်း  လှည့်ဖြားခံရနိုင်သလား။ လှည့်ဖြားခံရနိုင်ပါတယ်။  အမှန်မှာ ကျွန်ုပ်တို့အားလုံး အလွယ်တကူ လှည့်ဖြားခံရနိုင်တယ်။ လှည့်ဖြားခံရနိုင်တဲ့ အချက်တွေထဲမှာ ကျွန်ုပ်တို့ သက်ဝင်ယုံကြည်တဲ့  ဘာသာရေးယုံကြည်ချက်တွေလည်း ပါနိုင်တယ်။ လှည့်ဖြားခံရပြီဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်။  ဘာကြောင့်  အဲလိုဖြစ်ရတာလဲ။ အလှည့်ဖြားမခံရအောင် ဘယ်လိုကာကွယ်မလဲ။

လှည့်ဖြားခံရနိုင်တဲ့ အန္တရာယ်များ

လှည့်ဖြားခြင်းဆိုတာ “မမှန်တဲ့အရာကို အမှန်အဖြစ်၊ မခိုင်လုံတဲ့အရာကို ခိုင်လုံတဲ့အရာအဖြစ် လက်ခံလာစေခြင်း” လို့အဘိဓာန်တစ်အုပ်က ဖွင့်ဆိုတယ်။ သည့်အပြင် “မသိနားမလည်မှု၊ စိတ်ရှုပ်ထွေးမှုဖြစ်စေတဲ့ ယုံကြည်ချက်အမှားတစ်ခုကို လူတစ်ယောက်အား လက်ခံလာစေခြင်း” ကိုလည်း ဆိုလိုတယ်။  လှည့်စားခြင်းရဲ့အခြေခံအယူအဆက  တစ်စုံတစ်ယောက်ကို မရိုးသားတဲ့နည်းနဲ့ လမ်းမှားရောက်စေခြင်းဖြစ်တယ်။ တစ်စုံတစ်ယောက်ရဲ့ တမင်သတင်းမှားပေးမှုကြောင့် “မသိနားမလည်မှု၊ စိတ်ရှုပ်ထွေးမှု” အခြေအနေမှာ ကျရောက်နေမှန်းမသိတဲ့သူအတွက် အန္တရာယ်ရှိနေပြီ။

လှည့်ဖြားခံနေရတဲ့သူဟာ  ခိုင်လုံတဲ့အထောက်အထားတွေ ရှိနေပေမဲ့လည်း သူ့ယုံကြည်ချက်ကို ဖက်တွယ်နေတတ်တာက တကယ့်ကို ဝမ်းနည်းစရာပဲ။ ဖြစ်နိုင်ခြေတစ်ခုက သူဟာ သူ့ရဲ့ယုံကြည်ချက်ကို  အလွန်အမင်း  မြတ်နိုးတွယ်တာနေပြီး  သူ့ရဲ့ယုံကြည်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေမယ့် ဘယ်အထောက်အထားတွေကိုမဆို သူလက်ခံနိုင်မှာမဟုတ်ဘူး။

ကျွန်ုပ်တို့ကော အန္တရာယ်စက်ကွင်းထဲ ရောက်နေသလား

‘ကျွန်ုပ်တို့အားလုံး  ကိုယ့်ယုံကြည်ချက်နဲ့ပတ်သက်ပြီး လှည့်ဖြားခံရနိုင်တယ်လို့ပြောရင် ချဲ့ကားရာမကျဘူးလား’ ဆိုပြီး သင်မေးကောင်း မေးနိုင်တယ်။ ချဲ့ကားရာမကျပါဘူး။ ဘာဖြစ်လို့လဲဆိုတော့  “မုသာ၏အဖ”  လို့ယေရှု  ခေါ်ဆိုခဲ့တဲ့  စာတန် နတ်ဆိုးမင်းက ကျွန်ုပ်တို့အားလုံးကို လှည့်ဖြားဖို့ ဆုံးဖြတ်ချက်ချထားလို့ဖြစ်တယ်။ (ယောဟန် ၈:၄၄) စာတန်ကို ‘ဤလောကစနစ်၏ဘုရားသခင်’ လို့လည်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ သူဟာ သမိုင်းတစ်လျှောက် သန်းနဲ့ချီတဲ့လူတွေရဲ့ “ဉာဏ်မျက်စိကို ကွယ်” စေခဲ့တယ်။ (၂ ကောရိန္သု ၄:၄) အခုချိန်အထိ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတုန်းပဲ။—ဗျာ. ၁၂:၉

လူ့သမိုင်းစတင်ကတည်းက လူတွေကို စာတန် လှည့်ဖြားလာခဲ့တာဖြစ်တယ်။ ဥပမာ၊ ဖန်ဆင်းရှင်ရဲ့ ပညတ်တွေကို လိုက်နာစရာမလိုဘူး၊ “ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်” လာပြီး ကိုယ့်ဘာသာကိုယ် အကောင်းအဆိုး ဆုံးဖြတ်နိုင်တယ်လို့ ဧဝယုံကြည်လာအောင်  စာတန်  လှည့်ဖြားခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၅) အဲဒါက ပထမဆုံး မဟာလှည့်ဖြားမှုပဲ။ ဘာကြောင့်လဲဆိုရင်  လူသားတွေဟာ  ဘာလုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိပေမဲ့ အမှားအမှန်ကို ကိုယ့်ဘာသာကိုယ်  ဆုံးဖြတ်နိုင်စွမ်းမရရှိထားလို့ပဲ။  ဖန်ဆင်းရှင်နဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်တဲ့ ဘုရားသခင်တစ်ပါးတည်းသာ အမှားအမှန်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ (ယေရမိ ၁၀:၂၃; ဗျာ. ၄:၁၁)  အကောင်းနဲ့အဆိုး  ရွေးချယ်ပိုင်ခွင့်ဆိုတာက  ဘာကကောင်းတယ်၊ ဘာကဆိုးတယ်ဆိုပြီး ဆုံးဖြတ်ပိုင်ခွင့် ကို ပြောတာလို့ ယုံကြည်စေတာက လှည့်ဖြားတာပဲ။ အမှားမကင်းတဲ့လူတွေဟာ အဲဒီထောင်ချောက်ထဲ အလွယ်တကူ ကျရောက်သွားနိုင်တယ်။

သင်ကော အဲဒီလိုဖြစ်နိုင်သလား

သင်  သက်ဝင်ယုံကြည်ထားတဲ့  ဘာသာရေးယုံကြည်ချက်တွေက ရာစုနှစ်ပေါင်းများစွာ တည်ရှိလာပြီး လူမျိုးဆက် တစ်ဆက်ပြီးတစ်ဆက်  လက်ဆင့်ကမ်းခဲ့တာဖြစ်နိုင်တယ်။  ဒါပေမဲ့  အဲဒါ မှန်တယ်လို့ တပ်အပ်ပြောလို့မရဘူး။ ဘာကြောင့်လဲ။ ခရစ်တော်ရဲ့  တမန်တော်တွေ  သေဆုံးသွားတဲ့နောက်  ခရစ်ယာန်အသင်းတော်မှာ လှည့်ဖြားတဲ့သူတွေ ပေါ်လာပြီး “တပည့်တော်တို့ကို မိမိတို့နောက် ဆွဲဆောင်ရန် မှားယွင်းသော သွန်သင်ချက်များ” သင်ပေးခဲ့တယ်လို့  ကျမ်းစာမှတ်တမ်းကဆိုတယ်။  (တမန်တော် ၂၀:၂၉၊ ၃၀)  လူတွေကို  “ဖြားယောင်းသောစကား”  အပြင် “လူ့ထုံးတမ်းစဉ်လာပေါ်  အခြေပြုသော  အတွေးအခေါ်နှင့် အကျိုးမဲ့ လှည့်ဖြားပြောဆို”  တဲ့နေရာမှာ သူတို့ အလွန်ကျွမ်းကျင်ကြတယ်။—ကောလောသဲ ၂:၄၊

ယနေ့ခေတ်မှာကော  ထူးခြားမှုရှိသလား။  မရှိပါဘူး။  ဘာကြောင့်လဲဆိုတော့  ကျွန်ုပ်တို့အသက်ရှင်နေရတဲ့အချိန်ဖြစ်တဲ့ “နောက်ဆုံးသောနေ့ရက်များ” က ဆိုးသည်ထက်ဆိုးလာမယ်ဆိုပြီး တမန်တော်ပေါလု သတိပေးခဲ့တယ်။ “ဆိုးညစ်သောသူနှင့် အယောင်ဆောင်သောသူတို့သည် ဆိုးသည်ထက် ဆိုးလာကာ သူတစ်ပါးကို လှည့်စား၍ သူတို့ကိုယ်တိုင်လည်း လှည့်စားခံနေကြရ၏” လို့လည်း သတိပေးခဲ့တယ်။—၂ တိမောသေ ၃:၁၊ ၁၃

ဒါကြောင့် တမန်တော်ပေါလုရဲ့ ဒီသတိပေးချက်ကို အလေးထားမယ်ဆိုရင် ပညာရှိရာရောက်တယ်– “ထို့ကြောင့် မိမိတည်ကြည်နေသည်ဟု ထင်မှတ်သောသူသည် မလဲကျရန် သတိပြုစေ။” (၁ ကောရိန္သု ၁၀:၁၂) ဘုရားသခင်ရှေ့ လူတစ်ယောက်ရဲ့ တည်ကြည်မှုအကြောင်းကို ပေါလု ပြောဆိုနေတာဖြစ်တယ်။ သင့်ကို စာတန် ဘယ်တော့မှ မလှည့်ဖြားနိုင်ဘူးလို့ ယူမှတ်တာက မဟာလှည့်စားမှုတစ်ခုဖြစ်တယ်။ ဘယ်သူမှ စာတန်ရဲ့ “စဉ်းလဲသည့် ပရိယာယ်များ” နဲ့ကင်းမှာတော့ မဟုတ်ဘူး။ (ဧဖက် ၆:၁၁) ဒါကြောင့်လည်း တမန်တော်ပေါလုက သူ့ရဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေအတွက် စိုးရိမ်ကြောင်း ဒီလိုဖော်ပြခဲ့တယ်– “မြွေသည် ဧဝကို စဉ်းလဲစွာ ဖြားယောင်းသကဲ့သို့ [သူ] တို့သည်လည်း ခရစ်တော်အား ပေးထိုက်သော ရိုးသားစင်ကြယ်တဲ့စိတ် ယိုယွင်းသွားမည်။”—၂ ကောရိန္သု ၁၁:၃

သင်လည်း အလှည့်ဖြားမခံရအောင် ဘယ်လိုကာကွယ်နိုင်သလဲ

စာတန်ရဲ့လှည့်ဖြားမှုကို သင်မခံရအောင် ဘယ်လိုကာကွယ်နိုင်သလဲ။ “စွမ်းအားတော်၏ လမ်းပြမှုကိုခံယူ၍ [ဘုရားသခင်အား] အမှန်တရားနှင့်အညီ ကိုးကွယ်” ကြောင်း သင် ဘယ်လိုသေချာစေနိုင်သလဲ။ (ယောဟန် ၄:၂၄) သင့်ကို ယေဟောဝါဘုရားသခင် ပေးသနားထားတဲ့အရာကို အသုံးပြုပါ။ အမှားနဲ့အမှန်ကို ခွဲခြားသိမြင်နိုင်ဖို့ “ဉာဏ်စွမ်း” ကို ဘုရားသခင် ပေးသနားထားတယ်။ (၁ ယောဟန် ၅:၂၀) သည့်အပြင် စာတန်ရဲ့ အကြံအစည်တွေကိုလည်း ကိုယ်တော် အသိပေးထားတယ်။ (၂ ကောရိန္သု ၂:၁၁) တကယ်တော့ သင့်ကို လှည့်ဖြားဖို့ စာတန်ရဲ့ကြိုးပမ်းမှုတွေကို တွန်းလှန်နိုင်အောင် သင်လိုအပ်သမျှကို ကိုယ်တော် ပေးထားပါတယ်။—သု. ၃:၁-၆; ဧဖက် ၆:၁၀-၁၈

အဲဒါတွေထက် သင့်ကိုယ်သင် ကာကွယ်နိုင်ဖို့ ယုံကြည်စိတ်ချတဲ့နည်းတစ်နည်းကို  ဘုရားသခင် ပြင်ဆင်ပေးထားတယ်။ အဲဒါက ဘာလဲ။  ဘာသာရေးယုံကြည်ချက်နဲ့ဆိုင်တဲ့  အရေးကိစ္စတွေ ဖြစ်ပေါ်လာတဲ့အခါ အားကိုးအားထားပြုရမယ့် အရာနဲ့ပတ်သက်ပြီး  တိမောသေကို  တမန်တော်ပေါလု  အားပေးခဲ့တဲ့နည်းပဲ ဖြစ်ပါတယ်။ “ဆိုးညစ်သောသူနှင့် အယောင်ဆောင်သောသူ” တွေအကြောင်း သတိပေးပြီးတဲ့နောက် “သန့်ရှင်းသောကျမ်းဂန်များ” ဖြစ်တဲ့ ဘုရားသခင့်စကားတော်၊ သမ္မာကျမ်းစာနဲ့ပတ်သက်ပြီး ယုံကြည်သမျှကို အခြေခံပြီး သူတို့ကို ခုခံတွန်းလှန်ဖို့ တိမောသေကို တမန်တော်ပေါလု ပြောဆိုခဲ့တယ်။—၂ တိမောသေ ၃:၁၅

ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဘုရားသခင့်စွမ်းအားတော် လှုံ့ဆော်မှုနဲ့ ရေးသားထားရာအဖြစ် လက်ခံယုံကြည်တဲ့သူပဲ လှည့်ဖြားခံနေရတာလို့ တချို့က ဆိုကြမယ်။ တကယ်တော့ လှည့်ဖြားခံရတဲ့သူတွေဟာ ဖန်ဆင်းရှင်ရှိတယ်၊ သမ္မာကျမ်းစာက  ဘုရားသခင့်စွမ်းအားတော်  လှုံ့ဆော်မှုနဲ့ ရေးသားထားရာဖြစ်တယ်ဆိုတာတွေကို ထောက်ခံတဲ့ အထောက်အထားအားလုံးကို  ခေါင်းမာမာနဲ့  လျစ်လျူရှုတဲ့သူတွေပါပဲ။ *ရောမ ၁:၁၈-၂၅; ၂ တိမောသေ ၃:၁၆၊ ၁၇; ၂ ပေတရု ၁:၁၉-၂၁

“‘အသိပညာ’ ဟုတလွဲခေါ်သည့်” အရာတွေနဲ့ အလှည့်ဖြားခံနေမယ့်အစား အမှန်တရားကို အခိုင်အမာ သက်သေပြဖို့ သမ္မာကျမ်းစာကို အသုံးပြုပါ။ (၁ တိမောသေ ၆:၂၀၊ ၂၁) စိတ်ထားမြင့်မြတ်တဲ့ ဗေရိမြို့သူမြို့သားတွေကို အတုယူပါ။ သူတို့ဟာ တမန်တော်ပေါလုရဲ့ ဟောပြောချက်ကို နားထောင်ခဲ့ကြပြီး “အလွန်ကြည်ဖြူလိုလားသောစိတ်နှင့် တရားစကားတော်ကို ခံယူ”  ခဲ့ကြတယ်။  တမန်တော်ပေါလု  သင်ပေးတာကို  သူတို့ ကြည်ကြည်ဖြူဖြူ ယုံကြည်လက်ခံရုံသာမက “ကြားနာရသည့်အရာများ  မှန်မမှန်  သိမြင်ရန်  နေ့စဉ်နေ့တိုင်း  ကျမ်းစာကို စေ့စေ့ဆန်းစစ်” ကြတယ်။—တမန်တော် ၁၇:၁၁

သင့်ယုံကြည်ချက်တွေကို အဲလိုနည်းနဲ့ ဆန်းစစ်ဖို့ မစိုးရိမ်ပါနဲ့။ အမှန်ဆိုပြီး လက်မခံခင်မှာ “အရာရာကို သေချာအောင် စစ်ဆေး” ပါလို့ ကျမ်းစာက အားပေးပါတယ်။ (၁ သက်သာလောနိတ် ၅:၂၁) ပထမရာစု ကုန်ခါနီးမှာ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေကို တမန်တော်ယောဟန် ဒီလိုတိုက်တွန်းခဲ့တယ်– “ချစ်ရသောသူတို့၊ ဘုရားသခင်ထံမှလာသည်ဟု ထင်ရသော သတင်းစကားတိုင်းကို မယုံကြနှင့်။ ဘုရားသခင်၏သတင်းစကား ဟုတ်မဟုတ် သိမြင်ခြင်းငှာ စစ်ဆေးကြလော့။” (၁ ယောဟန် ၄:၁) ဘာသာရေးသွန်သင်ချက်တချို့က ဘုရားသခင်ဆီက လာတယ်လို့ ထင်ရပေမဲ့ အဲဒီသွန်သင်ချက်ကို အမှန်လို့ လက်မခံခင်မှာ သေချာအောင် သမ္မာကျမ်းစာနဲ့  စစ်ဆေးတာက  ပညာရှိလမ်းစဉ်  ဖြစ်နေတုန်းပဲ။—ယောဟန် ၈:၃၁၊ ၃၂

သင် သိရှိလာရာနဲ့အညီ ပြုမူကျင့်ကြံပါ

ဒါပေမဲ့ အဲဒီထက်မကပြုလုပ်ဖို့ လိုပါသေးတယ်။ တပည့်ဖြစ်သူ ယာကုပ်က ဒီလိုရေးခဲ့တယ်– “တရားစကားတော်ကို ကျင့်သုံးသူများ ဖြစ်ကြလော့။ ကြားနာရုံမျှသာဖြစ်ပြီး မှားယွင်းသော အတွေးအခေါ်ဖြင့် မိမိကိုယ်ကို လှည့်စားသူများ မဖြစ်စေကြနှင့်။” (ယာကုပ် ၁:၂၂) ကျမ်းစာသွန်သင်ချက်တွေကို သိရှိရုံမျှနှင့် မလုံလောက်ပါ။ အဲဒါတွေကို ကျင့်သုံးရမှာဖြစ်တယ်။ ဘယ်လိုကျင့်သုံးမလဲ။ ဘုရားသခင် လုပ်ဆောင်စေလိုတဲ့အရာကို လုပ်ဆောင်ပြီး ကိုယ်တော် တားမြစ်ထားတဲ့အရာကို ရှောင်ကြဉ်ခြင်းအားဖြင့် ဖြစ်တယ်။

ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ကိုယ်ကျင့်တရားစံနှုန်းတွေ ကျဆင်းနေတာကို ဥပမာအနေနဲ့ သုံးသပ်ကြည့်ပါဦး။ ဆိုးကျိုးမခံစားရဘဲ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ဘုရားသခင့်ပညတ်တွေကို လျစ်လျူရှုနိုင်တယ်ဆိုပြီး အထင်ရောက်အောင် လူတွေကို လှည့်ဖြားလာတာ စာတန် ဘယ်လောက်ထိ အောင်မြင်နေတယ်ဆိုတာ မဖော်ပြနေဘူးလား။ အဲဒါကြောင့် ခရစ်ယာန်တွေကို တမန်တော်ပေါလုက ဒီလို ပွင့်ပွင့်လင်းလင်း သတိပေးခဲ့တယ်– “လှည့်ဖြားခြင်းကို မခံကြနှင့်။ ဘုရားသခင်သည် ပြက်ရယ်ပြုခြင်းကို ခံတော်မူသည်မဟုတ်။ အကြောင်းမူကား လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။”—ဂလာတိ ၆:၇

ယေရှုက “လူမိုက်” တစ်ယောက်အကြောင်း ပြောခဲ့တယ်။ အဲဒီလူမိုက်က ယေရှုဟောတဲ့ သတင်းစကားကို “ကြား” ပေမဲ့ “မလိုက်နာ” ခဲ့ဘူး။ ဒါကြောင့် အဲဒီလူမိုက်လို မဖြစ်ပါနဲ့။ ကိုယ့်အထင်နဲ့ကိုယ် အလှည့်ဖြားခံခဲ့တဲ့ ဒွန် ခီအိုတီလိုပဲ အဲဒီလူမိုက်လည်း အလှည့်ဖြားခံခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက သဲပေါ်မှာ ခနော်ခနဲ့ချထားတဲ့ အုတ်မြစ်ပေါ် ခိုင်ခံ့ပြီး လုံခြုံမှုရှိတဲ့ အိမ်တစ်လုံးဆောက်လုပ်နိုင်မယ်လို့ အထင်ရောက်နေတဲ့အတွက် ဖြစ်တယ်။ အဲဒီအစား ကျောက်ဆောင်ပေါ်မှာ အိမ်ဆောက်ခဲ့တဲ့သူကို အတုယူပါ။ သူက ယေရှုဟောခဲ့တဲ့ သတင်းစကားကို ကြားပြီး “လိုက်နာ” ခဲ့တဲ့အတွက် သူ့ကို ယေရှုက “သတိပညာရှိသောသူ” လို့ခေါ်ခဲ့တယ်။—မဿဲ ၇:၂၄-၂၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 အသေးစိတ်သိလိုလျှင် ယေဟောဝါသက်သေများ ထုတ်ဝေသော သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လောနှင့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လောစာအုပ်များကို ဖတ်ကြည့်ပါ။

[စာမျက်နှာ ၁၂၊ ၁၃ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

အရာရာကို အမှန်အတိုင်း သင်ရှုမြင်သလား

၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ဆွီဒင်ပန်းချီဆရာ အော်စကာ ရွိုင်တာစဗာ့ဒ်က ယုတ္တိမရှိတဲ့ပုံတွေကို ရေးဆွဲပြီး လူတွေကို ပြသခဲ့တယ်။ ဥပမာတစ်ခုကို ဘယ်ဘက်မှာ ပြထားတယ်။ ဖျတ်ကနဲကြည့်လိုက်ရင် အဲ့ဒီပုံက စတုရန်းပုံလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ စတုရန်းပုံမဟုတ်မှန်း သိလိုက်ရတယ်။ အဲဒီလိုပုံမျိုးတွေကို သေသေချာချာ ကြည့်လိုက်ရင် ကြည့်ရှုသူ ဇဝေဇဝါဖြစ်သွားအောင်၊ အမြင်မှားအောင် ပန်းချီဆရာက ပညာသားပါပါ လှည့်စားထားတာကို တွေ့ ရမှာဖြစ်တယ်။

လူတွေကို လှည့်စားနိုင်တဲ့အရာတွေထဲမှာ ယုတ္တိမရှိတဲ့ပုံတွေပဲ မဟုတ်ဘူး။ တခြားအရာတွေလည်း ရှိပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ်,နှစ်ထောင်လောက်က ကျမ်းစာမှာ ဒီလိုသတိပေးထားတယ်- “ခရစ်တော်၏ သွန်သင်ချက်အတိုင်းမလိုက်၊ လောက၏ အခြေခံတရားကို လိုက်၍ လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုသော အတွေးအခေါ်နှင့် အကျိုးမဲ့လှည့်ဖြား ပြောဆိုခြင်း အားဖြင့် သင်တို့ကို သားကောင်အဖြစ် ဖမ်းယူမည့်သူတစ်ဦးဦး ရှိနိုင်သောကြောင့် သတိပြုကြလော့။” —ကောလောသဲ ၂:၈

အဲဒီသတိပေးချက်ကို အလေးသာစေတဲ့အရာကတော့ ကျမ်းရေးသူကိုယ်တိုင် လှည့်ဖြားမှုရဲ့ သားကောင်ဖြစ်ခဲ့ဖူးလို့ပဲ။ သူ့ခေတ်အခါက အကျော်ကြားဆုံး ဘာသာရေးဆရာတစ်ယောက်ရဲ့ လက်ထပ်သင်ကြားမှုကို ခံခဲ့ရပြီး အထက်တန်းလွှာတွေနဲ့ အဆက်အသွယ်ရှိတဲ့ ကျမ်းရေးသူက အလွယ်တကူ လှည့်စားခံရမယ့်လူစားမျိုးတော့ မဖြစ်နိုင်လောက်ဘူး။ —တမန်တော် ၂၂:၃

အဲဒီကျမ်းရေးသူက တာရှုမြို့သား ရှောလုဖြစ်တယ်။ သူ့ရဲ့ဘာသာရေးဓလေ့ထုံးစံတွေကို မလိုက်နာတဲ့သူတိုင်း အပြစ်ရှိတယ်လို့ သူယူမှတ်ထားတယ်။ ဂျူးဘာသာရေးခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်ရယူပြီး ခရစ်ယာန်ယုံကြည်ချက်ကို မစွန့်တဲ့သူတွေကို ညှဉ်းပန်းနှိပ်စက်တာက ဘုရားသခင်ပေး တာဝန် ဖြစ်တယ်လို့ ရှောလု ယူဆခဲ့တယ်။ ဘုရားသခင်ကို စော်ကားသူလို့ မတရားစွပ်စွဲခံရတဲ့ သူ့ရဲ့တစ်နယ်တည်းသားကို သတ်တဲ့အမှုမှာတောင် သူထောက်ခံအားပေးခဲ့တယ်။—တမန်တော် ၂၂:၄၊ ၅၊ ၂၀

အချိန်တန်တော့ ရှောလုဟာ အမှားနဲ့အမှန်၊ ဘုရားသခင်နှစ်သက်ရာနဲ့ မနှစ်သက်ရာကို ခွဲခြားသိမြင်လာတယ်။ စိတ်အားထက်သန်တဲ့ ရှောလုဟာ သူ့အမှားကို သိမြင်လာတာနဲ့ သူ့လမ်းစဉ်ကို ပြောင်းလဲပြီး ယေရှုခရစ်ရဲ့ တမန်တော်ပေါလုအဖြစ် လူသိများလာတယ်။ နောက်ဆုံးမှာ ပေါလုဟာ လှည့်ဖြားမှုရဲ့ သားကောင်အဖြစ်မခံတော့ဘဲ စစ်မှန်တဲ့ဝတ်ပြုမှုပုံစံကို ရှာတွေ့ ခဲ့တယ်။—တမန်တော် ၂၂:၆-၁၆; ရောမ ၁:၁

တမန်တော်ပေါလုလိုပဲ စိတ်နှလုံးရိုးဖြောင့်တဲ့သူတွေဟာ ယုတ္တိမရှိတဲ့ပုံတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့ ယုံကြည်ချက်တွေရဲ့ လှည့်စားမှုကို တစ်ချိန်က ခံခဲ့ရတယ်။ အဲဒီယုံကြည်ချက်တွေက ယုတ္တိရှိသလိုလိုနဲ့ သမ္မာကျမ်းစာပေါ် အခြေမပြုဘူး။ (သု. ၁၄:၁၂; ရောမ ၁၀:၂၊ ၃) နောက်ပိုင်းမှာ ဘာသာရေးယုံကြည်ချက်တွေ၊ အဲဒါတွေကြောင့် ပေါ်ထွက်လာတဲ့ ရလဒ်တွေကို အမှန်အတိုင်း သူတို့သိမြင်ဖို့ ကူညီပေးခံခဲ့ရတယ်။ (မဿဲ ၇:၁၅-၂၀) တိကျမှန်ကန်တဲ့ သမ္မာကျမ်းစာအသိပညာကို ရလာတဲ့အခါ ဘုရားသခင် နှစ်သက်လက်ခံမှုရအောင် သူတို့ရဲ့ ယုံကြည်ချက်တွေနဲ့ ဘဝပုံစံကို ပြောင်းလဲလိုက်ကြတယ်။

တမန်တော်ပေါလုရဲ့ စံနမူနာကို လိုက်လျှောက်ပြီး သင့်ရဲ့ ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့ ဆန်းစစ်လိုပါသလား။ ယေဟောဝါသက်သေတွေက သင့်ကို ဝမ်းမြောက်ဝမ်းသာ ကူညီပေးပါလိမ့်မယ်။

[Picture Credit Line on page 10]

Engravings by Doré