မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတို့ကို သွန်သင်လော့

ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပေးမယ့် ဘုရားသခင့်နိုင်ငံတော်

ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပေးမယ့် ဘုရားသခင့်နိုင်ငံတော်

ဘုရားသခင့်နိုင်ငံတော်က ဘာလဲဆိုတာ ကလေးတို့ သိကြသလား။— * ယေရှု သင်ပေးတဲ့ ဆုတောင်းချက်ထဲမှာ အဲဒါပါတယ်လေ။ ‘ဘုရားသခင့်နိုင်ငံတော် လာပါစေ’ ဆိုပြီး ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့တယ်။ (မဿဲ ၆:၉၊ ၁၀) ယေရှုရဲ့ နောက်လိုက်တွေ ဘုရားသခင့်နိုင်ငံတော်လာဖို့ ဆုတောင်းခဲ့ကြတာ အနှစ် ၂,၀၀၀ နီးပါးရှိနေပါပြီ။ ကလေးတို့ကော အဲဒီအကြောင်း ဆုတောင်းဖူးသလား။—

ဘုရားသခင့်နိုင်ငံတော်က ဘာလဲဆိုတာ သိနားလည်ဖို့အတွက် အရင်ဆုံး ဘုရင်က ဘာလဲဆိုတာ ကလေးတို့ သိထားဖို့ လိုတယ်။ ဘုရင်ဆိုတာ အုပ်ချုပ်တဲ့သူကို ခေါ်တယ်။ သူအုပ်ချုပ်တဲ့ နယ်မြေကို သူ့ရဲ့ ပိုင်နက် ဒါမှမဟုတ် နိုင်ငံလို့ ခေါ်တယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့ ပိုင်နက်ထဲမှာ ကမ္ဘာကြီးတစ်ခုလုံး အကျုံးဝင်တယ်။ ဘုရားသခင့်နိုင်ငံတော် လာတဲ့အခါ ကိုယ်တော်ရဲ့ အုပ်ချုပ်မှုက လုပ်ဆောင်ပေးမယ့် ကောင်းချီးတွေကို ကမ္ဘာပေါ်ရှိ လူသားတိုင်း ခံစားရမှာ ဖြစ်တယ်။

ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်အစိုးရ ဖြစ်တယ်။ အဲဒီအစိုးရရဲ့ အုပ်စိုးရှင်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ငါတို့အား သူငယ်ကို ဖွားမြင်၏။ ထိုသူသည် အာဏာစက်ကို ထမ်းဆောင်လိမ့်မည်။ ငြိမ်သက်ခြင်းမင်းသားဟု ခေါ်ဝေါ်သမုတ်ခြင်း ရှိလိမ့်မည်။’—ဟေရှာယ ၉:၆သမ္မာ။

မင်းသားဆိုတာကို ကလေးတို့ သိကြသလား။— မင်းသားဆိုတာ ဘုရင့်ရဲ့သားတော် ဖြစ်တယ်။ ကောင်းကင်မှာ အကြီးဆုံးဘုရင်က ဘယ်သူလဲ။— ယေဟောဝါဘုရားသခင်လို့ပြောရင် ကလေးတို့ မှန်ပါတယ်။ ကျမ်းစာမှာ ဘုရားသခင်ကို ‘မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသော ဘုရားသခင်’ လို့ခေါ်ဆိုထားတယ်။ (ဆာလံ ၈၃:၁၈) ယေရှုကိုတော့ “ဘုရားသခင်၏သားတော်” လို့ ခေါ်ဆိုထားတယ်။ အကြောင်းရင်းတစ်ခုကတော့ ယေဟောဝါဘုရားသခင်က ယေရှုကို အသက်ပေးထားလို့ပါပဲ။ ယေဟောဝါဘုရားသခင်ဟာ ယေရှု့ရဲ့ ခမည်းတော်အစစ် ဖြစ်တယ်။—လုကာ ၁:၃၄၊ ၃၅။ ယောဟန် ၁:၃၄၊ ၄၉။ ၃:၁၇။ ၁၁:၂၇။ ၂၀:၃၁။ တမန်တော် ၉:၂၀

ယေရှု သင်ပေးခဲ့တဲ့ ဆုတောင်းချက်ထဲက ဘုရားသခင့်နိုင်ငံတော်ဟာ အလွန်ထူးခြားတဲ့ အုပ်ချုပ်မှုတစ်ခု ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဘုရားသခင်က သူ့ရဲ့သားတော်ဖြစ်တဲ့ ယေရှုကို ဘုရားသခင့်နိုင်ငံတော်မှာ ဘုရင်အဖြစ် အုပ်ချုပ်ခိုင်းလို့ပါ။ ဒါပေမဲ့ တခြားသူတွေလည်း ဘုရားသခင့်နိုင်ငံတော်မှာ ယေရှုနဲ့အတူ ဘုရင်အဖြစ် အုပ်ချုပ်ဖို့ ရွေးချယ်ခံရမယ်ဆိုတာ ကလေးတို့ သိကြသလား။— သူတို့အကြောင်း ပြောကြရအောင်။

ယေရှု မသေခင်မှာ ကောင်းကင်မှာရှိတဲ့ သူ့ခမည်းတော်ရဲ့ “အိမ်တော်” ကိုသွားမယ်လို့ သစ္စာရှိတမန်တော်တွေကို ပြောပြခဲ့တယ်။ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ရန် ငါသွားရမည်။ . . . ငါရှိရာအရပ်၌ သင်တို့ရှိစေရန် သင်တို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။” (ယောဟန် ၁၄:၁-၃) တမန်တော်တွေနဲ့ တခြားသူတွေဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ ဘာတွေလုပ်ဆောင်ကြမယ်ဆိုတာ ကလေးတို့ သိကြသလား။— သူတို့က ယေရှုနဲ့အတူ ‘ဘုရင်များအဖြစ် အုပ်ချုပ်’ ကြမယ်။ ယေရှုနဲ့အတူ ဘုရင်တွေအဖြစ် အုပ်ချုပ်ကြမယ့်သူက ဘယ်နှစ်ယောက်ရှိမလဲ။ ၁၄၄,၀၀၀ ရှိမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဗျာ. ၁၄:၁၊ ၃။ ၂၀:၆

ငြိမ်သက်ခြင်းမင်းသားနဲ့ ရွေးချယ်ထားတဲ့ ၁၄၄,၀၀၀ အုပ်ချုပ်ကြတဲ့အခါ ကမ္ဘာကြီးက ဘယ်လိုဖြစ်နေမယ်လို့ ကလေးတို့ ထင်သလဲ။— အရမ်းကို အံ့ဩစရာကောင်းမှာပဲ။ စစ်မရှိတော့ဘူး။ တိရစ္ဆာန်တွေက အချင်းချင်းနဲ့ရော၊ လူသားတွေနဲ့ပါ ငြိမ်သက်အေးချမ်းစွာ အတူနေထိုင်ကြမယ်။ ဘယ်သူမှ မဖျားမနာ၊ မသေကြတော့ဘူး။ မျက်စိမမြင်တဲ့သူတွေက မျက်စိပြန်မြင်လာမယ်။ နားမကြားတဲ့သူတွေ ပြန်ကြားလာမယ်။ ခြေထောက်မသန်တဲ့သူတွေ ဒရယ်လို ပြေးလွှားခုန်ပေါက်မယ်။ လူတိုင်းအတွက် မြေကြီးပေါ်မှာ အစားအသောက်ကောင်းတွေ အလျှံပယ် ပေါများလာမယ်။ တပည့်တွေကို ယေရှုသွန်သင်ခဲ့တဲ့အတိုင်း လူလူချင်း ချစ်မြတ်နိုးလာကြမယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) ဖြစ်ပျက်လာမယ့် အံ့ဖွယ်ရာတွေအကြောင်း ဖော်ပြထားတဲ့ ဟေရှာယကျမ်းချက်တွေကို ဖွင့်ဖတ်ကြည့်ရအောင်။—ဟေရှာယ ၂:၄။ ၁၁:၆-၁၁။ ၂၅:၈။ ၃၃:၂၄။ ၃၅:၅၊ ၆။ ၆၅:၂၁-၂၄

‘ဘုရားသခင့်နိုင်ငံတော် လာပါစေ’ လို့ ယေရှု ဆုတောင်းခိုင်းတဲ့ အချိန်ကစပြီး သန်းနဲ့ချီတဲ့လူတွေဟာ အဲဒီနိုင်ငံတော်အကြောင်း သင်ယူခဲ့ကြတယ်။ သင်ယူသိရှိခဲ့ရာတွေက သူတို့ရဲ့ဘဝကို ပြောင်းလဲပေးခဲ့တယ်။ မကြာခင် ဘုရားသခင်နိုင်ငံတော်လာပြီး မြေကြီးပေါ်က အုပ်ချုပ်မှုအားလုံးကို ဖယ်ရှားတဲ့အခါ ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော်ရွေးချယ်ထားတဲ့ အုပ်စိုးရှင် ယေရှုခရစ်ရဲ့ အမှုကိုဆောင်သူတိုင်း ငြိမ်သက်မှု၊ ကျန်းမာရေးကောင်းမှုနဲ့ ပျော်ရွှင်မှုတွေကို ခံစားရပါလိမ့်မယ်။—ယောဟန် ၁၇:၃

^ အပိုဒ်၊ 3 သင်သည် သင့်ကလေးနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် မေးခွန်းမေးရန် အားပေးသည့် အမှတ်အသားဖြစ်သည်။