မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

ရုပ်တုရှေ့မှာပူဇော်ထားတဲ့ အသားတွေအကြောင်း ကောရိန္သုပထမစာစောင်မှာ ဘာကြောင့် ဖော်ပြထားသလဲ။

‘သင်တို့၏ ကိုယ်ကိုယ်ကိုယ်သိစိတ်ကိုထောက်၍ အသားဈေးတွင် ရောင်းသမျှကို မမေးမြန်းဘဲ စားကြလော့’ ဆိုပြီး တမန်တော်ပေါလု ရေးခဲ့တယ်။ (၁ ကောရိန္သု ၁၀:၂၅) အဲဒီအသားတွေကို ဘယ်ကရတာလဲ။

ဂရိနဲ့ရောမလူမျိုးတွေရဲ့ ဘုရားကျောင်းတွေမှာလုပ်တဲ့ ဘာသာရေးအခမ်းအနားတွေမှာ တိရစ္ဆာန် ယဇ်ပူဇော်ခြင်းက အဓိကဖြစ်တယ်။ အခမ်းအနားပြီးသွားတဲ့အခါ ယဇ်ပူဇော်ထားတဲ့ တိရစ္ဆာန်တွေရဲ့ အသားတွေ စားလို့မကုန်ဘဲ ပိုနေတတ်လို့ အဲဒီအသားတွေကို ဈေးတွေမှာ ရောင်းတတ်ကြတယ်။ စာအုပ်တစ်အုပ် (Idol Meat in Corinth) မှာ ဒီလိုဖော်ပြထားတယ်- “အယူမှားဘုရားကျောင်းက သားသတ်ဖို့ တာဝန်ရတဲ့သူတွေကို . . . တစ်ခါတလေ စားဖိုမှူး ဒါမှမဟုတ် သားသတ်သမားလို့လည်း ခေါ်ကြတယ်။ ယဇ်ပူဇော်ရမယ့် တိရစ္ဆာန်တွေကို သူတို့သတ်ဖြတ်ပေးတဲ့အတွက် အဖိုးအခအနေနဲ့ ရရှိတဲ့ အသားတွေထဲက တချို့ကို ဈေးမှာ ရောင်းချကြတယ်။”

ဒါကြောင့် ဈေးမှာရောင်းချတဲ့ အသားအားလုံးဟာ ဘာသာရေးအခမ်းအနားတွေက အပိုအလျှံတွေ မဟုတ်ပါဘူး။ ရှေးမြို့ဟောင်းတစ်ခုဖြစ်တဲ့ ပွန်ပေမြို့က အသားဈေး (လက်တင်၊ မာခယ်လမ်) ကို တူးဖော်ကြည့်တဲ့အခါ သိုးတွေရဲ့ အရိုးစုတွေရှိနေတာကို တွေ့ရှိခဲ့ကြတယ်။ “အသားဈေးမှာ တိရစ္ဆာန်အရှင်ကို ရောင်းချကြတယ် ဒါမှမဟုတ် သတ်ပြီးတော့ အသားကို ရောင်းပေးတယ်။ သည့်အပြင် ဘုရားကျောင်းမှာ ယဇ်ပူဇော်ပြီးသား ဒါမှမဟုတ် ပေါ်ထားပြီးသား အသားတွေကိုလည်း ရောင်းချကြတယ်” လို့ကျမ်းပညာရှင် ဟင်နရီ ဂျေ. ခတ်ဘရီက ပြောပြတယ်။

ခရစ်ယာန်တွေဟာ အယူမှားဝတ်ပြုရေးမှာ ပါဝင်ကြမှာမဟုတ်ပေမဲ့ အယူမှားဝတ်ပြုရေးမှာ ပူဇော်ပြီးသွားတဲ့ အသားတွေကို သူတို့၀ယ်စားဖို့ စဉ်းစားကောင်းစဉ်းစားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အယူမှားဝတ်ပြုရေးမှာ ပူဇော်ထားတဲ့ အသားတွေကိုယ်နှိုက်က ညစ်ညူးခြင်းမရှိဘူးလို့ တမန်တော်ပေါလု ထောက်ပြနေတာဖြစ်ပါတယ်။

ယေရှုခေတ်က ဂျူးနဲ့ရှမာရိလူမျိုးတို့ ဘာကြောင့် ဆက်ဆံရေးတင်းမာခဲ့ ကြတာလဲ။

“ဂျူးတို့သည် ရှမာရိတို့နှင့် ပေါင်းသင်းခြင်းမရှိကြ” ဆိုပြီး ယောဟန် ၄:၉ မှာ ဖော်ပြထားတယ်။ အဲဒီလိုခွဲခြားမှုက မြောက်ပိုင်း အစ္စရေးဆယ်နွယ်နိုင်ငံမှာ ရုပ်ပုံကိုးကွယ်မှုကို အစ္စရေးဘုရင် ယေရောဗောင် ထူထောင်လိုက်ချိန်မှာ စတင်ခဲ့ပုံရတယ်။ (၃ ဓမ္မရာဇဝင် ၁၂:၂၆-၃၀) ရှမာရိလူတွေဟာ မြောက်ပိုင်းနိုင်ငံရဲ့ မြို့တော် ရှမာရိမှာ နေထိုင်ကြတယ်။ ဘီစီအီး ၇၄၀ မှာ အာရှုရိလူတွေလက်ထဲ အစ္စရေးဆယ်နွယ်နိုင်ငံ ကျရောက်သွားတဲ့အခါ အယူမှားတဲ့ အောင်နိုင်သူတွေက ရှမာရိမြို့ထဲ ဝင်ရောက်အခြေချခဲ့တယ်။ ပြီးတော့ သူတို့က ဒေသခံတွေနဲ့ အိမ်ထောင်ပြုကြတဲ့အတွက် ရှမာရိတို့ရဲ့ ဝတ်ပြုရေးကို ပိုပြီးဖောက်ပြန်ယိုယွင်းစေခဲ့တယ်။

ရာစုနှစ်ပေါင်းများစွာကြာပြီးနောက် ဗာဗုလုန်နိုင်ငံမှာ နယ်နှင်ခံထားရတဲ့ ဂျူးတွေဟာ ဂျေရုဆလင်မြို့ကို ပြန်လာကြပြီး ယေဟောဝါဘုရားသခင်ရဲ့ ဝတ်ပြုရာအိမ်တော်နဲ့ မြို့ရိုးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတာကို ရှမာရိလူတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်။ (ဧဇရ ၄:၁-၂၃; နေဟမိ ၄:၁-၈) ဘီစီအီး လေးရာစုခန့်မှာ ရှမာရိလူတွေက သူတို့ကိုယ်ပိုင် ဝတ်ပြုရာအိမ်တော်ကို ဂေရဇိမ်တောင်မှာ တည်ဆောက်လိုက်တဲ့အခါ ဘာသာရေးတင်းမာမှုက ပိုပြီးပြင်းထန်သွားတယ်။

ယေရှုခေတ်မှာ “ရှမာရိလူ” ဆိုတဲ့အသုံးအနှုန်းက နယ်မြေဒေသကို အစွဲပြုပြီး ခေါ်ဝေါ်တာမဟုတ်ဘဲ ဘာသာရေးနဲ့ဆက်နွှယ်ပြီး ခေါ်ဝေါ်ခဲ့တာဖြစ်ပြီး ရှမာရိမြို့မှာ ထွန်းကားနေတဲ့ ဘာသာရေးကို သက်ဝင်ယုံကြည်တဲ့ နောက်လိုက်တွေကို ရည်ညွှန်းပါတယ်။ ရှမာရိလူတွေဟာ ဂေရဇိမ်တောင်မှာ ဆက်ပြီးဝတ်ပြုကိုးကွယ်နေကြတဲ့အတွက် ဂျူးတွေက သူတို့ကို အထင်အမြင်သေးပြီး မခန့်လေးစားလုပ်ခဲ့ကြတာဖြစ်တယ်။—ယောဟန် ၄:၂၀-၂၂; ၈:၄၈

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

ဘီစီအီး ခြောက်ရာစုက တိရစ္ဆာန်ယဇ်ပူဇော် ခြင်းကို သရုပ်ဖော်ထားတဲ့ ကြွေလင်ပန်း

[Credit Line]

Musée du Louvre, Paris

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

ရုပ်ပုံကိုးကွယ်မှုကို ယေရောဗောင် အစပြုခဲ့