မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပျက်သဘောထားတွေကို ဘယ်လို တွန်းလှန်နိုင်မလဲ

အပျက်သဘောထားတွေကို ဘယ်လို တွန်းလှန်နိုင်မလဲ

အပျက်သဘောထားတွေကို ဘယ်လို တွန်းလှန်နိုင်မလဲ

အပျက်သဘောထားတွေ သင့်မှာ ရှိခဲ့ဖူးသလား။ လူတိုင်းနီးပါး ရှိခဲ့ဖူးမှာပါ။ ကနေ့အချိန်မှာ စီးပွားရေးအကျပ်အတည်းတွေ၊ နေရာတကာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုနဲ့ မတရားမှုတွေကို လူတိုင်း တွေ့ကြုံနေရပါတယ်။ ဒါကြောင့် လူအတော်များများမှာ ဝမ်းနည်းကြေကွဲမှု၊ အပြစ်ရှိတယ်၊ တန်ဖိုးမရှိဘူးဆိုတဲ့ခံစားချက်တွေ ရှိနေကြတာ အံ့ဩစရာမဟုတ်ပါဘူး။

အဲလိုခံစားချက်တွေဝင်လာရင် အန္တရာယ်ရှိနိုင်တယ်။ အပျက်သဘောထားတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု လျော့နည်းသွားနိုင်တယ်၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိတော့ဘူး၊ ပျော်ရွှင်မှုပါ ပျောက်ဆုံးသွားနိုင်တယ်။ “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏” လို့ကျမ်းစာက ဆိုပါတယ်။ (သု. ၂၄:၁၀) အခုလို ဆင်းရဲခက်ခဲတဲ့လောကမှာ ဆက်ရပ်တည်နိုင်ဖို့အတွက် အစွမ်းခွန်အားတွေ လိုအပ်တယ်။ ဒါကြောင့် အပျက်သဘောထားတွေကို ထိန်းချုပ်တတ်ဖို့ အရမ်းအရေးကြီးတယ်။ *

အပျက်သဘောထားတွေကို တွန်းလှန်ဖို့ အစွမ်းထက်တဲ့ကာကွယ်နည်းတွေကို ကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။ အသက်ထောက်ပံ့ပေးရှင်ဖြစ်တဲ့ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့ကို စိတ်ပျက်အားလျော့မှု၊ မျှော်လင့်ချက်မဲ့မှုတွေကို မခံစားစေချင်ဘူး။ (ဆာလံ ၃၆:၉) ဒါကြောင့် အပျက်သဘောထားတွေကို တွန်းလှန်ဖို့ ကျမ်းစာက ကူညီပေးနိုင်တဲ့ နည်းလမ်းသုံးခုကို သုံးသပ်ကြည့်ကြပါစို့။

ဘုရားသခင် သင့်ကို စိတ်ဝင်စား

ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေကို ဂရုမစိုက်အားလောက်အောင် အလုပ်များလွန်းတယ်လို့ တချို့က ယူဆကြတယ်။ သင်ကော အဲလိုပဲ ယူဆသလား။ တကယ်ဆိုရင် ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ခံစားချက်တွေကို စိတ်ဝင်စားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ‘ထာဝရဘုရားသခင်သည် နှလုံးကြေကွဲသူတို့နှင့် နီးတော်မူ၏။ စိတ်ကြေမွသူတို့ကိုလည်း ကယ်တင်တော်မူ၏။’ (ဆာလံ ၃၄:၁၈သမ္မာ) အတိုင်းအဆမဲ့တန်ခိုးရှင်ဟာ ကျွန်ုပ်တို့ စိတ်သောကရောက်နေချိန်မှာ ကျွန်ုပ်တို့အနားမှာ ရှိတယ်လို့ သိရခြင်းက အလွန်နှစ်သိမ့်မှုရပါတယ်။

ဘုရားသခင်က အေးတိအေးစက်၊ ဘာသိဘာသာ နေတတ်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူး။ ကျမ်းစာမှာ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” လို့ပြောထားတယ်။ (၁ ယောဟန် ၄:၈) ဘုရားသခင်က လူတွေကို ချစ်ပြီး ဆင်းရဲဝေဒနာ ခံစားနေရတဲ့သူတွေကို စာနာထောက်ထားတယ်။ ဥပမာ၊ လွန်ခဲ့တဲ့အနှစ် ၃,၅၀၀ လောက်က အစ္စရေးလူတွေ အီဂျစ်ပြည်မှာ ကျွန်ဘဝရောက်ခဲ့တုန်းက ဘုရားသခင် ဒီလိုပြောဖူးတယ်– ‘အီဂျစ်ပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။ သူတို့ကို ကယ်တင်ခြင်းငှာ ငါဆင်းလာပြီ။’—ထွက်မြောက်ရာ ၃:၇၊ ၈

ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်တွေကို ဘုရားသခင် ကောင်းကောင်း သိပါတယ်။ တကယ်ဆိုရင် ‘ထာဝရဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူ၏’ လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၁၀၀:၃) ဒါကြောင့် ကျွန်ုပ်တို့ကို လူတွေက နားမလည်ပေးဘူးလို့ ခံစားရရင်တောင် ဘုရားသခင်ကတော့ နားလည်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ‘ထာဝရဘုရားသခင်သည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားသခင်မူကား နှလုံးကို ကြည့်ရှုတတ်သည်’ လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဓမ္မရာဇဝင် ၁၆:၇) ကျွန်ုပ်တို့ရဲ့ အနက်ရှိုင်းဆုံး ခံစားချက်တွေကိုတောင် ဘုရားသခင် သိမြင်နိုင်ပါတယ်။

ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့ရဲ့ အမှားတွေ၊ အားနည်းချက်တွေကိုလည်း တွေ့ မြင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင် ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ရမယ်။ ကျမ်းရေးသူ ဒါဝိဒ်က ဒီလိုပြောခဲ့တယ်– ‘အဖသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသခင်သည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။’ (ဆာလံ ၁၀၃:၁၃၊ ၁၄) ကျွန်ုပ်တို့ဟာ ကိုယ့်ကိုယ်ကိုယ်နဲ့ပတ်သက်ပြီး အကောင်းမမြင်တတ်ကြပေမဲ့ ဘုရားသခင်က အကောင်းမြင်တတ်ပါတယ်။ ကိုယ့်အပြစ်ကို နောင်တရနေသရွေ့ ကိုယ်တော်က ကျွန်ုပ်တို့ရဲ့ကောင်းကွက်ကိုရှာပြီး ဆိုးကွက်ကို လျစ်လျူရှုပေးတယ်။—ဆာလံ ၁၃၉:၁-၃၊ ၂၃၊ ၂၄

ဒါကြောင့် ကျွန်ုပ်တို့မှာ တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်ဝင်လာရင် အဲဒီခံစားချက်ကို တွန်းလှန်ဖို့လိုတယ်။ ကျွန်ုပ်တို့နဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ ရှုမြင်ပုံကို သတိရလိုက်ပါ။—၁ ယောဟန် ၃:၂၀

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ပျိုးထောင်ပါ

ကျွန်ုပ်တို့ကိုယ်ကိုယ် ဘုရားသခင်ရှုမြင်သလို ရှုမြင်မယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေ ရမလဲ။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်မယ်ဆိုရင် အပျက်သဘောထားတွေကို တွန်းလှန်ဖို့ ပိုပြီးလွယ်ကူလာမယ်။ အဲဒါဖြစ်နိုင်ပါ့မလား။

မေတ္တာရှင် ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့ကို ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေလိုတယ်ဆိုပြီး ကျမ်းစာက ဒီလိုအားပေးထားတယ်– “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။” (ယာကုပ် ၄:၈) ကျွန်ုပ်တို့က အပြစ်သားတွေဖြစ်ပေမဲ့ စကြဝဠာပိုင်သအုပ်စိုးရှင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်နိုင်တာက တကယ့်ကို အံ့ဩစရာပဲ။

ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ သိကျွမ်းနိုင်တယ်ဆိုပြီး ကျမ်းစာမှာ ကိုယ်တော်တိုင် ဖော်ပြပေးထားတယ်။ ကျမ်းစာကို မှန်မှန်ဖတ်ရှုခြင်းအားဖြင့် ဘုရားသခင်ရဲ့ နှစ်သက်ဖွယ်အရည်အသွေးတွေကို သင်ယူနိုင်တယ်။ * အဲဒီအရည်အသွေးတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် ယေဟောဝါဘုရားသခင်နဲ့ ပိုပြီးရင်းနှီးလာတယ်လို့ ခံစားနေရမှာပါ။ ဘုရားသခင်က တကယ်ပဲ မေတ္တာရှိပြီး သနားကြင်နာတတ်တဲ့ ဖခင်တစ်ဦးဖြစ်တယ်ဆိုတာ ပိုပြီးသဘောပေါက်လာမှာပါ။

ကျွန်ုပ်တို့ ဖတ်ရှုခဲ့တဲ့ ကျမ်းစာအကြောင်းအရာတွေကို နက်နက်နဲနဲ တွေးတောခြင်းက ကျွန်ုပ်တို့ကို ထပ်ပြီးအကျိုးပြုပါသေးတယ်။ ဘုရားသခင်တွေးသလို ကျွန်ုပ်တို့ တွေးတတ်လာပြီး ပြုပြင်တည့်မတ်မှု၊ နှစ်သိမ့်မှုနဲ့ လမ်းညွှန်မှုတွေကို ခံယူခြင်းအားဖြင့် ဘုရားသခင်နဲ့ ပိုပြီးရင်းနှီးလာပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့ စိတ်မငြိမ်မသက်ဖြစ်နေချိန်မှာ အဲဒီလိုလုပ်ဖို့လိုတယ်။ “အကျွန်ုပ်၏စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြခြင်း များပြားသောအခါ နှစ်သိမ့်တော်မူခြင်းသည် အကျွန်ုပ်ကို ရွှင်လန်းစေပါ၏” လို့ ဆာလံဆရာက ဆိုပါတယ်။ (ဆာလံ ၉၄:၁၉သမ္မာ) ကျမ်းစာက နှစ်သိမ့်မှုများစွာ ပေးနိုင်ပါတယ်။ ကျမ်းစာအမှန်တရားကို နှိမ့်ချစွာ လက်ခံမယ်ဆိုရင် အပျက်သဘောထားတွေ တဖြည်းဖြည်း ပျက်ပြယ်သွားပြီး ဘုရားသခင်တစ်ပါးတည်းသာ ပေးနိုင်တဲ့ နှစ်သိမ့်မှုနဲ့ ငြိမ်သက်မှုတွေ အစားထိုးဝင်လာတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုနဲ့ စိတ်မကောင်းဖြစ်နေတဲ့ ကလေးကို ချော့မော့နေတဲ့ မိဘတစ်ဦးလိုပဲ ယေဟောဝါဘုရားသခင်ကလည်း ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးပါလိမ့်မယ်။

ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်လာဖို့ လိုအပ်တဲ့နောက်အချက်တစ်ချက်က ကိုယ်တော်ထံ မှန်မှန်ဆုတောင်းခြင်းဖြစ်တယ်။ “အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို [ဘုရားသခင်] နားညောင်းတော်မူ” မယ်လို့ ကျမ်းစာက ကတိပြုထားတယ်။ (၁ ယောဟန် ၅:၁၄) ကျွန်ုပ်တို့မှာ ဘယ်လိုစိုးရိမ်ပူပန်မှုတွေ ရှိနေပါစေ ဘုရားသခင်ထံ ဆုတောင်းပြီး အကူအညီတောင်းခံနိုင်ပါတယ်။ ဘုရားသခင်ထံ ရင်ဖွင့်ဆုတောင်းမယ်ဆိုရင် စိတ်ငြိမ်သက်မှု ရရှိပါလိမ့်မယ်။ တမန်တော်ပေါလုက ဒီလိုရေးခဲ့တယ်– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့ အသနားခံလိုသော အရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇

ကျမ်းစာဖတ်ရှုခြင်း၊ တွေးတောဆင်ခြင်ခြင်း၊ ဆုတောင်းခြင်း စတဲ့အစီအစဉ်တွေကို သင်လိုက်လျှောက်တဲ့အခါ သင်ဟာ ဘုရားသခင်နဲ့ ရင်းနှီးတဲ့နှောင်ကြိုး ဖွဲ့နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒီနှောင်ကြိုးက အပျက်သဘောထားတွေကို တိုက်ထုတ်ဖို့ ထောက်ကူပေးမှာဖြစ်တယ်။ တခြားဘာအကူအညီ ရှိသေးသလဲ။

သေချာတဲ့ အနာဂတ်မျှော်လင့်ချက်အပေါ် အာရုံစိုက်ပါ

အခက်အခဲဆုံး အခြေအနေတွေကို သင်ရင်ဆိုင်ရရင်တောင် ကောင်းတဲ့အရာတွေအပေါ် အာရုံစိုက်ထားနိုင်တယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ဘုရားသခင်က ကျွန်ုပ်တို့ကို သေချာတဲ့အနာဂတ်မျှော်လင့်ချက် ပေးထားပါတယ်။ အဲဒီမျှော်လင့်ချက်နဲ့ပတ်သက်ပြီး တမန်တော်ပေတရုက ဒီလိုအကျဉ်းချုံးဖော်ပြခဲ့တယ်– “ငါတို့သည် ဖြောင့်မတ်ခြင်းတည်နေရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို [ဘုရားသခင့်] ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏။” (၂ ပေတရု ၃:၁၃) အဲဒါက ဘာကိုဆိုလိုတာလဲ။

“ကောင်းကင်သစ်” ဆိုတဲ့ အသုံးအနှုန်းက အုပ်ချုပ်မှုတစ်ခုကို ရည်ညွှန်းတယ်။ အဲဒီအုပ်ချုပ်မှုက ယေရှုခရစ်ရဲ့ လက်အောက်မှာရှိတဲ့ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဖြစ်တယ်။ “မြေကြီးသစ်” က ဘုရားသခင့်နှစ်သက်မှုကို ရရှိထားတဲ့ ကမ္ဘာပေါ်က လူ့အဖွဲ့အစည်းအသစ်ကို ရည်ညွှန်းတယ်။ “ကောင်းကင်သစ်” ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြေကြီးဆိုင်ရာ အဖွဲ့အစည်းအသစ်က အပျက်သဘောထားတွေကို ဖြစ်ပေါ်စေတဲ့ အရာမှန်သမျှနဲ့ ကင်းရှင်းနေပါလိမ့်မယ်။ အဲဒီအချိန်မှာ နေထိုင်မယ့် သစ္စာတည်ကြည်တဲ့ လူသားတွေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ ကတိတော်ကို ဒီလိုဖော်ပြထားတယ်– “ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။”—ဗျာ. ၂၁:၄

အဲဒီကတိတော်တွေက ကြည်နူးစရာ၊ အားရှိစရာဖြစ်တယ်ဆိုတာ သင်သဘောတူမှာ သေချာပါတယ်။ ဒါကြောင့်လည်း စစ်မှန်တဲ့ခရစ်ယာန်တွေအတွက် “ဝမ်းမြောက်ဖွယ် မျှော်လင့်ချက်” အဖြစ် ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ အနာဂတ်အလားအလာအကြောင်း ကျမ်းစာက ဖော်ပြထားတာဖြစ်တယ်။ (တိတု ၂:၁၃) လူသားတွေရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတော်တွေအပေါ်၊ အဲဒီကတိတော်တွေကို ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်းတွေအပေါ် အာရုံစိုက်ထားမယ်ဆိုရင် အပျက်သဘောထားတွေကို တွန်းလှန်နိုင်ပါလိမ့်မယ်။—ဖိလိပ္ပိ ၄:၈

ကျမ်းစာမှာ ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်းမျှော်လင့်ချက်ကို သံခမောက်နဲ့ နှိုင်းယှဉ်ထားတယ်။ (၁ သက်သာလောနိတ် ၅:၈) ရှေးအချိန်တုန်းက စစ်သားတစ်ယောက်ဟာ သံခမောက်မပါဘဲနဲ့ စစ်တိုက်ရဲမှာ မဟုတ်ဘူး။ သံခမောက်က ခေါင်းကို ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးတယ်ဆိုတာ သူသိထားတယ်။ သံခမောက်က ဦးခေါင်းကို ကာကွယ်ပေးသလို မျှော်လင့်ချက်ကလည်း စိတ်နှလုံးကို ကာကွယ်ပေးတယ်။ ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာ မျှော်လင့်ချက်ပေးတဲ့ အတွေးအခေါ်တွေနဲ့ ဖြည့်ထားခြင်းက အပျက်သဘောထားမဝင်လာအောင် ကာကွယ်ပေးမှာဖြစ်တယ်။

ဒါကြောင့် အပျက်သဘောထားတွေကို တွန်းလှန်နိုင်ပါတယ်။ သင်လည်း တွန်းလှန်နိုင်မှာပါ။ သင့်ကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲဆိုတာ ဆင်ခြင်သုံးသပ်ပါ၊ ကိုယ်တော်ထံ ချဉ်းကပ်ပါ၊ အနာဂတ်မျှော်လင့်ချက်အပေါ် အာရုံစိုက်ထားပါ။ ဒီလိုဆိုရင် အပျက်သဘောထားတွေ လုံးဝပပျောက်သွားမယ့်နေ့ကို သင်တွေ့မြင်ရမှာ သေချာပါတယ်။—ဆာလံ ၃၇:၂၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 စိတ်ကျဝေဒနာ ခံစားနေရသူများသည် ကျွမ်းကျင်သောဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ဖို့ လိုပေမည်။—မဿဲ ၉:၁၂

^ အပိုဒ်၊ 14 ကျမ်းစာဖတ်ရှုခြင်းအတွက် လက်တွေ့ကျပြီး အသုံးတည့်သော ဇယားတစ်ခုကို ၂၀၀၉၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ဖော်ပြထားပါသည်။

[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]

“သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။”​ထွက်မြောက်ရာ ၃:၇၊၈

[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]

“အကျွန်ုပ်၏စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြခြင်း များပြားသောအခါ နှစ်သိမ့်တော်မူခြင်းသည် အကျွန်ုပ်ကို ရွှင်လန်းစေပါ၏။”​ဆာလံ ၉၄:၁၉သမ္မာ

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

‘ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင်တို့၏ စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့် ရှောက်လိမ့်မည်။’​ဖိလိပ္ပိ ၄:၇

[စာမျက်နှာ ၂၀၊ ၂၁ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ယေဟောဝါဘုရားသခင်နဲ့ပတ်သက်ပြီး နှစ်သိမ့်မှုပေးတဲ့ ကျမ်းချက်များ

‘ထာဝရဘုရားသခင်သည် ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူ၏။’ —ထွက်မြောက်ရာ ၃၄:၆

‘ထာဝရဘုရားသခင်သည် စုံလင်သော စေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြား ကြည့်ရှုလျက်ရှိတော်မူ၏။’ —၂ ရာဇဝင်ချုပ် ၁၆:၉

‘ထာဝရဘုရားသခင်သည် နှလုံးကြေကွဲသူတို့နှင့် နီးတော်မူ၏။ စိတ်ကြေမွသူတို့ကိုလည်း ကယ်တင်တော်မူ၏။’ —ဆာလံ ၃၄:၁၈သမ္မာ။

‘အိုဘုရားသခင် ကိုယ်တော်သည် ကောင်းသောသဘော၊ အပြစ်လွှတ်လိုသောသဘောနှင့် ပြည့်စုံတော်မူ၏။’ —ဆာလံ ၈၆:၅သမ္မာ။

‘ထာဝရဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။’—ဆာလံ ၁၄၅:၉

‘သင်၏ဘုရားသခင် ယေဟောဝါက “မစိုးရိမ်နှင့်။ ငါမစမည်” ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကို ကိုင်မည်။’—ဟေရှာယ ၄၁:၁၃

“သနားကြင်နာတတ်သည့်အဖ၊ နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်သည် ချီးမွမ်းခံရပါစေ။”—၂ ကောရိန္သု ၁:၃

‘ငါတို့သည် ကိုယ်တော့်ရှေ့မှောက်တွင် စိတ်ချစွာနေနိုင်ကြမည်။ ကိုယ့်စိတ်နှလုံးသည် ကိုယ့်ကိုယ်ကိုယ် မည်သို့ပင် အပြစ်တင်ပါစေ ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် ကြီးမြတ်တော်မူသောကြောင့် အရာခပ်သိမ်းကို သိတော်မူ၏။’ —၁ ယောဟန် ၃:၁၉၊ ၂၀

[စာမျက်နှာ ၂၂ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

အပျက်သဘောထားတွေကို သူတို့ အောင်မြင်စွာ ဖြေရှင်းနေကြ

“ကျွန်မအဖေက အရက်သမားတစ်ယောက်ပါ။ ကျွန်မ စိတ်ဆင်းရဲအောင် သူအရမ်းလုပ် ခဲ့တယ်။ ကျွန်မကိုယ် ကျွန်မ အသုံးမကျဘူးဆိုပြီး အကြာကြီးခံစားခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတစ်ယောက်နဲ့ ကျမ်းစာလေ့လာဖို့ လက်ခံလိုက်တဲ့အခါ ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ရမယ်ဆိုတဲ့ ကျမ်းစာကတိကို ကျွန်မ သိလိုက်ရတယ်။ အဲဒီမျှော်လင့်ချက်ကြောင့် ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ဒါနဲ့ ကျမ်းစာကို နေ့တိုင်း မှန်မှန် ဖတ်တဲ့အကျင့်ရှိလာတယ်။ ကျွန်မ ကျမ်းစာကို အမြဲဆောင်ထားတယ်။ ကျွန်မမှာ အပျက်သဘောထားတွေ ဝင်လာရင် နှစ်သိမ့်မှုပေးတဲ့ ကျမ်းချက်တွေကို ဖွင့်ဖတ်လိုက်တယ်။ ဘုရားသခင်ရဲ့ နှစ်သက်စရာကောင်းတဲ့ အရည်အသွေးတွေကို ဖတ်တဲ့အခါ ကိုယ်တော်ရှေ့မှာ ကျွန်မဟာ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ ယုံကြည်စိတ်ချ လာတယ်။”—အသက် ၃၃ နှစ်အရွယ် မသီတာ။ *

“ကျွန်တော် အရက်၊ ဆေးခြောက်၊ ကိုကင်းတွေ စွဲခဲ့တဲ့အပြင် ကော်လည်း ရှူတယ်။ အဲဒါကြောင့် ကျွန်တော်ပိုင်ဆိုင်သမျှ အကုန်ပြောင်သွားပြီး တောင်းရမ်းတဲ့ဘဝရောက်ခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာသင်အံမှု လက်ခံပြီးတဲ့နောက် ကျွန်တော့်ဘဝ လုံးဝပြောင်းလဲသွားတယ်။ ဘုရားသခင်နဲ့ ကျွန်တော် ပိုပြီးရင်းနှီးလာတယ်။ ကျွန်တော့်မှာ အပြစ်ရှိတယ်၊ အသုံးမကျဘူးဆိုတဲ့ ခံစားချက်တွေ ရှိနေသေးပေမဲ့ ဘုရားသခင်ရဲ့ ချစ်ခင်ကြင်နာမှုကို ယုံကြည်စိတ်ချဖို့ ကျွန်တော် သင်ယူခဲ့ရတယ်။ ကျွန်တော့်ရဲ့ အပျက်သဘောထားတွေကို အနိုင်ယူဖို့ ဘုရားသခင် ခွန်အားဆက်ပေးမယ်ဆိုတာကို ယုံကြည်တယ်။ ကျမ်းစာအမှန်တရား သိရှိခြင်းက ကျွန်တော့်ဘဝမှာ အကောင်းဆုံးပဲ။”—အသက် ၃၇ နှစ်အရွယ် ကိုမောင်မောင်။

“ကျွန်မ ငယ်ငယ်တုန်းက အစ်ကိုနဲ့ အမြဲတမ်း နှိုင်းယှဉ်ခဲ့တယ်။ သူ့လောက် အရေးမပါဘူးလို့ အမြဲခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ရဲ့စွမ်းရည်တွေကိုပါ ယုံကြည်စိတ်ချမှု နည်းနေတုန်းပဲ။ ဒါပေမဲ့ ဘယ်တော့မှ အရှုံးမပေးဖို့ ဆုံးဖြတ်ထားတယ်။ ယေဟောဝါဘုရားသခင်ဆီ ကျွန်မ အမြဲဆုတောင်းခဲ့တဲ့အတွက် သိမ်ငယ်တဲ့စိတ်တွေကို အောင်မြင်ကျော်လွှားနိုင်ခဲ့တယ်။ ကျွန်မကို ဘုရားသခင် တကယ်ပဲ ချစ်မြတ်နိုးပြီး ဂရုစိုက်တယ်ဆိုတာ သိရလို့ အားရှိသွားတယ်။”—အသက် ၄၅ နှစ်အရွယ် ဒေါ်ကြည်ပြာ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 45 နာမည်တချို့ကို ပြောင်းထားသည်။