မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြင်ဖော်မဲ့ မိဘတွေကို စာနာ ထောက်ထားပါ

ကြင်ဖော်မဲ့ မိဘတွေကို စာနာ ထောက်ထားပါ

ကြင်ဖော်မဲ့ မိဘတွေကို စာနာ ထောက်ထားပါ

ကြင်ဖော်မဲ့ မိဘတွေလောက် အချိန်နဲ့ခွန်အား များစွာစိုက်ထုတ်ရတဲ့သူ ရှိမှာမဟုတ်ပါဘူး။ ကြင်ဖော်မဲ့မိဘတွေဟာ မရေမတွက်နိုင်တဲ့ စိန်ခေါ်ချက်များစွာကို ရင်ဆိုင်နေရပါတယ်။ သူတို့ဟာ များပြားလှတဲ့ မိသားစုတာဝန်တွေကို ကြိုးစားထမ်းဆောင်နေကြရရှာတယ်။ ဝမ်းစာရှာရတဲ့အပြင် ဈေးဝယ်၊ ချက်ပြုတ်လျှော်ဖွပ်၊ သန့်ရှင်းရေး၊ ကလေးတွေကို ပြုစုစောင့်ရှောက်ရတဲ့ အိမ်အလုပ်တွေကိုလည်း လုပ်ရရှာတယ်။ အဲဒီနောက် သားသမီးတွေကို စိတ်ဓာတ်ရေးအရ မြှင့်တင်ပေးခြင်း၊ ကျန်းမာရေး ဂရုစိုက်ပေးခြင်း၊ အပန်းဖြေခြင်းစတာတွေကို လုပ်ပေးဖို့ လိုအပ်တယ်၊ ဖြစ်နိုင်ရင် ကိုယ်ကိုယ်တိုင် အနားယူဖို့လည်း အချိန်နည်းနည်းပါးပါးပေးဖို့ လိုအပ်ပါတယ်။

ကနေ့ လူ့အဖွဲ့အစည်းမှာ ကြင်ဖော်မဲ့မိဘတွေရှိတဲ့ မိသားစု အရေအတွက် တိုးများသည်ထက်တိုးများလာပေမဲ့ သတိမမူ ဂူမမြင်ဆိုသလို သူတို့ကို အလွယ်တကူ လျစ်လျူရှုမိနိုင်ပါတယ်။ “ကျွန်မကိုယ်တိုင် ကြင်ဖော်မဲ့မိဘဖြစ်တော့မှပဲ သတိထားမိတော့တယ်” လို့ကြင်ဖော်မဲ့ မိခင်တစ်ဦးက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တယ်။ ကြင်ဖော်မဲ့မိဘတွေကို စာနာထောက်ထားဖို့ ကျွန်ုပ်တို့ ဘယ်လိုလုပ်နိုင်သလဲ။ သူတို့အတွက် စိုးရိမ်မကင်းဖြစ်သင့်သလား။ သူတို့ရဲ့လိုအပ်ရာတွေကို ဖြည့်ဆည်းပေးရတဲ့ အကြောင်းရင်းသုံးခုကို သုံးသပ်ကြည့်ကြရအောင်။

စာနာထောက်ထားရတဲ့ အကြောင်းရင်းများ

ကြင်ဖော်မဲ့မိဘအများစုက အကူအညီရချင်ကြတယ်။ သားသမီးနှစ်ယောက်ရှိတဲ့ အသက် ၄၁ နှစ်အရွယ် မုဆိုးမတစ်ဦးက ဒီလိုပြောပြတယ်– “ဘာလုပ်လို့၊ ဘာကိုင်ရမှန်းမသိတဲ့ အချိန်အခါတွေရှိတယ်။ ကျွန်မလုပ်ရမယ့် တာဝန်တွေက များလွန်းအားကြီးလို့ စိတ်ဖိစီးရတယ်။” မုဆိုးမဘဝရောက်တာ၊ စွန့်ပစ်ခံရတာ ဒါမှမဟုတ် တခြားအဆင်မပြေမှုတွေကြောင့် ကြင်ဖော်မဲ့မိဘတွေက “ကျွန်မတို့ ဒီဘဝကနေ လွတ်ကျွတ်ချင်တယ်။ အကူအညီ တကယ့်ကို လိုအပ်နေတယ်” လို့ပြောခဲ့တဲ့ ကြင်ဖော်မဲ့မိခင်တစ်ဦးရဲ့စကားအတိုင်း ထပ်တူခံစားနေကြရတယ်။

သင့်ကို ပျော်ရွှင်စေတယ်။ လေးလံတဲ့ပစ္စည်းတစ်ခု ထမ်းထားတဲ့သူကို သင် ဝိုင်းကူထမ်းပေးဖူးပါသလား။ ထမ်းပေးဖူးတယ်ဆိုရင် သူ့ကို လက်တွေ့ကျကျ ကူညီပေးလိုက်တယ်ဆိုတဲ့အသိကြောင့် သင်ဟာ စိတ်ကျေနပ်မှုခံစားရမှာပါ။ အဲလိုပဲ ကြင်ဖော်မဲ့မိဘတွေဟာ တာဝန်တွေတစ်ပုံကြီး ထမ်းထားရတယ်။ တစ်ခါတလေ ခက်ခဲလွန်းတဲ့ တာဝန်တွေကိုလည်း မနိုင်မနင်း ထမ်းထားရနိုင်တယ်။ သူတို့ကို သင် ကူညီပေးမယ်ဆိုရင် ‘အားနည်းသောသူကို အောက်မေ့ [“ထောက်ထားစာနာစွာ ပြုမူ၊” ကဘ] သောသူသည် ပျော်ရွှင်၏’ ဆိုတဲ့ ကျမ်းစကားအတိုင်း တွေ့ကြုံခံစားရမှာပါ။—ဆာလံ ၄၁:၁သမ္မာ။

ဘုရားသခင်ရဲ့နှစ်သက်မှုကို ရရှိတယ်။ ကျမ်းစာမှာ ဒီလိုပြောထားတယ်– ‘ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှုဟူမူကား မိဘမဲ့ကလေးများနှင့် မုဆိုးမများ ဆင်းရဲခက်ခဲချိန်တွင် ကြည့်ရှုစောင့်ရှောက်’ ခြင်းဖြစ်တယ်။ (ယာကုပ် ၁:၂၇) ဒီနေရာမှာ ကြင်ဖော်မဲ့မိဘတွေကို ကြည့်ရှုစောင့်ရှောက်ခြင်းလည်း ပါဝင်ပါတယ်။ * “ကောင်းမှုပြုခြင်း၊ သူတစ်ပါးအား ဥစ္စာဝေမျှခြင်း အမှုတို့ကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင် အားရနှစ်သက်တော်မူ၏” လို့ကျမ်းစာက ဆိုပါတယ်။—ဟေဗြဲ ၁၃:၁၆

ကြင်ဖော်မဲ့မိဘတွေကို ကူညီပေးဖို့ ဒီအကြောင်းရင်းသုံးခုကို စိတ်ထဲမှာထားပြီး ဘယ်လိုကူညီပေးမလဲ၊ လက်တွေ့ကျကျ ဘယ်လိုကူညီပေးနိုင်သလဲဆိုတာကို အခု သုံးသပ်ကြည့်ကြရအောင်။

သူတို့ရဲ့လိုအပ်ရာတွေကို ပိုင်းခြားသိမြင်ပါ

သိသာထင်ရှားစွာ လုပ်ဆောင်ရမယ့်အရာက “ကျွန်တော်/ကျွန်မ ဘာကူညီပေးရမလဲ” ဆိုပြီး ကြင်ဖော်မဲ့မိဘတစ်ဦးကို မေးမြန်းတာဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲလိုမေးလိုက်မယ်ဆိုရင် တစ်ဖက်သားက သူတကယ်လိုအပ်ရာကို ပြောပြချင်မှပြောပြမှာပါ။ အထက်မှာ ဖော်ပြခဲ့တဲ့ ဆာလံ ၄၁:၁ [ကဘ] ပါစကားအတိုင်း “ထောက်ထားစာနာစွာ ပြုမူ” လုပ်ဆောင်ပေးပါ။ ဒီနေရာမှာ အသုံးပြုထားတဲ့ ဟီဘရူးဝေါဟာရက “ခက်ခဲတဲ့အခြေအနေတွေကို သေသေချာချာ စဉ်းစားသုံးသပ်ပြီး ပညာရှိရှိ လုပ်ဆောင်ခြင်း” ကိုဆိုလိုနိုင်ပါတယ်။

ဒါကြောင့် အကောင်းဆုံးနည်းနဲ့ အကူအညီပေးနိုင်ဖို့ ကြင်ဖော်မဲ့မိဘ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အသေအချာ စဉ်းစားသုံးသပ်ဖို့လိုပါတယ်။ အခြေအနေကို သာမန်ကာလျှံကာမဟုတ်ဘဲ မျက်စိရှင်ရှင်ထားပြီး မြင်တတ်အောင်ကြည့်ပါ။ ‘ငါသာ သူ့နေရာမှာဆိုရင် ဘာအကူအညီလိုအပ်မလဲ’ ဆိုပြီး သင့်ကိုယ်သင် မေးကြည့်ပါ။ သင်ကြိုးစား ကူညီပေးနေရင်တောင် သင်ကိုယ်တိုင် ကြင်ဖော်မဲ့မိဘတစ်ဦးမဟုတ်ဘူးဆိုရင် ကြင်ဖော်မဲ့မိဘတွေရဲ့ ခံစားချက်ကို သင် အပြည့်အဝ နားလည်နိုင်မှာမဟုတ်ဘူးလို့ ကြင်ဖော်မဲ့မိဘ အတော်များများက ပြောပြကြပါလိမ့်မယ်။ ဒါပေမဲ့ ကြင်ဖော်မဲ့မိဘတွေရဲ့ အခြေအနေတွေကို သင် အတတ်နိုင်ဆုံး ခံစားနားလည်ပေးမယ်ဆိုရင် သူတို့တွေကို ထောက်ထားစာနာစွာ ကူညီပေးနိုင်မယ့် အနေအထားမှာ သင်ရှိနေပါလိမ့်မယ်။

ဘုရားသခင်ရဲ့ စုံလင်တဲ့ပုံနမူနာကို တုပပါ

ကြင်ဖော်မဲ့မိဘတွေကို ဂရုစိုက်ပေးရာမှာ ဘယ်သူမှ ယေဟောဝါဘုရားသခင်လောက် မေတ္တာနဲ့ ထိထိရောက်ရောက် ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ ဘုရားသခင်ဟာ မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေနဲ့ ကြင်ဖော်မဲ့မိဘတွေအပေါ် ထောက်ထားစာနာပြီး စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ကျမ်းချက်အတော်များများမှာ အလေးပေးဖော်ပြထားတယ်။ အဲလိုအားငယ်တဲ့သူတွေရဲ့ လိုအပ်ရာတွေကို ဘုရားသခင် ဖြည့်ဆည်းပေးပုံကို ဆန်းစစ်ကြည့်ခြင်းအားဖြင့် တကယ့်ကို အထောက်အကူရပြီး လက်တွေ့ကျတဲ့ အကူအညီတွေပေးဖို့ များစွာသင်ယူနိုင်ပါတယ်။ ဒီနေရာမှာ သုံးသပ်စရာ အချက်လေးချက်ရှိပါတယ်။

အချိန်ပေးနားထောင်ပါ

ရှေးခေတ်အစ္စရေးလူမျိုးကို ဘုရားသခင်ပေးခဲ့တဲ့ ပညတ်တွေထဲမှာ ဆင်းရဲတဲ့သူတွေရဲ့ ‘အော်ဟစ်သံကို အမှန်ကြား’ မယ်လို့ ဖော်ပြထားပါတယ်။ (ထွက်မြောက်ရာ ၂၂:၂၂၊ ၂၃သမ္မာ) ဒီပုံနမူနာကို သင် ဘယ်လိုအတုယူနိုင်မလဲ။ တစ်ခါတလေ ကြင်ဖော်မဲ့မိဘတွေဟာ တိုင်ပင်ဖော်တိုင်ပင်ဖက်မရှိလို့ အထီးကျန်ရတယ်။ “တစ်ခါတလေ ကလေးတွေ အိပ်ရာဝင်သွားပြီးတဲ့အခါ ကျွန်မငိုလို့ကို မဆုံးတော့ဘူး။ အဲဒီအချိန်မျိုးမှာ အရမ်းအထီးကျန်တာပဲ” လို့ ကြင်ဖော်မဲ့ မိခင်တစ်ဦးက ဝမ်းနည်းကြေကွဲစွာ ပြောပြတယ်။ လိုအပ်ပါက ခံစားချက်တွေထုတ်ဖော်ပြောဆိုမယ့် ကြင်ဖော်မဲ့မိခင် ဒါမှမဟုတ် ကြင်ဖော်မဲ့ဖခင်ရဲ့ ‘အော်ဟစ်သံ’ ကိုနားထောင်ပေးဖို့ သင် အသင့်ပြင်ထားနိုင်ပါသလား။ ကြင်ဖော်မဲ့မိဘတစ်ဦး သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကူညီပေးဖို့ သူနဲ့စကားစမြည်ပြောဆိုတဲ့အခါ အဖော်ခေါ်သွားပါ။

အားပေးစကားပြောဆိုပါ

ရှေးခေတ်က အစ္စရေးလူတွေ ဝတ်ပြုကိုးကွယ်တဲ့ အချိန်အခါတွေမှာ ဆာလံသီချင်းတွေကို သီဆိုခဲ့ရတယ်။ ယေဟောဝါဘုရားသခင်ဟာ မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေရဲ့ “အဖ” နဲ့ “တရားသူကြီး” ဖြစ်ပြီး သူတို့ကို သက်သာခွင့်ပေးမယ်ဆိုတဲ့ သီချင်းစာသားတွေကို သီဆိုတဲ့အခါ သူတို့ဘယ်လောက် အားရှိလိုက်မလဲဆိုတာ မြင်ယောင်ကြည့်ပါ။ (ဆာလံ ၆၈:၅; ၁၄၆:၉) ကျွန်ုပ်တို့လည်း ကြင်ဖော်မဲ့မိဘတစ်ဦးအတွက် အကြာကြီး အမှတ်ရနေစေမယ့် အားပေးစကားတွေ ပြောဆိုနိုင်ပါတယ်။ ရုသ်လို့ခေါ်တဲ့ ကြင်ဖော်မဲ့မိခင်တစ်ဦးကို အတွေ့အကြုံရှိ ဖခင်တစ်ဦးက “ကလေးနှစ်ယောက်ကို ခင်ဗျား ကောင်းကောင်း ပြုစုပျိုးထောင်ပေးနိုင်တာ ချီးကျူးစရာပဲ။ စိတ်ဓာတ်မကျနဲ့၊ ဆက်ကြိုးစားပါ” လို့ပြောခဲ့တယ်။ အနှစ် ၂၀ ကျော်သွားပေမဲ့ ကနေ့ထက်ထိ အဲဒီစကားတွေကို ရုသ်အမှတ်ရနေဆဲပါ။ “သူ့ဆီက အဲဒီစကားတွေကို ကြားလိုက်ရတော့ ကျွန်မ အရမ်းအားရှိသွားတယ်” လို့ ရုသ်က ပြန်ပြောပြတယ်။ “ကြင်နာသောစကားသည် ဆေးစွမ်းကောင်းတစ်လက်ဖြစ်” ပြီး အဲဒါက ကျွန်ုပ်တို့မသိနိုင်တဲ့နည်းနဲ့ ကြင်ဖော်မဲ့မိဘတစ်ဦးအတွက် အားပေးမှုဖြစ်စေနိုင်ပါတယ်။ (သု. ၁၅:၄Contemporary English Version) ကြင်ဖော်မဲ့မိဘတစ်ဦးကို စိတ်ရင်းမှန်နဲ့ ချီးမွမ်းစကားပြောဆိုဖို့ သင် စဉ်းစားနိုင်ပါသလား။

လိုအပ်ရင် ရုပ်ပစ္စည်းအကူအညီပေးပါ

ရှေးခေတ်က အစ္စရေးလူမျိုးကို ဘုရားသခင်ပေးခဲ့တဲ့ ပညတ်တွေထဲမှာ မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေ ဂုဏ်သိက္ခာရှိရှိ အစားအစာရရှိနိုင်အောင် လုပ်ပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ အဲဒီအစီအစဉ်ကြောင့် ဆင်းရဲသားတွေဟာ “၀စွာစား” ခဲ့ရတယ်။ (တရားဟောရာ ၂၄:၁၉-၂၁; ၂၆:၁၂၊ ၁၃သမ္မာ) ကျွန်ုပ်တို့လည်း ကြင်ဖော်မဲ့မိသားစုကို သိုသိုသိပ်သိပ်နဲ့ ဂုဏ်သိက္ခာရှိရှိ ရုပ်ပစ္စည်းအကူအညီတွေ ပေးနိုင်ပါတယ်။ သူတို့ရဲ့အိမ်ကို စားသောက်ဖွယ်ရာတွေ သွားပို့ပေးနိုင်ပါသလား။ သူတို့ကိုပေးဖို့ အဝတ်အစားတွေ ရှိသလား။ ဒါမှမဟုတ် သူတို့လိုအပ်တာဝယ်ခြမ်းဖို့ ငွေကြေးအနည်းငယ် ထောက်ပံ့ပေးနိုင်ပါသလား။

ပေါင်းသင်းမှုပြုပါ

မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေကို နှစ်စဉ်ကျင်းပတဲ့ ပွဲတော်တွေမှာ ပါဝင်ခိုင်းဖို့ ယေဟောဝါဘုရားသခင် မိန့်မှာထားပါတယ်။ အဲဒီအခါသမယတွေမှာ သူတို့တွေလည်း တခြားအစ္စရေးလူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းမှုပြုနိုင်ကြတယ်။ တကယ်တော့ “ရွှင်လန်းခြင်းကို ပြုရကြမည်” လို့ သူတို့ကို မိန့်မှာထားပါတယ်။ (တရားဟောရာ ၁၆:၁၀-၁၅) ဒီနေ့လည်း အဲဒီလိုပါပဲ။ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းမှုပြုဖို့ “အချင်းချင်း ဧည့်ဝတ်ပြုကြလော့” ဆိုပြီး စစ်မှန်တဲ့ခရစ်ယာန်တွေကို ကျမ်းစာက တိုက်တွန်းထားတယ်။ (၁ ပေတရု ၄:၉) ဒါကြောင့် ကြင်ဖော်မဲ့မိသားစုတစ်စုကို သင့်အိမ်မှာ ဖိတ်ခေါ်ကျွေးမွေးကြည့်ပါလား။ ကြီးကြီးကျယ်ကျယ် လုပ်ဖို့မလိုပါဘူး။ မိတ်ဆွေတွေရဲ့အိမ်မှာ ယေရှု ပေါင်းသင်းမှုပြုလုပ်တုန်းက “အနည်းငယ်သာလျှင်၊ တစ်မည်သာလျှင် လို၏” လို့ပြောခဲ့တာပဲ။—လုကာ ၁၀:၄၂

ကျေးဇူးဆပ်ခံရလိမ့်မယ်

သားသမီးသုံးယောက်ကို ကျွေးမွေးပြုစုခဲ့တဲ့ ကက်သလင်းအမည်ရှိ ကြင်ဖော်မဲ့မိခင်တစ်ဦးက “ဘာကိုမှ မမျှော်လင့်ပါနဲ့။ အရာရာတိုင်းကို ကျေးဇူးတင်လေးမြတ်ပါ” ဆိုတဲ့ ပညာရှိစကားကို ဘယ်တော့မှ မမေ့ဘူးလို့ ပြောပြတယ်။ ကက်သလင်းလိုပဲ ကြင်ဖော်မဲ့မိဘ အတော်များများဟာ သားသမီးတွေကို ပြုစုပျိုးထောင်ရမယ့်တာဝန်ကို အသိအမှတ်ပြုကြပါတယ်။ ဒါကြောင့် သူတို့လုပ်ရမယ့်တာဝန်ကို တခြားသူလုပ်ဆောင်ပေးဖို့ မမျှော်လင့်ကြပါဘူး။ ဒါပေမဲ့ သူတို့ရရှိတဲ့ အကူအညီတွေအတွက် ကျေးဇူးတင်ကြမှာ သေချာပါတယ်။ ကြင်ဖော်မဲ့မိဘတွေကို ထောက်ထားစာနာမှုပြသခြင်းအားဖြင့် သင်ကိုယ်တိုင်လည်း ပျော်ရွှင်မှုခံစားရသလို သူတို့လည်း အကျိုးခံစားရနိုင်တယ်။ ယေဟောဝါဘုရားသခင်ဟာ သင် “ပြုသောကျေးဇူးကို ဆပ်ပေးတော်မူလိမ့်မည်” ဆိုတာကို ယုံကြည်စိတ်ချနိုင်ပါတယ်။—သု. ၁၉:၁၇သမ္မာ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 “ကြင်ဖော်မဲ့မိဘ” ဟူသောအသုံးအနှုန်းကို သမ္မာကျမ်းစာတွင် မဖော်ပြထားသော်လည်း “မုဆိုးမ၊” “မိဘမဲ့သား” ဟူသောအသုံးအနှုန်းများကို မကြာခဏ အသုံးပြုထားပါသည်။ ဒီအချက်အရ ကျမ်းစာခေတ်၌ပင် ကြင်ဖော်မဲ့မိဘများ ရှိနေပြီဖြစ်သည်။—ဟေရှာယ ၁:၁၇

[စာမျက်နှာ ၂၄ ပါရုပ်ပုံ]

ကြင်ဖော်မဲ့မိသားစုကို သင့်အိမ်မှာ ဖိတ်ခေါ်ကျွေးမွေးခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်လဲ။ အမြန်ဆုံး ဖိတ်ခေါ်ကျွေးမွေးရင် မကောင်းဘူးလား