မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ဆီက ဘာကြောင့် သင်ယူရတာလဲ

ဘုရားသခင်ဆီက ဘာကြောင့် သင်ယူရတာလဲ

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ဘုရားသခင်ဆီက ဘာကြောင့် သင်ယူရတာလဲ

ဒီဆောင်းပါးမှာ သင် သိချင်တဲ့ မေးခွန်းတွေကို ဖော်ပြထားပြီး အဖြေတွေကို သင့်ကျမ်းစာမှာ တွေ့ရှိနိုင်တဲ့အကြောင်း တင်ပြထားပါတယ်။ ယေဟောဝါသက်သေတွေဟာ အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ဘုရားသခင်ဆီက ဘာကြောင့် သင်ယူရတာလဲ။

လူသားတွေအတွက် အရမ်းကောင်းတဲ့ သတင်းကောင်းတစ်ခု ဘုရားသခင်ဆီမှာရှိတယ်။ အဲဒီအကြောင်းကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ သမ္မာကျမ်းစာဟာ ကောင်းကင်မှာရှိတဲ့ မေတ္တာရှင်ဖခင်ဆီကလာတဲ့ စာတစ်စောင်နဲ့တူတယ်။—ယေရမိ ၂၉:၁၁ ကိုဖတ်ပါ။

၂။ သတင်းကောင်းဆိုတာ ဘာလဲ။

လူသားတွေဟာ ကောင်းတဲ့အုပ်ချုပ်မှု လိုအပ်တယ်။ ဘယ်လူသားအုပ်စိုးရှင်ကမျှ လူသားတွေကို အကြမ်းဖက်မှု၊ တရားမမျှတမှု၊ ရောဂါ၊ သေခြင်းတွေကနေ ကယ်တင်မပေးနိုင်ခဲ့ဖူးဘူး။ ဒါပေမဲ့ သတင်းကောင်းတစ်ခုရှိတယ်။ အဲဒါကတော့ ဘုရားသခင်ဟာ လူသားတွေကို ကောင်းတဲ့အုပ်ချုပ်မှုပေးတော့မယ်။ အဲဒီအုပ်ချုပ်မှုက လူသားတွေကို ဆင်းရဲခက်ခဲမှုအားလုံးကနေ လွတ်မြောက်စေပါလိမ့်မယ်။—ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။

၃။ ဘုရားသခင်ဆီက သင်ယူဖို့ ဘာကြောင့် အရေးကြီးရတာလဲ။

မကြာခင် ဆင်းရဲခက်ခဲမှုတွေကို ဖြစ်ပေါ်စေတဲ့ လူသားတွေကို ကမ္ဘာမြေကြီးပေါ်ကနေ ဘုရားသခင် ဖယ်ရှားတော့မယ်။ ဒီအတောအတွင်း ပိုကောင်းတဲ့ဘဝအသက်တာကို စိတ်နှိမ့်ချတဲ့ လူသန်းပေါင်းများစွာ ပိုင်ဆိုင်နိုင်ဖို့၊ ဘုရားသခင်နဲ့လူသားချင်းကို ချစ်မြတ်နိုးဖို့ ဘုရားသခင် သွန်သင်ပေးနေပါတယ်။ လူတွေဟာ ဘဝပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်၊ စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုရရှိနိုင်တယ်၊ ဘုရားသခင့်နှစ်သက်မှုကို ဘယ်လိုရရှိနိုင်တယ်ဆိုတာတွေကို သမ္မာကျမ်းစာကနေတစ်ဆင့် သင်ယူနေကြပါတယ်။—ဇေဖနိ ၂:၃ ကိုဖတ်ပါ။

၄။ သမ္မာကျမ်းစာရဲ့ အာဘော်ရှင်က ဘယ်သူလဲ။

သမ္မာကျမ်းစာကို ကျမ်းစောင်ငယ် ၆၆ စောင်နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီကျမ်းစောင်တွေကို လူအယောက် ၄၀ လောက်က ရေးသားခဲ့တယ်။ သမ္မာကျမ်းစာရဲ့ ပထမဆုံးကျမ်းငါးစောင်ကို မောရှေက လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ လောက်က ရေးသားခဲ့တာပါ။ နောက်ဆုံးကျမ်းစောင်ကိုတော့ တမန်တော်ယောဟန်က လွန်ခဲ့တဲ့ အနှစ် ၁,၉၀၀ ကျော်က ရေးသားခဲ့တယ်။ ဒါပေမဲ့ ကျမ်းရေးသူတွေဟာ သူတို့ကိုယ်ပိုင်အတွေးတွေကိုမဟုတ်ဘဲ ဘုရားသခင့်အတွေးအခေါ်တွေကိုပဲ ရေးသားခဲ့ကြတယ်။ ဒါကြောင့် ဘုရားသခင်သာ သမ္မာကျမ်းစာရဲ့အာဘော်ရှင်ဖြစ်ပါတယ်။—၂ တိမောသေ ၃:၁၆; ၂ ပေတရု ၁:၂၁ တို့ကိုဖတ်ပါ။

သမ္မာကျမ်းစာဟာ ဘုရားသခင်ဆီက လာတယ်ဆိုတာ ကျွန်ုပ်တို့ သိထားတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာမှာ အနာဂတ်နဲ့ပတ်သက်ပြီး အတိအကျ ဖော်ပြထားလို့ပါ။ ဘယ်လူသားကမှ အဲဒီလို အတိအကျ မပြောပြနိုင်ပါဘူး။ (ဟေရှာယ ၄၆:၉၊ ၁၀) ဒါ့အပြင် ဘုရားသခင့် အရည်အသွေးတော်တွေကိုလည်း ကျမ်းစာမှာ ဖော်ပြထားပါသေးတယ်။ သမ္မာကျမ်းစာဟာ လူတွေရဲ့ ဘဝအသက်တာကို ပိုကောင်းအောင် ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ ဒီအချက်တွေကြောင့် သမ္မာကျမ်းစာဟာ ဘုရားသခင့်စကားတော်ဖြစ်တယ်ဆိုတာ လူသန်းပေါင်းများစွာက ယုံကြည်စိတ်ချကြတာပါ။—ယောရှု ၂၃:၁၄; ၁ သက်သာလောနိတ် ၂:၁၃ တို့ကိုဖတ်ပါ။

၅။ သမ္မာကျမ်းစာကို သင် ဘယ်လိုနားလည်နိုင်မလဲ။

ယေရှုဟာ သမ္မာကျမ်းစာကို သွန်သင်သူတစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာခဲ့တယ်။ ယေရှုဟောပြောခဲ့တဲ့သူ အများစုဟာ ကျမ်းစောင်တွေနဲ့အကျွမ်းတဝင်ရှိပေမဲ့ အဲဒါတွေကိုနားလည်ဖို့ သူတို့ အကူအညီလိုအပ်တယ်။ ဒါကြောင့် ယေရှုက ကျမ်းချက်တစ်ချက်ပြီးတစ်ချက် ရည်ညွှန်းပြီး “ကျမ်းစာ၏အနက်ကို” နားလည်အောင် ရှင်းပြပေးခဲ့တယ်။ “ဘုရားသခင့်စကားတော်မှ သင်ယူပါ” ဆိုတဲ့ ဒီကဏ္ဍက အဲဒီနည်းအတိုင်း သင့်ကို ကူညီပေးပါလိမ့်မယ်။—လုကာ ၂၄:၂၇၊ ၄၅ ကိုဖတ်ပါ။

ဘဝရည်ရွယ်ချက်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ အများကြီး ဘုရားသခင်ဆီက သင်ယူနိုင်ပါတယ်။ ဒါပေမဲ့ သင် ကျမ်းစာလေ့လာနေတာကို လူတချို့က နှစ်သက်ချင်မှနှစ်သက်ကြမယ်။ စိတ်ဓာတ်မကျလိုက်ပါနဲ့။ သင့်ရဲ့ ထာဝရအသက်မျှော်လင့်ချက်က ဘုရားသခင်ကို သိကျွမ်းလာခြင်းအပေါ်မှာပဲ မူတည်ပါတယ်။—မဿဲ ၅:၁၀-၁၂; ယောဟန် ၁၇:၃ တို့ကိုဖတ်ပါ။

ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၂ တွင်ဖတ်ကြည့်ပါ။