အာဒံနဲ့ဧဝ အပြစ်ပြုမယ်ဆိုတာ ဘုရားသခင် ကြိုသိခဲ့သလား
အာဒံနဲ့ဧဝ အပြစ်ပြုမယ်ဆိုတာ ဘုရားသခင် ကြိုသိခဲ့သလား
အဲဒီမေးခွန်းကို လူအတော်များများက စိတ်ရင်းမှန်နဲ့ မေးကြတယ်။ ဆိုးသွမ်းမှုတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုရသလဲဆိုတဲ့အကြောင်း ပြောပြီဆိုရင် ဧဒင်ဥယျာဉ်မှာ အာဒံဧဝတို့ ကျူးလွန်ခဲ့တဲ့ အပြစ်အကြောင်း ဆွေးနွေးဖို့ဖြစ်လာတယ်။ ‘အရာရာကို ဘုရားသခင် သိတာပဲ’ ဆိုတဲ့ လူအများရဲ့ ထင်မြင်ချက်ကြောင့် ဘုရားသခင်ကို အာဒံနဲ့ဧဝ နာခံမှာမဟုတ်ဘူးဆိုတာ ဘုရားသခင် ကြိုတင်သိထားရမယ်ဆိုပြီး တချို့က အလွယ်တကူ ကောက်ချက်ချမိနိုင်တယ်။
စုံလင်တဲ့ ဇနီးမောင်နှံ အပြစ်ပြုမယ်ဆိုတာ ဘုရားသခင် တကယ်ပဲ ကြိုသိထားခဲ့တယ်ဆိုရင် ဘယ်လိုသဘောသက်ရောက် သွားမလဲ။ အဲလိုယူဆချက်က ဘုရားသခင်အပေါ် အပျက်သဘော သက်ရောက်သွားစေတယ်။ ဘုရားသခင်ဟာ မေတ္တာမရှိသူ၊ တရားမမျှတသူ၊ စိတ်ထားမမှန်သူဆိုပြီး အထင်ရောက်သွားနိုင်တယ်။ အာဒံနဲ့ဧဝ မကောင်းမှုကျူးလွန်မယ်ဆိုတာ ဘုရားသခင် ကြိုသိထားတယ်ဆိုရင် သူတို့အပေါ် ရက်စက်ရာကျတာပေါ့လို့ တချို့က ယူမှတ်ကောင်းယူမှတ်သွားနိုင်တယ်။ အဲဒီလိုသာဆိုရင် လူ့သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ ဆိုးသွမ်းမှုနဲ့ ဆင်းရဲခက်ခဲမှုအားလုံးအတွက် ဘုရားသခင်မှာ တာဝန်ရှိတယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ ကြံရာပါဖြစ်ရမယ်။ တချို့က ဘုရားသခင်ကို ဉာဏ်မရှိဘူးလို့တောင် ယူမှတ်ကြတယ်။
ဘုရားသခင်နဲ့ပတ်သက်ပြီး အဲလိုအပျက်သဘော ပုံဖော်ချက်က ကျမ်းစာဖော်ပြချက်နဲ့ အပ်စပ်ပါသလား။ အဖြေသိနိုင်ဖို့ ဘုရားသခင့်ဖန်ဆင်းခြင်းလက်ရာတွေ၊ ဘုရားသခင်ရဲ့ ပင်ကိုအရည်အသွေးတော်တွေနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်တွေကို ဆန်းစစ်ကြည့်ရအောင်။
“အလွန်ကောင်းသည်”
ပထမလူသားမောင်နှံအပါအဝင် ဘုရားသခင့်ဖန်ဆင်းခြင်းနဲ့ပတ်သက်ပြီး ကမ္ဘာဦးကျမ်းမှာ ဒီလိုပြောထားတယ်– “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ” ၏။ (ကမ္ဘာဦး ၁:၃၁) အာဒံနဲ့ဧဝကို စုံလင်စွာ ဖန်ဆင်းထားတဲ့အတွက် သူတို့နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်ခဲ့တယ်။ သူတို့မှာ အပြစ်ဆိုစရာ ဘာတစ်ကွက်မှ မရှိခဲ့ဘူး။ “အလွန်ကောင်း” စွာ ဖန်ဆင်းခံထားရတဲ့အတွက် ဘုရားသခင် တောင်းဆိုထားရာကို သူတို့လုပ်နိုင်မှာ သေချာပါတယ်။ သူတို့ဟာ “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံထားရတယ်။ (ကမ္ဘာဦး ၁:၂၇) ဒါကြောင့် ဘုရားသခင်မှာရှိတဲ့ အရည်အသွေးတွေဖြစ်တဲ့ ဉာဏ်ပညာ၊ တည်မြဲတဲ့မေတ္တာ၊ တရားမျှတမှုနဲ့ ကောင်းမြတ်မှုတို့ကို အတိုင်းအတာတစ်ခုအထိ သူတို့ ပြသနိုင်စွမ်းရှိတယ်။ အဲဒီအရည်အသွေးတွေကို သူတို့ပြသမယ်ဆိုရင် သူတို့အတွက် အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်တဲ့အပြင် ကောင်းကင်ခမည်းတော်ကို အားရနှစ်သက်စေမှာဖြစ်တယ်။
ယေဟောဝါဘုရားသခင်ဟာ စုံလင်ပြီး အသိဉာဏ်ရှိတဲ့ အာဒံနဲ့ဧဝကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်လည်း ပေးထားပါတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင့်စိတ်တော်နဲ့တွေ့ဖို့ ဘာမှရွေးချယ်ပိုင်ခွင့်မရှိတဲ့ စက်ရုပ်တွေလိုမဟုတ်ပါဘူး။ စဉ်းစားကြည့်လိုက်ပါ။ စိတ်မပါဘဲပေးတဲ့ လက်ဆောင် ဒါမှမဟုတ် စိတ်လိုကိုယ်လျောက်ပေးတဲ့ လက်ဆောင် ဘယ်တစ်ခုက သင့်အတွက် ပိုပြီးတန်ဖိုးရှိစေမလဲ။ အဖြေကတော့ ရှင်းပါတယ်။ အဲဒီလိုပါပဲ၊ အာဒံနဲ့ဧဝဟာ ဘုရားသခင်ကိုနာခံဖို့ စိတ်လိုကိုယ်လျောက် ရွေးချယ်ခဲ့မယ်ဆိုရင် ဘုရားသခင်အတွက် ပိုပြီးတော့တောင် တန်ဖိုးရှိလိမ့်မယ်။ သူတို့ဇနီးမောင်နှံမှာ ရွေးချယ်နိုင်စွမ်းရှိတဲ့အတွက် နာခံမှုကို ဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့ ဖော်ပြနိုင်တယ်။—တရားဟောရာ ၃၀:၁၉၊ ၂၀။
ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ကောင်းမြတ်ခြင်း
ယေဟောဝါဘုရားသခင်ရဲ့ အရည်အသွေးတော်တွေကို သမ္မာကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။ ဘုရားသခင်မှာ အဲဒီအရည်အသွေးတွေရှိတဲ့အတွက် အပြစ်ဖြစ်စေမယ့် ဘယ်အရာကိုမှလုပ်စရာအကြောင်းမရှိဘူး။ ဘုရားသခင်ဟာ “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၃၃:၅) ဒါကြောင့် “မကောင်းသောအမှုများဖြင့် ဘုရားသခင်ကို မစမ်းသပ်နိုင်သကဲ့သို့ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ စမ်းသပ်တော်မမူ” ဆိုပြီး ကျမ်းစာမှာ ဆက်ဖော်ပြထားတယ်။ (ယာကုပ် ၁:၁၃) ဘုရားသခင်ဟာ တရားမျှတတဲ့အပြင် အာဒံကို ဂရုစိုက်တဲ့အတွက် “ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏ အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်” ဆိုပြီး သတိပေးခဲ့တယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဘုရားသခင်ဟာ အာဒံနဲ့ဧဝကို ထာဝစဉ်အသက်ရှင်ခြင်းနဲ့ သေခြင်းကို ရွေးချယ်ခွင့်ပေးထားတယ်။ ဆိုးကျိုးဖြစ်ပေါ်လာ မှာကို သိသိကြီးနဲ့ အပြစ်မလုပ်ပါနဲ့လို့ သူတို့ကို သတိပေးမယ်ဆိုရင် ဘုရားသခင်ဟာ အရေခြုံဟန်ဆောင်သမား ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့် စီရင်ခြင်းကို နှစ်သက်တော်မူ” တဲ့အတွက် ဘယ်တော့မှ အဲဒီလိုလုပ်မှာမဟုတ်ဘူး။
ဘုရားသခင်ဟာ ကောင်းမြတ်ခြင်းမှာလည်း ကြွယ်ဝပြည့်စုံတဲ့အရှင်ဖြစ်တယ်။ (ဆာလံ ၃၁:၁၉၊ ခမ) ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို ယေရှု ဒီလိုဖော်ပြခဲ့တယ်– “သားသည် မုန့်ကိုတောင်းလျှင် ကျောက်ခဲပေးမည့်သူ သင်တို့တွင် ရှိသလော။ ငါးကိုတောင်းလျှင် မြွေကိုပေးမည်လော။ ထို့ကြောင့် သင်တို့သည် လူဆိုးဖြစ်လျက်ပင် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်များကို ပေးတတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ထိုမျှမက သာ၍ပေးတော်မူမည်။” (မဿဲ ၇:၉-၁၁) မိမိဖန်ဆင်းထားတဲ့ သတ္တဝါတွေကို “ကောင်းသောအရာ” တွေ ဘုရားသခင် ပေးထားပါတယ်။ လူသားကိုဖန်ဆင်းထားပုံ၊ ဧဒင်ဥယျာဉ် ပြုလုပ်ပေးထားပုံက ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို သက်သေထူတယ်။ အကယ်၍ လူတစ်ယောက်က လှပတဲ့အိမ်တစ်လုံးကို အပိုင်ပေးထားပြီးမှ ပြန်ယူသွားရင် အလွန်ရက်စက်ရာကျတယ်။ ကောင်းမြတ်တဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်က အဲလိုပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ ဒါကြောင့် လူ့ပုန်ကန်မှုအတွက် ဖြောင့်မတ်ပြီး ကောင်းမြတ်တဲ့ ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်မှာ တာဝန်မရှိဘူး။
“ပညာနှင့်ပြည့်စုံတော်မူသော” အရှင်
ဘုရားသခင်ဟာ “ပညာနှင့်ပြည့်စုံတော်မူသော” အရှင်ဖြစ်တယ် ဆိုပြီးတော့လည်း ကျမ်းစာက ဖော်ပြတယ်။ (ရောမ ၁၆:၂၇) ဘုရားသခင်ရဲ့ အတိုင်းအဆမဲ့ ဉာဏ်ပညာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ သက်သေသာဓကများစွာကို ကောင်းကင်တမန်တွေ မျက်မြင်တွေ့ခဲ့ကြတယ်။ မြေကြီးနဲ့ဆိုင်တဲ့အရာတွေကို ဘုရားသခင် ဖန်ဆင်းခဲ့တုန်းက ကောင်းကင်တမန်တွေဟာ “ဝမ်းမြောက်သဖြင့် ကြွေးကြော်” ခဲ့ကြတယ်။ (ယောဘ ၃၈:၄-၇) ဧဒင်ဥယျာဉ်မှာ ဖြစ်ပျက်ခဲ့ရာတွေကိုလည်း သူတို့အရမ်းစိတ်ဝင်စားခဲ့မှာ သေချာပါတယ်။ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ဘုရားသခင်က အံ့သြမိန်းမောဖွယ် စကြဝဠာနဲ့မြေကြီးကို ဖန်ဆင်းပြီးတဲ့နောက် အာဒံနဲ့ဧဝတို့ဟာ ကောင်းကင်တမန်တွေရဲ့ရှေ့မှောက်မှာ သေချာပေါက် ဖောက်ပြန်လိမ့်မယ်ဆိုပြီး ကြိုသိထားတယ်ဆိုရင် အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ ဒါကြောင့် ဆင်းရဲခက်ခဲမှုတွေ ဖြစ်ပေါ်လာအောင် ဘုရားသခင် ကြိုတင်စီစဉ်ထားတယ်ဆိုတာက လုံးဝကျိုးကြောင်းမညီညွတ်ဘူး။
‘ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ဘုရားသခင်က အကုန်မသိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’ ဆိုပြီး တချို့က အတွန့်တက်ကောင်း တက်လိမ့်မယ်။ မှန်ပါတယ်၊ ဘုရားသခင်ရဲ့ ကြီးမားလှတဲ့ ဉာဏ်ပညာရဲ့ အသွင်အပြင်တစ်ခုက “အဦးမှစ၍ အဆုံးတိုင်အောင်” သိမြင်နိုင်စွမ်းရှိခြင်း ဖြစ်ပါတယ်။ (ဟေရှာယ ၄၆:၉၊ ၁၀) ဒါပေမဲ့ ဘုရားသခင်ဟာ မိမိရဲ့အတိုင်းအဆမဲ့ တန်ခိုးတော်ကို အပြည့်အဝ အမြဲ အသုံးမပြုသလို မိမိရဲ့သိမြင်နိုင်စွမ်းကိုလည်း အပြည့်အဝ အသုံးမပြုပါဘူး။ ဘုရားသခင်ဟာ မိမိရဲ့ ကြိုတင်သိမြင်နိုင်စွမ်းကို ဘယ်အချိန်မှာ အသုံးပြုရမယ်ဆိုတာ ရွေးချယ်တတ်ပါတယ်။ အခြေအနေနဲ့ကိုက်ညီပြီး အကြောင်းကောင်းရှိတဲ့အခါကျမှ အဲဒီအစွမ်းကို သင့်လျော်သလို ကိုယ်တော် အသုံးပြုပါတယ်။
ကြိုတင်သိရှိမှုကို ချုပ်တည်းထားနိုင်တယ်ဆိုတာကို ကနေ့ခေတ် နည်းပညာရဲ့ အသွင်အပြင်တစ်ခုနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အားကစားပြိုင်ပွဲတစ်ခုကို အခွေထိုးကြည့်နေတဲ့ လူတစ်ယောက်ဟာ အနိုင်အရှုံးသိနိုင်ဖို့ ပြိုင်ပွဲရဲ့နောက်ဆုံးအပိုင်းကို အရင်ဆုံးကြည့်ခွင့် သူ့မှာရှိတယ်။ ဒါပေမဲ့ သူဟာ အဲဒီလိုနည်းနဲ့ အစပြုပြီး မကြည့်ရှုပါဘူး။ သူဟာ ပွဲစဉ်တစ်ခုလုံးကို အစကနေကြည့်မယ်ဆိုရင် ဘယ်သူက သူ့ကို အပြစ်တင်လို့ရမှာလဲ။ အဲဒီလိုပဲ ဖန်ဆင်းရှင်ကလည်း အဖြစ်အပျက်တွေ ဘယ်လိုအဆုံးသတ်မလဲဆိုပြီး သိမြင်ဖို့ မရွေးချယ်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။ အဲဒီအစား ဘုရားသခင်က လူသားတွေ ဘယ်လိုပြုမူကြမလဲဆိုတာကို ဇာတ်ရည်လည်လာတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ဖို့ ရွေးချယ်ခဲ့ပါတယ်။
စက်ရုပ်တီထွင်သူဟာ စက်ရုပ်တွေကို သူခိုင်းတဲ့အတိုင်းပဲ လုပ်ဖို့ တီထွင်ထားတယ်။ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ဘုရားသခင်ဟာ အာဒံနဲ့ဧဝကို စက်ရုပ်တွေလို မဖန်ဆင်းခဲ့ဘူး။ အဲဒီအစား အာဒံနဲ့ဧဝကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးထားတယ်။ သူတို့ဟာ လမ်းမှန်ကို ရွေးချယ်ခြင်းအားဖြင့် မေတ္တာ၊ ကျေးဇူးသိတတ်မှုနဲ့ နာခံမှုကို တင်ပြနိုင်ကြတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့ ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ကိုရော သူတို့ကိုယ်တိုင်ကိုပါ စိတ်ရွှင်လန်းစေနိုင်ပါတယ်။—သု. ၂၇:၁၁; ဟေရှာယ ၄၈:၁၈။
ဘုရားသခင်ဟာ ကြိုတင်သိမြင်နိုင်စွမ်းကို အချိန်အခါတိုင်းမှာ အသုံးမပြုခဲ့ဘူးဆိုပြီး ကျမ်းစာက ဖော်ပြတယ်။ ဥပမာ၊ တည်ကြည်သူ အာဗြဟံဟာ မိမိသားကို ယဇ်ပူဇော်ခါနီးမှာ ဘုရားသခင်က ဒီလိုပြောခဲ့တယ်– “သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ၏။ အကြောင်းမူကား သင်၏သား၊ သင်၌ တစ်ယောက်တည်းသောသားကို ငါတောင်း၍ သင်သည် ငါ့ကိုမငြင်း။” (ကမ္ဘာဦး ၂၂:၁၂) ဒါပေမဲ့ လူတချို့ရဲ့ အမူအကျင့်ဆိုးကြောင့် ဘုရားသခင် “စိတ်တော်နာ” ကျင်ခဲ့တဲ့ အချိန်အခါတွေလည်း ရှိပါသေးတယ်။ သူတို့ဘာလုပ်မယ်ဆိုတာကို ဘုရားသခင် ကြာမြင့်စွာကတည်းက ကြိုတင်သိမြင်ခဲ့မယ်ဆိုရင် အဲဒီလိုစိတ်ထိခိုက်ပါ့မလား။—ဆာလံ ၇၈:၄၀၊ ၄၁; ၃ ဓမ္မရာဇဝင် ၁၁:၉၊ ၁၀။
ဒါကြောင့် အာဒံနဲ့ဧဝ အပြစ်ပြုလိမ့်မယ်ဆိုတာကို ကြိုတင်သိနိုင်ဖို့ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ဘုရားသခင်က မိမိရဲ့ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးမပြုခဲ့ဘူးလို့ ကောက်ချက်ချတာက အကျိုးသင့်အကြောင်းသင့်ရှိတယ်။ မိမိကြိုသိထားတဲ့အတိုင်း ဖြစ်ပျက်လာဖို့ လူသားတွေကို ဖန်ဆင်းခဲ့မယ်ဆိုရင် ဘုရားသခင်က ဉာဏ်ပညာနဲ့ပြည့်စုံတယ်လို့ ပြောလို့မရတော့ဘူး။
“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏”
ဘုရားသခင့်ရန်သူ စာတန်ဟာ အပြစ်နဲ့သေခြင်းအပါအဝင် တခြားဆိုးကျိုးတွေကို ဖြစ်ပေါ်စေခဲ့တဲ့ ဧဒင်ဥယျာဉ်ပုန်ကန်မှုကို အစပြုခဲ့တယ်။ ဒီလိုနဲ့ စာတန်ဟာ “လူ့အသက်ကိုသတ်သောသူ” ဖြစ်သွားတယ်။ ဒါ့အပြင် သူဟာ ‘လိမ်လည်သူ၊’ ‘လိမ်လည်မှု၏အဖ’ ဆိုတာ ထင်ရှားသွားတယ်။ (ယောဟန် ၈:၄၄) သူခိုးက လူလူဟစ် ဆိုသလို မေတ္တာရှင်ဘုရားသခင်မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုပြီး စွပ်စွဲဖို့ စာတန် အားထုတ်ခဲ့တယ်။ စာတန်ဟာ လူသားတွေရဲ့အပြစ်ကို ဘုရားသခင်အပေါ် ပုံချချင်နေတယ်။
အာဒံနဲ့ဧဝ အပြစ်ပြုလိမ့်မယ်ဆိုတာကို ဘုရားသခင် ကြိုတင်သိမြင်ဖို့ မရွေးချယ်ခဲ့ရတဲ့ အခိုင်လုံဆုံး အကြောင်းရင်းကတော့ မေတ္တာဆိုတဲ့အရည်အသွေးကြောင့်ပါ။ ဘုရားသခင်ရဲ့ အဓိကအရည်အသွေးက ချစ်ခြင်းမေတ္တာဖြစ်ပြီး “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ယောဟန် ၄:၈) ချစ်ခြင်းမေတ္တာက အပြုသဘောဆောင်ပြီး အပျက်သဘောမဆောင်ဘူး။ ချစ်ခြင်းမေတ္တာရှိတဲ့သူက တခြားသူတွေရဲ့ ကောင်းကွက်ကိုပဲ ကြည့်တတ်တယ်။ ဘုရားသခင်ဟာ မေတ္တာရဲ့စေ့ဆော်မှုကြောင့် အာဒံနဲ့ဧဝတို့အကျိုးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးလိုတယ်။
လူသားတွေဟာ ပညာမဲ့စွာ ရွေးချယ်ခဲ့ကြပေမဲ့ မေတ္တာရှင်ဘုရားသခင်က စိတ်မပျက်ခဲ့ဘူး၊ သူတို့အပေါ် သံသယမဝင်ခဲ့ဘူး။ ဘုရားသခင်ဟာ လူသားတွေကို လိုအပ်သမျှ ပေးသနားထားတဲ့အပြင် သူတို့သိသင့်သိထိုက်ရာတွေကိုလည်း ပေးသိထားပါတယ်။ ဒါကြောင့် ပုန်ကန်ဖို့မဟုတ်ဘဲ မေတ္တာနဲ့ နာခံတာကိုပဲ ဘုရားသခင် မျှော်လင့်တာက လျောက်ပတ်တယ်။ အာဒံနဲ့ဧဝမှာ တည်ကြည်မှုရှိရှိ ပြုမူနိုင်စွမ်း ရှိခဲ့တယ်ဆိုတာ ဘုရားသခင် သိထားတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ မစုံလင်တဲ့လူသားတွေဖြစ်တဲ့ အာဗြဟံ၊ ယောဘ၊ ဒံယေလနဲ့ တခြားသူတွေတောင် တည်ကြည်နိုင်ခဲ့သေးတာပဲ။
“ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ၏” လို့ယေရှု ပြောခဲ့တယ်။ (မဿဲ ၁၉:၂၆) အဲဒါက နှစ်သိမ့်မှုဖြစ်စေပါတယ်။ တရားမျှတခြင်း၊ ဉာဏ်ပညာနဲ့ တန်ခိုးတော်ဆိုတဲ့ ထင်ရှားတဲ့အရည်အသွေးတွေနဲ့ တွဲဖက်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက အပြစ်နဲ့သေခြင်းရဲ့ ဆိုးကျိုးတွေကို အချိန်တန်ရင် ဖယ်ရှားပေးနိုင်တဲ့အပြင် ဖယ်ရှားပေးမယ်ဆိုပြီး စိတ်ချစေတယ်။—ဗျာ. ၂၁:၃-၅။
အာဒံနဲ့ဧဝ အပြစ်လုပ်မယ်ဆိုတာကို ဘုရားသခင် ကြိုတင်မသိရှိထားဘူးဆိုတာ ထင်ရှားနေပါတယ်။ လူသားတွေရဲ့ မနာခံမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲခက်ခဲမှုတွေကိုကြည့်ပြီး ဘုရားသခင် စိတ်တော်ထိခိုက်ခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာမြေကြီးနဲ့ လူသားတွေအတွက် မိမိရဲ့ရည်ရွယ်ချက် အထမမြောက်အောင် လက်ရှိအခြေအနေတွေက မတားဆီးနိုင်ဘူးဆိုတာ ဘုရားသခင် သိထားတယ်။ အဲဒီရည်ရွယ်ချက်အကြောင်း၊ အဲဒီရည်ရွယ်ချက် အထမြောက်လာတဲ့အခါ သင် ဘယ်လို အကျိုးခံစားနိုင်တယ်ဆိုတဲ့အကြောင်း မသိချင်ဘူးလား။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 23 ကမ္ဘာမြေကြီးနှင့်ပတ်သက်သည့် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း ပိုမိုသိလိုလျှင် ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၃ ကို ဖတ်ကြည့်ပါ။
[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]
ဘုရားသခင်ဟာ အာဒံနဲ့ ဧဝကို စက်ရုပ်တွေလို မဖန်ဆင်းခဲ့
[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]
အာဒံနဲ့ဧဝမှာ တည်ကြည်မှုရှိရှိ ပြုမူနိုင်စွမ်း ရှိခဲ့တယ်ဆိုတာ ဘုရားသခင် သိထား