မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်ထဲမှာ ရှိတဲ့အရာလား

ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်ထဲမှာ ရှိတဲ့အရာလား

ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်ထဲမှာ ရှိတဲ့အရာလား

“ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်ထဲမှာ ရှိတဲ့အရာဖြစ်တယ်” ဆိုပြီး ၁၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် က သူ့ရဲ့စာအုပ် (Jesus of Nazareth) ထဲမှာ ဖော်ပြထားပါတယ်။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ယေရှုခရစ်ကို လူတစ်ဦး လက်ခံယုံကြည်တဲ့အခါ သူ့ရဲ့စိတ်နှလုံး ပြောင်းလဲသွားတာကို ဆိုလိုတယ်လို့ တချို့က ယူဆကြတယ်။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ အဲဒီအဓိပ္ပာယ်ပဲလား။

ယေရှုအတွက် ဘုရားသခင့်နိုင်ငံတော်က အလွန်အရေးကြီးပါတယ်။ “ယေရှု ဟောပြောခဲ့တဲ့ အဓိကအကြောင်းအရာ” က ဘုရားသခင့်နိုင်ငံတော် ဖြစ်တယ်ဆိုတာကို ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်က အသိအမှတ်ပြုတယ်။ ယေရှုဟာ ခရစ်ယာန်ဓမ္မအမှုဆောင်ချိန် သုံးနှစ်ခွဲကာလအတွင်း နေရာအနှံ့ ခရီးလှည့်လည်ပြီး ‘ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြော’ ခဲ့တယ်။ (မဿဲ ၄:၂၃) ယေရှုရဲ့သွန်သင်ချက်တွေနဲ့ ကိုယ်တော်ပြသခဲ့တဲ့ အံ့ဖွယ်အမှုတွေကိုကြည့်ရင် ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘုရားသခင်ကို လူတစ်ဦး လက်ခံပြီး ကိုယ်တော့်စကား နားထောင်ရုံထက်မကဘူးဆိုတာ ရှင်းနေပါတယ်။ ဘုရားသခင့်နိုင်ငံတော်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ထာဝစဉ်ခံစားရမယ့် အကျိုးကျေးဇူးတွေ ပါဝင်တယ်။

အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး

ယေရှုရဲ့ ခရစ်ယာန်ဓမ္မအမှု နောက်ဆုံးအချိန်အတွင်း တစ်ချိန်မှာ အရင်းနှီးဆုံး တပည့်တွေဖြစ်တဲ့ ယာကုပ်နဲ့ယောဟန်တို့ရဲ့ မိခင်က ကိုယ်တော်ဆီလာပြီး ဒီလိုပြောခဲ့တယ်– “ကိုယ်တော်၏နိုင်ငံတော်တွင် ကျွန်မ၏သားနှစ်ယောက်သည် လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက် ထိုင်ခွင့်ရရန် အမိန့်ရှိတော်မူပါ။” (မဿဲ ၂၀:၂၁) အဲဒီစကားအရ သူ့သားတွေရဲ့ နှလုံးမှာရှိတဲ့အရာကို သူပြောနေတာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ ဘုရားသခင့်နိုင်ငံတော်မှာ ယေရှု အုပ်ချုပ်မယ်ဆိုတာ သူသဘောပေါက်ထားပြီး သူ့သားတွေကိုလည်း အဲဒီအုပ်ချုပ်မှုမှာ ပါဝင်စေချင်တယ်။ တကယ်ဆိုရင် သစ္စာတည်ကြည်တဲ့ တမန်တော် ၁၁ ယောက်ဟာ ဘုရားသခင့်နိုင်ငံတော်မှာ နန်းထိုင်တဲ့နေရာပေါ်ထိုင်ပြီး “တရားစီရင်” ရလိမ့်မယ်ဆိုပြီး ယေရှု ကတိပြုခဲ့တယ်။ (လုကာ ၂၂:၃၀) ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်ဆိုတာ အမှန်တကယ်ရှိမယ့် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုဖြစ်တယ်ဆိုတာ ယေရှုရဲ့နောက်လိုက်တွေ သိထားကြတယ်။

ယေရှုခေတ်က လူအများစုကကော ဘယ်လိုသိထားကြသလဲ။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်ထဲမှာ ရှိတဲ့အရာလောက်ပဲဆိုပြီး သူတို့ နားလည်ထားကြသလား။ ဒါမှမဟုတ် အဲဒီထက်မက သူတို့ မျှော်လင့်ခဲ့ကြသလား။ စီအီး ၃၃ ပသခါပွဲမတိုင်မီလေးမှာ ယေရှု မြည်းလေးစီးပြီး ဂျေရုဆလင်မြို့ထဲကို ဝင်သွားတဲ့အခါ လူအုပ်က ကိုယ်တော့်ကို ကြိုဆိုပြီး တချို့က “ဒါဝိဒ်၏သားတော်အား ကယ်မတော်မူပါ” လို့ ကြွေးကြော်ကြတယ်။ (မဿဲ ၂၁:၉) ဘာကြောင့် အဲဒီလိုကြွေးကြော်ကြတာလဲ။ ယေရှုဟာ ကတိထားရာ မေရှိယ (ဘုရားသခင်ခန့်အပ်ထားတဲ့ ဘုရင်) ဖြစ်ပြီး ထာဝစဉ်တည်ရှိသွားမယ့် ဘုရားသခင့်နိုင်ငံတော်မှာ ‘သူ့အဖ ဒါဝိဒ်၏အရိုက်အရာ’ အပ်နှင်းခံရမယ်ဆိုတာကို သူတို့ အသိအမှတ်ပြုလို့ ကြွေးကြော်ကြပုံရတယ်။ ဘုရားသခင့်နိုင်ငံတော်အားဖြင့် ရရှိမယ့် ကယ်တင်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ တရားမျှတခြင်းကို သူတို့ မျှော်လင့်တောင့်တခဲ့ကြတယ်။—လုကာ ၁:၃၂; ဇာခရိ ၉:၉

ထာဝစဉ်ခံစားရမယ့် အကျိုးကျေးဇူးများ

ယေရှုရဲ့ ခရစ်ယာန်ဓမ္မအမှုကို နည်းနည်းမှ စိတ်ဝင်စားပုံမပေါက်တဲ့သူတွေတောင် ကိုယ်တော်ဟောခဲ့တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို သိထားကြတယ်။ ယေရှု နှက်တိုင်တင် အသတ်ခံရချိန်မှာ ကိုယ်တော့်အနားက ရာဇဝတ်သားတစ်ဦးက “ယေရှု၊ နိုင်ငံတော်ကို အမွေခံရသည့်အခါ ကျွန်ုပ်ကို သတိရတော်မူပါ” လို့အသနားခံခဲ့တယ်။ ယေရှု ဘယ်လိုပြန်ဖြေခဲ့သလဲ။ “သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” လို့ယေရှု အာမခံခဲ့တယ်။—လုကာ ၂၃:၄၂၊ ၄၃

ယေရှု ရှင်ပြန်ထမြောက်ပြီးတဲ့နောက်ပိုင်း တစ်ချိန်ချိန်မှာ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်ဖြစ်မယ်လို့ အဲဒီရာဇဝတ်သား ယုံကြည်တယ်ဆိုတာ သိသာပါတယ်။ အဲဒီရာဇဝတ်သားကိုရော တခြားသန်းနဲ့ချီတဲ့ ကွယ်လွန်သူတွေကိုပါ ထမြောက်စေပြီး သူတို့ရဲ့အကျင့်ဆိုးတွေကို ပြုပြင်ပြောင်းလဲစေနိုင်တဲ့ အခွင့်အာဏာ ယေရှုမှာ ရှိတဲ့အပြင် အဲလိုလုပ်ပေးလိုတဲ့ဆန္ဒလည်း ရှိပါတယ်။ ကောင်းကင်ကနေ အုပ်ချုပ်မယ့် ယေရှုဟာ ဘုရားသခင့်နိုင်ငံတော်အားဖြင့် လူသားထုတစ်ရပ်လုံးကို ကောင်းကျိုးတွေ ထာဝစဉ် ခံစားစေပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉

သူတို့အလယ်မှာရှိတဲ့ ဘုရားသခင့်နိုင်ငံတော်

“ဘုရားသခင့်နိုင်ငံတော်သည် သင်တို့အလယ်၌ရှိ၏” ဆိုပြီး ယေရှုပြောခဲ့တယ်။ (လုကာ ၁၇:၂၁) ဘာသာပြန်ကျမ်းတချို့မှာ “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ ရှိသည်” လို့ပြန်ဆိုထားကြတယ်။ (ဥပမာ၊ ယုဒသန်ကျမ်းနဲ့ သမ္မာကျမ်းစာတော် မှာဖတ်ကြည့်ပါ။) ယေရှု ဘာကိုဆိုလိုတာလဲ။

အထက်အောက်စကားစပ်ကိုကြည့်ရင် ဖာရိရှဲတွေကို ယေရှု အဲဒီစကားတွေ ပြောနေတာဖြစ်တယ်။ ယေရှုဟာ ဖာရိရှဲတွေ မိမိကိုယုံကြည်လို့ သူတို့ရဲ့စိတ်နှလုံး ပြောင်းလဲသွားတာကို ပြောနေတာမဟုတ်ဘူးဆိုတာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ဖာရိရှဲတွေဟာ ရန်လိုတဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေဖြစ်လို့ပါပဲ။ မေရှိယ၊ မေရှိယနိုင်ငံတော်နဲ့ပတ်သက်ပြီး သူတို့မှာ ကိုယ်ပိုင်ယူဆချက်တွေ ရှိနေကြတယ်။ မေရှိယဟာ “မိုးတိမ်ကိုစီး” ပြီး ကျက်သရေနဲ့ပြည့်ဝတဲ့ ဘုရင်အဖြစ် ကြွလာမယ်၊ ဂျူးတွေကို ရောမတွေရဲ့လက်အောက်ကနေ ကယ်နုတ်ပြီး အစ္စရေးပြည်မှာ ဘုရင်စနစ်ကို ပြန်လည်ထူထောင်ပေးမယ်လို့ သူတို့ယူဆကြတယ်။ (ဒံယေလ ၇:၁၃၊ ၁၄) ဒါပေမဲ့ ယေရှုက “ဘုရားသခင့်နိုင်ငံတော်သည် ထင်ရှားမြင်သာသောနည်းဖြင့် လာမည်မဟုတ်” ဆိုပြီး သူတို့ရဲ့အမှားကို ထောက်ပြခဲ့တယ်။ အဲဒီနောက် “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အလယ်၌ ရှိ၏” ဆိုပြီး ယေရှုဆက်ပြောခဲ့တယ်။—လုကာ ၁၇:၂၀၊ ၂၁

ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု သွန်သင်ပေးခဲ့ပြီး တစ်ချိန်တည်းမှာ မိမိဟာ ဘုရားသခင့်နိုင်ငံတော်ရဲ့ ကတိထားရာမင်းလောင်း ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့အနေနဲ့ အံ့ဖွယ်အမှုတွေကို လုပ်ပြခဲ့တယ်။ ဒါပေမဲ့ ဖာရိရှဲတွေဟာ စိတ်ရင်းမမှန်တဲ့အပြင် သူတို့မှာ စစ်မှန်တဲ့ယုံကြည်ခြင်းမရှိတဲ့အတွက် ယေရှုကို ပိုပြီးဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်။ ယေရှုဟာ မေရှိယဖြစ်တယ်ဆိုတာ သူတို့အယုံအကြည်မရှိကြဘူး။ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ မင်းလောင်းဟာ ‘သူတို့အလယ်၌ ရှိ’ နေတယ်ဆိုပြီး သူတို့ကို ယေရှု အတိအလင်းပြောလိုက်တယ်။ ယေရှုက သူတို့စိတ်ထဲမှာ ရှိနေတဲ့အရာကို ကြည့်ခိုင်းတာမဟုတ်ပါဘူး။ ယေရှုနဲ့ တပည့်တွေဟာ ဖာရိရှဲတွေရဲ့ ရှေ့မှောက်မှာ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့် ယေရှုက “ဘုရားသခင့်နိုင်ငံတော်သည် ဤတွင် သင်တို့နှင့်အတူ ရှိ၏” ဆိုပြီး မိန့်ဆိုခဲ့တယ်။—လုကာ ၁၇:၂၁၊ Contemporary English Version.

သင့်အတွက် အလွန်အရေးပါတဲ့ ဘုရားသခင့်နိုင်ငံတော်

ဘုရားသခင့်နိုင်ငံတော်ဟာ အပြစ်ရှိတဲ့ လူသားတွေရဲ့ စိတ်ထဲမှာ မရှိပေမဲ့ ကျွန်ုပ်တို့အတွက် အလွန်အရေးပါတဲ့အရာ ဖြစ်သင့်တယ်။ ယေရှုဟာ မိမိရဲ့သွန်သင်ချက်တွေ၊ တန်ခိုးပါတဲ့ လုပ်ရပ်တွေအားဖြင့် စစ်မှန်တဲ့ ငြိမ်သက်မှုနဲ့လုံခြုံမှုကို ဆောင်ကြဉ်းပေးမယ့် ဘုရားသခင့်နိုင်ငံတော်ကို လူတွေယုံကြည်လာအောင် ကူညီပေးခဲ့တယ်။ ယေရှုဟာ ဘဝကို တိုးတက်ကောင်းမွန်စေမယ့် ယုံကြည်ခြင်းမျိုး လူတွေမှာရှိစေချင်တယ်။ တကယ်ဆိုရင် “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။ နိုင်ငံတော်လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဆိုပြီး ဆုတောင်းကြဖို့ သူတို့ကို ယေရှု သင်ပေးခဲ့တယ်။ (မဿဲ ၆:၉၊ ၁၀) ယေရှုရဲ့စကားကို နားထောင်နေတဲ့ ပရိသတ်အတော်များများဟာ ကိုယ်တော်ရဲ့စကားတွေကြောင့် နှလုံးထိမိပြီး ယုံကြည်လာကြတယ်။ အဲဒီနောက် ဘုရားသခင့်နိုင်ငံတော်ကပေးမယ့် အကျိုးကျေးဇူးတွေကို ခံစားရဖို့ ယေရှုနောက်ကိုလိုက်ခဲ့ကြတယ်။

သင့်မှာကော အဲလိုယုံကြည်ခြင်းမျိုး ရှိချင်သလား။ အဲလိုယုံကြည်ခြင်းမျိုး သင့်မှာရှိလာအောင် သင် ဘာလုပ်ရမလဲ။ ယေရှုရဲ့ ကျော်ကြားတဲ့ တောင်ပေါ်တရားတော်ကို ဒီလိုအစပြုထားတယ်ဆိုတာ သတိရပါ– “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။” (မဿဲ ၅:၃) ဒီမဂ္ဂဇင်းလာပေးတဲ့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာဖို့ သင့်ကို ဖိတ်ခေါ်ပါတယ်။ အဲလိုလေ့လာမယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်ဟာ သင့်စိတ်ထဲမှာပဲရှိတဲ့ အရာမဟုတ်တော့ဘဲ ဖြောင့်မတ်စွာအုပ်ချုပ်မယ့် တကယ့်အစိုးရ ဖြစ်တယ်ဆိုတာကို သင် မျှော်လင့်လာပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော်ဟာ လူသားတွေ ငြိမ်သက်မှုနဲ့လုံခြုံမှုရှိအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။

[စာမျက်နှာ ၁၁ ပါအကျဉ်းဖော်ပြချက်]

ယေရှုကို အတိုက်အခံပြုပြီး ခေါင်းမာတဲ့ ကြမ်းကြုတ်သူတွေရဲ့ စိတ်ထဲမှာ ဘုရားသခင့်နိုင်ငံတော် ရှိသလား